အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) ယွင်ဟွား၏ စိတ်နှလုံးထဲမှ ချိန်ခွင်လျှာ
"အလကားရမည်ဆိုရင်တော့ ယူရမှာပေါ့..."
ယွင်ဟွားသည် သူ၏ ခေါင်းထိပ်ကို စိုက်ကြည့်လိုက်ရာ အကျဉ်းချခံရမည့် လက္ခဏာဖြစ်သော အမည်းရောင်စွမ်းအင်များ ရစ်ဝဲနေသည်ကို မြင်တွေ့လိုက်ရ၏။
ကျားထျဲ့ကျွေ့မှာ ချက်ချင်းပင် ဆွံ့အသွားလေသည်။
သူသည် သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ထားသော ယွင်ဟွားကို မျက်စိမှေးကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ အလိုအလျောက် တွန့်ကွေးသွားလေ၏။
"သခင်လေး... လောကကြီးမှာ အလကားရတဲ့ အစားအသောက်ဆိုတာ မရှိပါဘူး... အနိုင်ရချင်ရင် ငွေအနည်းငယ်လောက်တော့ နှမြောနေလို့ မဖြစ်ဘူးလေ..."
ယွင်ဟွားက "အိုး..." ဟုဆိုကာ သူမ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်လေသည်။
ကျားထျဲ့ကျွေ့က ယွင်ဟွား ငွေထုတ်ပေးမည်ဟု ထင်မှတ်ကာ အဆောင်စက္ကူကို ဝမ်းသာအားရ ပြင်ဆင်လိုက်၏။
နောက်တစ်စက္ကန့်တွင်မူ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားလေသည်။ ယွင်ဟွားသည် မုန့်တစ်ချပ်ကို ထုတ်ယူကာ တစ်ကိုက် ကိုက်စားလိုက်ပြီး
"ခင်ဗျား မှားနေပြီ... လောကကြီးမှာ အလကားရတဲ့ အစားအသောက်ဆိုတာ ရှိကိုမရှိတာ..."
ကျားထျဲ့ကျွေ့က သူမကို ချက်ချင်းပင် စူးရဲစွာ စိုက်ကြည့်လိုက်ပြီး
“သွားစမ်း သွားစမ်း... လမ်းဖယ်ပေး... ငါ့စီးပွားရေးကို လာမနှောင့်ယှက်နှင့်... လူကြီးလူကောင်းတစ်ယောက်လို ဝတ်ဆင်ထားပြီး ကပ်စေးနည်းလိုက်သည့်ဖြစ်ခြင်း..."
ကျားထျဲ့ကျွေ့က ညည်းညူရင်း ယွင်ဟွားကို နှင်ထုတ်လိုက်သော်လည်း သူမက ဒေါသမထွက်ပေ။ ထို့အစား သူမက ဘေးဘက်သို့ စဉ်းစားဟန်ဖြင့် လက်ညှိုးထိုးပြကာ
"ဆရာအတု... ခင်ဗျားအတွက် အလကားရမယ့် အစားအသောက်တွေ ရောက်လာပြီ..."
ကျားထျဲ့ကျွေ့က လှောင်ပြုံးပြုံးလိုက်၏။
"ဟုတ်လား..."
"ဘယ်လို အလကားရမယ့် ဝန်ဆောင်မှုမျိုးလဲဆိုတာကို ဒီဆရာက ကြည့်ချင်သေးတာပေါ့..."
ကျားထျဲ့ကျွေ့သည် ယွင်ဟွား လက်ညှိုးထိုးပြရာဘက်သို့ ကြည့်လိုက်သော်လည်း ပြောမည့်စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားလေသည်။
"အစ်ကိုအရာရှိ... အဆောင်တုတွေ ရောင်းနေတာ သူပါပဲ... ကံကောင်းလို့ ကျွန်တော် သတိထားမိပြီး ဟူးကော်ဘုရားကျောင်းက ဆရာတော်ကြီးကို သွားပြလိုက်လို့ ဒါတွေက လျှောက်ခြစ်ထားတာတွေမှန်း သိလိုက်ရတာ..."
"ကျွန်တော်လည်း အလိမ်ခံလိုက်ရတယ်..."
"ကျွန်တော်လည်းပဲ..."
ကျားထျဲ့ကျွေ့၏ မျက်နှာသွင်ပြင်မှာ သိသိသာသာပင် ထိတ်လန့်သွားလေသည်။ သူ ယခင်က လိမ်လည်ခဲ့သော စာမေးပွဲဖြေဆိုမည့်သူများသည် အရာရှိတစ်စုနှင့်အတူ သူ၏ထံသို့ ရန်လိုသော အမူအရာများဖြင့် လျှောက်လာနေကြ၏။
"အရှေ့ပိုင်းဒေသ ဥပဒေအရ လမ်းပေါ်တွင် လိမ်လည်လှည့်စားသူများကို ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်နှက်ပြီး သတ္တုတွင်းဧရိယာသို့ ပို့ဆောင်ကာ နှစ်နှစ်တိတိ အလုပ်ကြမ်းလုပ်စေရမည်ဖြစ်သတယ်... ဆရာကျား… ဒါက နှစ်နှစ်တိတိ အခမဲ့ရမည့် ပေါက်စီနဲ့ ချဉ်ဖတ်တွေကို ဆိုလိုတယ်လို့ ခင်ဗျား မထင်ဘူးလား..."
ယွင်ဟွားက သူ့ကိုကြည့်ကာ ပြုံးဖြီးဖြီးလုပ်လိုက်ပြီးနောက် ကြက်ပေါင်ကြီးတစ်ချောင်းကို ဆွဲထုတ်ကာ တစ်ကိုက် ကိုက်လိုက်လေသည်။
"အရသာရှိလိုက်တာ... အသားတွေချည်းပဲ... ခင်ဗျားတော့ ဒုက္ခရောက်ပြီ... နောက်ဆို အသားစားရတော့မှာ မဟုတ်ဘူး..."
"ပါးစပ်ပိတ်ထားစမ်း..."
ကျားထျဲ့ကျွေ့သည် မှုန်ကုပ်နေသော မျက်နှာဖြင့် ယွင်ဟွားကို အော်ဟစ်လိုက်ပြီး သူ၏ ဆိုင်ခန်းကို ကမန်းကတန်း သိမ်းဆည်းလိုက်လေသည်။ အကြောက်တရားကြောင့် သူသည် အထိတ်တလန့်ဖြစ်နေပြီး တန်ဖိုးကြီးသည့် ပစ္စည်းများကိုသာ သူ၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။
အရာရှိများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျားထျဲ့ကျွေ့မှာ အလွန်အမင်း ကြောက်ရွံ့သွားပြီး နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။
ယွင်ဟွားသည် သူမ စားသောက်ပြီးသွားသော ကြက်ပေါင်ကို တစ်ချက်ကြည့်လိုက်ကာ အရိုးကို စုပ်လိုက်ပြီး ကျားထျဲ့ကျွေ့၏ ဒူးခေါင်းဆီသို့ လှမ်းပစ်ပေါက်လိုက်၏။
"ဘုန်း" ဟူသော အသံတစ်သံနှင့်အတူ ကျားထျဲ့ကျွေ့၏ ဒူးများ ခွေကျသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား လဲကျသွားရာ အနောက်မှ လိုက်လာသော အရာရှိများက သူ့ကို တင်းကျပ်စွာ ဖမ်းချုပ်လိုက်ကြလေသည်။
“ပန်းကလေး... တကယ့်ကို လှလှပပ လုပ်ချလိုက်တာပဲ..”
သေခြင်းရှင်ခြင်းစာအုပ်က လက်ခုပ်တီးကာ အားပေးလိုက်၏။
“ဟွားဟွား... ငါတို့တွေ ကုသိုလ်ယူပြီး ရွှေလေးတွေနဲ့ သွားလဲဖို့ တရားစီရင်ရေးရုံးတော်ကို သွားလို့ရပြီ..”
တရားသူကြီးစုတ်တံလေး၏ အော်ဟစ်လိုက်သံနှင့်အတူ ပညာရှိတစ်ဦးလို ဝတ်ဆင်ထားသော လူငယ်လေးမှာ အမှန်တကယ်တော့ ယုံအန်းမင်းသမီးဖြစ်နေကြောင်း အရာရှိများက နောက်ဆုံးတွင် သတိပြုမိသွားကြလေသည်။
ယွင်ဟွားက ချောင်းဟန့်လိုက်ပြီး
“အဟမ်း.. မင်းသမီးဖြစ်တဲ့ ငါလည်း ဒီကိစ္စမှာ ပါဝင်ကူညီခဲ့ကြောင်းကို နင်တို့အားလုံး မှတ်ထားဖို့ လိုတယ်... နင်တို့ရဲ့ သခင်တွေကို သတိပေးဖို့ မမေ့ကြနဲ့..."
ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းများကို အခြားသူများ သိရှိစေသင့်ပေသည်။ ရထိုက်သော ဆုလာဘ်များကို တစ်ပြားတစ်ချပ်မှပင် လျှော့မပေးသင့်ပေ။
ကြေးပြားတစ်ပြားနှင့်ပင် ပေါက်စီအဖြူတစ်လုံးကို ဝယ်ယူနိုင်သေးသည် မဟုတ်ပါလား။
အရာရှိက အရိုအသေပေးကာ
"မင်းသမီး... စိတ်ချပါ... ကျွန်တော်မျိုး သေချာပေါက် တင်ပြပေးပါမယ်..."
ဆရာအတုမှာ အရာရှိများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး စိတ်ဓာတ်ကျနေသော ကျောင်းသားဆယ်ဂဏန်းလောက်သာ ကျန်ရစ်ခဲ့လေတော့သည်။
"ဟူး... စာမေးပွဲအတွက် စိတ်လှုပ်ရှားနေရသည့်အထဲ စိတ်အေးသက်သာရှိစေရန် အဆောင်ဝယ်လိုက်ပါတယ်ဆိုမှ အတုနဲ့ လာတိုးနေမယ်လို့ မထင်ထားခဲ့ဘူး... အခုတော့ စာမေးပွဲခန်းထဲ ဝင်ရမှာကို ပိုပိုပြီး ကြောက်လာပြီ..."
"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ... ဘာမှလည်းမရလိုက်ဘဲ ငွေငါးဆယ်တောင် ဆုံးရှုံးသွားသေးတယ်..."
"စိတ်မပူပါနဲ့.. ငွေတွေ ပြန်ရတာနဲ့ လူတိုင်းကို ပြန်ခွဲပေးမယ်လို့ အရာရှိက ပြောသွားတာိလေ..."
တရားသူကြီးစုတ်တံလေးသည် တစ်စုံတစ်ရာကို ကြားသွားပြီး ယွင်ဟွား၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။
“ဟွားဟွား... ငါတို့ သူတို့ကို အဆောင်တွေ ပြန်ရောင်းရင်ရော ဘယ်လိုလဲ... ငွေနည်းနည်းပါးပါး ရှာလို့ရတာပေါ့..”
သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ ယုတ်မာသော အကြံအစည်ကို ကြားသောအခါ ဒေါသတကြီးဖြင့် ရိုက်ချလိုက်လေသည်။
“နင်က ပန်းကလေးကို အဆောင်ဆွဲခိုင်းချင်တာလား... သူမရဲ့ ကုသိုလ်စွမ်းအားတွေကိုသုံးပြီး အဆောင်တွေကို ကောင်းချီးပေးခိုင်းချင်တာလား…”
နောက်နေတာလား။
ရှောင်ဟွားဟွား စုဆောင်းထားသည့် ကုသိုလ်စွမ်းအားများကို တစ်စက်လေးမှတောင် အလဟဿ အဖြစ်မခံနိုင်ပေ။
“မဖြစ်နိုင်တာ... ပေပေ့က မတုံးပါဘူး... ဘာလို့ သူတို့အပေါ်ကို ကုသိုလ်စွမ်းအားတွေ သုံးရမှာလဲ... ငါဆိုလိုတာက သူမက သူတို့ကို လှည့်စားလိုက်ရုံတင်လေ…”
ယွင်ဟွား၊ သေခြင်းရှင်ခြင်းစာအုပ်...
“ငါ့မှာ မူဝါဒတွေရှိတယ်... အဲ့လောက်ယုတ်မာတဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ…”
ယွင်ဟွားက ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုနေစဉ် အခြားတစ်ဖက်မှ ကျောင်းသားများကလည်း ဆွေးနွေးတိုင်ပင်နေကြလေသည်။
"စကားမစပ်... ရိုးရာယုံကြည်မှုတစ်ခုအကြောင်း ငါ ကြားဖူးတယ်.. ယခင်နှစ်က ထိပ်တန်းပညာရှိ ဒါမှမဟုတ် နန်းတွင်းရှိ ပထမအဆင့်၊ ဒုတိယအဆင့် အရာရှိများ အသုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခုခုကို ရနိုင်မယ်ဆိုရင် စာမေးပွဲအောင်စာရင်းမှာ သေချာပေါက် ပါနိုင်တယိတဲ့… အဲ့တာကို ကံကောင်းခြင်းများ ဝေမျှခြင်းလို့ခေါ်ပြီး အမွှေးတိုင်ထွန်းခြင်း၊ ဘုရားရှိခိုးခြင်း ဒါမှမဟုတ် အဆောင်များတောင်းခြင်းထက် အများကြီး ပိုပြီး ထိရောက်တယ်တဲ့..."
"တကယ်လား... အတုလား..."
"မျှော်လင့်ချက်မရှိတာထက်စာရင် စမ်းကြည့်တာက အမြဲတမ်း ပိုကောင်းပါသည်... အဲ့တာမှ စိတ်အေးသက်သာရှိစေဖို့အတွက်ပဲ မဟုတ်ဘူးလား..."
သူတို့၏ မျက်လုံးများမှာ အနည်းငယ် အရောင်လက်သွားကြပြီး ဖုံးကွယ်မထားနိုင်သော ရည်မှန်းချက်များကို ထုတ်ဖော်ပြသနေကြ၏။
"ဒါပေမဲ့... ငါတို့က သာမန်လူတွေပဲလေ... ငါတို့မှာ အဲ့အဆင့်မြင့် အရာရှိကြီးတွေဆီကို ချဉ်းကပ်ဖို့ နည်းလမ်းမှ မရှိတာ..."
တစ်စုံတစ်ယောက်က အခြေအနေကို ရေအေးပက်လိုက်သကဲ့သို့ ပြောလိုက်ရာ လူတိုင်း၏ မျက်လုံးများတွင် တောက်ပနေသော အလင်းရောင်များမှာ ချက်ချင်းပင် မှေးမှိန်သွားလေတော့သည်။
"ငါ့ဆီမှာရှိတယ်... ငါ့ဆီမှာရှိတယ်..."
ယွင်ဟွားသည် သူမ၏ လက်လေးကိုမြှောက်ကာ မော့ကြွားကြွားဟန်ဖြင့် သူတို့ထံသို့ လျှောက်သွားလိုက်၏။
"ငါက ပထမအဆင့် အရာရှိဖြစ်သည့်အပြင် ပဉ္စမအဆင့် နက္ခတ်တာရာ လေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်သည့် ယုံအန်းမင်းသမီးပဲ..."
"ငါ့အဖေ ယွင်ရှောင်ထျန်းဆိုရင် အင်ပါယာစာမေးပွဲတွေမှာ အကြိမ်များစွာ ထိပ်တန်းပညာရှိဖြစ်ခဲ့ဖူးတယိ.."
"ဒါ့အပြင်... ငါက အမတ်ချန်၊ အမတ်ရှန်ကွမ်းနဲ့ တရားရေးဝန်ကြီးဌာနက အမတ်ကျန်းတို့ကိုလည်း သိသေးသတယ်... သူတို့အားလုံးက အင်ပါယာစာမေးပွဲတွေမှာ ဒုတိယနဲ့ တတိယရခဲ့တဲ့ ပညာရှိတွေချည်းပဲ... ပြီးတော့ အရမ်းပညာတော်တဲါ ငါ့အစ်ကိုကြီးဆီကနေလည်း ပစ္စည်းတွေ တောင်းပေးလို့ရတယ်..."
"နင်တို့ လိုချင်တာ မှန်သမျှ ရနိုင်တယ်... ဒါပေမဲ့ ကိုယ်ရေးကိုယ်တာသုံး ပစ္စည်းတွေတော့ မရဘူး... သာမန်ပစ္စည်းတွေပဲ ဖြစ်ရမယ်.."
ယွင်ဟွား၏ စိတ်နှလုံးထဲတွင် ချိန်ခွင်လျှာတစ်ခု ရှိနေဆဲပင်။
ကိုယ်ရေးကိုယ်တာသုံး ပစ္စည်းများသည် မှော်ပညာဖြင့် ပစ်မှတ်ထားခံရလွယ်သော်လည်း သာမန်ပစ္စည်းများကိုမူ ငွေကြေးဖြင့် အရောင်းအဝယ်ပြုလုပ်ကြသဖြင့် အသုံးမဝင်ပေ။
ထို့အပြင်... သူမက ၎င်းတို့အပေါ်တွင် တံဆိပ်တစ်ခုလည်း ရိုက်နှိပ်ပေးဦးမည် ဖြစ်၏။
လူအုပ်ကြီး၏ မျက်လုံးများမှာ ထပ်မံ၍ အရောင်လက်လာကြပြန်သည်။ စောစောက အရာရှိများက သူမအား 'မင်းသမီး' ဟု ခေါ်ဝေါ်ခဲ့သည်ကို သူတို့ မှတ်မိသွားကြ၏။
ယွင်ဟွားသည် ဆရာတုကြီး ယူမသွားရသေးသော ဆိုင်ခန်းကို ငှားရမ်းကာ မှတ်စုများ စတင်ရေးမှတ်လေတော့သည်။
"ငါ့အဖေ အသုံးပြုခဲ့တဲ့ ပန်းကန်လုံးကို လိုချင်တာလား... ကောင်းပြီလေ..."
"အမတ်ချန် အသုံးပြုခဲ့တဲ့ စုတ်တံဆိုရင်လည်း ရပါတယ်..."
"အမတ်ရှန်ကွမ်း အခန်းထဲက ဖယောင်းတိုင်ခုံဆိုတာ အသေးအဖွဲ ကိစ္စလေးပါ..."
"ငါ့အစ်ကိုကြီးရဲ့ ပစ္စည်း..."
ယွင်ဟွားသည် ပိုပို၍ စိတ်အားထက်သန်စွာဖြင့် ရေးမှတ်လေရာ စာလုံးများမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ဖြစ်နေပြီး လူတိုင်းက သူမ၏ လက်ရေးကို လိပ်ပြာမလုံစွာဖြင့် ချီးကျူးနေကြရလေသည်။
"နင်တို့က အမြင်ရှိသားပဲ... ဒါဆိုလျှင် မင်းသမီးဖြစ်တဲ့ ငါက နောက်ထပ် ၉.၉ ရာခိုင်နှုန်း လျှော့ပေးမယ်... ဒါပေမဲ့ စပေါ်ငွေတော့ အရင်ပေးရမယ်... မနက်ဖြန် ဒီအချိန်ကျမှ ပစ္စည်းလာပို့ပြီး ကျန်တဲ့ငွေကို ရှင်းကြတာပေါ့..."
ယနေ့တော့ သူမ ဝင်ငွေကောင်းနေပြီ ဖြစ်၏။
ယွင်ဟွားသည် သူတို့နှင့် လမ်းခွဲလိုက်ပြီးနောက် ယွင်အိမ်တော်ဆီသို့ ပျော်ရွှင်စွာဖြင့် လျှောက်လာခဲ့လေသည်။
သူမအတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော နန်ကုန်းယွမ်ကို သူမ အမှတ်မထင် တွေ့လိုက်ရ၏။
"ရှောင်ယွမ်ယွမ်..."
ယွင်ဟွားသည် ခုန်ပေါက်ကာ လျှောက်လာရာ နန်ကုန်းယွမ်က သူမကို ဖမ်းဆီးရန် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သော်လည်း မမျှော်လင့်ဘဲ တောက်ပနေသော စက္ကူတစ်ရွက်က သူ၏ရှေ့တွင် ပေါ်လာလေသည်။
နန်ကုန်းယွမ်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီး ၎င်းအပေါ်တွင် ရေးမှတ်ထားသော ထူးဆန်းသည့် အရာများကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ မည်းမှောင်သွားလေတော့သည်။
"ရှောင်... ရှောင်ဟွားအာ... ဒါက... ဘာများလဲ..."
ယွင်ဟွားက ပျော်ရွှင်စွာ ကခုန်နေပြီး
"အိုး.. ဒါက သူတို့က ငါ့ရဲ့ဖျော်ဖြေမှုကို တစ်နေ့လုံး ပိုက်ဆံမပေးဘဲ ကြည့်နေကြလို့လေ...ဒါက သူတို့ကို ပြန်ရောင်းပြီး ငါရလာတဲ့ ငွေလေးတွေပဲ..."
နန်ကုန်းယွမ် : ......
"ရှောင်ယွမ်ယွမ်... ငါ့အဖေနဲ့ ငါ့အစ်ကိုပစ္စည်းတွေကလွဲရင် တခြားပစ္စည်းလေးတွေကို ယူပေးဖို့ နင် ငါ့ကို ကူညီပေးနိုင်မလား..."
သူမသည် ထိုညတွင် အိမ်တော်များစွာသို့ အပြေးအလွှား မသွားချင်သဖြင့် ရှောင်ယွမ်ယွမ်၏ အကူအညီကိုသာ တောင်းခံနိုင်လေတော့သည်။
"မင်းကတော့လေ..."
နန်ကုန်းယွမ်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ နားထင်များကို ပွတ်သပ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ရှောင်ရှင်းဟွာသည် သူတို့၏ရှေ့သို့ ချက်ချင်းပင် ဆင်းသက်လာလေသည်။
"သွား... ဒီစက္ကူပေါ်မှာ ရေးထားတဲ့အတိုင်း သွားယူချေ..."
ရှောင်ရှင်းဟွာသည် မည်သည့်အရာကိုမျှ မခိုးယူခဲ့ပေ။ အကြောင်းရင်းကိုသာ ရှင်းပြလိုက်ရာ အမတ်ကြီးများက ၎င်းပစ္စည်းများကို သူမထံသို့ လက်နှစ်ဖက်ဖြင့် ဆက်သခဲ့ကြလေသည်။
မည်သို့ပင်ဖြစ်စေ ထိုအရာများအားလုံးမှာ တန်ဖိုးမရှိသော ပစ္စည်းများသာဖြစ်၏။ မင်းသမီးက လိုချင်နေမှတော့ သူမကိုသာ ပေးလိုက်ကြလေသည်။
"ရှောင်ယွမ်ယွမ်လေး... နင်က တကယ် သဘောကောင်းတာပဲ... ဒါပေမဲ့ ဒီငွေတွေအားလုံးကို ငါ့ရဲ့ ပရဟိတအလုပ်တွေအတွက် ဆက်ပြီး သုံးပေးနိုင်မလား..."
ပြီးခဲ့သည့် လအနည်းငယ်အတွင်းကပင်။
သူမသည် ငွေကြေးမြောက်မြားစွာ ထုတ်ယူကာ နယ်စပ်ရှိ စစ်သည်များနှင့် ဆင်းရဲသားပြည်သူများအတွက် သူမ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကုသိုလ်စွမ်းအားများမှာ လျင်မြန်စွာ တိုးပွားလာပြီး အရေးပါသော အမှတ်တစ်ခုသို့ ရောက်လုနီးပါး ဖြစ်လာခဲ့၏။
ရှောင်ယွမ်ယွမ်သည် ဖုန်းတုဧကရာဇ် ဖြစ်ပေသည်။ တစ်နေ့တွင် သူ၏ မှတ်ဉာဏ်များနှင့် အင်အားများ ပြန်လည်ရရှိလာစေရန်အတွက် သူမ၏ ကျင့်ကြံခြင်းကို အာရုံစိုက်ရန် လိုအပ်ပြီး ထိုအခါကျမှသာ သူမသည် သူနှင့် ပခုံးချင်းယှဉ်ကာ ရပ်တည်နိုင်မည်ဖြစ်၏။
သူ၏ အနောက်တွင် ပုန်းအောင်းကာ... သူ၏ စွမ်းအားကို မှီခိုနေမည့်အစားပေါ့။