← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း (၂၇၄) ယွင်ဟွား တစ်နေရာလုံးကို သိမ်းကျုံးငှားရမ်းခြင်း

"အဖေ..."

ယွင်ဟွားသည် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"အဖေ... အဖေက ဘာလို့ ယွင်မိသားစုရဲ့ ဘိုးဘေးတွေအကြောင်းကို ပြောနေရတာလဲ..."

“ငါက အိပ်မက် ယောင်ပြီး လမ်းလျှောက်တာလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ် မဟုတ်ဘူးလား... ရှောင်ရှူးရှူး... ငါ့အဖေက နည်းနည်း ထူးဆန်းနေတယ်..”

ယွင်ဟွားသည် မျက်လုံးများကို တစ်ဝက်ခန့်မှိတ်ထားလျက် သိသိကြီးနှင့်ပင် မေးလိုက်ခြင်း ဖြစ်သည်။ သူမ၏ ဖခင်မှာ အလွန်လန့်သွားသဖြင့် စကားမှားသွားခြင်း ဖြစ်နိုင်လေသည်။

ယွင်ရှောင်ထျန်း…

"ဘယ်သူက..."

သူ၏ အပြစ်ရှိနေသော မျက်လုံးများက စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေ၏။

"ဟေး… ဒီ... ဒီနေရာက အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို ရောက်လာတော့ အဖေက သမီးရဲ့ အဘိုးတွေနဲ့ အခြားသူတွေကို သတိရသွားလို့ပါ... ဟားဟားဟား..."

ယွင်ရှောင်ထျန်းသည် သူ၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို ဖုံးကွယ်ရန် ကြိုးစားလျက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားလေတော့သည်။

တစ်စပြင်လုံးရှိ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတွင် ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့သာ ကျန်ရစ်ခဲ့တော့၏။

“ဟားဟား... ပန်းကလေး... နင့်အဖေက အရမ်းရယ်ရတာပဲ... အရင်တုန်းကဆိုရင် သူက စကားနည်းနည်းလေးနဲ့တင် ငါတို့ကို ချော့မြှူနိုင်ခဲ့တာ..”

သေခြင်းရှင်ခြင်းစာအုပ်က ဗိုက်နာသည်အထိ ပြင်းပြင်းထန်ထန် ရယ်မောနေမိလေ၏။ နောင်တွင် ဤကိစ္စဖြင့် အတော်လေး ပျော်ရွှင်ရတော့မည် ဖြစ်သည်။

"ရှောင်ဟွားအာ... ကြည့်စမ်း... ရှောင်ယွမ်ယွမ်က မင်းအတွက် ဖုံးကွယ်ပေးထားတယ်... သိပ်ကောင်းတာပဲ မဟုတ်ဘူးလား..."

နန်ကုန်းယွမ်သည် အမြီးလှုပ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ယွင်ဟွားထံမှ မျက်နှာသာရရန်နှင့် ချီးကျူးခံရရန် ကြိုးစားနေလေသည်။

"ဟုတ်တယ်... အဲ့အတိုင်းပဲ ဆက်လုပ်ကြတာပေါ့..."

ငရဲလကျောက်သည် မျက်လုံးများကို လှိမ့်လိုက်ပြီး ပုံရိပ်ဖမ်း သလင်းကျောက်လုံးကို တိတ်တဆိတ် ထုတ်ယူလိုက်၏။

၎င်းသည် သခင်ဖြစ်သူ၏ မိုက်မဲသော အပြုအမူအားလုံးကို မှတ်တမ်းတင်ထားချင်နေသည်။

ယွင်ဟွားက ဘိုးဘေးများ မြေအောက်မှ တက်လာပြီး မျိုးဆက်များကို ဆူပူကြိမ်းမောင်းသည်ဟု လှည့်စားခဲ့သဖြင့် ဧကရာဇ်ဝမ်ရွှမ်းက အမတ်များကို နောက်ထပ် သုံးရက်တိတိ ခွင့်ပေးလိုက်ရလေသည်။

သူမကတော့ ပျော်ရွှင်နေသော်လည်း ထိုအချိန်တွင် အခြားသူများအားလုံးမှာ လုံးဝ ပြိုလဲသွားကြပြီဖြစ်၏။

ဧကရာဇ်ဝမ်ရွှမ်းသည်လည်း တော်ဝင်မိသားစုနှင့် ဆွေမျိုးများကို စတင် ပြန်လည်ဖွဲ့စည်း ပြုပြင်လေတော့သည်။

သုံးရက်ကြာပြီးနောက်... ယွင်အိမ်တော်တွင်။

“ပန်းကလေး... အခုတော့ မြို့တော်က ပျက်စီးနေတဲ့ ကလေးဆိုးတွေအားလုံး ခေါင်းငုံ့ပြီး နေရတော့မယ်..”

သေခြင်းရှင်ခြင်းစာအုပ်သည် နေပူဆာလှုံနေသော ပန်းကလေးကို မုန့်ခွံ့ကျွေးနေပြီး တရားသူကြီးစုတ်တံကတော့ ယွင်ဟွား၏ ကျောကို ပွတ်သပ်ပေးရန် ၎င်း၏ အတောင်ပံများကို ခတ်နေလေသည်။

“ဟူး…”

ယွင်ဟွားက သက်ပြင်းချလိုက်၏။

“ရှောင်ယွမ်ယွမ်က နန်းတော်ထဲကို ဆူပူခံရဖို့ အခေါ်ခံလိုက်ရတယ်... ပြီးတော့ ငါ့မိဘတွေ၊ အစ်ကိုကြီးနဲ့ အစ်မနှစ်ယောက်ကလည်း ချွေ့မိသားစုဆီ အခေါ်ခံလိုက်ရလို့ ယွင်အိမ်တော်မှာ ငါတစ်ယောက်တည်း ကျန်ခဲ့တယ်... တကယ်ပျင်းစရာကောင်းတာပဲ..”

“ဟွားဟွား... နင် မေ့နေပြီလား... နင်က ချွေ့မိသားစုခေါင်းဆောင်ရဲ့ အမည်ပျက်စာရင်းထဲမှာ ပါနေလို့ အခုဆို ချွေ့မိသားစုရဲ့ တံခါးဝကိုတောင် နင်းခွင့်မရှိတော့ဘူး…”

တရားသူကြီးစုတ်တံက ကြင်နာစွာဖြင့် သတိပေးလိုက်လေသည်။

ယွင်ဟွားမှာ ဆွံ့အသွားရ၏။

သူမသည် အမြဲတမ်း အလုပ်ရှုပ်နေတတ်သူဖြစ်သည်။ ယခင်က အဘိုးဖြစ်သူနှင့် စကားစမြည်ပြောဆိုနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ သူမကို အဖော်ပြုပေးမည့် သရဲတစ်ကောင်ပင် မရှိတော့ချေ။

စျေးဝယ်ထွက်ကြတာပေါ့။

ယွင်ဟွားသည် ယွင်အိမ်တော်မှ တိတ်တဆိတ် ခိုးထွက်လာခဲ့ပြီး အစားအသောက် လာပို့သော ရှောင်ရှင်းဟွာနှင့် ဝင်တိုက်မိလေသည်။

"မင်းသမီး... ဒါတွေက သခင်လေးက မင်းသမီးအတွက် ယူလာပေးခိုင်းတဲ့ သရေစာတွေပါ..."

ယွင်ဟွားသည် ၎င်းကို လက်တစ်ဖက်ဖြင့် ယူလိုက်ပြီး သူမ၏ ခင်ပွန်းငယ်လေးကို ချီးကျူးစကားပင် မဆိုရသေးမီ ရှောင်ရှင်းဟွာကို စူးစိုက်ကြည့်လိုက်၏။

ရှောင်ရှင်းဟွာမှာ အေးခဲသွားပြီး ဆိုးရွားသော ကြိုတင်နိမိတ်တစ်ခုက သူ၏ ရင်ထဲတွင် ပေါ်ပေါက်လာလေသည်။

"မင်းသမီး... ကျွန်တော်မျိုး သွားခွင့်ပြုပါဦး..."

ရှောင်ရှင်းဟွာက အလျင်စလို အရိုအသေပေးလိုက်၏။ မင်းသမီး၏ မျက်လုံးများက တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။

"နေပါဦး..."

ယွင်ဟွားက သူ့ကို ဖိချလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေ၏။

"ရှောင်ရှင်းဟွာ... ငါ တစ်နေရာကို သွားမလို့... မင် ငါနဲ့လိုက်ခဲ့မလား..."

ရှောင်ရှင်းဟွာ…

သူက ငြင်းဆန်ချင်သော်လည်း ယွင်ဟွားလောက် ခွန်အားမကြီးမားသဖြင့် အံကြိတ်ကာ လိုက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ယွင်ဟွားသည် ပထမနှစ်ရက်ကတည်းက စမ်းသပ်ကြည့်ခဲ့ရာ သူမ၏ စိတ်ထဲမှ အတွေးများကို ကြားနိုင်သူအားလုံးသည် လူကောင်းများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူမသည် သူတို့၏ ခေါင်းပေါ်ရှိ အလင်းရောင်ဝန်းကို ကြည့်ကာ အကဲဖြတ်နိုင်လေသည်။

ယခုတော့ သူမ ဤကိစ္စကို လက်ခံလိုက်ပြီ ဖြစ်၏။

*ငါ့ရဲ့ အစစ်အမှန် အတွေးတွေကို ထုတ်ဖော်ပြမှာ မဟုတ်ဘူး…*

သို့သော် စိတ်ထဲမှနေ၍ သူတို့ကို ကျိန်ဆဲခြင်း၊ တစ်ခါတစ်ရံ သူတို့ကို မောင်းထုတ်ခြင်းနှင့် သူတို့ ခုန်ပေါက်နေသည်ကို ကြည့်ကာ ကိုယ့်ရှေ့တွင် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေသည်ကို မြင်ရခြင်းက တကယ့်ကို ရယ်မောစရာကောင်းလှသည်။

ယွင်ဟွားက ရှောင်ရှင်းဟွာကို တစ်ချက် ကြည့်လိုက်၏။

ရှောင်ယွမ်ယွမ်နှင့် သူ၏အကြားရှိ နားလည်မှုလွဲမှားခြင်းမှာ ထိုရှောင်လီဟွာ၏ ဖန်တီးမှုသာဖြစ်ကြောင်း ရှောင်ရှူးရှူးက သူမကို ပြောပြပြီးဖြစ်လေသည်။

“အမ်း…”

“ငါက သူ့လက်ထဲကနေ ရှောင်ယွမ်ယွမ်ကို လုယူခဲ့မိတယ်... အစားထိုးအနေနဲ့ နောက်တစ်ယောက် ပြန်ရှာပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ငါ့ကတိကို ငါတည်ရမယ်…”

“ရှောင်ရှူးရှူး... သူက အပေါ်ကလူလား အောက်ကလူလားလို့ နင် ဘယ်လိုထင်လဲ…”

ရှောင်ရှင်းဟွာ...

“ပန်းကလေး... သူက သိုင်းပညာတတ်တဲ့ အစောင့်တစ်ယောက်ဆိုတော့ အပေါ်ကလူ ဖြစ်မယ်လို့ ငါ ထင်တယ်…”

သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွားနှင့်အတူ ၎င်း၏ ကြီးမားဝိုင်းစက်သော မျက်လုံးကြီးများဖြင့် ရှောင်ရှင်းဟွာ၏ မျက်နှာပေါ်ရှိ အမူအရာကို စူးစိုက်ကြည့်နေလေသည်။

“ပေပေ့ကတော့ အောက်ကလူလို့ ထင်တယ်... ရှင်းဟွာရဲ့ လှပတဲ့ မျက်နှာလေးက မိတ်ကပ်လိမ်းလိုက်ရင် မိန်းမတွေထက်တောင် ပိုလှနေဦးမှာ…”

ရှောင်ရှင်းဟွာမှာ စိတ်အခြေအနေ မကောင်းလှပေ။ သူ၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေသော်လည်း မျက်လုံးများကမူ သူ၏ အကူအညီမဲ့နေမှုကို ဖော်ပြနေလေသည်။

"မင်းသမီး... မင်းသမီး... အိမ်ရှေ့စံက မင်းသမီးကို လုပ်ခိုင်းစရာ တစ်ခုရှိတယ်ဆိုတာကို ကျွန်တော်မျိုး ခုလေးတင် သတိရလိုက်လို့ပါ... လီဟွာကို ခေါ်လိုက်ရမလား..."

ယွင်ဟွားက သူ၏ ပခုံးများကို တင်းကျပ်စွာ ကိုင်ထားပြီး ရှောင်ရှင်းဟွာကို အထွက်မခံရန် ဆုံးဖြတ်ထားလေသည်။

"မလောပါနဲ့... ရှောင်ယွမ်ယွမ်က ငါပြောတာ နားထောင်ပါတယ်... နောက်ကျရင် သူ့ဆီမှာ ငါက စကားကောင်းလေး ပြောပေးလိုက်မယ်... မင်း အပြစ်ပေးခံရမှာ မဟုတ်ပါဘူး..."

"ကြည့်စမ်း... ငါတို့ ရောက်လာပြီ..."

ယွင်ဟွားသည် သူမ၏ လက်သူကြွယ်လေးဖြင့် အပေါ်ရှိ ဆိုင်းဘုတ်ကို ညွှန်ပြလိုက်ရာ သူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေလေတော့သည်။

ရှောင်ရှင်းဟွာက အပေါ်သို့ မော့ကြည့်လိုက်၏။

နန်ဖုန်းရိပ်သာ…

ဘုရားရေ...

သူ သေချင်စိတ်ပင် ပေါက်သွားရသည်။

"မင်းသမီး... ဒီနေရာက မလုံခြုံဘူး..."

ရှောင်ရှင်းဟွာ၏ စကားများကို ယွင်ဟွားက သရေစာမုန့်တစ်ခု မြှောက်ပြကာ ဖြတ်ပြောလိုက်လေသည်။

ဤနိမိတ်မကောင်းသော ပုံရိပ်ကို မြင်လိုက်ရချိန်တွင် နန်ဖုန်းရိပ်သာ ပိုင်ရှင်၏ မျက်ခုံးများမှာ ပြင်းထန်စွာ တုန်လှုပ်သွားရ၏။

"မင်းသမီး... အခုက နေ့ခင်းဘက်ကြီးမို့ ကျွန်တော်တို့ ဆိုင်ပိတ်ထားပါတယ်..."

ပိုင်ရှင်က ယဉ်ကျေးစွာ ငြင်းဆန်လိုက်သော်လည်း ဤကလေးဆိုးမလေးက ပျော်တော်ဆက်ရိပ်သာများသို့ လာရောက်လည်ပတ်ခြင်းဖြင့် လူများစွာကို သေဆုံးစေခဲ့ကြောင်းကို သူ မမေ့သေးပေ။ သူ၏ နန်ဖုန်းရိပ်သာလေးမှာ ထိုကဲ့သို့သော ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ယွင်ဟွားသည် သူမ၏ လက်သေးသေးလေးကို လှန်လိုက်ပြီး ရွှေတုံးအချို့ကို ဆိုင်ရှင်ထံသို့ ပစ်ပေးလိုက်၏။

ပိုင်ရှင်သည် ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားကာ ရိုသေလေးစားစွာဖြင့် ပြောလိုက်လေသည်။

"မင်းသမီး... ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ... ကျွန်တော့်ဆီမှာ နူးညံ့သိမ်မွေ့တဲ့သူတွေ၊ ရဲတင်းတဲ့သူတွေနဲ့ တည်ငြိမ်တဲ့ အလှလေးတွေ ရှိပါတယ်... ကျွန်တော်တို့ ပြဇာတ် ဇာတ်ကောင်သရုပ်ဆောင်တာတွေတောင် လုပ်လို့ရပါတယ်... သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကတော့ ဖော်ပြလို့တောင် မရနိုင်ပါဘူး..."

"သူတို့က သီချင်းဆိုနိုင်တယ်၊ ပီပါတီးနိုင်တယ်... ကလည်းကတတ်ပြီး တင်ပါးလေးတွေလည်း လှုပ်ပြတတ်ပါတယ်..."

"ဪ... ပြီးတော့ သိမ်မွေ့တဲ့ အမျိုးအစားလည်း ရှိပါသေးတယ်... သူတို့က ကဗျာတွေကို အလွယ်တကူ စပ်ဆိုနိုင်ပါတယ်..."

ယွင်ဟွား၏ မျက်လုံးများက ပို၍ တောက်ပလာပြီး အကောင်ပေါက်လေး နှစ်ကောင်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောကြလေသည်။

“ဟွားဟွား... ပေပေ့ သီချင်းနားထောင်ချင်တယ်…”

တရားသူကြီးပေပေ့က အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ပန်းကလေး... ငါ့ကိုလည်း ပေး... ငါ့ကိုလည်း ပေး... ငါ ကချင်တယ်... တင်ပါးလှုပ်ရတဲ့ အကမျိုးနော်…”

သူမက ယောကျ်ားလျာလေးဖြစ်ရာ သဘာဝကျစွာပင် ထူးခြားသည့်အရာကို မှာယူချင်နေလေသည်။

ဆိုင်ရှင်က ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် မှတ်သားထားလိုက်၏။

တရားသူကြီးစုတ်တံက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“ရှူးရှူး... ပေပေ့လည်း တင်ပါးလှုပ်တတ်တယ်နော်..”

"ဆိုင်ရှင်ကြီး... ဒီနေရာတစ်ခုလုံးကို ငါ ငှားလိုက်ပြီ..."

ယွင်ဟွားက နောက်ထပ် ရွှေအိတ်တစ်အိတ်ကို ရက်ရောစွာ ပစ်ပေးလိုက်လေသည်။

သူမတွင် သုံး၍မကုန်နိုင်လောက်အောင် ပေါများလှသော ရွှေဒင်္ဂါးများ အလျှံပယ် ရှိလေသည်။

သူမက ကယ်ဆယ်ရေးလုပ်ငန်းများတွင် လှူဒါန်းပြီး ကုသိုလ်ပြုလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ရှောင်ကျင်းဇီထံမှ ဝင်ငွေများကို အခါအားလျော်စွာ ရရှိနေဆဲပင် ဖြစ်၏။

ဆိုင်ရှင်သည် သူ၏ လက်ထဲရှိ လေးလံသော ရွှေအိတ်ကြီးကို ကိုင်ထားရင်း ပါးစပ်နားရွက်တိတ်မတတ် ပြုံးရွှင်နေလေသည်။ လွန်ခဲ့သောနှစ်များစွာက ဤမျှများပြားလှသော ငွေကြေးများကို နောက်ဆုံးအကြိမ် လာသုံးသွားသူမှာ တော်ဝင်ကြင်ယာတော်စု ဖြစ်လေသည်။

"မင်းသမီး... ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ... အကောင်းဆုံးနဲ့ အခမ်းနားဆုံး အခန်းကို ပြင်ဆင်ပေးပါ့မယ်..."

ရှောင်ရှင်းဟွာသည် သူ သေရမည့်အချိန် သိပ်မဝေးတော့ကြောင်း ခံစားလိုက်ရသည်။ သခင်လေးက သူ့ကို နှုတ်ပိတ်သွားလောက်မည်ဟု သူ ထင်နေမိ၏။

ယွင်ဟွားသည် ရှောင်ရှင်းဟွာ၏ ဂနာမငြိမ်ဖြစ်နေသော အမူအရာကို သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်၏။

"ရှင်းဟွာ... နောက်ကျရင် နင် သဘောကျတဲ့သူရှိမရှိ တစ်ချက်လောက် လိုက်ကြည့်လိုက်ဦး... နင် သဘောကျရင် ငါ ငွေပေးပြီး ရွေးပေးမယ်..."

"စိတ်မပူပါနဲ့... ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်...နင် ကြိုက်သလောက် အများကြီး ရွေးလို့ရတယ်..."

“အိုး... ရှောင်ရှင်းဟွာရဲ့ မျက်နှာက နီရဲလာပါလား... သူ ရှက်နေတာလား... ကိစ္စမရှိပါဘူး... ငါ နင့်ကို လှောင်မရယ်ပါဘူး... ဟီးဟီးဟီး..”

ရှောင်ရှင်းဟွာ…

သူ၏ မျက်နှာက နီရဲနေခြင်း လုံးဝမဟုတ်ဘဲ သေလူတစ်ယောက်လို ဖြူရော်နေခြင်းသာ ဖြစ်၏။

သူ၏ ဖွင့်ဟမပြောနိုင်သော ဆင်းရဲဒုက္ခကို မြင်ရသောအခါ ယွင်ဟွားမှာ အလွန်ဝမ်းသာအားရ ဖြစ်နေလေတော့သည်။

ဆိုင်ရှင်သည် ယွင်ဟွားနှင့် ရှောင်ရှင်းဟွာတို့ကို နွေးထွေးစွာ ကြိုဆိုပြီးနောက် သူ၏ လူငယ်လေးများကို ညွှန်ကြားချက်များ ပေးလိုက်လေသည်။

"အားလုံးပဲ နားထောင်ကြစမ်း... မင်းသမီး ခိုင်းသမျှကို သေချာလုပ်ပေးကြ... ဒါဆိုရင် မင်းတို့ ကောင်းကောင်း ဆုချခံရလိမ့်မယ်..."

"ပြီးတော့ ဒီချောမောတဲ့ သခင်လေးကိုလည်း သေချာပြုစုပေးကြ... မင်းတို့ကိုယ်မင်းတို့ ရွေးနုတ်ဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်..."

နန်ဖုန်းရိပ်သာရှိ လူငယ်လေးများအားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြလေသည်။

"မင်းသမီး... ကျွန်တော်မျိုး ပြုစုခွင့်ပြုပါ..."

"သခင်လေး... သီချင်းအရင် နားထောင်မလား... ဒါမှမဟုတ်ရင် တခြား ဝန်ဆောင်မှုတွေကို ပိုသဘောကျမလား... ကျွန်တော် ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ..."

“အိုး ဘုရားရေ... ဒီလူငယ်လေးတွေက အရမ်းချောတာပဲ... မျက်စိပသာဒဖြစ်စရာလေးတွေ... ငါကတော့ သိမ်မွေ့တဲ့သူတွေကို ရွေးမယ်... ရဲတင်းတဲ့သူတွေကတော့ ရှောင်ရှင်းဟွာအတွက်ပဲ…”

ရှောင်ရှင်းဟွာ…

အခြားတစ်ဖက်တွင်မူ။

နန်ကုန်းယွမ်သည် နန်းတော်ထဲမှ ထွက်လာပြီး နေရာတစ်ခုဆီသို့ ဦးတည်ကာ မေးလိုက်၏။

"ယုံအန်းမင်းသမီး အိမ်တော်မှာ ရှိရဲ့လား..."

နှစ်ရက်လောက် မတွေ့ရတာနဲ့ကို အရမ်းလွမ်းနေမိပြီ။

အစောင့်က ရှေ့သို့ထွက်ကာ အစီရင်ခံလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းစွာ ဂနာမငြိမ်ဖြစ်နေ၏။

"အရှင်မင်းသား... မင်းသမီးက... သူမက ရှောင်ရှင်းဟွာကို ခေါ်ပြီး စျေးဝယ်ထွက်သွားပါတယ်... အဲ့နောက် ဆိုင်တစ်ဆိုင်ကို တွေ့သွားပြီး စားသောက်ကြရင်း ဘဲလေးတွေ ကခုန်ပြီး ချစ်စရာကောင်းအောင် လုပ်ပြနေတာကို ထိုင်ကြည့်နေပါတယ်..."

နန်ကုန်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သိပ်ပြီး အလေးအနက် မတွေးလိုက်ပေ။

"ဟုတ်သားပဲ... မြို့အရှေ့ဘက်က စားသောက်ဆိုင်က ဘဲဟင်းတွေနဲ့ နာမည်ကြီးတယ်... ကောင်မလေးက အဲ့ဟာကို သဘောကျမှာပဲ... ရတနာရှစ်ပါး ဘဲကင်၊ ဘဲကင်၊ ဆားနယ်ဘဲ... အဲ့တာအားလုံးက သူမရဲ့ အကြိုက်နဲ့ ကိုက်ညီတယ်... ကြားရသလောက် သူတို့က အမွေးပွဘဲပေါက်လေးတွေကိုတောင် လက်ဆောင်ပေးသေးတယ်တဲ့... သူမက အဲ့တာကို သေချာပေါက် သဘောကျမှာပဲ..."

အစောင့်…

All Chapters