အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉) အမျိုးသားများကြားမှ လျှို့ဝှက်ချက်
နန်ကုန်းယွမ်သည် ယွင်ဟွား၏ နောက်သို့ အရှက်မရှိလိုက်ကာ အိမ်တော်အတွင်းသို့ ဝင်လာခဲ့လေသည်။
ကံမကောင်းစွာဖြင့်...
ယွင်ဟွားသည် သူမ၏ အစ်ကိုကြီးက လက်ထဲတွင် တစ်စုံတစ်ရာကို ကိုင်ဆောင်ထားလျက် အချစ်ရူးတစ်ယောက်ကဲ့သို့ ရပ်နေသည်ကို မြင်လိုက်ရ၏။
"အိုး..."
"ဘယ်လို လက်ဆောင်မျိုးများ ရလာတာပါလိမ့်... အမြဲတမ်း တင်းမာနေတတ်တဲ့ ငါ့အစ်ကိုကြီးက အရူးတစ်ယောက်လို ပြုံးဖြီးနေပါလား..."
ယွင်ဟွားသည် သူ၏ အနောက်မှနေ၍ ခေါင်းကို ပြူထွက်လိုက်လေသည်။ သူမ၏ အနာဂတ်ယောင်းမလောင်းထံမှ လက်ဆောင်ဖြစ်ကြောင်းကို သူမ ခန့်မှန်းစရာပင် မလိုဘဲ သိရှိနေ၏။
ယွင်ချင်းမော့သည် သူ၏ လက်များကို အနောက်သို့ ရုတ်တရက် ဝှက်လိုက်ရာ သူ၏ မျက်နှာမှာ နီရဲသွားလေတော့သည်။
"ညီမလေး... မင်းက လူတွေကို လန့်သေအောင် လုပ်နိုင်တာပဲ... မင်းက ငယ်ငယ်လေးနဲ့ အစ်ကိုကြီးကိုတောင် လွှမ်းမိုးချင်နေပြီလား..."
ယွင်ချင်းမော့၏ အသက်ရှူသံများမှာ အနည်းငယ် ပြင်းထန်နေပြီး သူမကြောင့် လန့်သေလုမတတ် ဖြစ်သွားရလေသည်။
"စိတ်မပူပါနဲ့ အစ်ကိုကြီး... သေဖို့က မဖြစ်နိုင်ပါဘူး...ငါက ဘယ်သူလဲဆိုတာကို မေ့သွားပြီလား..."
ယွင်ဟွားက ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်ပြီး
"ငါ့မှာ အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ ရှိတယ်လေ..."
“ဟေး... ငါသာ လိုချင်မယ်ဆိုရင် အစ်ကိုကြီးကို နတ်ဆိုးအိုကြီးတစ်ကောင်လို အသက်ရှင်နေအောင် လုပ်ပေးနိုင်တယ်. ဒါ့အပြင်... တကယ့်အသက်အရွယ်နဲ့ တွက်မည်ဆိုရင် အစ်ကိုကြီးက ငါ့ကို ဘိုးဘေးလို့တောင် ခေါ်ရဦးမယ်…”
ယွင်ဟွားသည် သူမ၏ အစ်ကိုကြီး မကြားလိုက်မည်ကို စိုးရိမ်သဖြင့် စိတ်ထဲမှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ယွင်ချင်းမော့ : ......
ထိုစကားများကို သူ မငြင်းဆန်နိုင်ချေ။
*ဟွားဟွား ပြောတာ မှန်တယ်.. ယမမင်းတောင် ငါတို့ကို ဂရုမစိုက်နိုင်ဘူး... ဒါပေမဲ့ အခုအချိန်ကစပြီး သူတို့ရဲ့ သေခြင်းရှင်ခြင်းအာဏာကို ပေပေ့က ကိုင်စွဲထားမှာ…”
“အဟက်... နင်တစ်ယောက်တည်းနဲ့ ဘာမှ စီမံနိုင်မှာ မဟုတ်ပါဘူး…”
သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်လျက် နှာခေါင်းရှုံ့လိုက်လေသည်။ ၎င်း၏ ကံကြမ္မာမှတ်တမ်း မရှိဘဲနဲ့ စုတ်တံကျိုးလေးက ဘာများ ကြီးကျယ်တာတွေ လုပ်နိုင်မည်တဲ့လဲ။
တရားသူကြီးစုတ်တံလေးသည် သေခြင်းရှင်ခြင်းစာအုပ်ကို အလိုလိုက်သည့်အနေဖြင့် ၎င်း၏ ပခုံးကို ပုတ်ပေးလိုက်လေသည်။
“ရှူးရှူး ပြောတာ မှန်တယ်.. ငါတို့က စုံတွဲတွေပဲ... တစ်ယောက်မပါဘဲ တစ်ယောက် အသက်ရှင်လို့ မရဘူး..."
နန်ကုန်းယွမ်သည် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလျက် တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာ
"ရှောင်ဟွားအာ... မင်းအစ်ကိုကြီး ဝှက်ထားတာက မင်းရဲ့ အနာဂတ် ယောင်းမကိုယ်တိုင် ချည်ထိုးထားတဲ့ ရနံ့အိတ်လေးလေ... အထဲက ဆေးဖက်ဝင်အပင်တွေက စိတ်ကို တည်ငြိမ်စေပြီး အိပ်ပျော်စေဖို့ ကူညီပေးတယ်တဲ့..."
"ရှောင်ယွမ်ယွမ်... နင်က ဘယ်လို သိတာလဲ..."
ယွင်ဟွား၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုခုကို လွတ်သွားသကဲ့သို့ ဖြစ်နေလေသည်။
"အိုး... ငါ မင်းကို တံခါးဝမှာ စောင့်နေတုန်းက အကုန်မြင်လိုက်တယ်လေ... သူတို့နှစ်ယောက်က အရမ်းကို ချစ်ခင်ကြည်နူးနေကြပြီး လက်ဆောင်တွေ ဖလှယ်ကာ မခွဲချင်မခွာရက် ဖြစ်နေကြတာ... မင်းအစ်ကိုက အင်ပါယာစာမေးပွဲ အောင်မြင်ပြီးရင် လက်ထပ်ခွင့်တောင်းမယ်တဲ့... မင်း ယောင်းမလောင်းကလည်း ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးဖို့နဲ့ သူသာ ထိပ်တန်းပညာရှိ မဖြစ်ခဲ့ရင်တောင် သူ့ကိုပဲ လက်ထပ်မယ်ဆိုပြီး..."
"တော်ပါတော့..."
ယွင်ချင်းမော့က ကမန်းကတန်း ဖြတ်ပြောလိုက်၏။ သူသည် ညီမဖြစ်သူနှင့်ပင် ခေါင်းကိုက်နေရပြီဖြစ်ရာ ယခု ဤအရှက်မရှိသော သခင်လေးပါ ပါလာသောအခါ သူ အမှန်တကယ်ပင် မခံနိုင်တော့ချေ။
"ရှောင်ဟွားအာ... မင်းရဲ့ အစ်ကိုကြီးက အရမ်းကြမ်းတမ်းတာပဲ... ငါ့ကို ဘာမှဆက်ပြောခွင့် မပေးဘူး..."
နန်ကုန်းယွမ်သည် ယွင်ဟွားရှေ့တွင် အမြဲတမ်း သူ၏ မာနကို လျှော့ချထားတတ်လေသည်။
"ရှောင်ယွမ်ယွမ်က အဆင်ပြေပါတယ်... ငါတို့ ဒုတိယအစ်မနဲ့ တတိယအစ်မဆီ သွားပြီး အစ်ကိုကြီးအကြောင်း စကားသွားပြောကြမယ်... သူ လက်ထပ်မည့်အချိန်ကျရင် ငါတို့ ကျန်းမိသားစုဆီ အပြေးသွားပြီး သူ မင်္ဂလာသွားဆောင်မယ့် လမ်းခရီးမှာ အတားအဆီးတွေ သွားလုပ်ကြမယ်... ဟီးဟီးဟီး..."
"ရှောင်ယွမ်ယွမ်က ရှောင်ဟွားအာ စကားကို နားထောင်ပါမယ်.. မင်း ဘာပဲပြောပြော ငါ အကုန်လုပ်ပေးမယ်..."
သူတို့နှစ်ဦးသည် ယွင်ချင်းမော့ကို လျစ်လျူရှုကာ သူတို့၏ အစီအစဉ်များကို ပျော်ရွှင်စွာ ဆွေးနွေးနေကြလေသည်။
ယွင်ချင်းမော့သည် သူတို့နှစ်ဦးအား မကျေမနပ်ဖြင့် စိုက်ကြည့်နေ၏။
"အဆင်ပြေပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် အသက်အရွယ်အရ ကြည့်မယ်ဆိုရင် မင်းက နောက်ဆုံးမှ လက်ထပ်ရမှာပဲလေ... ငါ့မှာ လက်စားချေဖို့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်..."
ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့မှာ ရယ်မောနေကြသော်လည်း ရုတ်တရက် သူတို့၏ ရယ်မောသံများ ရပ်တန့်သွားလေတော့သည်။
"အစ်ကိုကြီး... ငါ့ဆီမှာ အတွင်းရေးသတင်းတွေ ရှိတယ်... ဒီနှစ်အတွက် ထိပ်တန်းပညာရှိက ဘယ်သူဖြစ်မယ်ဆိုတာ သိချင်လား..."
ယွင်ဟွားသည် သူမ၏ လက်များကို ပွတ်သပ်ကာ ယွင်ချင်းမော့၏ နောက်သို့ လိုက်သွားပြီး သူမ၏ ဘေးတွင် နန်ကုန်းယွမ်ကလည်း အလားတူ မျက်နှာပေးမျိုးဖြင့် ပါလာလေသည်။
"အနာဂတ်ယောက်ဖကြီး... ငါတို့ ဒီကိစ္စကို သေချာဆွေးနွေးကြတာပေါ့... သေချာဆွေးနွေးကြတာပေါ့..."
ထမင်းစားချိန်။
ယွင်ရှောင်ထျန်း၏ လူသတ်ချင်နေသော အကြည့်များရှိနေသော်လည်း နန်ကုန်းယွမ်သည် မိမိကိုယ်ကို အားတင်းကာ ယွင်ဟွား၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ချွေ့ဝမ်ရှင်းသည် သူ၏ ခြေထောက်ကို အကြိမ်မရေမတွက်နိုင်အောင် နင်းလိုက်ပြီးနောက် တိုးညှင်းသော အသံဖြင့် သတိပေးလိုက်၏။
*တော်လောက်ပြီ... ရှင်က အဲ့လိုဆက်ပြီး စိုက်ကြည့်နေဦးမယ်ဆိုရင် ဒီည စာကြည့်ဆောင်ထဲမှာ သွားအိပ်တော့..."
သူသည် သူ၏ သမက်သုံးယောက်စလုံးကို ကြည့်မရဖြစ်နေခြင်းပင်။
ယွင်ရှောင်ထျန်းက ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီး သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်လေသည်။
ညစာစားပြီးနောက် ယွင်ရှောင်ထျန်းသည် နန်ကုန်းယွမ်ကို စာကြည့်ဆောင်အတွင်းသို့ ဆွဲခေါ်သွားလေသည်။
သူတို့နှစ်ဦးသည် အခန်းတွင်း၌ သော့ခတ်ခံထားရပြီး အစောင့်အများအပြားက တံခါးဝတွင် အသေအလဲ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရပ်နေကြ၏။
ယွင်ဟွားက ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေသည်။
သူမ၏ ဖခင်သည် သူမကို မျက်ခြည်မပြတ် စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
“ဟွားဟွား... ငါ့ကို စောင့်နေ... ရှူးရှူးက နင့်အတွက် သတင်းသွားယူပေးမယ်…”
သေခြင်းရှင်ခြင်းစာအုပ်သည် အပြင်သို့ ပျံထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ယွင်ဟွားက ၎င်းကို လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ပြန်ဖမ်းဆွဲထားလိုက်လေသည်။
“ထားလိုက်တော့... ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ယွမ်က ငါ့ကို ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး…”
စာကြည့်ဆောင်အတွင်း။
ယွင်ရှောင်ထျန်းသည် နန်ကုန်းယွမ်ကို အရက်သောက်ရန် ဆွဲခေါ်သွားပြီး နောက်ဆုံးတွင်မူ သူသည် အရက်အိုးတစ်လုံးကို ဖက်ကာ အသည်းကွဲနေသကဲ့သို့ ငိုကြွေးနေလေတော့သည်။
"ဝါး... ငါ့ရဲ့ ဂေါ်ဖီထုပ်လေး..."
"ငါ မင်းကို ကြည့်မရတာ... မင်းမှာက ရုပ်ချောတာပဲ ရှိတာလေ... ဒါ့ကြောင့် ငါ့ရဲ့ ဂေါ်ဖီထုပ်လေးက မင်းနောက်ကို ဇလုံတစ်လုံးနဲ့ ထွက်ပြေးဖို့ ဆန္ဒရှိနေတာ..."
"ဒါက ငါ ဆယ်နှစ်ကျော်ကြာ စိုက်ပျိုးလာခဲ့သည့် ဟင်းသီးဟင်းရွက်ဖြစ်ပြီး ငါ အကြိုက်ဆုံးအရာလည်း ဖြစ်တယ်..."
"ဒီဟင်းသီးဟင်းရွက် ပိုင်ရှင်ဖြစ်တဲ့ ငါက အမှန်တော့ ဝက်တစ်ကောင်ထက်တောင် ကံဆိုးနေပါလား... ငါ့ဘဝက တကယ့်ကို စိတ်ပျက်စရာကောင်းလိုက်တာ..."
နန်ကုန်းယွမ်၏ မျက်ခွံများမှာ တရစပ် လှုပ်ရမ်းသွားလေသည်။
သူ၏ အနာဂတ်ယောက္ခမကြီး ငိုကြွေးပြီးသွားသောအခါ သူသည် အနားသို့ တိုးကပ်သွားပြီး နားနားကပ်ကာ စကားအနည်းငယ်ကို တီးတိုးပြောလိုက်လေသည်။
တစ်ခဏချင်းမှာပင်…
ယွင်ရှောင်ထျန်း၏ ငိုယိုအော်ဟစ်နေသော အသံမှာ ချက်ချင်းပင် အေးခဲသွားလေတော့သည်။
သူက နန်ကုန်းယွမ်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်၏။
"မင်း... မင်း... မင်း... အတည်ပြောနေတာလား..."
ယွင်ရှောင်ထျန်းသည် သူ၏ စကားများကြောင့် အလွန်အမင်း ထိတ်လန့်သွားကာ ခြေထောက်များပင် ခွေကျသွားပြီး အချိန်အတော်ကြာအောင် စကားထစ်နေပြီးမှသာ စကားတစ်ခွန်းကို အပြည့်အစုံ ပြောနိုင်လေတော့သည်။
နန်ကုန်းယွမ်က အလေးအနက် ခေါင်းညိတ်ပြလိုက်၏။ ယွင်ရှောင်ထျန်းသည် သူ၏ ရင်ဘတ်ကို ဖိထားလိုက်ပြီး အတန်ကြာ ငြိမ်သက်သွားပြီးနောက် မျက်ရည်များကို အမြန်သုတ်လိုက်လေသည်။
သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေတော့သည်။
"လာ... လာ... သမက်ကောင်းလေး... ငါတို့ အတူတူ သေချာသောက်ကြတာပေါ့..."
နန်ကုန်းယွမ် : ......
ငါ၏ အနာဂတ်ယောက္ခမကြီး၏ စိတ်အခြေအနေက အလွန်မြန်မြန် ပြောင်းလဲသွားပါလား။
နေဝင်ရီတရောအချိန်တွင် ယွင်အိမ်တော်၏ တံခါးဝ၌။
"ငါ့သမက်လေး... ရော့...ဒါကိုယူသွား... ဒါက မင်းယောက္ခမ တိတ်တဆိတ် ဝှက်ထားသည့် အရက်ကောင်းတွေလေ... အခုအချိန်ကစပြီး ငါတို့ရဲ့ ဆက်ဆံရေးက သားအဖတွေလို ရင်းနှီးသွားပြီ... ငါ့ရဲ့ အသုံးမကျတဲ့ သမီးငယ်က မင်းကို အနိုင်ကျင့်မယ်ဆိုရင် ငါ့ဆီလာပြီး တိုင်သာတိုင်... သူမရဲ့ တင်ပါးကို ညိုမည်းပြီး နာကျင်သွားတဲ့အထိ ငါ အရိုက်နှက်ဆုံးမပေးမယ်..."
ယခင်ကနှင့်မတူဘဲ ယွင်ရှောင်ထျန်းက သူ့ကို စူးရဲစွာ စိုက်မကြည့်တော့ပေ။
ဤလုပ်ရပ်ကြောင့် လူတိုင်းက သူ့ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြလေတော့သည်။
"သမက်လေး... မကြာခဏ လာဖို့ မမေ့နဲ့ဦးနော်..."
ယွင်ရှောင်ထျန်းက သူ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး သိသိသာသာပင် မခွဲချင်မခွာရက် ဖြစ်နေလေသည်။
အရက်အိုးနှစ်လုံးကို ကိုင်ဆောင်ထားသော နန်ကုန်းယွမ်က ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်၏။
"ယောက္ခမကြီး... စိတ်ချပါ... သမက်ဖြစ်သူက သေချာပေါက် မကြာခဏ လာပါမယ်..."
ချွေ့ဝမ်ရှင်းမှာ လုံးဝကို အံ့အားသင့်နေလေသည်။ သူမသည် သူ၏ ခါးမှ အသားနုလေးကို လိမ်ဆွဲလိုက်ပြီး တိုးညှင်းသောအသံဖြင့် မေးလိုက်၏။
"ရှင် အတိအကျ ဘာတွေဖြစ်နေတာလဲ..."
မွန်းလွဲပိုင်း အချိန်လေးတစ်ခုသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
သူသည် သူ့သမက်ကို "သမက်လေး" ဟုပင် ခေါ်နေလေပြီ။
"ဟီး ဟီး..."
ယွင်ရှောင်ထျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး
"ဒါက အမျိုးသားတွေကြားက လျှို့ဝှက်ချက်လေ..."
ချွေ့ဝမ်ရှင်းက ယွင်ရှောင်ထျန်းအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး
"ယွင်ရှောင်ထျန်း... ရှင်က အတော်လေး ရဲတင်းလာပုံပဲ..."
ချွေ့ဝမ်ရှင်းသည် သူ၏ နားရွက်ကို ဆွဲကာ အိမ်တော်အတွင်းသို့ ဆွဲခေါ်သွားလေတော့သည်။
"လျှို့ဝှက်ချက်ဟုတ်လား... ဒီနေ့တော့ ရှင့်ကို ပြောရမယ်.. ငါ့ဆီကနေ ရှင် ဘာလျှို့ဝှက်ချက်မှ ဖုံးကွယ်ထားလို့ မရဘူး..."
ယွင်ရှောင်ထျန်းသည် အမျိုးသားများကြားရှိ ဂုဏ်သိက္ခာဆိုင်ရာ စည်းမျဉ်းကို လိုက်နာကာ ပါးစပ်ကို ပိတ်ထားလေသည်။
ဆန့်ကျင်ဘက်အနေဖြင့်ကား။
ဇနီးသည်ကို ကြောက်ရွံ့သော နန်ကုန်းယွမ်သးက အားလုံးကို ချက်ချင်းပင် ဖွင့်ပြောပြလိုက်လေတော့သည်။
"ရှောင်ဟွားအာ... ငါ ယောက္ခထီးကြီးကို သတို့သမီးရဲ့ တင်တောင်းပစ္စည်းတစ်ခုအနေနဲ့ ငါတို့အိမ်ကို လိုက်နေဖို့ သဘောတူကြောင်း ပြောလိုက်တာလေ..."
"စကားမစပ်... ငါ့ရဲ့ တကယ့်ကိုယ်ပိုင်လက္ခဏာကိုလည်း ယောက္ခထီးကို ပြောပြလိုက်ပြီး ယောက္ခထီးကြီးအနေနဲ့ ယောက္ခမနဲ့ ထာဝရအတူရှိနေစေရမယ်လို့လည်း ကတိပေးလိုက်သေးတယ်..."
သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် ဤအသေးအဖွဲ ကိစ္စလေးက ပြဿနာမဖြစ်နိုင်ပေ။
ယွင်ဟွားက သူ့ကို ရုတ်တရက် လှမ်းကြည့်လိုက်၏။
"ငါ့အဖေက ယုံသွားတာလား..."
သူမ၏ ဖခင်က သူမကို ယုံကြည်ခြင်းမှာ သူမတို့၏ ကိုယ်ပိုင်အတွေးများကို ကြားနိုင်ပြီး ထူးဆန်းသော စွမ်းရည်များ ရှိနေခြင်းကြောင့် ဖြစ်သော်လည်း ရှောင်ယွမ်ယွမ်မှာမူ ယခုအချိန်တွင် သာမန်လူတစ်ယောက်သာ ဖြစ်ရာ သူမ၏ ဖခင်က ထိုအရာကို ယုံကြည်နေဆဲပင်။
"ယုံတာပေါ့..."
"ယောက္ခမကြီးက ငါ့ရှေ့မှာ ဒူးတောင် ထောက်တော့မလို့..."
ယွင်ဟွားမှာ တိတ်ဆိတ်သွားလေတော့သည်။
သူမဖခင်၏ အမြီးမှာ ထာဝရ တရမ်းရမ်း ဖြစ်နေတော့မည် ထင်ပါရဲ့။