ခင်ဗျားကို ကျုပ် စိန်ခေါ်တယ်
Vol. 13 Ch. 1204
ကောင်းကင်ဧကရာဇ်နှစ်ပါး တိုက်ပွဲထဲ ချီတက်လာသော အသံက မိုးကောင်းကင်ကို မှေးမှိတ်သွားစေပြီး တိမ်တိုက်များကို တပွက်ပွက်ဆူလာစေလေသည်။ ကျင့်ကြံသူများ၏ စိတ်ဆန္ဒများမှာ အံ့သြစရာကောင်းလောက်အောင် အကြီးမားဆုံးသော လေမုန်တိုင်းတစ်ခုကို ဆင့်ခေါ်ရန် ဆွဲယူခံလိုက်ရ၏။
အဝေးမှ မိုးကောင်းကင်ကြီးမှာ စုတ်ပြဲခံရတော့မည့် အလားပင်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက မိုးကောင်းကင်ကြီးထက်ပင် ပို၍ကျယ်ပြောလာကာ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် လှုပ်ရှားကာ သူ၏ချေမှုန်းတိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ဧကရာဇ်ယုံလင်းက သူ့ထက်အတန်ငယ် အားနည်းသော်လည်း ဘေးပတ်လည်ရှိ တလိပ်လိပ်ထွက်နေသော အသတ်အဖြတ်အရှိန်အဝါမှာ တကယ်တမ်း သူ့ထက် ကျော်လွန်လေသည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်မှုအရေအတွက်အရဆိုပါက မိစ္ဆာဧကရာဇ်နိုင်ငံ၌ ယုံလင်းကို ကျော်နိုင်သည့်သူ မရှိသလောက်ပင်။
သူတို့နှစ်ယောက် ပြိုင်တူ တိုက်နေရာတွင် သူတို့လမ်းကြောင်းအပေါ်ရှိ မည်သည့်အရာကိုမဆို အဆုံးစွန်ထိ ရက်စက်မှုဖြင့် လုံးဝချေမှုန်းပစ်နိုင်မည့် ဖွတ်ဖွတ်ညက်ညက်ကြေစေသော အားကြီးတစ်ခုလားပင်။
ကျောက်ကြီးမြို့တော်ရှိ လူအများမှာ စိတ်လှုပ်ရှားစွာ အားပေးကြွေးကြော်နေကြပြီ ဖြစ်သည်။
" ကောင်းကင်ဧကရာဇ်နှစ်ပါး တစ်ပြိုင်တည်း တိုက်ခိုက်နေတာဟ။ ဒီ ကောင်းကင်တံတားဘုရင်တော့ သေချာပေါက် ကိစ္စတုံးပြီပဲ"
" ဟားဟားဟား ကောင်းကင်တံတားဒေသက မလောက်လေးစား ကောင်းကင်ဧကရာဇ်တစ်ပါးက ကျုပ်တို့ မိစ္ဆာဧကရာဇ်ကောင်းကင်ဧကရာဇ်နှစ်ပါးအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ဘူး။ တကယ်တမ်း နှစ်ယောက် လွှတ်ဖို့ လိုလို့လား "
" အေးလေကွာ၊ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ တစ်ယောက်တည်းနဲ့တင် ပိုင်ရှောင်ချန်းကို ကြွက်လို ထွက်ပြေးအောင် လုပ်နိုင်တယ် "
မြို့ထဲကလူများသာ ထိုသို့ခံစားနေရသူများ မဟုတ်။ တိုက်ပွဲအား ကြည့်ရန် အပြေးအလွှား လာရောက်ခဲ့ကြသော ကျင့်ကြံသူမြောက်မြားစွာလည်း ထပ်တူစိတ်လှုပ်ရှားနေကြသည်။ သူတို့က ပိုင်ရှောင်ချန်း မည်မျှအစွမ်းထက်စေကာမူ သူက အပြင်လူတစ်ယောက်မှ လွဲ၍ ဘာမှမဟုတ်သည့်အပြင် သူ၏လမ်းကြောင်းပေါ်ရှိ အရာရာတိုင်းကို ချေမှုန်းနိုင်သော အတိုက်အခိုက်စွမ်းရည်ရှိသည့် လောကနတ်ဘုရားတစ်ပါးမဟုတ်သရွေ့ သူတို့၏ ပူးပေါင်းတိုက်ကွက်ကို တောင့်ခံနိုင်ချေ မရှိကြောင်း အခိုင်အမာ ယုံကြည်ထားကြသည်။
" ဘယ်လောက်တောင် စိတ်ကြီးဝင်နေလိုက်တဲ့ ပိုင်ရှောင်ချန်း။ မင်းတော့ ဒီတစ်ခါ သေပြီပဲ " သရော်လှောင်ပြောင်သံများနှင့်အတူ ထိုကဲ့သို့ စကားသံများအား နေရာတိုင်းတွင် ကြားနိုင်၏။
ရောက်ရှိနေသည့် ကွက်တိကွက်ကြား ကောင်းကင်တံတားဒေသကျင့်ကြံသူများမှာမူ မတိုင်းထွာနိုင်လောက်အောင် စိုးရိမ်သောကရောက်နေကြသည့်တိုင် လုံးလုံးလျားလျား အားကိုးရာမဲ့နေတော့သည်။ သူတို့လုပ်နိုင်သမျှမှာ ဝိရူပက္ခနှင့် ယုံလင်း ပိုင်ရှောင်ချန်းထံ နီးကပ်လာသည်ကို ရင်တုန်ပန်းတုန်ကြည့်နေရုံသာ ဖြစ်လေသည်။
ပိုင်ရှောင်ချန်းက လူအများပြောစကားအား သတိထားမိသည့်ပုံမရပေ။ သို့တည်းမဟုတ် သူဂရုမစိုက်ခြင်းသာ ဖြစ်တန်ရာသည်။ အမှန်တွင် သူ၏အပြုံးက ပို၍ပင် အေးစက်လာ၏။ သူတို့က သူ့ကို အပြင်လူတစ်ယောက်အဖြစ် မြင်သော်လည်း သူ့အတွက် သူတို့က အပြင်လူများပင်။
" ဒီလိုဆိုမှတော့ ခင်ဗျားတို့ သွေးနားထင်ရောက်နေတဲ့အချိန် ကျုပ်က ခင်ဗျားတို့ကို အကြီးအကျယ် စိတ်ပျက်သွားရတဲ့အရသာကို မြည်းစမ်းပေးရတာပေါ့ "
သူက မျက်လုံးမှေးကြီးများြဖင့် လာနေသော ကောင်းကင်ဧကရာဇ်များကို ကြည့်လိုက်သည်။ ထပင် မရပ်ဘဲ မိုးမြေဧကရာဇ်အဆင့်အရှိန်အဝါ ခပ်ရေးရေးအစအနတစ်ခုကို သူ၏လက်ထဲထည့်၍ လက်ကိုဝှေ့ယမ်းကာ လက်သီးချက် ပစ်သွင်းလိုက်သည်။
သူသည် ထာဝရမိုးမြေဧကရာဇ်လက်သီးအပြည့်အဝပင် မဟုတ်ဘဲ တစိတ်တပိုင်းသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့ထိတိုင် သူ့အရှေ့ လေထုကြီး အစိတ်စိတ်အမြွှာမြွာကွဲကြေသွားဖြင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး ကျယ်လောင်စွာ ထစ်ခြုန်းသွား၏။ ထို့နောက် ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံထက်ပင် ကျော်လွန်သော အသံတစ်သံက ကြွေးကြော်နေသောလူအုပ်ကြီး၏ အသံကို လွှမ်းမိုးသွားကာ ပေါက်ကွဲထွက်သွားတော့သည်။
တချိန်တည်းမှာပင် လေထုကြီးက ကောင်းကင်ဧကရာဇ် ဝိရူပက္ခနှင့် ယုံလင်းတို့အား စီးနင်းလျက် သူတို့ထံ တန်းတန်းမတ်မတ် ဦးတည်လာရင်း ဆက်လက်ကွဲကြေလာလေသည်။
၄င်းမှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားနှင့် မိုးမြေဧကရာဇ်အရှိန်အဝါတစ်ခုဖြင့် အထောက်အပံ့ပေးထားသော အားတစ်ခုဖြစ်သည်။ ၄င်းက လောကနတ်ဘုရားတစ်ပါးအား ဖြုံမသွားစေသော်လည်း ကောင်းကင်ဧကရာဇ်တစ်ပါးအတွက်တော့ အလွယ်တကူ မခုခံနိုင်သည့် ပြင်းထန်လှသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လေသည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၏ မျက်လုံးများ ပြုးကျယ်သွားပြီး သူ၏ကျင့်ကြံခြင်းအဆင့်နှင့် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းဖြင့်ပင် ချက်ချင်း နှုတ်မှလွှတ်ခနဲ ထွက်သွားမိလေသည်။
" မဖြစ်....မဖြစ်နိုင်ဘူး "
သူ၏ စိတ်အစဥ်မှာ တစ်ခါမှမကြုံဖူးသည့်အသွင်ဖြင့် ချာချာလည်သွားသည့်တိုင် တွေးရန်အတွက်သော်လည်းကောင်း၊ စဥ်းစားရန်အတွက်သော်လည်းကောင်း အချိန်မရှိပေ။ သူ့ဘဝတစ်လျှောက် ခံစားခဲ့ရဖူးသည်ထက် ပို၍ ကြီးမားသော ကျရောက်တော့မည့်ကပ်ဘေးကြီး၏အာရုံတစ်ခုကို ခံစားနေရလျက် သူက မျက်နှာနှင့် လည်ပင်းတို့အပေါ်တွင် သွေးကြောပြာကြီးများ ထောင်လာကာ သွေးရူးသွေးတန်းအော်ဟစ်၍ နောက်မဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူထိုသို့လုပ်လျှင် မုချအသတ်ခံရမည် ဖြစ်ကြောင်း သူသိသည်။
အမှန်တွင် ပိုင်ရှောင်ချန်း၏ လက်သီးချက်အတွင်း ထည့်သွင်းခဲ့သည့် စွမ်းအားက ဒုတိယအရေးကြီးဆုံးသာ ဖြစ်သည်။ အရေးကြီးဆုံးအချက်က အရှိန်အဝါ။ ၄င်းသည် စူးရှထက်မြက်ပြီး အထက်မြက်ဆုံးဓားထက်ပင် ချွန်ထက်သဖြင့် သစ်သားအပိုင်းအစတစ်စ သို့မဟုတ် စက္ကူကိုပင် လှီးဖြတ်နေသော ဓားတစ်ချောင်းအလားပင်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခက အဆုတ်ကွဲလုမတတ် မာန်သွင်းဟိန်းဟောက်လိုက်သည်။ ပိုင်ရှောင်ချန်းအကြောင်း ထပ်ပင် စဥ်းစားမနေတော့ဘဲ သူက သူ၏ကျင့်ကြံခြင်းအခြေခံအားလုံးနှင့် နတ်ဘုရားစွမ်းရည်အားလုံး အသုံးပြုလိုက်သည်။ သူသည် ကမ္ဘာရတနာအဆင့်တော့ မဟုတ်သော်လည်း လက်ဖျားခါလောက်အောင် တန်ဖိုးကြီးမားသော အကာအကွယ်မှော်ပစ္စည်းများဖြစ်သည့် ဝှက်ဖဲများ၊ အဖိုးထိုက်ရတနာ ဆယ်ခုကိုပင် ထုတ်လိုက်၏။
ကောင်းကင်ဧကရာဇ် ယုံလင်းမှာ တုံ့ပြန်မှု အတန်ငယ်နှေးကွေးပြီး ဝိရူပက္ခကဲ့သို့ ကောင်းကောင်း မပြင်ဆင်လာခဲ့ပေ။
သူတို့က မတူညီသော ဆုံးဖြတ်ချက်များ ချလိုက်သောကြောင့် ရလဒ်များကား အဆများစွာ ခြားနားသွားသည်။
လေထုကြီး ကောင်းကင်ဧကရာဇ်နှစ်ပါးကို ဝါးမျိုလိုက်သော ဧရာမပါးစပ်ကြီးပမာ ဖန်တီးရင်း ကွဲကြေလာသည့်အတွက် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထွက်လာ၏။
မချိတင်ကဲ အော်ဟစ်သံတစ်သံ နှင့် စိတ်မချမ်းမြေ့ဖွယ် အော်သံကြီးတစ်သံ ပဲ့ထပ်သွား၏။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ အဖိုးထိုက်ရတနာဆယ်ခုကျော်မှာ စွမ်းအားဒဏ်မခံနိုင်တော့ဘဲ သစ်ကိုင်းခြောက်လေးများပမာ ဖွတ်ဖွတ်ညက်ညက် ကြေမွသွားတော့သည်။
သူ၏နတ်ဘုရားအစွမ်းများ၊ မှော်သိုင်းများနှင့် အကာအကွယ်အစီအမံများမှာ စတင်ပျက်စီးလာကာ ပြင်းထန်သောအားကြီးအား သူ့ထံထိုးဖောက်ခွင့်ပေးလာရသည်။ သို့သော် သူဆောင်ရွက်ခဲ့သည့် အစီအမံများအားလုံး အချည်းနှီးမဖြစ်ပေ။ ပိုင်ရှောင်ချန်းက သူ၏မိုးမြေဧကရာဇ်အရှိန်အဝါ များများစားစား မသုံးခဲ့သောကြောင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ ရင်ဘတ်ကြီးချိုင့်ဝင်ပြီး ပါးစပ်မှ သွေးများစွာ စီးကျလာလျက် နောက်လွင့်ထွက်သွားလေသည်။ သို့သော် သူကား အသက်ရှင်လျက် လွတ်မြောက်သွား၏။
ကံဆိုးစွာပင် ကောင်းကင်ဧကရာဇ် ယုံလင်းမှာ ထွက်ပြေးရန် ရွေးချယ်ခဲ့သည့်တိုင် အကာအကွယ်ပစ္စည်းများဖြင့် ပြည့်ပြည့်စုံစုံပြင်ဆင်၍ မလာခဲ့ပေ။ အကဲခတ်အမှားတစ်ခုကြောင့် သူမ၏အပြင်ခန္ဓာကိုယ် အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ပြီး ပျက်စီးခြင်းဆိုသော ရလဒ်သာ ထွက်ပေါ်သွားလေသည်။
သူမ၏ တာအိုသစ်စေ့မှာမူ ကွဲထွက်သွားသော လေပြင်း၏ လှဲကျင်းတိုက်ခတ်ခံလိုက်ရပြီး အပြီးပိုင်ဖယ်ရှားမခံလိုက်ရသော်လည်း သွေးပျက်ချောက်ချားစဖွယ် အော်သံတစ်သံနှင့််အတူ အက်ကွဲသံများ ၄င်းထံမှ ထွက်ပေါ်လာ၏။ ပုံမှန်ဆိုလျှင် တာအိုသစ်စေ့တစ်စေ့သည် လောကနတ်ဘုရားတစ်ပါး၏ ဖျက်စီးခြင်းသာ ခံရနိုင်သော်လည်း ယခုကား ထင်းခနဲမြင်သာနေသော အက်ကြောင်းခုနစ်ကြောင်းက ယုံလင်း တာအိုသစ်စေ့၏ မျက်နှာပြင် အပေါ်တွင် ရှိနေပေသည်။
များသောအားဖြင့် ထိုကဲ့သို့ အက်ကြောင်းများမှာ ကောင်းကင်ဧကရာဇ်တစ်ပါး အသက်ပြန်သွင်းခံရမှသာ ပေါ်လာတတ်ပြီး သိသာထင်ရှားသော အားနည်းမှုအဆင့်တစ်ခုကို ညွှန်ပြသည်။ သို့ဖြစ်၍ ယုံလင်းသာ ထပ်မံအသက်သွင်းခံရပါက သူမ၏ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဧကရာဇ်တစ်ပါးဟု သတ်မှတ်ရန်ပင် ကံကောင်းမည့်အဆင့်အထိ အားနည်းသွားမည် ဖြစ်သည်။
ထိုအရာအားလုံး ဖော်ပြရန် အချိန်အနည်းငယ် ကြာသွားသော်လည်း လက်တွေ့တွင် မီးတစ်ခတ်စာ အချိန်အတွင်း ဖြစ်ပျက်သွား၏။ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၍ မည်သူမှ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ယင်းမှာ ဧရာမလက်ဝါးကြီးတစ်ချက်က ယခုလေးတင် မိစ္ဆာဧကရာဇ်နိုင်ငံ၏ ကျင့်ကြံသူများအားလုံး၏မျက်နှာများကို ဖြန်းခနဲ ဖြတ်ရိုက်ပစ်လိုက်သည့်အလားပင်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် ကောင်းကင်ဧကရာဇ်ယုံလင်းတို့မှာ တဟုန်းဟုန်းတောက်လောင်နေသော စွမ်းအင်များနှင့် အကန့်အသတ်မရှိသော အသတ်အဖြတ်အရှိန်အဝါများဖြင့် ပိုင်ရှောင်ချန်းအပေါ် တည့်တည့် ဝင်လာနေခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းက ထပင် မရပ်ဘဲ သူတို့ကို ဇီဝိန်ခြွေလိုက်ပေသည်။
သူက လေထုကို ကြေမွေစေ၍ ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို အပြင်းအထန်ဒဏ်ရာရစေပြီး အားလုံးအထဲ ကြောက်စရာအကောင်းဆုံးကား ကောင်းကင်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ပစ်သော လက်သီးတစ်ချက် ထုတ်လွှတ်ခဲ့ပေသည်။ သမိုင်းတစ်လျှောက် ဤအချိန်အထိ တိုက်ပွဲတွင် ကောင်းကင်ဧကရာဇ်တစ်ပါး၏ တာအိုသစ်စေ့ကို ဖျက်စီးနိုင်ရန်က လောကနတ်ဘုရားတစ်ပါးအတွက်သာ ဖြစ်နိုင်ခဲ့သည်။
ထိုသည်က မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်များ တိုက်ပွဲ၌ သေရမည်ကို အမှန်စင်စစ် မကြောက်ရွံ့ရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။
သို့သော် ယခု အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။
ထာဝရအင်မော်တယ်နယ်မြေများ၌ ကောင်းကင်ဧကရာဇ်များကို သတ်နိုင်သော တတိယပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာသည့်အချက်ကို သက်သေထူရန် ကျင့်ကြံသူသန်းပေါင်းများစွာ ရှိကြသည်။
ထိုအချက်၏ အရာရောက်မှုနှင့် ပိုင်ရှောင်ချန်း၏ ယခုလေးတင် ထုတ်ဖော်ခဲ့သော ကြောက်မက်ဖွယ်ရာ အတိုက်အခိုက်စွမ်းရည်က လူများစွာကို အထိတ်တလန့် ပင့်သက်ရှိုက်မိသွားစေတော့သည်။ သူတို့အများစုမှာ အချိန်အတော်ကြာအောင် မတုံ့ပြန်နိုင်သည်ထိ ဆွံ့နေကြလေသည်။
" သောက်ကျိုးနည်း၊ မဖြစ်နိုင်ဘူး "
" ဘယ်လို ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘယ် .... ဘယ် ကျင့်ကြံခြင်းအဆင့်ကို ရောက်နေတာတုန်း "
" သူက ကောင်းကင်ဧကရာဇ်တွေကို သတ်နိုင်တယ်လား။ သူ တကယ်ကြီး သူ့ကို အပြီးပိုင်ရှင်းပစ်လိုက်တာလား.... "
အထိတ်တလန့်ဆူညံပွက်ရိုက်နေသည့် အလယ်တွင် အသက်ဘေးမှ ယခုလေးတင် လွတ်မြောက်ခဲ့သော ကောင်းကင်ဧကရာဇ်ဝိရူပက္ခက မယုံကြည်နိုင်မှုနှင့် ကြောက်လန့်ခြင်းတို့ဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
" မင်း... "
ပိုင်ရှောင်ချန်းက ဝိရူပက္ခကို ကြည့်ပင် မကြည့်။ သူက ကျောက်သားပြာဿဒ်ထိပ်တွင် ထရပ်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
" ဒီအထိ ရောက်လာခဲ့မှတော့ မိစ္ဆာဧကရာဇ်ရေ … ပုန်းလျှိုးကွယ်လျှိုး လုပ်နေဖို့ မလိုပါဘူး။ ကျုပ် ဒီနေရာမှာ ခင်ဗျားနဲ့ နှစ်ဦးချင်း ယှဥ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်တယ် "