← Chapters

ချေမှုန်းလိုက်စမ်း

Vol. 13 Ch. 1202

ချေမှုန်းလိုက်စမ်း

Vol. 13 Ch. 1202

ပိုင်ရှောင်ချန်း၏ အသံကြီးက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တသိမ့်သိမ့်တုန်ခါသွားစေပြီး ကျင့်ကြံသူအားလုံး ကျင့်ကြံခြင်းအခြေခံအဆင့် မည်သို့ပင်ဖြစ်စေ စိတ်ဝိညာဥ်များထဲထိ တုန်လှုပ်သွားတော့သည်။

ကျင့်ကြံသူတချို့မှာ တကိုယ်လုံးတုန်ရီနေကြပြီး လဲကျတော့မည့်ပုံရ၏။ နတ်အဆင့်ကျင့်ကြံသူများပင် လူသေကောင်များပမာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး တဆတ်ဆတ် တုန်ယင်နေကြလေသည်။

၄င်းမှာ ပိုင်ရှောင်ချန်း တမင်လုပ်နေခြင်းမဟုတ်ဘဲ သူ၏ကျင့်ကြံခြင်းအခြေ မြင့်မားလွန်း၍သာ ဖြစ်သည်။ ယခုတွင် သူသည် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်သည့်အတွက် သူ၏စိတ်ဆန္ဒစွမ်းအားက သူ၏တာအိုသစ်စေ့ကို ဖူးပွင့်တော့မည့်အဆင့်အထိ တွန်းပို့ပေးခဲ့ရာ သူ၏အသံက ထာဝရအင်မော်တယ်နယ်မြေများရှိ ကျင့်ကြံခြင်းအဆင့်အမျိုးအစားအားလုံးကို နက်နက်ရှိုင်းရှိင်း တုန်လှုပ်သွားစေမည့် အသံမျိုးဖြစ်သည်။

ပိုင်ရှောင်ချန်းက မည်သည်တို့ ဖြစ်ပျက်နေသည်ကို သတိထားမိသောအခါ သူ့ထံမှ တလိပ်လိပ်ထွက်နေသော အခိုးအငွေ့များကို တတ်နိုင်သမျှ ထိန်းချုပ်လိုက်၏။ သို့ပေမည့် ဘေးပတ်လည်ရှိ လူအုပ်ကြီးအတွက် ၄င်းမှာ သူတို့၏ရင်ဘတ်များအပေါ် ဖိချနေသည့် ကျောက်ဆောင်ကြီးတစ်ခုအလား ခံစားရလေသည်။

နတ်အဆင့်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာပေါ်မူတည်၍ သဲလွန်စအချို့ ရနေပြီဖြစ်သော်လည်း မဆင်မခြင်မပြောဝံ့ပေ။ သူတို့ထဲက တစ်ယောက်က လက်များယှက်၍ ပြောသည်။

" အရှင် ... ဟုတ်ပါတယ်။ ကျုပ်တို့က သူတော်စင်ဧကရာဇ်နိုင်ငံရဲ့ ဒုတိယအင်မော်တယ်နယ်မြေနဲ့ အလွန်နီးကပ်တဲ့ မိစ္ဆာဧကရာဇ်နိုင်ငံရဲ့ ဒုတိယအင်မော်တယ်နယ်မြေမှာပါ "

ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်နိုင်ငံ ဒုတိယအင်မော်တယ်နယ်မြေဖြစ်သော သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့ သိမ်းပိုက်ခံခဲ့ရသည့် ၄င်း၏ မြောက်ပိုင်းဒေသ တည်နေရာဖြစ်သော တောင်အရပ်ကို ချက်ချင်း ကြည့်လိုက်သည်။

ယခုတွင် ယပ်တောင်အစုတ်ကြီးက ပြည့်စုံသွားပြီဖြစ်၍ ၄င်း၏ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်သည် အတိတ်တုန်းက သတ်မှတ်ထားသော နေရာတစ်ခုတည်းထံ ပြန်ပို့ခံရမည်နှင့်မတူဘဲ အလွန်ကွဲပြားစွာ အလုပ်လုပ်လေသည်။ မိစ္ဆာဧကရာဇ်က ထိုနေရာကို အလွယ်တကူစောင့်ကြည့်နေနိုင်သဖြင့် ထိုယခင်နည်းလမ်းက သူ့ကိုအတော်လေး ကန့်သတ်ထားလေသည်။ ယခု သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို တည်နေရာရွှေ့ပြောင်းနိုင်၏။

သူ့အတွက် နောက်ဆုံးဦးတည်ရာကို တိတိကျကျ ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း အနည်းဆုံးတော့ မတူညီသော ထာဝရအင်မော်တယ်နယ်မြေငါးခုထဲက တစ်ခုခုထံသွားရန် လွယ်ကူလေသည်။

" တိကျမှုကို အရမ်းကန့်သတ်ထားတာ ဆိုးလွန်းတယ်" သူက ခေါင်းကို ခါယမ်း၍ တွေးလိုက်သည်။

" မဟုတ်လို့ကတော့ တည်နေရာရွှေ့ပြောင်းခြင်းက ငါ့ရဲ့ အကြီးမားဆုံး အသက်ကယ်မှော်အတတ် တကယ်ဖြစ်လာနိုင်တယ် "

ဆန့်ကျင်ဘက်ဖြစ်သော ယပ်တောင်ထံ ခရီးသွားခြင်းလုပ်ဆောင်ချက်က ယခင်နှင့် တစ်ထပ်တည်း တူညီသော နည်းလမ်းဖြင့် အလုပ်လုပ်ပုံရသည်။

" ငါ အခု ပြန်ရောက်ပြီဆိုတော့ အခု ငါ့မှာ လုပ်စရာတွေ အများကြီးရှိတယ်။ အရင်ဆုံး ဦးလေးလီနဲ့ သူနဲ့အတူရှိနေတဲ့ လူအားလုံး၊ ပြီးတော့ သရဲကြီးဘုရင်နဲ့ မဟာကောင်းကင်သခင်။ ငါ ပထမဆုံး ကုန်းစွန်းဝမ်အာကို အရင်ရှာဖို့လိုတယ်။ သူ အသေးစိတ်အကုန် သိလောက်တယ် “

" ငါ ဘာလုပ်လုပ် ဒီမှာ ခိုင်မာတောင့်တင်းတဲ့ အုတ်မြစ်တစ်ခု ချဖို့လိုတယ်။ ငါ့ လူတွေကို ရှာဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ....

ငါပထမဆုံးလုပ်သင့်တာက အံသြစရာကောင်းတဲ့ တိုက်ပွဲတစ်ပွဲတိုက်ခိုက်ဖို့ပဲ "

သူက စူးရှတောက်ပသောအလင်းဖြင့် မျက်လုံးများလင်းလက်နေလျက် သူကြံစည်ခဲ့သည့် အစီအစဥ်အကြောင်း ပြန်စဥ်းစားလိုက်ချိန် သူ၏မျက်လုံးများကား စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပနေတော့သည်။

သူ၏အစီအစဥ်သည် မော်ကွန်းတင်လောက်အောင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည့် တစ်စုံတခုလုပ်၍ သူပြန်လာပြီဖြစ်ကြောင်း ထာဝရအင်မော်တယ်နယ်မြေများရှိ လူတိုင်းကို အသိပေးရန် ဖြစ်သည်။ ထိုမျှသာမက ထိုကဲ့သို့တိုက်ပွဲတစ်ပွဲကို အောင်နိုင်ခြင်းဖြင့် သူသည် ထာဝရအင်မော်တယ်နယ်မြေများတွင် ယခု၌ အင်အားစုကြီးသုံးစု ရှိပြီဖြစ်ကြောင်းကိုလည်း သိသာထင်ရှားစေမည် ဖြစ်သည်။

နတ်အဆင့်ကျင့်ကြံသူများထံမှ သူ မည်သည့်နေရာကို ရောက်နေကြောင်း အတည်ပြုပြီးနောက် သူက သူ ရောက်ရှိနေသော အင်မော်တယ်နယ်မြေနှင့် ၄င်း၏ မြို့တော်အား ရှာဖွေရန် နတ်ဘုရားအာရုံပို့လွှတ်လိုက်သည်။ ထို့နောက် သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မိုးခြိမ်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် လေမုန်တိုင်းများသာ ချန်ခဲ့လျက် ဝုန်းခနဲ ထွက်သွားတော့သည်။

ကျင့်ကြံသူလူအုပ်ကြီးမှာ သူ၏ထွက်ခွာမှုကြောင့် ဖြစ်လာသော လေပြင်းကြောင့် နောက်သို့ လွင့်ထွက်ကုန်ကြလေသည်။ ထိုအချိန် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ အံ့သြခြင်းများဖြင့် မျက်လုံးများ လင်းလက်နေလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" သူက… "

" သူ့ကို ရင်းနှီးသလိုပဲ။ ကျုပ် အရင်က သူ့ပုံစံကို မြင်ခဲ့ဖူးတယ် ထင်တယ်...."

" ကောင်းကင်ဧကရာဇ်ကျင့်ကြံခြင်းအခြေခံ ... သူပဲ ဖြစ်ရမယ်။ သူက ကောင်းကင်ဧကရာဇ်ကျဲ့တိကို သတ်၊ မူလနတ်ဆိုးမင်းသားကို ဖမ်း၊ မိစ္ဆာမင်းသားကို ဇီဝိန်ခြွေပြီး မိစ္ဆာဧကရာဇ်ဆီက လက်ဝါးရိုက်ချက်ကိုတောင် ခံနိုင်ခဲ့တယ်။ အဲဒါ သေချာပေါက် ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းပဲ "

ပိုင်ရှောင်ချန်း ဖြစ်ကြောင်း သဘောပေါက်လိုက်ခြင်းက သူတို့ကို မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခေါင်းများ ချာချာလည်သွားစေလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက တည်နေရာရွှေ့ပြောင်းသည်ထက် ပို၍လျင်မြန်စွာ လေကိုခွင်း၍ တဟုန်ထိုးသွားနေသည်။ သူ၏ ဖော်ပြ၍ပင်မရနိုင်သော အမြန်နှုန်းကြောင့် သူသည် မြို့တော်နှင့် လျင်မြန်စွာ နီးကပ်လာနေပြီး မကြာခင် အနည်းငယ်သာ ကွာဝေးလေတော့သည်။

သာမန်ကောင်းကင်ဧကရာဇ်များမှာ ထိုခရီးအတွက် ရက်နှင့်ချီ၍ကြာမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းက တမုဟုတ်ချင်း ရောက်ရှိသွားလေပြီ။

မြို့တော်သည် မြောက်မြားစွာသော အဆောက်အအုံများဖြင့် ဖုံးလွှမ်းနေလျက် ရှိသော၊ ဘေးပတ်ပတ်လည်ရှိ လေထဲတွင် ပေါလောပေါ်နေသည့် မရေမတွက်နိုင်သော အသေးစားကျောက်တုံးကျောက်ခဲများဖြင့် ဧရာမကျောက်ဆောင်ကြီးတစ်ခု ဖြစ်သည်။ ထိုအခြင်းအရာကြောင့် ၄င်းမှာ ကျောက်ကြီးမြို့တော်ဟု ထင်ရှားကျော်ကြားလေသည်။

မိစ္ဆာဧကရာဇ်နိုင်ငံ ကျင့်ကြံသူများ မြို့ထဲဝင်ချည်ထွက်ချည် ပျံသန်းနေကြပြီး နေ့လယ် ရောက်နေ၍ ယောက်ယက်ခတ်နေပေသည်။

မည်သူမျှ ပိုင်ရှောင်ချန်း၏ ရောက်ရှိမှုကို သတိမထားမိလေရာ သူက ကျောက်ကြီးမြို့တော်အပေါ်ထက် လေထဲတွင် တိတ်တဆိတ် ရပ်တန့်လိုက်သည်။

သူ့ကို သတိထားမိနိုင်လောက်သည့် သူတစ်ယောက်သာရှိသည်။ ကျောက်ဆောင်ထဲရှိ မဟာခန်းမဆောင်အတွင်း တင်ပျဥ်ခွေလျက် တရားထိုင်နေသူ ဝိညာဥ်ဝါးမျိုသခင်ပင်။

အတိုက်အခိုက်စွမ်းရည်အရ မိစ္ဆာဧကရာဇ်နိုင်ငံတွင် အစွမ်းထက်ဆုံးကောင်းကင်ဧကရာဇ်ကား ဝိရူပက္ခဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက ဒုတိယအစွမ်းထက်ဆုံးမှာ မိုးမြေဧကရာဇ်ကိုယ်ပွား၏ အသတ်ခံရခြင်းဖြင့် အဆုံးသတ်သွားသော အဘွားကြီးဖြစ်ခဲ့၏။ သို့သော် အဘွားကြီးမှာ အသက်ပြန်သွင်းခံရပြီးနောက်တွင် ယခင်ကဲ့သို့ မသန်မာတော့ရာ ယခု ဝိညာဥ်ဝါးမျိုသခင်သည် နိုင်ငံတွင် ဒုတိယအစွမ်းထက်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ သို့စေကာမူ သူ၏ပင်ကိုယ်စရိုက်မှာ မပြောင်းလဲခဲ့ပေ။ ခါတိုင်းကဲ့သို့ ဂရုစိုက်ပြီး သတိကြီးဆဲပင်။

မိုးမြေဧကရာဇ်ကိုယ်ပွားဖြင့် တိုက်ပွဲအတောအတွင်းက ထိခိုက်ချင်ယောင်ဆောင်ခဲ့ပုံနှင့် ပိုင်ရှောင်ချန်းနှင့် တိုက်ပွဲမှ ဆုတ်ခွာခဲ့ပုံတို့အားလုံးက ထိုသတိရှိသော ပင်ကိုယ်စရိုက်၏ သရုပ်သကန်များပင် ဖြစ်သည်။ ထို့နောက် မိစ္ဆာဧကရာဇ်မြို့မှ အဖြစ်အပျက်များအရ သူက ဤဝေးလံခေါင်ဖျားသော နေရာသို့ စေလွှတ်ခြင်းဖြင့် အပြစ်ပေးခံခဲ့ရသည်။

ဝိညာဥ်ဝါးမျိုသခင်မှာ ဤနည်းဖြင့် အပြစ်ခံခဲ့ရခြင်းအပေါ် စိတ်မခုပေ။ အမှန်တကယ်ဆိုရလျှင် ၄င်းအား အပြစ်ဟု နည်းနည်းလေးပင် မမြင်ပေ။ သူသည် ကုန်လွန်သွားခဲ့သည့် နှစ်များအတောအတွင်း ဤအင်မော်တယ်နယ်မြေရှိ သူ၏ဘဝကို အမှန်တကယ် ပျော်မွေ့ခဲ့လေသည်။

" ဒါတွေအားလုံးက ဟိုကောင် ပိုင်ရှောင်ချန်းရဲ့ကျေးဇူးတွေပဲ" သူက သက်ပြင်းချလိုက်သည်။

" မဟုတ်ရင် မူလနတ်ဆိုးမင်းသားက ဒီကိုအလွှတ်ခံရတဲ့သူ ဖြစ်မှာ"

လူအများစုသည် ပိုင်ရှောင်ချန်းအကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေကြသော်လည်း သူတော့မဟုတ်။ ထိုရောင်စုံခြယ်မီးတောင်ကို ရင်ဆိုင်ရသည်က မည်သည်နှင့်တူခဲ့သည်ကို သူ မှတ်မိနေသေးသည်။

သူ မည်သည့်အတွက်ကြောင့် ယခု သက်ပြင်းချနေမိကြောင်း အတိအကျမသိသော်လည်း အလွန်လေးနက်သော တစုံတခု ဖြစ်ပျက်တော့မည့်လား ရုတ်တရက် စိတ်တထင့်ထင့်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူက မြို့ထဲသို့ နတ်ဘုရားအာရုံတချို့ပင် ပို့လွှတ်လိုက်သော်လည်း ထူးခြားသည့်အရာတစ်ခုကိုမှ စစ်ဆေးမတွေ့ရှိရပေ။ သူက ထရပ်၍ အနီးကပ်ကြည့်ရန်အတွက် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် တစ်မြို့လုံးရှိ ကျင့်ကြံသူများအားလုံးကို ထိတ်လန့်တုန်ရီသွားစေပြီး ဝိညာဥ်ဝါးမျိုသခင်သို့ တိုက်ရိုက်ပြောလိုက်သော အသံတစ်သံ ဧရာမကျောက်ဆောင်ကြီးအပေါ်ထက် ကောင်းကင်ယံမှ မြည်ဟည်းလာ၏။

" မတွေ့ရတာ ကြာပြီ ဝိညာဥ်ဝါးမျိုသခင် "

ကျောက်ကြီးမြို့တော်ရှိ လူများအတွက် ၄င်းမှာ မိုးကောင်ကင်၏အလေးချိန်ကြီး သူတို့အပေါ် ကျရောက်လာသည့်အလား ခံစားလိုက်ရပြီး ဝိညာဥ်ဝါးမျိုသခင်မှာမူ ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။

" အဲဒီ နတ်ဘုရားအာရုံ ... အဲဒီ အရှိန်အဝါ ... အဲဒီအသံ ... "

ဝိညာဥ်ဝါးမျိုသခင်မှာ မျက်လုံးများဝိုင်းစက်ပြူးကျယ်လျက် မြို့အပေါ်ထက် လေထဲကို နတ်ဘုရားအာရုံ ပို့လွှတ်လိုက်ရာ ရှည်လျားသောအနက်ရောင်ဆံပင်ရှည်များဖြင့် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

" ပိုင် ... ပိုင်ရှောင်ချန်း "

ဝိညာဥ်ဝါးမျိုသခင် အထစ်ထစ်အငေါ့ငေါ့ ထွက်သွား၏။

ထိုစကားလုံးများ သူ၏နှုတ်ခမ်းဖျားမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အမူအရာကင်းမဲ့သော ပိုင်ရှောင်ချန်းက ဝိညာဥ်ဝါးမျိုသခင်ရပ်နေသည့် ခန်းမရှိရာဘက်သို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထစ်ခြုန်းမြည်ဟည်းသံများ တစ်လောကလုံးပြည့်နှက်သွားပြီး ဝိညာဥ်ဝါးမျိုသခင်က သွေးရူးသွေးတန်းအော်ဟစ်၍ ခန်းမထဲမှ ပျံထွက်လိုက်သည်။ သူ ထိုသို့ထွက်လိုက်စဥ် ခန်းမတစ်ခုလုံးကား တစစီအမှုန့်ခြေခံလိုက်ရတော့သည်။

သူ၏အချိန်မှီရှောင်တိမ်းမှု ကျေးဇူးကြောင့် ဝိညာဥ်ဝါးမျိုသခင်မှာ တိုက်ကွက်ဖြင့် ရှပ်ထိရုံသာဖြစ်သွားသော်လည်း ၄င်းက သူ့ကို သွေးတစ်ပွက် အန်လိုက်စေသည်။ ချက်ချင်းပင် သူ၏မျက်လုံးများသည် ကြောက်လန့်ခြင်း၊ မယုံကြညိနိုင်ခြင်းများဖြင့် လက်ခနဲဖြစ်သွား၏။ ဤခံစားချက်မှာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ လုပ်နိုင်သော မည်သည့်အရာမဆိုထက် သာလွန်သောအရာတစ်ခု ဖြစ်လေသည်။ ၄င်းက ... မိစ္ဆာဧကရာဇ်နှင့် တစ်ဆင့်တည်းနီးပါးပင်။

" အဆင့်တက်၊ သူ အဆင့်တက်သွားပြီ "

ဝိညာဥ်ဝါးမျိုသခင်မှာ ဦးခေါင်းခွံပေါက်ကွဲတော့မတတ် ခံစားလိုက်ရပြီး တိုက်ခိုက်ရန် အတွေးအားလုံးအား စွန့်လွှတ်လိုက်တော့သည်။ သူက လှည့်၍သာ ထွက်ပြေးသွားလေသည်။

ပိုင်ရှောင်ချန်း၏ အမူအရာကား နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိ။ အတိတ်တုန်းက သူသည် ဝိညာဥ်ဝါးမျိုသခင်မှာ တိုက်ပွဲနှင့်ပတ်သက်လျှင် အလွန်အလေးအနက်ထားသည်ဟု ယူဆခဲ့သော်လည်း ယခုတွင် ထိုလူမှာ တုန်လှုပ်ချောက်ချားနေသည့်ပုံသာ ပေါ်နေသည်။

သူက လက်ကို ဝှေ့ယမ်းရင်း ပြောသည်။

" ချေမှုန်းလိုက်စမ်း "

All Chapters