အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀)
အမှန်တရား ဖြစ်ဟန်တူခြင်း
ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊
"ဟုတ်ကဲ့...”
ရွှီချီဖန်သည် ခဏမျှ စဉ်းစားပြီးမှ မေးမြန်းလိုက်သည်။
"နင်က ယောင်အုပ်စုက ဥက္ကဋ္ဌယောင်ရဲ့ မြေးမလေးလား...။”
ယောင်ရန်က မျက်ခုံးပင့်ကာ မေးလိုက်၏ ။
"ရှင် ကျွန်မရဲ့ အဘိုးကို သိလို့လား...။"
သူမ၏မေးခွန်းကို ကြားသောအခါ ရွှီချီဖန်က ခပ်ဖွဖွရယ်မောလိုက်ပြီး ထပ်မံမေးမြန်းလိုက်လေသည် ။
"နင် ရူဟန်နဲ့ လူချင်းတွေ့ဖူးတယ်မလား...၊ ဘယ်လိုလဲ...၊ သူ့ကို သဘောကျရဲ့လား...။ ရွှီမိသားစုရဲ့ ချွေးမ ဖြစ်လာတော့မှာလား...။”
သူ ဤမေးခွန်းများကို မေးမြန်းလိုက်သောအခါ လုံယု၏ မျက်နှာအမူအရာမှာ ပျက်ယွင်းညိုမှိုင်းသွားခဲ့ပြီး ယောင်ရန် ကမူ ရွှီချီဖန်ကိုသာ စိုက်ကြည့်နေခဲ့သည် ။ သူမသည် သူ့အား သေချာစွာ စိုက်ကြည့်လိုက်ပြီးနောက် တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ ရင်းနှီးနေကြောင်း ရိပ်မိသွားခဲ့လေသည်။
သူမက မေးလိုက်လေသည် ။
"တပ်ကြပ်ရွှီ...၊ ရှင်က သခင်လေးရွှီနဲ့ ဆက်စပ်မှု ရှိနေတာလား...၊ ရှင်က သူ့ရဲ့ အဖေလား...။”
ရွှီချီဖန်က ခပ်ဖွဖွရယ်မောလျက် ခေါင်းယမ်းပြကာ ပြန်လည်ဖြေကြားခဲ့၏ ။
"ငါက သူ့ရဲ့ ဒုတိယဦးလေးလေ...။ သူ့အဖေက ငါ့ရဲ့ အစ်ကိုကြီးပေါ့...။ ငါက မိသားစုလုပ်ငန်းကို ဆက်မလုပ်ချင် တာနဲ့ စစ်တပ်ထဲ ဝင်ဖို့ ထွက်ပြေးခဲ့တာ...။ ဦးကြီးယောင်ရဲ့ မြေးမလေးနဲ့ ဒီနေရာမှာ ဆုံတွေ့ရတာ တကယ်ပဲ အံ့သြစရာကောင်းပါတယ်...။”
လုံယု၏ မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာကို သတိပြုမိသဖြင့် ရွှီချီဖန်က မေးလိုက်လေသည် ။
"မင်း ဘာဖြစ်နေတာလဲ...၊ ငါ့ကို ကြည့်ရတာ ငါကပဲ အကြွေးတောင်းနေသလိုပဲ...။”
လုံယုသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သွားကြိတ်လျက် ပြန်လည်ဖြေကြားခဲ့၏ ။
"ဘာမှ မဟုတ်ပါဘူး...။”
သူ၏ မပျော်မရွှင်ဖြစ်နေသော အကြည့်များ သူမထံသို့ ကျရောက်လာသည်ကို ခံစားမိသဖြင့် ယောင်ရန်က ခပ်ဖွဖွချောင်းဆိုးလိုက်ကာ သူ၏လက်မောင်းကို ဆွဲကိုင်လိုက်လေသညေ။
သူမသည် ရွှီချီဖန်ဘက်သို့ လှည့်ကာ၊
"တပ်ကြပ်ရွှီ...၊ လုံယုက ကျွန်မရဲ့ ချစ်သူပါ...။ သူ့ရှေ့မှာ ရှင့်တူအကြောင်းကို ပြောဆိုနေတာက မသင့်တော်ပါ ဘူး...။ လူချင်းတွေ့ဖို့ကိစ္စက လူကြီးတွေအချင်းချင်း စနောက်ကြတာပဲ ရှိတာပါ...။”
"ကျေးဇူးပြုပြီး ကျွန်မကို ဒီကိစ္စနဲ့ လာပြီး မစနောက်ပါနဲ့ဦး...။ တကယ်လို့ ကျွန်မရဲ့ချစ်သူက သခင်လေးရွှီနဲ့ ကျွန်မရဲ့ ဆက်ဆံရေးအပေါ် အထင်လွဲသွားရင် ကျွန်မပဲ ဒုက္ခရောက်ရလိမ့်မယ်...။”
ဤစကားကို ကြားရသောအခါ လုံယု၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး သူမအား ညင်သာစွာ ပြုံးပြလိုက်လေသည် ။
အေးစက်တည်ငြိမ်လှသည်ဟု ကျော်ကြားသော တပ်မှူးတစ်ဦးသည် အမျိုးသမီးတစ်ဦးအား ညင်သာစွာ ပြုံးပြနေသည်ကို မြင်တွေ့ရသောအခါ ရွှီချီဖန်က စိတ်ဝင်စားစရာကောင်းသလို မျက်ခုံးပင့်ကြည့်လိုက်မိသည် ။ သူသည် ယောင်ရန်အား ပိုမိုစိတ်ဝင်စားသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်၏ ။
သူသည် မရိတ်ရသေးသော သူ၏မေးစေ့ကို ပွတ်သပ်ရင်း စိတ်ထဲမှ တွေးတောနေမိသည် ။
*နှမြောစရာကောင်းလိုက်တာ...၊ ရူဟန်က အလွန်အမင်း တုံ့နှေးလွန်းခဲ့လို့ တကယ့်အမျိုးသမီးကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရတာပဲ...။*
သူမ၏ အထောက်အထားကို အတည်ပြုပြီးနောက် ရွှီချီဖန်၏ အကြည့်များမှာ သူမအပေါ် တဖြည်းဖြည်း ညင်သာနွေးထွေးသွားခဲ့သည် ။ သူတို့မိသားစုအချင်းချင်းမှာ မိတ်ဆွေများ ဖြစ်ကြသဖြင့် မတွေ့ဆုံမီကတည်း ကပင် သူသည် ယောင်ရန်အား တူမတစ်ဦးကဲ့သို့ အမြဲသတ်မှတ်ထားခဲ့ခြင်း ဖြစ်၏ ။ ယခုအခါ သူမသည် လုံယုနှင့် တွဲနေကြောင်း သိရှိရသဖြင့် သူတို့နှစ်ဦးအတွက် သူ ဝမ်းမြောက်မိပေသည် ။
သူသည် ဆေးဝါးနှင့် ပိုးသတ်ဆေးတို့ကို ညွှန်ပြကာ မေးမြန်းလိုက်၏ ။
"ဒါဆိုရင် တူမလေး...၊ ဒီပစ္စည်းတွေက ဘာတွေလဲ...။”
ရွှီချီဖန်သည် အဘိုးရွှီ၏ ဒုတိယမြောက် သားဖြစ်ကြောင်း ယခုအခါ သိရှိသွားသဖြင့် ယောင်ရန်သည် အဘိုးရွှီ၏ ကူညီစောင့်ရှောက်မှုနှင့် ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်သည့်အနေဖြင့် သူ့ထံမှ မည်သည့်ဆေးဖိုးဝါးခမျှ မယူရန် ဆုံးဖြတ်လိုက်လေသည် ။ အကယ်၍ အဘိုးရွှီ၏ ကူညီပံ့ပိုးမှုသာ မရှိခဲ့ပါက သူမသည် လက်နက်များနှင့် စစ်သုံးမော်တော်ယာဉ်များကို ရရှိနိုင်ခဲ့မည် မဟုတ်ချေ ။
ထိုသို့ စဉ်းစားကာ သူမက ပြန်လည်ဖြေခဲ့သည်။
"ဦးလေးရွှီ...၊ ဒါကတော့ ကပ်ပါးကောင် ကူးစက်မှုကို ကုသဖို့ ဆေးဝါးဖြစ်ပြီး အခြားတစ်ခုကတော့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးပါ...။”
သူမ၏ စကားကို ကြားရသောအခါ ရွှီချီဖန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည် ။
သူသည် ပိုးသတ်ဆေးပုလင်းကို အလျင်အမြန် ဖွင့်လိုက်ကာ မေးမြန်းလိုက်၏ ။
"ဒီပိုးသတ်ဆေးက ကပ်ပါးကောင်တွေကို သတ်နိုင်လို့လား...။”
ယောင်ရန်က ခဏမျှ စဉ်းစားကာ၊
"သူ့ရဲ့ အာနိသင်ကိုတော့ ကျွန်မ အပြည့်အဝ မသေချာဘူး...။ ဒါပေမယ့် ကျွန်မတို့အိမ်ကို ပိုးသတ်ဖို့ အမြဲတမ်း သုံးစွဲနေတာမို့လို့ ဒါက ထိရောက်မှု ရှိပါတယ်...။ လောလောဆယ်အထိတော့ ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေ တွေထဲက တစ်ယေက်မှ ကူးစက်ခံရခြင်း မရှိသေးပါဘူး...။”
ရွှီချီဖန်၏ မျက်ဝန်းများအတွင်း လှုပ်ခတ်သွားခဲ့ပြီး မေးမြန်းလိုက်၏ ။
"ဒါဆိုရင် ဆေးဝါးကကော...။”
ယောင်ရန်က တည်ငြိမ်စွာပင် ရှင်းပြခဲ့သည် ။
"ဒီဆေးဝါးက ကပ်ပါးကောင်တွေ ခန္ဓာကိုယ်အတွင်း ပေါက်ဖွားပြီးသွားရင်တောင်မှ အပြင်ဘက်ကို နှင်ထုတ် ပေးနိုင်ပါတယ်...။ ဒါပေမယ့် တကယ်လို့ ကပ်ပါးကောင်တွေက ကိုယ်တွင်းကလီစာတွေအထိ ထိုးဖောက်ဝင် ရောက်သွားပြီဆိုရင်တော့ ဒီဆေးဝါးက လူနာကို ကုသပေးနိုင်ခြေ ရာခိုင်နှုန်းက သိသိသာသာ လျော့နည်းသွားပါ လိမ့်မယ်...။”
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွှီချီဖန်သည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့လေသည် ။ သူ စဉ်းစားနေစဉ်အတွင်း ယောင်ရန်သည် လုံယုဘက်သို့ လှည့်ကြည့်လိုက်၏ ။
သူမသည် သူ့အား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး လှမ်းခေါ်လိုက်လေသည်။
"လုံယု...”
သူမ သူ့အမည်ကို လှမ်းခေါ်သံကို ကြားရသောအခါ သူက သူမဘက်သို့ လှည့်ကြည့်လိုက်၏ ။
"အင်း...”
ယောင်ရန်သည် သူ၏အနားသို့ ခြေလှမ်းတိုးလိုက်ကာ ပြောလိုက်၏ ။
"ကျွန်မ မည်သူနဲ့မျှ လူချင်းမတွေ့ခဲ့ဖူးပါဘူး...၊ သခင်လေးရွှီနဲ့ တစ်ကြိမ်တည်း တွေ့ဆုံခဲ့ဖူးတာကလည်း အဘိုးရွှီ ဆီကနေ ကျွန်မ ဝယ်ယူခဲ့တဲ့ လက်နက်တွေနဲ့ စစ်သုံးမော်တော်ယာဉ်တွေကို လက်ခံဖို့အတွက်ပါ...။”
လုံယုသည် သူမအား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် ပြုံးပြကာ ခေါင်းငြိမ့်ပြခဲ့သည်။
"မင်း တကယ်ပဲ တွေ့ဆုံခဲ့ဖူးရင်တောင်မှ အခု ငါ့ဘေးနားမှာ ရှိနေတာပဲ မဟုတ်ဘူးလား...။ နောက်ဆုံးတော့ မင်း က ငါ့ကိုပဲ ရွေးချယ်ခဲ့တာပဲ...။”
သူ၏ စကားကို ကြားရသောအခါ ယောင်ရန်က ခပ်ဖွဖွရယ်မောလိုက်မိသည် ။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ခပ်တိုးတိုး စကားပြောဆိုနေကြသည်ကို ရွှီချီဖန်က စောင့်ကြည့်နေခဲ့ပြီး သူ၏ ဦးခေါင်းနောက်ကွယ်တွင် တောက် ပသောအလင်းတန်းတစ်ခု ဖြာထွက်လာသကဲ့သို့ ခံစားလိုက်ရ၏ ။
သူသည် သူတို့၏ အာရုံကို ရရှိစေရန် ခပ်ဖွဖွချောင်းဆိုးလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"ရှောင်ရန်...၊ နင့်ဆီမှာ ပြင်းထန်တဲ့ လက္ခဏာခံစားနေရတဲ့ လူနာတွေကို ပိုမိုသက်သာကောင်းမွန်စေနိုင်မယ့် ဆေးဝါးတွေ ရှိသေးလား...။”
ယောင်ရန်က ခဏမျှ စဉ်းစားကာ ပြန်လည်ဖြေခဲ့လေသည် ။
"သူ့ရဲ့ ထိရောက်မှုကိုတော့ ကျွန်မ အပြည့်အဝ အာမမခံနိုင်ပါဘူး...။ ဒါပေမယ့် ဦးလေးရွှီ လိုချင်တယ်ဆိုရင်တော့ စမ်းသပ်ဖို့ နမူနာအချို့ ပံ့ပိုးပေးနိုင်ပါတယ်...။”
ရွှီချီဖန်သည် သူ၏ စစ်သားများ၏ အသက်များကို စမ်းသပ်မှုများ သို့မဟုတ် ဆေးဝါးများ စမ်းသပ်ရန်အတွက် မည်သည့်အခါမျှ အသုံးပြုမည် မဟုတ်ပေ ။ သို့သော်လည်း သူတို့အတွက် မည်သည့်ဆေးဝါး သို့မဟုတ် ကုသမှုမျှ မရှိတော့သဖြင့် သူသည် ယောင်ရန်၏ ဆေးဝါးအပေါ်တွင်သာ မတတ်သာသည့်အဆုံး ယုံကြည်ကိုးစားကာ လောင်းကြေးထပ်ရန်မှတစ်ပါး အခြားမတတ်နိုင်တော့ချေ ။
သူသည် အကျိုးနှင့်အပြစ်များကို စဉ်းစားသုံးသပ်ပြီးနောက် မေးလိုက်၏ ။
"မင်း စစ်တပ်အတွက် ဆေးဝါးပမာဏ ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်မလဲ...။”
ယောင်ရန်က ပြန်လည်မေေလိုက်လေသည် ။
"ဦးလေးရွှီ ဘယ်လောက်အထိ လိုအပ်လို့လဲ...။"
သူမ၏ မေးခွန်းကို ကြားရသောအခါ ရွှီချီဖန်၏ မျက်ဝန်းများမှာ သဘောပေါက်သွားသည့်အလား ချက်ချင်းပင် ဝင်းလက်သွားခဲ့၏ ။
သူသည် သူ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ရန် မျက်လုံးများကို အောက်သို့ ချလိုက်ကာ စိတ်ထဲမှ တွေးတော နေမိသည် ။
*သဘာဝဘေးအန္တရာယ်တွေ ရောက်ရှိလာပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ပြိုလဲပျက်စီးသွားလိမ့်မယ်ဆိုတာကို ကြိုတင်သိရှိနေ သလိုမျိုး ရှောင်ရန်က ရိက္ခာတွေနဲ့ လက်နက်တွေကို ကြိုတင်စုဆောင်းထားခဲ့ကြောင်း အဖေက ငါ့ကို ပြောပြခဲ့ဖူးတယ်...။*
*ငါကတော့ အစပိုင်းက မယုံကြည်ခဲ့ပေမယ့် အခုတော့ ဒီအရာက အမှန်တကယ် ဖြစ်နိုင်ခြေ ရှိနေပြီပဲ...။ ရူဟန် ပြောပြခဲ့တဲ့အရာက တကယ်ပဲ ဟုတ်နေမလား...၊ သူမက အနာဂတ်ကို တကယ်ပဲ ကြိုတင်ဟောကိန်းထုတ်နိုင် တာလား...၊ ဒီလိုမှမဟုတ်ရင် သူမထံမှာ သတင်းအချက်အလက်တွေ ရရှိနိုင်တဲ့ အခြားအရင်းအမြစ် ရှိနေတာ လား...၊ တကယ်လို့ ရှိခဲ့ရင် အဲ့ဒါက ဘယ်သူ ဖြစ်နိုင်မလဲ...။*
ရွှီချီဖန်တွင် ယောင်ရန်နှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေသော်လည်း လက်ငင်းအခြေအနေအပေါ်၌သာ ဦးစွာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်လေသည် ။ သူ၏ မေးခွန်းများအတွက်မူ စစ်သားများကို ကယ်တင်ပြီးမှသာ သူမအား ဖြည်းညင်းစွာ မေးမြန်းရန် စောင့်ဆိုင်းနိုင်ပေသည် ။
သူသည် မျက်လုံးများကို ပြန်လည်မော့ကြည့်ကာ သူမအား စိုက်ကြည့်လျက် ပြောလိုက်၏ ။
"ငါတို့ရဲ့ ပထမတပ်မတော်မှာ စစ်သားအင်အား လေးသောင်းကျော် ရှိတယ်...။ မင်း သူတို့အားလုံးအတွက် လုံလောက်တဲ့ ဆေးဝါးတွေကို၏ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်လို့လား...။”