ဒီအင်မော်တယ်နယ်မြေက ငါ့အပိုင်ပဲ
Vol. 13 Ch. 1203
ပိုင်ရှောင်ချန်း၏ ပါးစပ်မှ စကားလုံးများ ထွက်လာသည့်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေပြင်တဝှမ်း မည်းမှောင်သွားပုံပေါ်၏။ တချိန်တည်းမှာပင် ကောင်းကင်ယံတွင် ဧရာမလက်ကြီးတစ်ဖက် အကောင်အထည်ပေါ်လာကာ ဝိညာဥ်ဝါးမျိုသခင်ထံ တဟုန်ထိုးဆင်းချလာသည်။
လက်ကြီး ထိုးဆင်းလာချိန်မှာပင် အောက်ဖက်ရှိ မြေပြင်က တသိမ့်သိမ့်တုန်ရီနေပြီး လေထုက ဝိညာဥ်ဝါးမျိုသခင် မလှုပ်နိုင်အောင် သူ၏ပတ်ဝန်းကျင်ကို ချိတ်ပိတ်ရင်း အေးခဲသွားဟန်တူသည်။
ဝိညာဥ်ဝါးမျိုသခင်မှာ ဖြစ်ပျက်နေသောအရာအား အာရုံရလိုက်သောအခါ အံသြတုန်လှုပ်မှုကြောင့် သူ၏မျက်လုံးများ ဦးခေါင်းခွံထဲမှ ထွက်ကျမတတ် ပြူးထွက်သွား၏။
" မ... မင် ...မင်း ....မင်း လောကနတ်ဘုရားအဆင့်ကို တက်သွားပြီလား"
သူ့အတွက် ယခု လုပ်ဆောင်နေလျက်ရှိသည့် မှော်အတတ်မှာ တစ်ကမ္ဘာလုံး၏ အနှစ်သာရစွမ်းအား ထုတ်လွှတ်လိုက်သည့်အလား ကောင်းကင်ဧကရာဇ်များ အသုံးပြုနိုင်သော မည်သည့်အရာမဆိုထက် ကျော်လွန်ပုံရလေသည်။ ကောင်းကင်ဧကရာဇ် ဝိရူပက္ခပင် ထိုကဲ့သို့အရာမျိုး မလုပ်နိုင်ချေ။
ပိုင်ရှောင်ချန်းက မျက်နှာအမူအရာကင်းမဲ့နေလျက် လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကောင်းကင်ကြီး အစိတ်စိတ်အမြွှာမြွာကွဲကြေသွားသည့်အလား ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားလေသည်။ ဝိညာဥ်ဝါးမျိုသခင်က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်၍ စိတ်ပျက်လက်ပျက် အသံရှည်ကြီး အော်ဟစ်ကာ ဝှက်ဖဲများ ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော အရိပ်မိစ္ဆာများနှင့်အတူ အနက်ရောင်မြူထုတစ်ခုက သူ၏ပတ်လည်တွင် ဖြစ်တည်လာသော်လည်း ထိုအားထုတ်မှုများမှာ မီးစွဲနေသောထင်းလှည်းကို ရေခွက်လေးတစ်ခွက် ဖြန်းလိုက်သည့်ပမာသာ အကူအညီရလေသည်။
ဧရာမလက်ကြီး နီးကပ်လာစဥ် အရိပ်မိစ္ဆာများမှာ ချေမှုန်းဖျက်စီးခံလိုက်ရပြီး ဝိညာဥ်ဝါးမျိုသခင်သည်လည်း တစ်ချက်တည်း ဆတ်ခနဲ လှမ်းဆွဲခံလိုက်ရ၏။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက စိတ်ပျက်လက်ပျက်ဖြစ်နေသော ဝိညာဥ်ဝါးမျိုသခင် အား သူ၏အိတ်ထဲ ထည့်၍ သူ၏အကျီလက်စကို သာမန်ကာလျှံကာ ခါလိုက်သည်။
ထိုအရာအားလုံးကား အသက်ရှူချိန် ဆယ်ကြိမ်အတွင်းသာ ဖြစ်ပျက်သွားလေသည်။ ကျောက်ကြီးမြို့တော်ရှိ မြို့သူမြို့သားများက ဆွံ့အနေလျက် အထိတ်တလန့်ကြည့်နေစဥ် အခိုးအငွေ့များကား တလိပ်လိပ်ထွက်နေဆဲ ဖြစ်သည်။
အချိန်အနည်းငယ်ကြာသော် လူအများ အသိဝင်လာကြပြီး မြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
" ဘုရား ဘုရား၊ အဲဒါ ပိုင်ရှောင်ချန်းပဲ "
" ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်း"
"သူပြန်လာပြီ.... သူ ကောင်းကင်ဧကရာဇ် ဝိညာဥ်ဝါးမျိုသခင်ကို တစ်ကွက်ထဲနဲ့ ချေမှုန်းလိုက်တာ။ ဒါ ... ဒါကြီးက မဖြစ်နိုင်ဘူး "
အော်ဟစ်သံ လေထဲ ပျံ့လွင့်လာချိန်မှာပင် ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းကို ကျောက်ကြီးမြို့တော်အလယ်ရှိ မဟာခန်းမဆောင်အပျက်အစီးပုံထံ ဝှေ့ယမ်းလိုက်သည်။ ရလဒ်အနေဖြင့် ပျက်စီးသွားသော ခန်းမဆောင်၏ ဖုန်များ၊ ကျောက်တုံးကျောက်ခဲများကား ကျောက်သားပြာသာဒ်တစ်ဆောင်အသွင် အတူတကွ ဖြစ်ပေါ်လာတော့သည်။ အဆုံးမရှိသည့်ပုံဖြင့် တစ်ထပ်ပြီးတစ်ထပ် ပုံစံပေါ်လာပြီး နောက်ဆုံး ပိုင်ရှောင်ချန်း၏ ခြေဖဝါးထံ ရောက်သွားလေရာ သူ့အား လောကထွဋ်ခေါင်တန်ခိုးရှင်အလား ဖြစ်သွားစေလေသည်။
သူက တင်ပျဥ်ခွေထိုင်ချ၍ မြေပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
" ထွက်သွားလိုတဲ့သူတွေ အခု ထွက်သွားကြ။ နေလိုတဲ့သူတွေ ကျုပ် စကားနားထောင်ရမယ်။ ဒီ အင်မော်တယ်နယ်မြေက အခုချိန်ကစပြီး ပိုင်ရှောင်ချန်းနဲ့ သက်ဆိုင်တယ် "
သူက သူ၏စကားလုံးများကို သူ၏ကျင့်ကြံခြင်းအခြေဖြင့် အထောက်အပံ့ပေးပြီး သူ၏တာအိုသစ်စေ့နှင့် စိတ်ဆန္ဒစွမ်းအားဖြင့် အားဖြည့်လိုက်သည်။ ရလဒ်အဖြစ် ၄င်းတို့သည် ကျောက်ကြီးမြို့တော်၏ နယ်နိမိတ်များကို ကျော်ဖြတ်၍ ထိုအင်မော်တယ်နယ်မြေရှိ မိစ္ဆာဧကရာဇ်နိုင်ငံကျင့်ကြံသူ တစ်ဝက်နီးပါး၏ နားအထဲ ရောက်သည့်တိုင်အောင် ကျယ်ပြန့်စွာ ပဲ့တင်ထပ်သွားလေသည်။
" ဒီစီမံချက်အသစ်ကို ပူးပေါင်းဖို့ ငြင်းဆန်ရင် မိစ္ဆာဧကရာဇ်ကိုယ်တိုင် ကျုပ်ကို လာတိုက်လိုက် "
ထိုနောက်ဆုံး စာကြောင်းမှာ ပို၍ဝေးဝေးပင် ရောက်ရန် သူ၏တာအိုသစ်စေ့နှင့် စိတ်ဆန္ဒစွမ်းအားဖြင့် အားဖြည့်ပေးခံထားရလေသည်။
လူအများက သူ၏စကားလုံးများကို မိစ္ဆာဧကရာဇ်ထံ တစ်ဆင့်လျှောက်ပေးမည်ဖြစ်၍ မကြာခင် မိစ္ဆာဧကရာဇ် သူ့ဆီ အရောက်လာမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလေသည်။
ထိုအချိန်ကျလာလျှင် မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်ကို အပေးအယူဒိုးပြားလေးများအဖြစ် သူ အသုံးချလိုက်မည်။
အချိန်အနည်းငယ်သာ ကြာလိုက်သည်၊ မိစ္ဆာဧကရာဇ်နိုင်ငံရှိ ဒုတိယအင်မော်တယ်နယ်မြေအတွက် လုံးလုံးလျားလျား အုတ်အော်သောင်းနင်းဖြစ်သွားလေပြီ။
" ကိစ္စကြီးတစ်ခုခုတော့ ဖြစ်တော့မယ်ကွ"
" မင်းမေဘ၊ အဲဒါ ကျူးကျော်မှုပဲ။ ငါတို့ ကျူးကျော်ခံလိုက်ရပြီ "
" ချီးတဲ့မှပဲ။ ဒီကောင်းကင်တံတားဘုရင် သွက်သွက်ခါအောင် ရူးသွားပြီ။ မိစ္ဆာဧကရာဇ်က သူ့ကို လာပြီး ကွပ်မျက်မှာ မစိုးရိမ်ဘူးလား မသိဘူး"
" ဒါ သူတော်စင်ဧကရာဇ်နိုင်ငံရဲ့ ပရိယာယ်တစ်ခုခုဖြစ်ရမယ်။ ကြည့်ရတာ နောက်ဆုံးတော့ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားတော့မယ့်ပုံပဲ "
လူတိုင်းက အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုနေကြသော်လည်း ပိုင်ရှောင်ချန်းက သူ့ကိုယ်ပိုင် အင်မော်တယ်နယ်မြေတစ်ခုကို တောင်းဆိုရန် အရည်အချင်းပြည့်မီကြောင်း အမှန်တကယ် မယုံကြည်ကြပေ။ လူတိုင်းက မိစ္ဆာဧကရာဇ် မည်မျှအစွမ်းထက်လဲဆိုသည့်အပေါ် ယုံကြည်ချက်အပြည့်အဝရှိနေသည်။
မကြာခင် ပိုင်ရှောင်ချန်းပြန်ရောက်လာပြီဆိုသော စကားက သူ၏လက်ရှိ အင်မော်တယ်နယ်မြေမှ မိစ္ဆာဧကရာဇ်နိုင်ငံနှင့် သူတော်စင်ဧကရာဇ်နိုင်ငံ၏ အခြားအပိုင်းများထံ ပျံ့နှံ့သွားတော့သည်။
သတင်းကြားလျှင်ကြားချင်း မိစ္ဆာဧကရာဇ်မှာ မဆိုသလောက် မျက်မှောင်ကြုတ်သွား၏။ သူက လူအများနှင့်မတူ ကွဲပြားသော အမြင်ရှိ၏။ ပိုင်ရှောင်ချန်းက မိုးမြေဧကရာဇ်တစ်ပါး၏ အမွေအနှစ်ဖြစ်သော ယပ်တောင်၏ ပိုင်ရှင်အသစ်ဖြစ်ကြောင်း သူ သိထားသည်။ ထိုမျှသာမက ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သိသာစွာပင် ပိုင်ရှောင်ချန်းကား ရလဒ်တွင် ယုံကြည်ချက်မရှိလျှင် သူလုပ်နေသောအရာအား လုပ်နေမည် မဟုတ်ပေ။
" သူ သုံးဖို့ အသင့်ဖြစ်နေတဲ့ ဝှက်ဖဲတချို့ရှိတယ်ဆိုတာ ငါ လောင်းရဲတယ်။ အင်း ငါလဲ သူ့ကို တတ်နိုင်သမျှ စောစော အကျပ်ကိုင်ရမယ် "
သူက မျက်လုံးမှေးကြီးများြဖင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် လွန်ခဲ့သောနှစ်များက အသက်ပြန်သွင်းခဲ့သော အဘွားကြီးထံ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။
"ဝိရူပက္ခ ။ ယုံလင်း.... မင်းတို့နှစ်ယောက် ပိုင်ရှောင်ချန်းကို သွားဖမ်းကြ "
ဝိရူပက္ခနှင့် ယုံလင်းမှာ မိစ္ဆာဧကရာဇ်ကဲ့သို့ ပိုင်ရှောင်ချန်းအကြောင်း သိပ်မသိပေ။ သို့သော် ဤကဲ့သို့ အကြာကြီးပျောက်ဆုံးနေပြီးနောက် သူသည် ရလဒ်တွင် ယုံကြည်ချက်မရှိဘဲ ထိုကဲ့သို့ အထက်စီးဆန်သောအပြူအမူဖြင့် ပေါ်လာမည် မဟုတ်ကြောင်း သူတို့ သဘောပေါက်၏။
သိသာစွာပင် ပိုင်ရှောင်ချန်းတွင် သူအလိုရှိသလို အသုံးပြုနိုင်သော ဝှက်ဖဲတချို့ရှိ၍ မိစ္ဆာဧကရာဇ်က သူတို့ကို မည်သည့်အတွက်ကြောင့် ဤတာဝန်ပေးခဲ့သည်ကို ကောင်းကင်ဧကရာဇ်နှစ်ပါး ရုတ်ချည်းနားလည်လိုက်သည်။ မိစ္ဆာဧကရာဇ်၏ အစွမ်းထက်ကိုယ်စားလှယ်များအဖြစ် ရန်သူ၌ မည်သို့သော လျှို့ဝှက်လက်နက်များရှိလောက်မည်ကို ရှာဖွေရန်မှာ သူတို့၏တာဝန်ဖြစ်သည်။
ဝိရူပက္ခနှင့် ယုံလင်းတို့ နှစ်ယောက်လုံး စကားတစ်ခွန်းမှမပြောဘဲ မိစ္ဆာဧကရာဇ်မြို့တော်ရှိ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ပျံသန်းလိုက်ကြပြီး နိုင်ငံ၏ ဒုတိယအင်မော်တယ်နယ်မြေထံ ဦးတည်လိုက်ကြသည်။
သူတို့ထွက်ခွာသွားပြီးနောက် မိစ္ဆာဧကရာဇ်က သူ၏အင်ပါယာနန်းတော်မှ ထွက်လာပြီး မည်သို့ ဖြစ်ပျက်မည်ကို ကြည့်ရန် သူတို့နောက် တိတ်ဆိတ် လိုက်ပါသွားသည်။
ပိုင်ရှောင်ချန်းက ကျောက်ကြီးမြို့တော်ကို သိမ်းပိုက်ပြီး ဝိညာဥ်ဝါးမျိုသခင်ကို ဖမ်းဆီးခဲ့သည်မှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော်လည်း မိစ္ဆာဧကရာဇ်နိုင်ငံသားများကား ထိုအခြေအနေနှင့်ပတ်သက်၍ သိပ်စိတ်မပူကြပေ။ သူတို့က မိစ္ဆာဧကရာဇ်ကို လုံးဝယုံကြည်သက်ဝင်ထားသည် မဟုတ်ပါလော။
အမှန်တကယ်ဆိုရလျှင် ကျင့်ကြံသူများစွာမှာ မိစ္ဆာဧကရာဇ်က ပိုင်ရှောင်ချန်းအား သူ့နေရာသူသိအောင် မည်သို့လုပ်လိမ့်မည်ကို မြင်တွေ့ရန် မျှော်လင့်ချက်များဖြင့် ကျောက်ကြီးမြို့တော်ထံ ဦးတည်လာကြတော့သည်။
တူညီသော အင်မော်တယ်နယ်မြေထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေသော ကောင်းကင်တံတားဒေသကျင့်ကြံသူများစွာသည်လည်း သတင်းကြားလိုက်လေသည်။ သူတို့က အံတင်းတင်းကြိတ်၍ ပုန်းကွယ်နေရာမှ ထွက်လာကြကာ မည်သည့်တို့ဖြစ်ပျက်လိမ့်မည်ကို ကြည့်ရှုရန် ကျောက်ကြီးမြို့တော်ထံ ဦးတည်လိုက်ကြသည်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် ကောင်းကင်ဧကရာဇ်ယုံလင်းတို့က ကျောက်ကြီးမြို့တော် အပြင်ဘက်ရောက်သည့်အချိန်တွင် တိုက်ပွဲကြည့်ရှုရန် လာခဲ့သော ကျင့်ကြံသူများမှာ ရာပေါင်းများစွာရှိသော အစုအဝေးကြီးတစ်စု ဖြစ်နေပြီဖြစ်သည်။
ထို့ပြင် ထိုသည်က မြို့တော်တွင် ရှိနေပြီးသား ဖြစ်ပျက်နေသောမြင်ကွင်းကို တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများကိုပင် မဖော်ပြရသေးပေ။
ပိုင်ရှောင်ချန်းက သူတို့အားလုံးကို ဖုတ်လေသည့် ငါးပိရှိသည်ပင် မထင်ပေ။ လူပေါင်းများစွာ အစောပိုင်းက သူ ပြောခဲ့သည့်စကားကို မယုံကြည်စေကာမူ အရေးမကြီး၊ ထို့ပြင် သူ အခွင့်ရေးပေးချိန်တုန်းက တစ်ယောက်မှ ထွက်မသွားကြပေ။ ထိုအခြင်းအရာသည် ဖြစ်ပျက်တော့မည့်အရာအား သက်သေခံရန် လူပိုများသည်ဟုသာ ယူဆနိုင်သည်။
" ပွဲကြည့်ပရိသတ်များလေလေ ... ဒီတိုက်ပွဲက ထာဝရအင်မော်တယ်နယ်မြေတွေကို ပိုတုန်လှုပ်စေလေလေပေါ့"
ဤအခိုက်တွင် သူ၏မျက်လုံးများကား တိုက်ခိုက်လိုသော စိတ်ဇောအဟုန်တို့ဖြင့် အသက်ဝင်လာ၏။ သူသည် ယပ်တောင်အစုတ်ကြီးအပေါ်၌ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့သည့်တိုင် သူ့နှလုံးသားထဲတွင် ခံစားနေရသည့် အမျက်ဒေါသမှာ မိစ္ဆာမင်းသား၏ သေဆုံးခြင်းကြောင့် လွင့်ပျယ်မသွားခဲ့ပေ။ သူ ထွက်ပေါက်ရှာရန် လိုအပ်သေးသည်။ ဤသည်မှာ ထာဝရအင်မော်တယ်နယ်မြေများတွင် ကောင်းကင်တံတားဒေသအတွက် နာမည်တစ်ခုစိုက်ထူရန် အချိန်လည်း ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် ကောင်းကင်ဧကရာဇ် ယုံလင်းတို့ ချဥ်းကပ်လာမှုကို စစ်ဆေးသိရှိသည်နှင့် ပိုင်ရှောင်ချန်းက သူတို့ရှိရာဘက်သို့ အေးဆေးတည်ငြိမ်စွာ ကြည့်ပြီးနောက် အေးတိအေးစက် ပြုံးလိုက်သည်။
" မိစ္ဆာဧကရာဇ်က တကယ် အန္တရာယ်ကင်းကင်း ကစားနေတာပါလား" သူ တွေးမိသည်။
" သူက လောကနတ်ဘုရားတစ်ပါးဆိုပေမယ့် ငါ့ဝှက်ဖဲတွေကို ဖော်ထုတ်ဖို့ ကောင်းကင်ဧကရာဇ်တွေကို လွှတ်လိုက်တာကိုး။ အင်း အဲဒီကောင်းကင်ဧကရာဇ်တွေ ငါ့ရဲ့လျှို့ဝှက်လက်တွေကို တွေ့ဖို့ အရည်အချင်းတောင် မပြည့်မီတာ ဆိုးလွန်းတာပဲ "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခသည် ကျောက်သားပြာဿဒ်အပေါ်တွင် ထိုင်နေသော ပိုင်ရှောင်ချန်းကို မြင်လိုက်ရပြီး သူ၏မထီတထီအပြုံးကြောင့် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခု ထူးဆန်းနေကြောင်း သူအာရုံရသော်လည်း မိစ္ဆာဧကရာဇ်၏အမိန့်က ရှင်းလေသည်။ ကျရောက်တော့မည့်အန္တရာယ်ကို အာရုံရသည့်တိုင် သူက အံတင်းတင်းကြိတ်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ပြီး ဧရာမလေဆင်နှာမောင်းကြီးတစ်ခု ဆင့်ခေါ်လိုက်ရာ လက်ကြီးအသွင်ပြောင်းလျက် ပိုင်ရှောင်ချန်းကို ဖမ်းဆွဲရန်အလား တဟုန်ထိုးပြေးဝင်သွား၏။
ကောင်းကင်ဧကရာဇ် ယုံလင်းမှာ ပိုင်ရှောင်ချန်းနှင့် တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးသည် တစ်ပါးတည်းသော ကောင်းကင်ဧကရာဇ်ဖြစ်သည်။ သူ မိစ္ဆာဧကရာဇ်နိုင်ငံတွင် ဆူညံပွက်လောရိုက်စေခဲ့စဥ်က ကောင်းကင်ဧကရာဇ်ယုံလင်းမှာ အသက်ပြန်သွင်းခံရခြင်းမှ ပြန်လည်သက်သာနေဆဲ မဟုတ်ပါလော။ ထို့ပြင် ယုံလင်းက ကောင်းကင်ဧကရာဇ်ဝိရူပက္ခကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမရှိပေ။ အတိုက်အခိုက်စွမ်းရည် လျှော့ချခံခဲ့ရလျှင်ပင် ယုံလင်းမှာ ရက်စက်ကြမ်းကြုတ်ဆဲဖြစ်ပြီး ဧရာမသိမ်းငှက်နက်ကြီးအသွင်ပြောင်း၍ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးဝင်သွား၏။