အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉)
ရွှီချီဖန်နှင့် တွေ့ဆုံခြင်း
လုံယုသည် စစ်သားအား ကြည့်ကာ ပြန်ဖြေခဲ့၏ ။
"ကျွန်တော်တို့ တပ်မှူး ဝူလျန်နဲ့ တွေ့ချင်လို့ပါ...။”
စစ်သားများသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် တစ်ဦးက ပြောလိုက်သည်။
"ဒီနေ့တော့ ခင်ဗျားတို့ သူ့ကို တွေ့နိုင်လိမ့်မယ် မထင်ဘူး...။”
လုံယုက ဘာကြောင့်လဲဟု မမေးမြန်းနိုင်မီမှာပင် အခြားစစ်သားတစ်ဦးက ရှင်းပြခဲ့၏ ။
"တပ်မှူး ဝူက ဒီနေ့ မနက်ပိုင်းတင် ဟိုင်ချန်မြို့ဆီကို တာဝန်နဲ့ ထွက်ခွာသွားခဲ့တာ...။ သူ ဘယ်တော့ ပြန်လာမလဲ ဆိုတာ မသိနိုင်ဘူး...။”
ဤစကားကို ကြားရသောအခါ လုံယုနှင့် ယောင်ရန်သည် အကြည့်ချင်း ဆုံလိုက်မိကြသည် ။ လုံယု စစ်တပ်မှ အငြိမ်းစားယူသွားပြီးနောက် ဝူလျန်က သူ၏ကိုယ်စား ဤတာဝန်ကို လွှဲပြောင်းရယူခဲ့ပုံရပေသည် ။ ဝူလျန်အား စေလွှတ်လိုက်ပြီဖြစ်သဖြင့် သူသည် မကြာမီကာလအတွင်း ပြန်လည်ရောက်ရှိလာမည်မဟုတ်ကြောင်း သူတို့ သိရှိကြ၏။
သူတို့နှစ်ဦး တိတ်ဆိတ်သွားစဉ် စစ်သားတစ်ဦးက မေးမြန်းလိုက်သည် ။
"ခင်ဗျားတို့ တပ်မှူး ဝူဆီက တစ်စုံတစ်ရာ လိုအပ်လို့လား...။”
ထိုစကားကို ကြားရသောအခါ ယောင်ရန်က ခေတ္တမျှ စဉ်းစားကာ မေးမြန်းလိုက်၏ ။
"ကျွန်မတို့ တပ်ကြပ်ရွှီနဲ့ တွေ့ခွင့် ရမလား...။”
သူမ၏ တောင်းဆိုချက်ကြောင့် စစ်သားနှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြသည် ။ လူတိုင်းက ရွှီချီဖန်နှင့် တွေ့ခွင့် မရရှိနိုင်သလို သူ့အကြောင်းကို သိရှိသူပင် အနည်းငယ်သာ ရှိပေသည် ။
သူတို့သည် ဝူလျန်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေနိုင်သည်ဟု ယူဆကာ စစ်သားတစ်ဦးက ပြန်ဖြေခဲ့လေ၏ ။
"ကျေးဇူးပြုပြီး ဤနေရာမှာ ခဏလောက် စောင့်ပေးပါဦး...၊ ကျွန်တော် တပ်ကြပ်ရွှီဆီကို သွားရောက်တင်ပြ ပေးပါ့မယ်...။ ခင်ဗျားတို့ရဲ့ အမည်တွေကို ပြောပြပေးလို့ ရမလား...။”
လုံယုက ပြောလိုက်သည် ။
"လုံယုနဲ့ ယောင်ရန်ပါ...။”
သူ ဤသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စစ်သားများမှာ အလွန်တုန်လှုပ်သွားကြ၏ ။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူတို့သည် စိတ်တည်ငြိမ်အောင် ပြန်လည်ကြိုးပမ်းလျက် သူ့အား အလျင်အမြန် အလေးပြုလိုက်ကြလေသည်။
"တပ်မှူး လုံ... ၊ ကျွန်တော်တို့ မသိနားမလည်ဘဲ စော်ကားမိတာရှိရင် ခွင့်လွှတ်ပေးပါဦး...။”
လုံယုက သူတို့အား အလေးပြန်ပြုလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏ ။
"ကျွန်တော် အခု အငြိမ်းစားယူလိုက်ပြီမို့ ကျေးဇူးပြုပြီး တပ်မှူးလို့ မခေါ်ကြပါနဲ့တော့...."
သူတို့၏ အထောက်အထားကို သိရှိသွားပြီးနောက် စစ်သားတစ်ဦးက ပြောလိုက်သည် ။
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ...။ တပ်ကြပ်ရွှီက တပ်မှူးတို့ လာရောက်တဲ့အခါတိုင်း တိုက်ရိုက် ခေါ်ဆောင်လာဖို့ ညွှန်ကြားထားပါတယ်...။”
ဤစကားကို ကြားရသောအခါ ယောင်ရန်သည် သူမ၏ ချစ်သူအား တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးမှ စစ်သား ၏နောက်သို့ လိုက်ပါသွားခဲ့လေသည်။
သူမ၏ ဘေးတွင် လျှောက်လှမ်းရင်း လုံယုက ခပ်တိုးတိုး ရှင်းပြခဲ့သည် ။
"တပ်ကြပ်ရွှီက ကျွန်တော် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတုန်းက တိုက်ရိုက်အထက်လူကြီးလေ...။ သူ ကျွန်တော့်ဆီကို စစ်တပ်ထဲ ပြန်လာဖို့ တောင်းဆိုတဲ့ စာတစ်စောင် ပို့ခဲ့ဖူးပေမယ့် ကျွန်တော် ငြင်းပယ်ခဲ့တယ်...။”
ဤစကားကို ကြားရသောအခါ ယောင်ရန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး မည်သည့်စကားမျှ မပြောခဲ့ချေ ။ သူမသည် လက်ရှိတွင် သူ၏ ချစ်သူဖြစ်နေသော်ငြားလည်း သူ လုပ်ဆောင်သင့်သောအရာ သို့မဟုတ် မလုပ်ဆောင်သင့် သောအရာကို ဆုံးဖြတ်ပေးရန်မှာ သူမ၏ အခန်းကဏ္ဍ မဟုတ်ဟု ခံစားရသည် ။ သူ ဘေးကင်းပြီး အန္တရာယ်ကင်း နေသရွေ့ သူမသည် သူ့အား နောက်ကွယ်မှ အမြဲ ပံ့ပိုးပေးနေမည်သာ ဖြစ်၏ ။
သူမ တိတ်ဆိတ်နေသည်ကို သတိပြုမိသဖြင့် လုံယုသည် သူမအား စိုက်ကြည့်လိုက်ပြီးနောက် သူမ၏လက်ကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည် ။
"မင်း စိတ်မကောင်းဖြစ်သွားတာလား...။”
ယောင်ရန်သည် ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလိုက်၏ ။
"ကျွန်မက ရှင့်အပေါ် ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ...။”
လုံယု တိတ်ဆိတ်သွားသောအခါ ယောင်ရန်သည် တစ်စုံတစ်ရာကို ရိပ်မိသွားခဲ့သည် ။ သူမက ဖွဖွရယ်မောလိုက် ကာ ပြောလိုက်၏ ။
"ကျွန်မ ရှင့်အပေါ် စိတ်ဆိုးစရာ အကြောင်းပြချက် မရှိပါဘူး...။ ရှင် ကျွန်မကို ပြောပြခဲ့တာကိုပဲ ဝမ်းသာမိပါ တယ်...။ ရှင် ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကျွန်မ ရှင့်ကို အမြဲ ပံ့ပိုးပေးသွားပါ့မယ်...။”
သူသည် စကားတစ်ခွန်းမျှ မပြောဘဲ ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ သူမသည် သူ၏လက်ဖမိုးကို ပုတ်ပေး လိုက်ကာ ဆက်ပြောလေသည် ။
"အများကြီး မစဉ်းစားပါနဲ့....။ ရှင့်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ရှင့်ဘေးနားမှာ အမြဲ ရှိနေပါ့ မယ်...။”
သူမ၏ စကားကို ကြားရသောအခါ လုံယုက ပြုံးလိုက်ပြီး သူမ၏လက်ကို အနည်းငယ် တင်းကြပ်စွာ ဆုပ်ကိုင် လိုက်လေသည် ။ နာရီဝက်ကျော်ခန့် လမ်းလျှောက်ပြီးနောက် စစ်သားသည် သူတို့အား တဲအိမ်အကြီးစားတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့၏ ။
ကွင်းပြင်တစ်လျှောက် ပြန့်ကျဲနေသော တဲအိမ်များကို လှမ်းကြည့်ရင်း လုံယုက မေးကြည့်လိုက်လေသည်။
"အဆောက်အအုံတွေထဲမှာ နေထိုင်ဖို့ နေရာ မလုံလောက်လို့ ရှင်တို့ တဲအိမ်တွေထဲမှာ အိပ်ကြရ တာလား...။”
စစ်သားက ခေါင်းယမ်းပြကာ ပြန်လည်ဖြေကြားခဲ့၏ ။
"နေထိုင်ဖို့ နေရာကတော့ အလုံအလောက် ရှိပါတယ်...။ ဒါပေမယ့် အဆောက်အအုံတွေ ပြိုကျလာမှာကို စိုးရိမ် လို့ပါ...။ မနေ့ကတင် ဟောင်းနွမ်းတဲ့ အဆောက်အအုံအချို့ ပြိုကျသွားခဲ့တာကြောင့် တပ်ကြပ်ရွှီက လူတိုင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး တဲအိမ်တွေ ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တာပါ...။”
ဤစကားကို ကြားသောအခါ လုံယု၏ မျက်ဝန်းများအတွင်း စိုးရိမ်ပူပန်မှုများ လှုပ်ခတ်သွားခဲ့သည် ။
ငလျင်လှုပ်ခတ်သည့်အခါ ကျွင်းချန်မြို့ရှိ အဆောက်အအုံအများစုမှာ ပြိုကျပျက်စီးသွားလိမ့်မည် ဖြစ်ကြောင်း သူ သတိရလိုက်မိသည် ။ ထိုသို့ မဖြစ်ပွားမီ သူသည် မိမိကိုယ်တိုင်၊ ယောင်ရန်နှင့် အခြားသူများအတွက် ဘေး ကင်းသော နေရာတစ်ခုကို ရှာဖွေရန် လိုအပ်ပေသည် ။
မကြာမီမှာပင် စစ်သားသည် တဲအိမ်ရှေ့၌ ရပ်တန့်လိုက်ကာ ပြောလိုက်၏ ။
"ကျေးဇူးပြုပြီး ဒီနေရာမှာ ခဏလောက် စောင့်ပေးပါဦး...။ ကျွန်တော် တပ်ကြပ်ရွှီဆီကို အရင်သွားပြီး တင်ပြ လိုက်ပါ့မယ်...။”
လုံယုက၊
"ကောင်းပါပြီ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”
စစ်သားက ခေါင်းငြိမ့်ပြကာ တဲအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည် ။ ခေတ္တမျှကြာသော် သူ ပြန်လည်ထွက် လာပြီး ပြောလိုက်၏ ။
"တပ်မှူး လုံ...၊ ကျေးဇူးပြုပြီး အထဲကို ဝင်ပါဦး...။”
လုံယုနှင့် ယောင်ရန်သည် သူ့အား ကျေးဇူးတင်စကားပြောကာ အတွင်းသို့ လှမ်းဝင်ခဲ့ကြသည်။ သူတို့ ဝင်သွား သည့် အခိုက်အတန့်တွင် အပူချိန် ကွာခြားမှုကို သတိပြုမိလိုက်ကြ၏ ။ တဲအိမ်တွင် ဘေးတစ်ဖက်တစ်ချက်စီ၌ ပြတင်းပေါက်များ ရှိနေသော်ငြားလည်း အတွင်းပိုင်း အပူချိန်မှာ အပြင်ဘက်ထက် ဒီဂရီအနည်းငယ် ပိုမိုပူပြင်း နေဆဲ ဖြစ်သည် ။
လုံယုသည် စားပွဲအကြီးစားတစ်ခု၏ နောက်ကွယ်တွင် ထိုင်နေသော လူလတ်ပိုင်းအမျိုးသားထံသို့ လျှောက်သွား ကာ အလေးပြုလိုက်၏။
"တပ်ကြပ်ရွှီ...။”
ထိုစကားကို ကြားသောအခါ ရွှီချီဖန်သည် အစီရင်ခံစာမှ မော့ကြည့်လိုက်ကာ ၊
"နောက်ဆုံးတော့ မင်း ပြန်လာဖို့ ပြင်ဆင်ပြီးပြီပေါ့...။”
လုံယုက ခေါင်းယမ်းပြကာ၊
"ကျွန်တော် စစ်တပ်ထဲ ပြန်ဝင်ဖို့ လာတာ မဟုတ်ပါဘူး တပ်ကြပ်...။ တခြား အကြောင်းကိစ္စကြောင့် လာခဲ့တာ ပါ...။”
သူ၏ အဖြေကို ကြားရသောအခါ ရွှီချီဖန်သည် သူ၏ ဘောပင်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ကာ ဒေါသတကြီး မတ်တပ်ရပ်လျက် လုံယု ကိုလက်ညိုးထိုးကာ၊
"မင်း...”
သူသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် စကားပင် ဆက်မပြောနိုင်တော့ချေ ။
ရွှီချီဖန်သည် မျက်လုံးများကို ပိတ်ကာ ဒေါသပြေပျောက်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် မေးမြန်းလိုက်၏ ။
"ဒီအချိန်က ပြည်သူတွေကို ပြန်လည်ကာကွယ်ပေးရမယ့် အချိန်ဆိုတာ မင်း မမြင်ဘူးလား...။”
လုံယုက သူ့အား တည်ငြိမ်စွာ စိုက်ကြည့်လျက်၊
"တပ်ကြပ်... ကျွန်တော့်မှာ ကာကွယ်ပေးဖို့ ပိုပြီး အရေးကြီးတဲ့သူ ရှိနေပါတယ်...။ တကယ်လို့ ကျွန်တော် စစ်တပ် ထဲ ပြန်ဝင်မယ်ဆိုရင် သူမကို ဆုံးရှုံးရလိမ့်မယ်...။ ကျွန်တော် ဒီလို မလုပ်နိုင်သလို လုပ်မှာလည်း မဟုတ်ပါဘူး...။”
ဤစကားကို ကြားရသောအခါ ရွှီချီဖန်သည် သူ့အား စူးစိုက်ကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်များကို ထိုးဖွလိုက်လေ၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် လုံယု၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေသော လူတစ်ဦးကို သတိပြုမိသွားခဲ့လေသည် ။
သူသည် ယောင်ရန်အား တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် လုံယုကို ကြည့်ကာ မေးမြန်းလိုက်၏ ။
"သူမလား...။”
လုံယုက ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်ကဲ့...။”
လုံယု၏ မျက်ဝန်းများအတွင်းရှိ ပြတ်သားမှုကို မြင်တွေ့ရသောအခါ ရွှီချီဖန်သည် သက်ပြင်းချလိုက်မိသည် ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ဝေ့ယမ်းပြကာ၊
"ထားလိုက်ပါတော့...။ မင်း သဘောရှိသလိုသာ လုပ်ပါ...။”
ထိုသို့ပြောပြီးနောက် သူသည် လုံယုကို ကြည့်ကာ မေးလိုက်လေသည် ။
"ဒါဆိုရင် မင်းတို့ ဒီနေရာကို ဘာကိစ္စနဲ့ လာခဲ့ကြတာလဲ...။”
သူ စိတ်တည်ငြိမ်သွားပြီး အလုပ်အကြောင်း ပြောဆိုရန် အဆင်သင့်ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ ယောင်ရန် သည် သူမ၏ ကျောပိုးအိတ်အတွင်းမှ ကိုယ်တိုင်ပြုလုပ်ထားသော ပိုးသတ်ဆေးတစ်ပုလင်းနှင့် ဆေးထုပ်တစ်ထုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်လေ၏ ။
သူမက ပြုံးလျက် ပြောလိုက်လေသည် ။
"တပ်ကြပ်ရွှီ...၊ ကျွန်မတို့ အစပိုင်းက တပ်မှူး ဝူနဲ့ တွေ့ဆုံဖို့ လာခဲ့တာပါ....။ ဒါပေမယ့် သူက တာဝန်နဲ့ သွားနေပြီး ဘယ်တော့ ပြန်လာမလဲဆိုတာ မသိရတာကြောင့် ရှင့်ဆီကိုပဲ လာရောက်တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာပါ... ။”
ရွှီချီဖန်သည် စားပွဲပေါ်ရှိ ဆေးဝါးနှင့် ပိုးသတ်ဆေးတို့ကို လှမ်းကြည့်လိုက်သည် ။ ဆေးနံ့နှင့် အရက်ပျံနံ့များကို ရိပ်မိလိုက်သဖြင့် သူသည် ယောင်ရန်အား ကြည့်ကာ ၊
"နင့်ရဲ့ အမည်က ယောင်ရန်လား...။”