အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း (၂၇၅) ဤဘဲက ထိုဘဲမဟုတ်... အိမ်စာကူလုပ်ပေးခြင်း
အစောင့်၏ မျက်လုံးများက အနည်းငယ် တုန်လှုပ်သွား၏။
သူသည် သတ္တိမွေးကာ ပြောလိုက်သည်။
"အရှင်မင်းသား... ဟိုဘဲက ဒီဘဲမျိုး မဟုတ်ပါဘူး... မြောက်လမ်းမှာရှိတဲ့ နာမည်ကြီး နန်ဖုန်းရိပ်သာကို ဆိုလိုတာပါ... မင်းသမီးက တစ်နေရာလုံးကို ငှားရမ်းလိုက်ပြီး ရှောင်ရှင်းဟွာကိုတောင် စိတ်ကြိုက်ရွေးချယ်ခိုင်းနေပါတယ်..."
အစောင့်စကားပင် မဆုံးလိုက်မီ နန်ကုန်းယွမ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
အစောင့်...
ရှောင်လီဟွာက သူတို့နောက်သို့ လိုက်ရန် မလောပါချေ။ သူသည် ရင်းနှီးနေသော လှုပ်ရှားမှုများကို ပြုလုပ်ကာ ထုံးစံအတိုင်း စုတ်တံကို လျှာဖြင့်လျက်ရင်း တတွတ်တွတ် ရေရွတ်လိုက်လေသည်။
သခင်လေးက မင်းသမီးအတွက် အကမကပေးချင်၍ ငြင်းဆန်ခဲ့သဖြင့် မင်းသမီးမှာ အလွန်ဒေါသထွက်ကာ ဘဲသွားရှာလေပြီ။ သူ၏ ဇနီးသည် ထွက်ပြေးသွားသဖြင့် သူမှာ အလွန်စိုးရိမ်ထိတ်လန့်နေတော့သည်။
စကားနှစ်ခွန်းတည်း... အပြစ်လုပ်တာပဲ…
အစောင့်၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားရ၏။
ရှောင်လီဟွာသည် မှတ်စုစာအုပ်ငယ်ကို ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်ပြီး အစောင့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဘာလို့ ငါ့ကို ကြည့်နေတာလဲ... မင်းရဲ့ သခင်လေးနောက်ကို လိုက်သွားလေ..."
နန်ကုန်းယွမ်က နန်ဖုန်းရိပ်သာသို့ အပြင်းအထန် ထိုးဖောက်ဝင်ရောက်သွားလေသည်။
ဆိုင်ရှင်မှာ သူ၏ ငွေများကို ရေတွက်နေဆဲဖြစ်သော်လည်း နန်ကုန်းယွမ်ထံမှ ထွက်ပေါ်လာသော အေးစက်သည့်အငွေ့အသက်များကြောင့် အလွန်ထိတ်လန့်သွားရ၏။
"အရှင်မင်းသား... အရှင်မင်းသား... မင်းသမီးက... သူမက..."
"ဘုန်း..."
ဆိုင်ရှင်မှာ လွင့်စင်သွားလေတော့သည်။
နန်ကုန်းယွမ်သည် တံခါးဝသို့ ရောက်ရှိလာပြီး အထဲမှ ထွက်ပေါ်လာသော သူ၏ ဇနီးသည်၏ အသံကို ကြားလိုက်ရလေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး…နင် နည်းနည်းလောက် ထပ်ပြီး လှည့်ပေးရမယ်..."
"အိုး... အဲ့အတိုင်းဆိုရင် အဆင်မပြေသေးဘူး... နင် တကယ်ပဲ ကြိုးစားနေတာလား...နင် ပိုက်ဆံမရှာချင်တော့ဘူးလား... ငါ သရုပ်ပြတာကို နောက်တစ်ခေါက် သေချာကြည့်ပြီး ငါ့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ပေးရမယ်…နင် ငါ့လို လှည့်ပြရမယ်..."
နန်ကုန်းယွမ်၏ မျက်နှာမှာ ပို၍ မှောင်မိုက်သွားလေ၏။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူသည် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်လေသည်။
ယွင်ဟွားသည် ရှောင်ယွမ်ယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေသည်။
"ရှောင်ယွမ်ယွမ်... ဒီနေရာကို ဘာကိစ္စရှိလို့လဲ..."
"မြန်မြန်... ဒီကိုလာပြီး တစ်ချက်ကြည့်ကြည့်... သူတို့ရဲ့ လက်ရေးက ငါ့လက်ရေးနဲ့ တူရဲ့လား... သူတို့ကို လှည့်စားလို့ ရနိုင်မလား..."
ယွင်ဟွားက ရှောင်ယွမ်ယွမ်ကို လက်ယပ်ခေါ်လိုက်သည်။ တော်ဝင်ဆရာကြီးနင်း ပေးထားသော အိမ်စာများနှင့် သူမ၏ အဘိုးဖြစ်သူ ချန်ရစ်ခဲ့သော လက်ရေးအလှလေ့ကျင့်ခန်းများကို ယခင်က ကိုယ်တိုင် လုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ကိုယ့်အားကိုယ်ကိုးနေရပြီ ဖြစ်သည်။
သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့က သူမကို ရှောင်ဖယ်နေကြပြီး ချွေ့မိသားစုခေါင်းဆောင်ကလည်း သူမကို ကူညီရန် အကြောင်းမရှိပေ။
ထင်မှတ်မထားစွာပင်…
နန်ဖုန်းရိပ်သာရှိ လူငယ်လေးများအားလုံးသည် အလွန်အရည်အချင်းရှိကြပြီး သူမ၏ အိမ်စာများကိုပင် ကူညီလုပ်ပေးနိုင်ကြလေသည်။
နန်ကုန်းယွမ်၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တွန့်လိမ်သွားရ၏။
ထိုလူများ၏ မျက်နှာပေါ်တွင် မျက်ရည်ကြောင်း နှစ်ကြောင်း စီးကျနေပြီး သူတို့၏ ခေါင်းပေါ်တွင် ရွှေအုတ်ခဲလေးများ တွဲလောင်းကျနေကာ သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က ဆူးပါသော တုတ်တိုများကို ကိုင်ဆောင်လျက် သူတို့ကို ခြိမ်းခြောက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
လူငယ်လေးများသည် မျက်ရည်များကို သုတ်လိုက်ကြပြီး နန်ကုန်းယွမ်ကို သူတို့၏ ကယ်တင်ရှင်အလား ကြည့်လိုက်ကြ၏။
ဝါး...
သူတို့ မင်းသမီး၏ အလုပ်ကို လက်မခံခဲ့သင့်ပေ။ ဤသည်က ကပ်ဘေးတစ်ခုပင် ဖြစ်တော့သည်။
နန်ကုန်းယွမ်က သူတို့ကို မမြင်ဟန်ဆောင်လိုက်လေသည်။
"အဟမ်း... အဟမ်း..."
"ရှောင်ဟွားက အိမ်စာလုပ်နေတာဆိုတော့ ရှောင်ယွမ်ယွမ် အနှောင့်အယှက် မပေးတော့ဘူး... မင်းတို့ အလုပ်များနေတယ် မဟုတ်လား..."
နန်ကုန်းယွမ်သည် တံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ဇနီးငယ်လေး၏ အိမ်စာများ။
သူ ဘယ်လောက်ပဲ အလိုလိုက်ပါစေ ဤကိစ္စမှ ရုန်းထွက်ရန် နည်းလမ်းမရှိချေ။
တခြားလူတွေကိုပဲ ဤဒုက္ခကို ခံစားခိုင်းလိုက်တော့မည်။
ရှောင်လီဟွာ ရောက်လာသောအခါ သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ပြေးလွှားသွားပြီး ဤသို့ ရေးမှတ်လိုက်သည်။ တကယ့်ကို ပထမဇနီးသည်ပီပီ သဘောထားကြီးမားတဲ့ အမူအကျင့်ပဲ။
ယွင်ဟွားသည် အိမ်စာများကို လက်တွင်ကိုင်လျက် အပြုံးများဖြင့် နန်ဖုန်းရိပ်သာမှ ထွက်လာခဲ့လေသည်။
ရှောင်ရှင်းဟွာမှာမူ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
“ဝိုး... တကယ့်ကို ကြမ်းတမ်းတာပဲ... ရှောင်ရှင်းဟွာကို အတော်လေး နှိပ်စက်လိုက်တာပဲ..”
“အိုး... နှမြောစရာပဲ... ပေပေ့သာ မှတ်တမ်းတင်ထားလိုက်ရရင် ငါတို့ရဲ့ 'အတင်းအဖျင်း အပတ်စဉ်စာစောင်' အတွက် စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ထပ်ရပြီး တုံလင်တစ်နိုင်ငံလုံးမှာ ရောင်းမလောက် ဖြစ်သွားမှာ…”
တရားသူကြီးပေပေ့က နောင်တရနေသည့်ဟန်ဖြင့် ပြောလိုက်၏။
ရှောင်ရှင်းဟွာ...
အဓိပ္ပာယ်မရှိတာ... အဓိပ္ပာယ်မရှိတာ…
သူသည် သခင်ဖြစ်သူ၏ အပြစ်ပေးမှုကိုခံရပြီး နောင်တွင် မင်းသမီးအတွက် ကပြနိုင်ရန် အကသင်ခိုင်းခံရခြင်းဖြစ်၏။
ယွင်ဟွား ထွက်သွားသည်နှင့် တစ်ပြိုင်နက် အစောင့်အုပ်စုကြီးတစ်ခုက နန်ဖုန်းရိပ်သာတစ်ခုလုံးကို စောင့်ကြပ်နေကြလေတော့သည်။
"ဆက်ခံသူရဲ့ အမိန့်တော်အရ... ယနေ့မှစပြီး ဒီပျော်တော်ဆက်ရိပ်သာကို တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲရမယ်... မင်းတို့အားလုံး... ပြုပြင်ပြောင်းလဲကြရမယ်..."
ပျော်တော်ဆက် အမျိုးသားများ...
သူတို့၏ မျက်လုံးများမှာ အံ့အားသင့်ဖွယ် တောက်ပသွားပြီး ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များလည်း ပါဝင်နေလေသည်။
အကယ်၍ အသက်မွေးဝမ်းကျောင်းကောင်း တစ်ခုသာ ရှိမည်ဆိုလျှင် မည်သူက သူတို့၏ ရုပ်ရည်ကို အသုံးပြု၍ အခြားသူများကို ဖျော်ဖြေချင်ပါမည်နည်း။
ဆိုင်ရှင်မှာ မှင်သက်သွားပြီးနောက် မျှော်လင့်ချက်မဲ့စွာဖြင့် ပေါင်ကိုရိုက်ကာ ငိုကြွေးလေတော့သည်။
"ငါ သိသားပဲ... ခေါင်းခွဲမင်းသမီးကို ဖျော်ဖြေပြီးရင် ငါ့ရဲ့ နန်ဖုန်းရိပ်သာ ဆက်ပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတာကို..."
"ငိုတာ တိတ်စမ်း..."
"သခင်လေးက မင်းရဲ့ဆိုင်ကို ကျောထောက်နောက်ခံ ပေးထားမှာဆိုတော့ ပိုက်ဆံရှာဖို့ ပြဿနာ ရှိမှာမဟုတ်ဘူး..."
အစောင့်က ဆက်မကြည့်ရက်တော့ဘဲ သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူတစ်ထပ်ကို ထုတ်ပေးလိုက်၏။ သူ၏ သခင်မှာ ပါးနပ်သော စီးပွားရေးသမားတစ်ဦး ဖြစ်လေသည်။
"သခင်လေး ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေကို အကျိုးရှိဆုံးဖြစ်အောင် သုံးစမ်း..."
ဆိုင်ရှင်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားပြီး
"ဘယ်လိုဆိုင်မျိုး ဖွင့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သခင်လေးမှာ တောင်းဆိုချက်တွေရှိလား... သို့မဟုတ် ကျွန်တော့်ကိုပဲ ဆုံးဖြတ်ခိုင်းမှာလား..."
"သဘောပဲ..."
ဤသို့ပြောပြီးနောက် အစောင့်က လှည့်၍ ထွက်သွားလေတော့သည်။
နောက်တစ်နေ့တွင်။
တော်ဝင်ဆရာကြီးနင်းသည် ယွင်ဟွား၏ အိမ်စာများကို ကိုင်ထားစဉ် သူ၏ လက်များ တုန်ယင်နေပြီး ရာထူးမှ နုတ်ထွက်ရန်ပင် စဉ်းစားမိလေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး ဘာဖြစ်လို့ မင်းသမီးကိုရော ကျွန်တော့်ကိုပါ မချမ်းသာပေးရတာလဲ..."
တော်ဝင်ဆရာကြီးနင်းသည် နံနက်ခင်း ညီလာခံ မစတင်မီ ဧကရာဇ်ဝမ်ရွှမ်းကို တားဆီးကာ မျက်ရည်များ စီးကျလျက် ပြောလိုက်လေသည်။
"အရှင်မင်းကြီး... ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ တပည့်တွေက အရမ်းထူးချွန်တယ်လို့တော့ မဆိုလိုပါဘူး... ဒါပေမယ့် အနည်းဆုံးတော့ မင်းသမီးလောက် နှိပ်စက်တတ်တဲ့သူမျိုး တစ်ယောက်မှ မကြုံဖူးသေးပါဘူး..."
"အရင်တုန်းက ဘိုးဘေးတွေက ကိုယ်စား ရေးပေးခဲ့တာက တစ်ကဏ္ဍပါ... ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ နန်ဖုန်းရိပ်သာက ပျော်တော်ဆက် အမျိုးသားတွေကို ငှားပြီး ရေးခိုင်းခဲ့တာပါ..."
လက်ရေးက ရုပ်ဆိုးပြီး မျက်စိနောက်စရာ ကောင်းရုံသာမက ဤကဗျာကလည်း…
တော်ဝင်ဆရာကြီးနင်းသည် တုန်ယင်နေသော လက်များဖြင့် အိမ်စာကို ပေးလိုက်ရာ ဧကရာဇ်ဝမ်ရွှမ်းက တစ်ချက်ကြည့်လိုက်၏။
သူ၏ နှုတ်ခမ်းများက အနေခက်စွာဖြင့် တွန့်လိမ်သွားလေသည်။
တော်ဝင်ဆရာကြီးနင်း ဒေါသထွက်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဤသည်က ကဗျာတစ်ပုဒ်လို့ပင် ခေါ်၍မရချေ။
ဤသည်က ရှင်းရှင်းလင်းလင်းပင် အချစ်ကဗျာများနှင့် စာသားများ ဖြစ်နေလေသည်။ ကံကောင်းထောက်မစွာဖြင့် သူမက ၎င်း၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။
"ဆရာတစ်ယောက်ရဲ့ အာဏာကို အသုံးပြုရင်ကော ဘယ်လိုလဲ... ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေက ပေါက်ကြားပြီးသွားပြီပဲ... ဒါကြောင့် ဖော်ထုတ်ခံရမှာကိုလည်း မကြောက်တော့ဘူးလေ..."
ဧကရာဇ်ဝမ်ရွှမ်းက တွေဝေစွာဖြင့် အကြံပြုလိုက်၏။
အကယ်၍ သူသာ ထိုကောင်မလေးကို နန်းတော်ထဲ ဝင်ရောက်စာသင်ခွင့် ပယ်ဖျက်လိုက်မည်ဆိုလျှင် မယ်တော်ကြီးက ကြီးမားသော ပြဿနာရှာပေလိမ့်မည်။ သူ့ညီမလေးသာ သူ့ကိုယ်သူ ခေါင်းကိုင်အမေအဖြစ် ပေးအပ်လိုက်မည်ဆိုလျှင် သူ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး အသက်ကို နှမြောပါတယ်..."
ညည်းညူနေ၍လည်း အလုပ်ဖြစ်မည်မဟုတ်ကြောင်း သိလိုက်သဖြင့် တော်ဝင်ဆရာကြီးနင်းသည် လက်အုပ်ချီကာ လက်လျှော့ပြီး ပြန်သွားလေတော့သည်။
တော်ဝင်ညီလာခံခန်းမတွင်။
အမတ်များမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဖြစ်ရပ်ကြောင့် တုန်လှုပ်နေကြဆဲဖြစ်ပြီး ယွင်ဟွားနှင့် တိတ်တဆိတ် ခပ်ခွာခွာ နေနေကြလေသည်။
ယွင်ဟွားက မျက်တောင်လေး ပုတ်ခတ်လိုက်၏။
သူမသည် လက်သေးသေးလေးကို လှန်လိုက်ပြီး စိတ်ဝိညာဉ်ပင်လယ်ထဲမှ စာအုပ်လေးနှင့် စုတ်တံလေးတို့၏ အစစ်အမှန် ခန္ဓာကိုယ်များကို ထုတ်ယူလိုက်လေသည်။
လူတိုင်း၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားကြ၏။
"က... ကောင်မလေး... နင့်လက်ထဲမှာ ဘာ... ဘာကိုင်ထားတာလဲ..."
ဧကရာဇ်ဝမ်ရွှမ်းက ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။
"အရှင်မင်းကြီး... ဒါကကံကြမ္မာမှတ်တမ်းစာအုပ်ကို ကျွန်မရဲ့ ဆရာသခင်က အိပ်မက်ထဲမှာ ပေးခဲ့တာပါ... သူက ဒီကမ္ဘာကြီးက အခြေအနေဆိုးနေပြီမို့ ကျွန်မကို ဆက်ပြီး ပြုပြင်ပေးဖို့ ပြောခဲ့ပါတယ်..."
လူတိုင်း…
သူမက အဓိပ္ပာယ်မရှိသည်များကိုသာ ပြောဆိုပြီး ဘာမှမသိဟန်ဆောင်ကာ သူမ၏ စိတ်ထဲတွင် သူတို့ကို သေမတတ် ခြောက်လှန့်နေဦးမည်ဖြစ်၏။
“ယမမင်းရဲ့ လက်အောက်ငယ်သားတွေက ငါ့ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြပြီ... အရင်တုန်းကတော့ ငါက ယဇ်ပုရောဟိတ်ချုပ်တစ်ယောက်အနေနဲ့ သူ လာဖမ်းမှာကို အမြဲတမ်း တွေဝေပြီး ကြောက်နေခဲ့လို့ အကြီးအကျယ် လှုပ်ရှားမှုတွေ မလုပ်ရဲခဲ့ဘူး…”
“အခုတော့..”
“ငါ့ကို စိတ်အနှောင့်အယှက်ပေးတဲ့ ဘယ်သူ့ကိုမဆို သူတို့ရဲ့ မျက်စိရှေ့မှာတင် သူတို့ရဲ့ ကံကြမ္မာကို ငါ ပြင်ရေးပစ်မယ်... သူတို့က သေခြင်းရှင်ခြင်းစာအုပ်ထဲက စာလုံးတွေကိုမှ မမြင်ရတာ ငါက ဘာကို ကြောက်ရမှာလဲ…”
“အံ့ဩသွားပြီလား... စိတ်လှုပ်ရှားစရာ ကောင်းတယ်မလား... ဒီနေ့ ငါ နင့်ကို သတ်မယ်... မနက်ဖြန် နင့်ကို ပြန်ရှင်လာအောင် လုပ်ပေးမယ်... ပြီးတော့ သန်ဘက်ခါကျရင် နင့်ကို ကိုယ်ဝန်ဆောင်ခိုင်းမယ်…”
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ...
ယွင်ရှောင်ထျန်းက မျက်စိကို မှေးကြည့်လိုက်၏။ သူ၏ သမီးငယ်လေး လက်ထဲရှိ စာအုပ်ပေါ်တွင် အမှန်တကယ်ပင် မည်သည့်စာလုံးမှ မရှိပါချေ။
“ဟုတ်တယ်... ပန်းကလေး... ငါတို့ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့... စိတ်အခြေအနေ မကောင်းတဲ့အချိန်တိုင်း အစ်ကိုယန်ကို ကြိုပြောထားပြီး နေ့တိုင်း အမတ်တစ်ယောက်ကို ငရဲပြည်ဆယ့်ရှစ်ထပ်မှာ လမ်းလျှောက်ထွက်ဖို့ ခေါ်သွားကြမယ်... ဒါမှ သူတို့ အဲ့နေရာနဲ့ ကြိုတင်ရင်းနှီးနေမှာပေါ့…”
သေခြင်းရှင်ခြင်းစာအုပ်သည် လူတိုင်း တုန်ယင်နေသည်ကို မြင်ရသောအခါ အလွန်ကျေနပ်သွားလေသည်။
*နားထောင်စမ်း... ဆက်ပြီး နားထောင်နေကြ... မင်းတို့အားလုံး ရှင်သန်နိုင်ဖို့ ငါ သေချာပေါက် လုပ်ပေးမယ်…*
“ဟွားဟွား... ပေပေ့က ဆီပူငရဲရဲ့ ကိုးထပ်မြောက်ကို အနှစ်သက်ဆုံးပဲ... ဒီနေ့ည အမတ်တစ်ယောက်ကို အဲ့နေရာဆီ မျှားခေါ်သွားပြီး သူ့ဘာသာသူ အတွေ့အကြုံခံစားခိုင်းရင်ကော ဘယ်လိုလဲ..”
တရားသူကြီးပေပေ့သည် လက်ပိုက်ထားလျက် သူ၏ ပစ်မှတ်ကို ရှာဖွေနေလေပြီ။
“အကြံကောင်းပဲ…”
ယွင်ဟွားက ခေါင်းညိတ်လိုက်၏။
သူတို့၏ အတွင်းရေးစကားဝိုင်းက ထိုနေရာရှိ လူတိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေလေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုး ရုတ်တရက် နေမကောင်းဖြစ်သွားလို့ ခွင့်တောင်းခံချင်ပါတယ်..."
အမတ်တစ်ဦးက ရင်ဘတ်ကိုဖိလျက် ပြောလိုက်၏။ အခြားအမတ်များမှာ ဤအဘိုးကြီးက လက်ဦးမှုရယူသွားသဖြင့် မကျေမနပ်ဖြစ်ကာ အံကြိတ်လိုက်ကြလေသည်။
ယွင်ဟွားက တစ်ချက်ကြည့်လိုက်၏။
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ ကိုယ်ပိုင်ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာပြီး စာမျက်နှာများကို လှန်လှောရင်း အော်ဟစ်လိုက်သည်။
“မဟုတ်ဘူး..”
“ပန်းကလေး... သူ နေမကောင်းတာ မဟုတ်ဘူး... သူ ဟန်ဆောင်နေတာ... သူ အလုပ်မလုပ်ချင်လို့ပဲ... သူက သူ့ရဲ့ ရာထူးနဲ့ ထိုက်တန်လို့လား... အစ်မရှူးကတော့ သူလို့ပဲ ထင်တယ်... ဒီနေ့ည သူ့ကို ငရဲပြည်ဆီ ဆွဲခေါ်သွားကြစို့..”
“ဟွားဟွား... ပေပေ့က ယမမင်းရဲ့ ညီလေးကို အရင်သွားနှုတ်ဆက်ပြီး ငါတို့အတွက် လမ်းရှင်းထားပေးမယ်..”
"အရှင်မင်းကြီး... ကျွန်တော်မျိုး ရုတ်တရက် ပြန်ကောင်းသွားပါပြီ... ညီလာခံ ပြီးတဲ့အထိ တောင့်ခံထားနိုင်ပါတယ်..."
နာမည်တပ်ခံလိုက်ရသော အမတ်က သူ အဆင်ပြေကြောင်း သက်သေပြရန် ညီလာခံခန်းမတစ်ခုလုံးကို ကျယ်လောင်စွာ စကားပြောလိုက်လေသည်။
သေခြင်းရှင်ခြင်းစာအုပ်က ပါးစပ်ကိုအုပ်လျက် ယွင်ဟွား၏ နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
“ပန်းကလေး... ငါတို့ အရမ်းပျော်တာပဲ... အရင်တုန်းကတော့ သူတို့က နင့်ရဲ့ သရုပ်ဆောင်တာကို ကြည့်ခဲ့ကြတာ... အခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားပြီ..”
ယွင်ဟွားသည် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်လေ၏။ သူမသည် ယခုအခါ ညီလာခံတက်ရသည်ကို ပို၍ သဘောကျလာပြီ ဖြစ်သည်။