တုန်ရီသွားသော မိစ္ဆာဧကရာဇ်
Vol. 13 Ch. 1205
ဘေးပတ်ပတ်လည်ရှိ မိစ္ဆာဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်နေရဆဲပင် ဖြစ်သည်။ ထိုလူအုပ်ထဲတွင် ပုန်းကွယ်နေကြသည့် ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူများမှာလည်း ဝမ်းမြောက်ပျော်ရွှင်ကာ အံအားသင့်နေကြရသည်သာ ဖြစ်သည်။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ လူတိုင်း၏ နှလုံးသားကိုရိုက်ခတ်သွားစေနိုင်သည့် မိုးခြိမ်းသံကဲ့သို့သော အသံကြီးဖြင့် စကားပြောလိုက်သောအခါ ပို၍ပင် ဆိုးသွားတော့သည်။
မိစ္ဆာဧရာဇ်မင်းဆက်မှ ကျင့်ကြံသူများမှာ တဖန်ပြန်၍ ယုံကြည်မှုများ ပြည့်နှက်သွားကြပြီး မျှော်လင့်ချက်ရောင်ချည်များ သန်းလာသကဲ့သို့ စိတ်လှုပ်တရှား ဆိုလိုက်ကြတော့သည်။
" မိစ္ဆာဧကရာဇ် ဟုတ်လား "
" မင်းမေဘ၊ မဟုတ်မှလွဲရော မိစ္ဆာဧကရာဇ်က အခု ငါတို့ထဲ ရောက်နေတာလား "
" ဟားဟားဟား။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်ကတော့ သေပြီပဲ။ အရှင်မင်းမြတ် မိစ္ဆာဧကရာဇ် လှုပ်ရှားပြီဟေ့ဆိုရင် ထာဝရအင်မော်တယ်နယ်မြေတစ်ခွင်လုံး သူတော်စင်ဧကရာဇ်ကလွဲလို့ သူ့ကိုယှဥ်နိုင်မဲ့လူ မရှိဘူးကွ "
ထိုစဥ်တွင် ပိုင်ရှောင်ချန်း ကြည့်နေသည့် နေရာရှိ လေထုက တွန့်လိမ်ကာ လှိုင်းဂယက်များထသွားပြီး လူရိပ်တစ်ခု အပြင်သို့ ထွက်လာတော့သည်။
သူသည် အစိမ်းရောင် တော်ဝင်ဝတ်ရုံများနှင့်အတူ သရဖူတစ်ခုကိုပါ ဆင်မြန်းထားသည်။ သူသည် အရပ်မြင့်ပြီး ပိန်ပါးပါးရှိပါသော်လည်း တချိန်ထဲမှာပင် သူ့ကိုကြည့်မိလိုက်သည့်လူတိုင်း တုန်လှုပ်ခြောက်ခြားသွားရလောက်သည်အထိ ရက်စက်ကာ အထက်စီးဆန်သည့်ပုံပေါ်နေသည်။
သူ့ထံမှ ပေါ်ထွက်နေသည် လောကနတ်ဘုရားအဆင့် အငွေ့အသက်များကြောင့် သူသည် သတ္တဝါအားလုံး၏ ဥသျှောင်ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေပြီး ဤကမ္ဘာကြီးပေါ်ရှိ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ၏ကိုယ်ပိုင် ဥယျာဥ်ထဲတွင် လမ်းလျှောက်နေရသကဲ့သို့ သက်တောင့်သက်သာ ရှိနေမည့်အလားပင်။ သူ့ကိုမြင်လိုက်ရရုံနှင့်ပင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားတော့သည်။
သူသည်ကား မိစ္ဆာဧကရာဇ်ပင် ဖြစ်သည်။
" အရိုအသေပေးပါတယ် အရှင်မင်းမြတ်ခင်ဗျား "
" အရှင်မင်းမြတ် "
" တော်ဝင်အရှင်မင်းမြတ်ခင်ဗျား "
ကျောက်တုံးမြို့တော်ထဲတွင် တရိုတသေနှုတ်ခွန်းဆက်သနေကြသည့် အသံပေါင်းစုံဖြင့် ပြည့်နှက်သွားပြီး လူတိုင်းနီးပါး ဒူးများထောက်၍ အရိုအသေပေးလိုက်ကြသည်။
မိစ္ဆာဧကရာဇ်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပါသော်လည်း သူ၏မျက်ဝန်းများမှာ အေးစက်နေပါသောကြောင့် သူ၏အသွင်အပြင်မှာ ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ၏ပြည်သူများကို အသိအမှတ်ပြုလိုက်သည့်အလား ခေါင်းညိတ်ပြလိုက်ပြီးနောက် သူက ပိုင်ရှောင်ချန်းအား ကြည့်လိုက်တော့သည်။
" မင်းရဲ့ အပြစ်တွေကို ဝန်ခံစမ်း ပိုင်ရှောင်ချန်း "
သူက အမူအရာမပျက် ဆိုလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်ဖြစ်ပြီး ယခုတွင် ၎င်းမှာ ရောက်ရှိလာပြီဖြစ်သဖြင့် သူ၏စိတ်နှလုံးထဲတွင် တိုက်ခိုက်လိုစိတ်များ နိုးကြားလာတော့သည်။ သူစီစဥ်ထားခဲ့သည့်အတိုင်း သူသည် မည်သည့်စကားမှပြောမနေပဲ မိစ္ဆာဧကရာဇ်ဆီသို့သာ ဦးတည်သွားလိုက်တော့သည်။
မိစ္ဆာဧကရာဇ်မှာ အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ သို့သော် ထိုဝှေ့ယမ်းမှုကြောင့် မိုးသက်မုန်တိုင်းတစ်ခု ပေါ်ထွက်လာသဖြင့် ထိုနေရာတစ်ဝိုက်တွင် ချက်ချင်းပင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
တိုက်ခတ်နေသည့်လေများထဲတွင် လောကနတ်ဘုရားအဆင့် နတ်ဘုရားအာရုံများနှင့် အငွေ့အသက်များပါဝင်နေပြီး ၎င်းတို့မှာ ချက်ချင်းပင် အဖျက်စွမ်းအားတစ်ခုအသွင် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာတော့သည်။
ထိုထစ်ချုန်းသံများ အကြားတွင် ပိုင်ရှောင်ချန်းမှာ မိုးသက်မုန်တိုင်းကြီး၏ လေပြင်းများကိုဖြတ်၍ ရှေ့ဆက်သွားလိုက်ပြီး သူ့အပေါ်သို့ ကျဆင်းလာနေသည့် နတ်ဘုရားအာရုံကြီးကို ထိပ်တိုက်တွေ့ဆုံလိုက်တော့သည်။
ထိုနတ်ဘုရားအာရုံထဲတွင် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအပြင် မရေမတွက်နိုင်လောက်အောင် များပြားသည့် အခြားသော သတ္တဝါများ၏ စိတ်ဆန္ဒစွမ်းအားများလည်း ပါဝင်နေသည်။ လောကနတ်ဘုရားများအတွက်မူ စိတ်ဆန္ဒစွမ်းအားများကို ထိန်းချုပ်ရသည်မှာ ထမင်းစား ရေသောက်အဆင့်သာ ရှိသည်ကို အထင်အရှားမြင်နိုင်သည်။ ထို့အပြင် သူတို့သည် ထိုစိတ်ဆန္ဒစွမ်းအားများကို ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ မယှဥ်နိုင်လောက်သည့် နည်းဖြင့် ထုတ်လွှတ်နိုင်သေးသည်။ သာမန်ဆိုလျှင် လောကနတ်ဘုရားများက စိတ်ဆန္ဒစွမ်းအားကို ထိန်းချုပ်လိုက်သည့်အခါတွင် ကောင်းကင်ဧကရာဇ်များမှာ ၎င်း၏လက်အောက်တွင် ကျရှုံးရစမြဲသာ ဖြစ်သည်။
သူတို့ နောက်ဆုံးရင်ဆိုင်ခဲ့သည့် အချိန်က မိစ္ဆာဧကရာဇ်မှာ ပိုင်ရှောင်ချန်း ယပ်တောင်ကြီးဆီသို့ တည်နေရာရွှေ့ပြောင်းသွားပြီး သူ့ကိုပါ တစ်ပါထဲခေါ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့သောကြောင့် စိတ်ဆန္ဒစွမ်းအားကို ထုတ်မသုံးခဲ့ပေ။ သို့သော် ယခုတွင်မူ ထိုယပ်တောင်ကြီးကို သိမ်းပိုက်ဖို့ကြိုးစားခြင်းမှာ အသုံးမဝင်တော့ကြောင်း သူက သိလိုက်ပြီ ဖြစ်သည်။ ထို့အပြင် သူသည် ရှေးမဆွက ပိုင်ရှောင်ချန်း၏ တိုက်ကွက်ထဲတွင် လောကနတ်ဘုရားအဆင့် အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သဖြင့် အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ထို့ကြောင့် သူသည် စိတ်ဆန္ဒစွမ်းအားကို ချက်ချင်းပင်အသုံးချ၍ သူ့အားချေမှုန်းရန် ပြင်လိုက်ခြင်းပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းအတွက်မူ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး အစိုင်အခဲအသွင်ပြောင်းလဲနေပြီး တချိန်ထဲမှာပင် အားပြင်းသော တွန်းကန်အားကြီးတစ်ခု စုစည်းလာနေသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ကမ္ဘာလုံးနှင့် ကမ္ဘာကြီးထဲရှိ လူတိုင်း သူ့အားနှင်ထုတ်ရန် ဆန္ဒပြင်းပြနေကြသည့် အလားပင်။
ထိုဖိအားကြီးမှာ အဆုံးအစမဲ့သော ပြင်းအားတစ်ခုအသွင်ပြောင်းလဲသွားပြီး သူ့အား အောက်ဘက်ရှိမြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့သည်။
လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဆန္ဒစွမ်းအား တိုက်ကွက်တစ်ကွက်နှင့် ရင်ဆိုင်လိုက်ရသည့် မည်သည့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူမဆို ပြန်လည်ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထိုအချင်းအရာကို ပိုင်ရှောင်ချန်းက ရတနာ ယပ်တောင်ကြီးပေါ်တွင် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့် လေ့ကျင့်ခဲ့စဥ်က မကြုံတွေ့ခဲ့ရပေ။ ထိုကျေးကျွန်ကြီးထံတွင် သူ့ကိုကိုးကွယ်နေသည့် လူအုပ်ကြီး မရှိသဖြင့် စိတ်ဆန္ဒစွမ်းအားများကို ထုတ်ယူ၍မရခဲ့သည် မဟုတ်ပါလော။
အင်္ကျီလက်တစ်ချက် ဝှေ့ယမ်းစာအချိန်အတွင်း ပိုင်ရှောင်ချန်းမှာ အချုပ်နှောင်ခံလိုက်ရပြီး လေထုထဲတွင် အားပေးသံများဖြင့် ညံသွားတော့သည်။ သို့သော် ထိုအားပေးသံများ ထွက်လာစဥ်မှာပင် ပိုင်ရှောင်ချန်းက ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်ပြီး သူ့ကိုယ်သူ မာန်တင်းလိုက်တော့သည်။
သူသည် နီမြန်းနေသော မျက်ဝန်းများဖြင့် လေပေါ်သို့မော့ကြည့်လိုက်ပြီး သူ၏ မိုးမြေဧရာဇ်အငွေ့အသက်ကို အသုံးပြုလိုက်တော့သည်။
ထိုအငွေ့အသက်မှာ သူ၏ညာလက်ထဲမှ ထွက်ပေါ်လာပြီး ၎င်းကို သာမန်ကျင့်ကြံသူများ အာရုံခံနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအငွေ့အသက်ကြောင့် မိစ္ဆာဧကရာဇ်မှာ မျက်လုံးပြူသွားရပြီး သူ၏အမူအရာမှာ ယခင်ကနှင့် မတူလောက်အောင် မှိုင်ကျသွားသည်။ သူသည် ရေခဲတမျှအေးစက်နေသော မျက်ဝန်းများဖြင့် ညာလက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ပြီး ထိုလက်ဖြင့် ပိုင်ရှောင်ချန်းထံ လက်ဝါးရိုက်ချက်တစ်ချက် စေလွှတ်လိုက်သည်။
ထိုလက်ဝါးချက်မှာ ကောင်းကင်ကြီးထံမှ ၎င်း၏ပုံစံတူ အစိတ်အပိုင်းတစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည့်ပုံပင် ပေါ်နေတော့သည်။
ထို့နောက် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လေ၊ မိုး၊ မိုးကြိုးများနှင့် ထာဝရပင်လယ်ထဲရှိ ရေများသာမက ကမ္ဘာထဲရှိ သက်ရှိများအားလုံး ထိုလက်ဝါးကြီးနှင့် တစ်သားထဲပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားတော့သည်။
ထိုလက်ဝါးကြီးမှာ ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။ ၎င်းမှာ မိစ္ဆာဧကရာဇ်ထိန်းချုပ်ထားသော စိတ်ဆန္ဒစွမ်းအားများဖြင့် အားဖြည့်ကာ ဖန်တီးထားသည့် မီတာသုံးထောင်ကျော် ကျယ်ပြန့်သော ဧရာမလက်ဝါးရိုက်ချက်ကြီးတစ်ခုဖြစ်ပြီး ယခုတွင် ပိုင်ရှောင်ချန်းအပေါ်သို့ တည့်မတ်စွာကျဆင်းနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အသက်ပင်မရှူနိုင်လောက်အောင် ဖြစ်သွားသော်လည်း မိုးမြေဧကရာဇ်အငွေ့အသက်မှာ သူ့အပေါ်သို့ ကျဆင်းလာနေသည့် စိတ်ဆန္ဒစွမ်းအားကို အားနည်းသွားအောင် ပြုလုပ်လိုက်သဖြင့် ဖိအားများ လျော့နည်းသွားရသည်။ သူသည် တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာပြီး မော့ကြည့်လိုက်တော့သည်။
" လာစမ်းပါ။ တိုက်ကြတာပေါ့ "
သူက ထိုသို့အော်ဟစ်လိုက်ပြီး လေပေါ်သို့ပျံတက်ကာ မိစ္ဆာဧကရာဇ်ထံ ဦးတည်သွားတော့သည်။ သူသည် ထိုသို့ ပျံတက်သွားရင်း သူ၏ညာလက်သီးကိုဆုပ်လိုက်သောအခါ သူ၏နောက်တွင် မသဲကွဲသောဧကရာဇ်တစ်ပါး ပေါ်ထွက်လာတော့သည်။
ထိုဧကရာဇ်မှာ တော်ဝင်ဝတ်ရုံများနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်ထားပြီး မိုးမြေဧကရာဇ်အဆင့်ရှိသော ဝံပုလွေတစ်ကောင်၏လက်နှင့်တူနေသည့် သူ၏ညာလက်မှလွဲ၍ ကျန်အစိတ်အပိုင်းများမှာ ပိုင်ရှောင်ချန်းနှင့် ချွတ်စွပ်တူနေသည်။
" ထာဝရ ... မိုးမြေဧကရာဇ် ... လက်သီး "
ယခုတွင် ထာဝရမိုးမြေဧကရာဇ်လက်သီးမှာ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေနိုင်သည့် ပိုင်ရှောင်ချန်း၏ စွမ်းအားအကြီးဆုံး နတ်ဘုရားအတတ် ဖြစ်သည်။ ဟင်းလင်းပြင်ကြီးထဲတွင် သူပြုလုပ်ခဲ့သည့် စမ်းသပ်မှုများနှင့် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့်အတူ လုပ်ခဲ့သည့် လေ့ကျင့်မှုများပြီးနောက် ပိုင်ရှောင်ချန်း၏ ထာဝရမိုးမြေဧကရာဇ်လက်သီးမှာ ယခုဆိုလျှင် စွမ်းအားအပြည့်အဝ ထုတ်လွှတ်နိင်နေပြီဖြစ်သည်။
တစ်ချိန်ထဲမှာပင် မိုးမြေဧကရာဇ်အငွေ့အသက်မှာ ထိုလက်သီးချက်ကြီးနှင့် တစ်သားထဲပေါင်းစည်းသွားပြီး ၎င်း၏စွမ်းအားအဆင့်ကို အထွတ်အထိပ်သို့ ရောက်သွားစေရန် တွန်းတင်ပေးလိုက်တော့သည်။
တွက်ချက်၍မရနိုင်သော စွမ်းအားများမှာ ပိုင်ရှောင်ချန်း၏ လက်သီးချက်ထဲတွင် စုဝေးလာကြပြီးနောက် သူသည် ထိုလက်သီးချက်ကြီးဖြင့် သူ့ထံ ဦးတည်လာနေသည့် လောကနတ်ဘုရားအဆင့် လက်ဝါးချက်ကြီးဆီသို့ ထိုးနှက်လိုက်တော့သည်။
ဝိုးတဝါး ဧကရာဇ်ကြီး၏ မိုးမြေဧကရာဇ်အဆင့် အငွေ့အသက်ကြီးမှာ ပိုင်ရှောင်ချန်းနှင့် တစ်သားထဲပေါင်းစည်းသွားပြီး တုန်လှုပ်ခြောက်ခြားဖွယ်အကောင်းဆုံးသော စွမ်းအင်များကို ထုတ်လွှတ်ပေးနေသည့် လက်သီးချက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အဆင့်ထက်များစွာ သာလွန်နေသည့် ပြင်းအားကြီးတစ်ခု အရာအားလုံးကို လွှမ်းခြုံသွားသဖြင့် ကောင်းကင်ကြီးနှင့် မြေပြင်တဝှမ်း အပြင်းအထန် တုန်ခါသွားတော့သည်။
ထိုအင်မော်တယ်နယ်မြေကြီးတစ်ခုလုံးမှာ တုန်ရီနေပြီး အငွေ့အသက်များစွာ ပြန့်ထွက်သွားကြသဖြင့် မိစ္ဆာဧကရာဇ်မြို့တော်ထဲရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများပင် အံ့သြမှင်တက်သွားရတော့သည်။ ထိုစဥ် ကျောက်တုံးမြို့တော်အထက်ရှိ ကောင်းကင်ယံ၌ ဧရာမဘီလူးကြီးတစ်ကောင်နှင့်ဆင်တူသော ပိုင်ရှောင်ချန်း၏ ထာဝရမိုးမြေဧကရာဇ်လက်သီး၏ ပုံရိပ်ကြီးတစ်ခုပေါ်ထွက်လာပြီး လောကနတ်ဘုရားအဆင့် လက်ဝါးချက်ကြီးကို ဝင်တိုက်သွားတော့သည်။ ထိုတွေ့ဆုံမှုကြီးမှာ နေမင်းနှင့် လမင်းတို့ အချင်းချင်းဝင်တိုက်သွားကြသည့်အတိုင်းပင်။
ဂျုန်းးးးး
ကျောက်တုံးမြို့တော်မှာ အပြင်းအထန် တုန်ခါသွားပြီး အဆောက်အဦများစွာ ပြိုလဲကုန်ကြသည်။ ထိုအင်မော်တယ်နယ်မြေထဲရှိ တောင်စဥ်တန်းများစွာသည်လည်း ပြိုကျပျက်စီးသွားကြပြီး မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။
ထာဝရပင်လယ်၏ ရေမျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများထလာပြီး မိစ္ဆာဧကရာဇ်မြို့တော်တည်ရှိနေသည့် အင်မော်တယ်နယ်မြေပင် အံ့သြဖွယ်ကောင်းလောက်အောင် တုန်ခါနေတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အနောက်တွင်ရှိနေသော မှုန်ရီဝိုးတဝါး ဧကရာဇ်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့လွင့်စင်သွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာကာ သူ၏ထာဝရအပိုင်းက သူ့ကို ပြန်လည်ကုသပေးနေတော့သည်။ သူသည် အပြင်းအထန်ဒဏ်ရာ ရသွားခဲ့ပါသော်လည်း လွင့်စင်နေရာမှ ရပ်တန့်သွားသည့်အချိန်တွင် သူက မားမားမတ်မတ် မတ်တတ်ရပ်နေနိုင်ပြီဖြစ်သည်။
ထို့နောက် သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရရယ်မောလိုက်တော့သည်။
" ခင်ဗျားလုပ်နိုင်တာ ဒါအကုန်ပဲလား လောကနတ်ဘုရားအဆင့် မိစ္ဆာဧကရာဇ်ကြီး "
ထို လောကနတ်ဘုရားအဆင့် လက်ဝါးချက်ကြီးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည် မဟုတ်ပါလော။
ပို၍ အံ့သြဖွယ်ကောင်းသည်က မိစ္ဆာဧကရာဇ်မှာ တန်ပြန်ဒဏ်ကြောင့် အသားများ တုန်ရီသွားရပြီး သူ၏ပါးစပ်ထောင့်စွန်းမှ သွေးတစ်ကြောင်းစီးကျလာကာ သူ၏မျက်နှာ ဖြူဆုတ်သွားရခြင်းပင် ဖြစ်သည်။