အပြန်ခရီး
Vol. 13 Ch. 1201
အချိန်များကုန်လွန်သွား၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ကို ထာဝရအင်မော်တယ်နယ်မြေများတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးရှင်းပြလိုက်သဖြင့် တဖြေးဖြေးနှင့် သူတို့၏ သူ့အပေါ် ဒေါသများ လျော့ပါးလာ၏။
စုန့်ကျင်းဝမ်မှာ ဘရူဆာနှင့် စုန့်ချွဲက သူမကို ကာကွယ်ရန် မည်သည့်အတိုင်းအတာထိ ရောက်ခဲ့သည့်အကြောင်း ကြားသိရသောအခါ ငိုလေသည်။ ပိုင်ရှောင်ချန်း၏ အကူအညီဖြင့် သူမက စုန့်ချွဲ ပြာသာဒ်၏ ကိုးထပ်မြောက်အလွှာတွင် လဲလျောင်းနေသည်ကို အဝေးမှ လှမ်းကြည့်နိုင်လိုက်သည်။
ပိုင်ရှောင်ချန်း၏လက်မောင်းကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားရင်း သူမက ပါးပြင်မှ မျက်ရည်များကို သုတ်ပြီး တိုးတိုးလေး မေးသည်။
" ချွဲအာ နိုးလာမှာလားဟင်... "
" နိုးလာမှာပေါ့ "
ပိုင်ရှောင်ချန်းက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေ၏။
စုန့်ချွဲသည် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်တွင် ထားခံရသည့်အချိန်ကတည်းက လှုပ်ရှားမှုမရှိဘဲ အမှန်တကယ်ဆိုရလျှင် နည်းနည်းလေးပင် မပြောင်းလဲခဲ့ပေ။ သူ၏ ခန္ဓာကိုယ် ပုပ်သိုးပျက်စီးမနေသည့် အချက်ကြောင့် သူသည် အိပ်ပျော်နေသည့်အလားပင်။
ကျိုးကျစ်မိုလည်း ရှိ၏။ သူမက အဝေးမှ လက်ယှက်ပြီး စုန့်ချွဲကို ဦးညွှတ်ကာ သက်ပြင်းချလိုက်သည်။ ကျိုးကျစ်မိုသည် ဘရူဆာကို သဘောကျခဲ့ပြီးဖြစ်သည်။ သူက သူမဗိုက်အတွင်းမှ အရှိန်အဝါကို အာရုံရနိုင်ပြီး ချက်ချင်း သူမကို အာရုံစိုက်သွားသည်။ အမျိုးသမီးနှစ်ယောက်မှာ ပိုင်ရှောင်ချန်းနှင့် အတိုင်အဖောက်ညီပြီး သူ့ကို နားလည်ပေးရာတွင် မကြာခဏ အခက်တွေ့ရပါသော်လည်း သူတို့နှစ်ယောက်လုံး ဘရူဆာနှင့် အတော်လေးရင်းနှီးသလို ခံစားရ၏။
သူတို့၏ နှလုံးသားထဲတွင် တည်ရှိနေသေးသည့် မကျေနပ်သည့်စိတ်အနည်းအကျဥ်းမှာ ပိုင်ရှောင်ချန်း သူတို့ကို မည်သို့ကယ်တင်ခဲ့ပုံအား ပေါ့ပေါ့ပါးပါးပြောပြနေစဥ် တဖြေးဖြေးအရည်ပျော်လာတော့သည်။
သူတို့ ပိုင်ရှောင်ချန်းကို သိလာသည်နှင့်အမျှ သူ့အကြောင်းနှင့်ပတ်သက်သည့် ခမ်းနားကြီးကျယ်သောအဖြစ်အပျက်များအား မည်သို့ ပေါ့ပေါ့ပါးပါးပြောပြရန် သဘောကျကြောင်း သဘောပေါက်လာတော့သည်။ သို့သော် ထိုအဖြစ်အပျက်များနောက်ကွယ်ရှိ အမှန်တရားများမှာ စိတ်နှလုံးလှုပ်ရှားဖွယ် ကောင်းနေသေးသည်။
ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်စလုံး ဆင်းရဲဒုက္ခများစွာ တွေ့ကြံခဲ့ရကြောင်း သိပြီး သူတို့အနား၌ သင့်တင့်လျောက်ပတ်စွာ ပြုမူ မနေထိုင်ပါလျှင် စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့တို့နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ နေ့ရက်များအတွင်း နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသော အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်ကြောင်း ကောင်းကောင်း သိသည်။
ထို့ကြောင့် သူသည် အပြစ်ဆိုဖွယ်မရှိအောင် က္ကန္ဒြေရရ အကောင်းဆုံးပြုမူနေတော့သည်။ တချိန်တည်းမှာပင် ရတနာယပ်တောင်မှ ထွက်ခွာရန် ပြင်ဆင်မှုများလည်း စတင်လုပ်ဆောင်လာ၏။
သူသည် ထာဝရအင်မော်တယ်နယ်မြေများမှ အချိန်အတော်ကြာဝေးနေခဲ့ပြီး အပြင်ပန်းတွင် အေးဆေးနေဟန်ရှိပါသော်လည်း ရင်ထဲတွင် အလွန်တရာစိုးရိမ်ပူပန်နေသည်။ သူဂရုစိုက်သည့် လူများ၏ ဘေးကင်းလုံခြုံမှုမှာ အရေးအကြီးဆုံးဖြစ်ပါသော်လည်း ကံဆိုးစွာပင် ထိုလူများ မည်သို့နေထိုင်နေကြသည်ကို သူမသိပေ။ ဥပမာဆိုရလျှင် လီချင်းဟောက်၊ သရဲကြီးဘုရင်၊ မဟာကောင်းကင်သခင်၊ ဖက်တီးကျန်းကြီးနှင့် ကုန်းစွန်းဝမ်အာပင်။
ယခင်က သူ၏ အတိုက်အခိုက်စွမ်းရည်သည် အပြန်ခရီးအတွက် လုံလောက်မှုမရှိခဲ့ပေ။ သို့သော် ယခုတွင် ပြန်သွားခြင်းက သူ၏ ထိပ်ဆုံးဦးစားပေးများအနက် တစ်ခုဖြစ်သည်။
" ယပ်တောင်က တစ်ခုတည်း ဖြစ်သွားပြီဆိုတော့ ငါ ထွက်ခွာလာတဲ့ ထာဝရအင်မော်တယ်နယ်မြေတွေထဲက အရင်နေရာကို ပြန်သွားဖို့ မလိုတော့တာ ငါပြောနိုင်တယ်။ အတိအကျတည်နေရာရွှေ့ပြောင်းခြင်းတစ်ခုခု ငါ ပေါ့ပေါ့ပါးပါး မလုပ်နိုင်ပေမယ့် ယေဘုယျနေရာတစ်နေရာလောက်တော့ ငါ အာရုံစိုက်နိုင်မှာပဲ "
သူက ပြန်သွားပြီးနောက် မည်သည်တို့လုပ်ရန်အတွက် သတ်သတ်မှတ်မှတ် အစီအစဥ်တစ်ခု စဥ်းစားရန်လည်း လိုအပ်သည်။
အတော်များများတွေးတောပြီးနောက်မှာပင် သူက ပြီးပြည့်စုံသော အစီအစဥ်တစ်ခုတစ်လေမှ မစဥ်းစားနိုင်လိုက်ပေ။
"ကောင်းပြီ " သူက အံကြိတ်၍ ပြော၏။
" ငါ အခု လောကနတ်ဘုရားတွေကို တိုက်ခိုက်နိုင်ပြီပဲ။ ဒီတော့ ထာဝရအင်မော်တယ်နယ်မြေတွေမှာ သုံးဦးလုံး သာတူညီမျှ အခွင့်အရေး ဘာကြောင့် မရှိနိုင်ရမှာတုန်း “
" ငါ အင်မော်တယ်နယ်မြေတစ်ခုလုံး သိမ်းပိုက်ဖို့ လိုတယ်။ ပြီးရင်တော့ အဲဒါကို ကောင်းကင်တံတားနယ်မြေတွေလို့ ခေါ်တွင်စေမယ်"
၄င်းအကြောင်း တွေးမိသည်နှင့်အမျှ ထိုအကြံသည် သူ၏ခေါင်းထဲ ပေါ်လာခဲ့သည့် အခြားအတွေးတစ်ပိုင်းတစများ၊ အကြံအစည်များအားလုံးကို လွှမ်းမိုးလာတော့သည်။
" ငါ သူတော်စင်ဧကရာဇ်နိုင်ငံမှာ နိုင်ငံအသစ်ထူထောင်ရင် မငြိမ်မသက်ဖြစ်လာလိမ့်မယ်။ ဘယ်လိုပဲနေနေ မိစ္ဆာဧကရာဇ်က ငါကို သဘောမကျဖြစ်နေပြီးပြီ မဟုတ်လား။ အဲဒီလိုဆိုတော့ ငါ သူ့ဆီကနေ နယ်မြေတစ်ပိုင်း လှီးယူဖို့လိုတယ် "
တဖြည်းဖြည်းနှင့် သူ၏အစီအစဥ် ရုပ်လုံးပေါ်လာတော့သည်။
" အဲဒါတွေအားလုံးက အကြောင်း တစ်ခုတည်းအပေါ် မူတည်တယ်။ ငါပြန်သွားခဲ့ရင် မိစ္ဆာဧကရာဇ်ကို သေချာပေါက် တိုက်ခိုက်ရမှာပဲ "
သူက အခြေအနေအား စဥ်းစားတွေးတောရန် မျက်လုံးများ အချိန်အနည်းငယ်ကြာ ပိတ်လိုက်သည်။ သူက ပြန်ဖွင့်သောအခါ တောက်ပစွာ လင်းလက်နေတော့သည်။ ယခု သူ ေတွဝေတွန့်ဆုတ်နေခြင်း အလျဥ်းမရှိတော့ပေ။ သူ ပထမဆုံးလုပ်သည့်အရာမှာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုထံ သူ၏အစီအစဥ်ကို ရှင်းပြရန် သွားရောက်ခြင်းဖြစ်သည်။ သူ ရှင်းပြပြီးနောက် သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
တစ်ယောက်မှ သူ စိတ်ပြောင်းစေရန် နားမချပေ။ နောက်ဆုံး၌ သူ့အနေဖြင့် ပြန်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သိထားကြ၍ သူတို့အကောင်းဆုံး လုပ်နိုင်သည့်အရာမှာ သူ့ကို အဆင်ပြေပါစေကြောင်း ဆုတောင်းပေးပြီး စိုးရိမ်သောကများ ထပ်မပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် သူက သူတို့ကို ယပ်တောင်တွင် နေရစ်ခဲ့ရန် အကြုံပြုသောအခါ သူတို့က အခြေအနေနှင့်ပတ်သက်၍ မစိုးရိမ်ချင်ယောင်ဆောင်ပြီး သူပြောသည့်အတိုင်း တသွေမတိမ်းလုပ်လေသည်။
ဘရူဆာက အတူလိုက်ပါချင်သော်လည်း သူကျော်ဖြတ်ခဲ့ရသော သေစနိုင်သည့်အခြေအနေများအားလုံးပြီးနောက်တွင် ပိုင်ရှောင်ချန်းမှာ သဘောမတူနိုင်ပေ။ ထိုအစား သူက သူ့ကို ယပ်တောင်တွင်သာ နေရစ်ခဲ့ရန် တောင်းဆိုလိုက်သည်။ နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် သူက အချိန်ထပ်မံ မဆွဲတော့ပေ။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဘရူဆာတို့အားလုံး စိုးရိမ်တကြီးကြည့်နေချိန်မှာပင် သူက နတ်ဘုရားအာရုံတချို့ပို့လွှတ်၍ တဖြေးဖြေး ပျောက်ကွယ်သွား၏။
မိစ္ဆာဧကရာဇ်နိုင်ငံသည် ထာဝရအင်မော်တယ်နယ်မြေများဖြစ်စေသည့် ပွင့်ချပ်ငါးချပ်၏ သုံးချပ်ကို သိမ်းပိုက်ထားသည်။ သို့သော် နယ်မြေနှစ်ခုသာ အပြည့်အဝသိမ်းပိုက်ထားခြင်း ဖြစ်သည်။ အခြားတစ်ခုက သူတော်စင်ဧကရာဇ်နိုင်ငံဖြင့် ယှဥ်ပြိုင်နေ၏။
အပြည့်အဝသိမ်းပိုက်ခံထားရသည့် နယ်မြေနှစ်ခုအနက် တစ်ခုတွင် မိစ္ဆာဧကရာဇ်မြို့တည်ရှိပြီး အခြားတစ်ခုအား ကောင်းကင်ဧကရာဇ်တစ်ပါး အုပ်ချုပ်လေသည်။ လောလောဆယ်တွင် တည်ငြိမ်သော အင်မော်တယ်နယ်မြေနှစ်ခု၏ ဒုတိယနယ်မြေတွင် တပ်ချထားသည့် ကောင်းကင်ဧကရာဇ်ကား ဝိညာဥ်ဝါးမျိုသခင်က လွဲ၍ တခြားသူ မဟုတ်ပေ။
ထိုအင်မော်တယ်နယ်မြေရှိ လွင်တီးခေါင်တစ်ခုတွင် ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့က မှော်တိုက်ပွဲတစ်ပွဲ အကြိတ်အနယ် ဆင်နွှဲေနကြသည်။ တစ်ဖွဲ့က တာအိုဝတ်ရုံများ ဝတ်ဆင်ထားကြပြီး အခြားတစ်ဖွဲ့က အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထား၏။ သူတို့က မိစ္ဆာဧကရာဇ်နိုင်ငံ၏ တစိတ်တပိုင်းဖြစ်ကြသည့်တိုင် နှစ်ပေါင်းများစွာ ကမ္ဘာ့ရန် ဖြစ်နေခဲ့ကြသော ဒေသခံဂိုဏ်းနှစ်ဂိုဏ်းမှ တပ်ဖွဲ့များ ဖြစ်ကြသည်။
လောလောဆယ် ငြင်းခုံနေကြသည်မှာ စိတ်စွမ်းအင်ကျောက်သတ္တုတွင်းတစ်ခုဖြစ်ပြီး ကိစ္စရပ်များက ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာကြသည်အထိ တစတစကြီးမားလာခဲ့သည်။ ထိန်းမနိုင်သိမ်းမရသော တိုက်ပွဲကို ဆင်နွှဲနေကြသူများမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အပေါ်ထက် လေထဲတွင် အဘိုးကြီးတစ်ဦးနှင့် သက်လတ်ပိုင်းအရွယ်ဖြစ်သော နတ်အဆင့်ကျင့်ကြံသူနှစ်ယောက် ရှိနေကြသည်။ သူတို့က ကျောနောက်လက်ပစ်လျက် အောက်ဖက်ရှိ မြင်ကွင်းကို ချင့်ချိန်သုံးသပ်ကာ နေရာတွင် ရပ်နေလေသည်။
ထိုနတ်အဆင့်ကျင့်ကြံသူများမှာ ကျွန်များသဖွယ် သူတို့ ပိုင်ဆိုင်သော တိုက်ခိုက်နေကြသည့် ဂိုဏ်းနှစ်ဂိုဏ်း၏ စွမ်းအားကြီးနောက်ခံများ ဖြစ်ကြသည်။
နတ်အဆင့်ကျင့်ကြံသူများအနေဖြင့် တိုက်ပွဲတွင် ဝင်ပါရန် သင့်တော်မည်မဟုတ်ပေ။ ဂိုဏ်းငယ်များအား ထိန်းချုပ်သည့် အစွမ်းထက်ပညာရှင်များက စစ်မက်ဖြစ်ပွားလေ့ရှိသော ယခုကဲ့သို့ အခြေအနေများစွာ မိစ္ဆာဧကရာဇ်နိုင်ငံတွင် ရှိလေသည်။ ထိုကဲ့သို့စစ်ပွဲများက အမျိုးမျိုးသော ဂိုဏ်းများ၏ ကျင့်ကြံသူများကို ကြံခိုင်မာစေပြီး ကျင့်သားစေသည်သာမက သဘောထားကွဲလွဲမှုများအား ဖြေရှင်းရန် လွယ်ကူသောနည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အသက်ပိုကြီးသော လူက ပြုံး၍ ပြောသည်။
" တာအိုရောင်ရင်းချိန်၊ ရဲသွေးနီ သတ္တုတွင်းက မင်းနဲ့ ထပ်ပြီး မသက်ဆိုင်တော့မှာ စိုးရွံ့မိတယ် "
" ကျုပ်တော့ တထစ်ချပြောဖို့ နည်းနည်းစောသေးတယ် ထင်တယ် "
သက်လတ်ပိုင်းအရွယ်အမျိုးသားက အတော်လေး အရုပ်ဆိုးနေသောအမူအရာဖြင့် ပြန်ဖြေသည်။ သိသာစွာပင် ယခု သူ ပိုင်ဆိုင်သည့် ဂိုဏ်းမှာ အရေးနိမ့်နေချေသည်။ ပို၍ဆိုးသည်က သူ၏ရန်သူဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူမှာ အဆင့်တက်ခါနီးဆဲဆဲဖြစ်လေသည်။
အခြားယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်သော သက်လတ်ပိုင်းအမျိုးသား ပိုင်ဆိုင်သည့် ဂိုဏ်းမှ တစ်ယောက်မှာ သွေးများအန်နေပြီး ရှုံးနိမ့်တော့မည်ပုံပေါ်နေ၏။ သက်လတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စက်နှာမှုတ်၍ အင်္ကျီလက်စကို ခါယမ်းပြီး အသက်ပိုကြီးသော နတ်အဆင့်ကျင့်ကြံသူ၏ ပြုံးနေသောအကြည့်အောက်တွင် ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှ ခရမ်းရောင်မိုးကြိုးအစုအဝေးကြီးတစ်ခု တိုက်ခိုက်နေကြသော ကျင့်ကြံသူရာပေါင်းများစွာအပေါ် ကျရောက်လာ၏။
မိုးကြိုးပစ်ချလိုက်စဥ် အောက်ဖက်ရှိ အံအားသင့်သွားသော ကျင့်ကြံသူများမှာအတော်များများ သွေးများအန်လိုက်ကြရကာ ဘေးလွတ်ရာသို့ ခုန်တက်ရန် ကြိုးစားလိုက်ကြသည်။
" အဲဒါ ဘာကြီးတုန်း"
" ဘာတွေဖြစ်နေတာလဲ "
စစ်မြေပြင်တစ်ခုလုံး ပရမ်းပတာဖြစ်သွားပြီး နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်ပင် မှင်သက်သွား၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုရန် နတ်ဘုရားအာရုံ အလျင်အမြန် ပို့လွှတ်လိုက်ကြသည်။
သူတို့စောင့်ကြည့်နေစဥ် တဂျိန်းဂျိန်းမြည်ဟည်းနေသော ခရမ်းရောင်မိုးကြိုးမှာ ဧရာမတံခါးကြီးတစ်ချပ်အသွင် အတူတကွ ဖြစ်ပေါ်လာသဖြင့် သူတို့ အံ့သြတုန်လှုပ်သွားကြတော့သည်။
ထို့နောက် ထိုတံခါးအတွင်းမှ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု ထွက်လာ၏။
ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်သက်သွားကြပြီး နတ်အဆင့်ကျင့်ကြံသူများပင် ကြောက်လန့်မှုကြောင့် ဦးရေခွံများ ကြိမ်းစပ်လာတော့သည်။
ဘယ်သူမှ ဘာမှမလုပ်နိုင်ခင် မိုးကြိုးအတွင်းရှိ ပုံရိပ်သည် ထင်ရှားလာပြီး ရှေ့သို့လျှောက်လာရာ မည်သူမဆို ရှင်းရှင်းလင်းလင်း မြင်သာလာလေသည်။
သူက ရှည်လျားသော အနက်ရောင်ဆံပင်ရှည်များ၊ ဖြူဖွေးသော အသားအရေတို့ကို ပိုင်ဆိုင်ထားြပီး အရပ်မြင့်မြင့်၊ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီးကို လှုပ်ယမ်းပစ်နိုင်သော အရှိန်အဝါတစ်ခုနှင့် တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများရှိကာ သူ့ပုံစံက လူငယ်တစ်ယောက်နှင့် တူလေသည်။ သူ့ကိုမြင်သမျှလူတိုင်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံက သူတို့အပေါ်သို့ မယုံကြည်နိုင်ဖွယ်ဖိအားဖြင့် နင်းခြေလာခြင်းကြောင့် မှင်သက်သွားလေသည်။ နတ်အဆင့်ကျင့်ကြံသူများပင် တဆတ်ဆတ်တုန်ရီလျက် မြေကြီးအပေါ်သို့ ဆင်းသက်ရန် ဖိအားပေးခံလိုက်ရ၏။ သူတို့ တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့ ယခင်က ခံစားခဲ့ရသော မည်သည့်အရာမဆိုထက်သာမက သူတို့ကို အုပ်ချုပ်သည့် ဆရာကြီးထက်ပင် အဆပေါင်းများစွာ သာလွန်သော ဤဖိအားသာ ဖြစ်သည်။
အဝေးမှ သူတို့ကြည့်ရှုခဲ့ရသည့် ကောင်းကင်ဧကရာဇ်များပင် တူညီသောအဆင့်တွင် ဖြစ်ပုံမရပေ။
" သူက ကောင်းကင်ဧကရာဇ် ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်တစ်ယောက်လဲ "
ထိုသည်မှာ သူတို့နှစ်ယောက်လုံး တွေးနေသောအရာဖြစ်သည်။ သို့သော် ကနွဲ့ကလျစကား လုံးဝ မပြောဝံ၍ နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က အလျင်အမြန် လက်ယှက်ဦးညွှတ်လိုက်သည်။
" ဂါဝရပြုပါတယ် အရှင် "
ပိုင်ရှောင်ချန်းက မျက်လုံးများပိတ်လျက် ထိုနေရာတွင် ရပ်တန့်နေစဥ် လွန်ခဲ့သော ဆယ်စုနှစ်များစွာက အဖြစ်အပျက်များ၏ အမှတ်တရများ ရောနှောနေသော လေပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ တခဏကြာပြီးနောက် သူက မျက်လုံးများဖွင့်လိုက်၏။ လူအုပ်ကြီးကို အကြည့်တစ်ချက်ဖြင့် သိမ်းကျုံးကြည့်၍ သူက သူတို့၏နားများအားလုံးကို ထိုးဖောက်သွားသော ဟိန်းဟောက်သံဖြင့် စကားပြောလိုက်သည်။
" ငါ့ကိုပြောစမ်း .... ဒါက မိစ္ဆာဧကရာဇ်နိုင်ငံရဲ့ ဒုတိယအင်မော်တယ်နယ်မြေလား "