← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

🍋 Chapter 161

ကျိုးထျန်း၏ စကားများက တစ်ဖက်လူကို တည်ငြိမ်သွားစေခြင်း မရှိခဲ့ပေ။

"အကူအညီ ဟုတ်လား"

"ကျုပ်တို့ ဒါလုံက ခင်ဗျားရဲ့ အကူအညီကို မလိုပါဘူး၊ ပြီးတော့ ကျုပ်တို့ဆီက လူကို ခိုးယူဖို့လည်း စိတ်မကူးနဲ့"

လီဟိုင်ပေါ်က စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်မှာ အနည်းငယ် ယိမ်းထိုးသွားရာ ကျိုးထျန်းမှာ လက်ဖြင့် အသာအယာ ထိန်းပေးလိုက်၏။

"မစ္စတာလီ... ကျွန်တော့်တောင်းဆိုချက်ကို ခင်ဗျား ကျိန်းသေပေါက် သဘောတူလိမ့်မယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ငြင်းပယ်ဖို့ ခက်ခဲတဲ့ အကြောင်းပြချက်တစ်ခုကို ကျွန်တော် ပေးမှာမို့လို့ပါ"

သူ့မျက်နှာထက်မှ ယုံကြည်ချက်အပြည့် ရှိနေသည့် အမူအ ရာကြောင့် တစ်ဖက်လူမှာ အနည်းငယ် ကြောင်အသွားရသည်။

‘ဒီကောင်က ဘာလို့ ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲ၊ ဘာလို့ ဒီလောက်အသေအချာ ပြောနိုင်ရတာလဲ...’

လီဟိုင်ပေါ်သည် ကျိုးထျန်းက သူ့ကို လာရောက်လိမ်လည်လှည့်ဖြားနေခြင်း ဟုတ်မဟုတ် စိတ်ထဲမှ အကြိမ်ကြိမ် ဆန်းစစ်နေမိသည်။

အဆုံးစွန်တွင် သူက လောကဓံကို ကြုံဖူးသည့် ဝါရင့်တစ်ဦးဖြစ်ပြီး လိမ်လည်သူပေါင်း ရာကျော်နှင့် ဆုံဖူးထားသူ ဖြစ်၏။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ကျိုးထျန်းကို မည်သို့ပင် အကဲခတ်ကြည့်ပါစေ သူပြောနေသည့် စကားများက အမှန်တရားဖြစ်ပြီး လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားနေရခြင်းပင်။

ထိုလူများကို ဒါလုံထံမှ သူတကယ် ခေါ်ထုတ်နိုင်မည်ဟု ကျိုးထျန်း စိတ်ရင်းဖြင့် ယုံကြည်နေပုံရသည်။

လီဟိုင်ပိုသည် မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်တော့၏။

ယခုတစ်ကြိမ်တွင်မူ ကျိုးထျန်း သူ့ကို လက်ဖက်ရည် ပြန်ငှဲ့ပေးမည့် အလှည့် ရောက်လာခဲ့ပြီဖြစ်သည်။

"ကဲ... မစ္စတာလီ၊ စိတ်အေးအေးထားပါ၊ မလောပါနဲ့၊ ကျုပ်တို့ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့"

ကျိုးထျန်း ပိုတည်ငြိမ်လေလေ လီဟိုင်ပေါ်က ပိုစိတ်လှုပ်ရှားလာလေလေဖြစ်ပြီး တစ်ဖက်လူ ဘာကြံစည်နေသည်ကို သူ လုံးဝ အကဲမခတ်နိုင်တော့ပေ။

"မစ္စတာလီ... ခင်ဗျားကို ကူညီဖို့ ကျွန်တော် ဘာလုပ်ပေးမလဲဆိုတာ ကြားလိုက်ရင် ခင်ဗျား ဒီလောက် ဒေါသထွက်တော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"

ဆယ်စက္ကန့်ခန့် ဝေခွဲမရဖြစ်ပြီးနောက် လီဟိုင်ပေါ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ဆိုသည်။

"ကောင်းပြီ... ပြောကြည့်ပါဦး"

တစ်ဖက်လူ အနည်းငယ် တည်ငြိမ်သွားသည်ကို မြင်သော အခါမှ သူက လေးလေးမှန်မှန် စကားဆိုလိုက်၏။

"မစ္စတာလီ... ကျွန်တော် သိသလောက်တော့ ဒီစာရင်းထဲက ဝန်ထမ်းတွေဟာ လက်ရှိမှာ အလုပ်ဆိုင်းငံ့ခံထားရတာ ဒါမှမဟုတ် အလုပ်မရှိဘဲ သောင်တင်နေကြတဲ့သူတွေပါ"

"ဒါလုံက ခင်ဗျားတို့ကုမ္ပဏီရဲ့အခြေအနေကိုလည်း ကျွန်တော် ကြားသိပြီးသားပါ၊ ဥက္ကဋ္ဌ လျိုထျန်းအန်က ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင်လုပ်ခဲ့တယ်လို့ သံသယရှိခံရလို့ ရာထူးက ဆိုင်းငံ့ခံထားရတယ်၊ သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ လူယုံတွေ အားလုံးကိုလည်း ကုမ္ပဏီက သီးသန့်ခွဲထုတ်ထားတယ် မဟုတ်လား"

"ဒီလူတွေကို ယုံကြည်မှုမရှိတော့ဘဲ ထပ်ပြီးတော့လည်း အသုံးမချရဲတော့ဘူးဆိုရင် ဘာလို့ သူတို့ကို လွှတ်မပေး လိုက်တာလဲ၊ ဒီအတိုင်းအချိန်ဆွဲနေရင် နှစ်ဦးနှစ်ဖက်လုံး စွမ်းအင်တွေ ဖြုန်းတီးရုံပဲ ရှိမှာမို့လို့ ဘာအဓိပ္ပာယ်မှ မရှိပါဘူး"

လီဟိုင်ပေါ်က သွားကြိတ်လျက် ပြန်ပြောသည်။

"ဒါက ကျုပ်တို့ကုမ္ပဏီရဲ့ အတွင်းရေးကိစ္စပါ၊ မစ္စတာကျိုးအနေနဲ့ ဒါကို ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူးလို့ ထင်ပါတယ်"

"မှန်ပါတယ်၊ ဒါကြောင့်လည်း ခင်ဗျားကို နားချဖို့ ကျွန်တော် ရည်ရွယ်မထားပါဘူး၊ အခု ကျွန်တော်က တခြားအကြောင်း အရာတစ်ခုကို ပြောချင်တာပါ"

ကျိုးထျန်း ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး အသံကို နှိမ့်လိုက်၏။

"မစ္စတာလီ... ပြီးခဲ့တဲ့ရက်ပိုင်းက ဝမ်ချောင်နည်းပညာဘက်ကနေ Weibo ပေါ်မှာ တင်ခဲ့တာတွေနဲ့ လုပ်ငန်းတွင်းက လူတွေ ပြောနေကြတာတွေကို ခင်ဗျား သိထားမှာပေါ့"

လီဟိုင်ပေါ် ပြန်မဖြေပေ၊ ၎င်းမှာ အထင်အရှားပင် မဟုတ်ပါလား။

"အခု ခင်ဗျားတို့ ဒါလုံနဲ့ ဝမ်ချောင်က ရန်သူတွေ ဖြစ်သွားကြပြီ၊ တစ်ယောက်နဲ့တစ်ယောက် အသေအလဲ တိုက်ခိုက်နေကြတာပဲ၊ သူတို့ကုမ္ပဏီ ဒေဝါလီခံပြီး သူတို့သူဌေး အလုပ်ပြုတ်သွားဖို့ ခင်ဗျား မျှော်လင့်နေမယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်"

"ကျွန်တော်သာ ဆိုရင်လည်း ကိုယ့်အလုပ်ကို အခိုးခံရပြီး လူသိရှင်ကြား လာဆွနေတာကို လုံးဝသည်းခံနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ကျွန်တော် ထင်တာမမှားဘူးဆိုရင် ခင်ဗျားတို့မှာ သူတို့ကို နှိမ်နင်းဖို့ ကောင်းမွန်တဲ့ နည်းလမ်းတကယ်မရှိဘူး မဟုတ်လား"

ထိုစကားများက လီဟိုင်ပေါ်၏ အထိခိုက်မခံဆုံး နေရာကို တည့်တည့်မှန်သွားခဲ့ရာ ၎င်းက သူ့အကြီးမားဆုံး စိုးရိမ်ပူပန်မှုပင်။

ဒါလုံတွင် အဆက်အသွယ်နှင့် သြဇာအာဏာ ရှိသော်လည်း ဝမ်ချောင်သည်လည်း ထိုအရာများ လျော့နည်းသည်တော့ မဟုတ်ပေ။

အကယ်၍ သူတို့နောက်ကွယ်တွင် တောင့်တင်းသော ကျော ထောက်နောက်ခံသာမရှိလျှင် အတုအပများ ပြုလုပ်ခြင်းဖြင့် နာမည်ကြီးသော ကုမ္ပဏီတစ်ခုက ယနေ့အထိ မည်သို့ ရေရှည်ရပ်တည်နိုင်ပါမည်နည်း။

ဝေဖေးယွီနှင့် ဝမ်ရှောင်တို့မှာ သူ့ကို ကားနှင့်အိမ် ပေးခဲ့သည့်အချိန်မှစ၍ ထိုဇနီးမောင်နှံသည် ရရှိလာသော အကျိုးအ မြတ်များကို လိုက်လံခွဲဝေပေးခြင်းဖြင့် ယနေ့တိုင် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူ ရိပ်မိခဲ့သည်။

၎င်းမှာ သူတို့၏စီးပွားရေးလောကတွင် ကျင်လည်သည့် နည်းလမ်းပင်။

သူတို့က သူ့ကိုပင် ပေးကမ်းလိုစိတ်ရှိလျှင် ပိုအရေးကြီးသော လူအချို့ကိုလည်း ကျိန်းသေပေါက် ပေးကမ်းထားလိမ့်မည်။

ဝမ်ချောင်နည်းပညာဟူသည် ထိုဇနီးမောင်နှံအတွက်သာမက သူတို့နှင့် ဆက်နွှယ်နေသည့် အကျိုးစီးပွား အသိုင်းအဝိုင်းတစ်ခုလုံးအတွက် တစ်သက်စာ ချမ်းသာမှုကို အာမခံပေးထားသည့် ရွှေအိုးကြီးတစ်လုံး ဖြစ်သည်။

ထို့အပြင် အကယ်၍ ဒါလုံတွင် အခြားနည်းလမ်းသာ ရှိခဲ့ပါက သူက တရားရင်ဆိုင်သည့် နည်းလမ်းကို ရွေးချယ်ခဲ့မည် မဟုတ်ပေ။

ကျိုးထျန်းသည် လီဟိုင်‌ပေါ်၏ မျက်နှာထက်မှ ခါးသီးသော အမူအရာကို မြင်လိုက်ရသဖြင့် မိမိထင်မြင်ချက် မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်သည်။

"မစ္စတာလီ... ခင်ဗျားတို့ မလုပ်နိုင်တဲ့အရာတွေ ရှိပေမဲ့ တခြားလူတွေကတော့ လုပ်နိုင်ပါတယ်၊ တခြားလူတွေရဲ့ အစွမ်းအစကို ငှားရမ်းအသုံးချရမယ့် သဘောတရားကို ခင်ဗျား နားလည်သင့်တယ်"

လီဟိုင်ပေါ်က နှုတ်ဆိတ်နေသော်လည်း ကျိုးထျန်း ဆိုလိုသည့်အရာကို သူ အကြမ်းဖျင်း သဘောပေါက်သွားပြီဖြစ်သည်။

"မစ္စတာလီ... ခင်ဗျားတို့အတွက် ဝမ်ချောင်ကို ကျွန်တော် ဖြေရှင်းပေးနိုင်တယ်"

ကျိုးထျန်း သူ့ အကြီးမားဆုံး ဖဲချပ်ကို ထုတ်ပြလိုက်၏။

ထိုအရာမှာ သူ့ယုံကြည်မှု၏ အရင်းအမြစ်ပင်။

"ခင်ဗျားမှာ တကယ်ပဲ နည်းလမ်းရှိလို့လား" လီဟိုင်ပေါ် သံသယစိတ်ဖြင့် မေးလိုက်သည်။

သူက နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း အားထုတ်မှုအားလုံးက အချည်းနှီး ဖြစ်ခဲ့ရသည်။

‘ငါက ဒီလောကထဲမှာ ဆယ်စုနှစ်ချီ ဖြတ်သန်းခဲ့တာတောင် မလုပ်နိုင်တာကို... အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးဖြစ်တဲ့ မင်းက လုပ်နိုင်မှာတဲ့လား၊ လျှောက်ပြောနေတာပဲ...’

သို့သော် ကျိုးထျန်း၏ ယုံကြည်မှုအပြည့် ရှိနေသည့် အသွင် အပြင်ကို သတိရသွားပြီးနောက် သူ စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ရသည်။

ကျိုးထျန်းက တစ်ဖက်လူ မိမိကို ယုံကြည်မည်မဟုတ်ကြောင်း သိသော်လည်း စိတ်မလောပေ။

"ဥက္ကဋ္ဌလီ... ကျွန်တော့်မှာ ဝမ်ချောင်ကို နှိမ်နင်းဖို့ နည်းလမ်း အမှန်တကယ် ရှိပါတယ်၊ သူတို့က ခင်ဗျားတို့အတွက် အကြီးမားဆုံး ခေါင်းခဲစရာဖြစ်သလို၊ မျက်စိထဲက ဆူးတစ်ချောင်းလည်း ဖြစ်နေတယ်၊

သူတို့ကို မဖျက်ဆီးနိုင်မချင်း ခင်ဗျားတို့ အိပ်ပျော်စားဝင်မှာ မဟုတ်ဘူး၊ ကျွန်တော်က ခင်ဗျားတို့အတွက် ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖြေရှင်းပေးမှာဖြစ်လို့ အပြန်အလှန်အနေနဲ့ လူအနည်းငယ် တောင်းဆိုတာက မတရားဘူးလို့ မထင်ပါဘူးနော်"

လီဟိုင်ပေါ်က လှောင်ပြုံး ပြုံးလိုက်၏။

"ခင်ဗျားက ဝမ်ချောင်ကို တကယ်ပဲ ဒုက္ခရောက်အောင် လုပ်နိုင်မယ်ဆိုရင် ဒီလူအနည်းငယ်က ဘာပြောပလောက်လို့လဲ"

ထိုဝန်ထမ်းများသည် ကုမ္ပဏီအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဖြစ်ရာ အသုံးလည်းမဝင်သလို စွန့်ပစ်ရန်လည်း နှမြောစရာဖြစ်နေသည်။

အကယ်၍ ထိုသူများကိုသုံးပြီး ရန်သူကို ဒုက္ခပေးနိုင်မည်ဆိုပါက ကြီးမားသော အမြတ်အစွန်းပင် မဟုတ်ပါလား။

"ဒါပေမဲ့ ခင်ဗျားရဲ့ နည်းလမ်းက အတိအကျ ဘာလဲဆိုတာ ပြောပြနိုင်မလား၊ မဟုတ်ရင် ခင်ဗျားကို ယုံကြည်ဖို့ ကျုပ်အတွက် ခက်ခဲလိမ့်မယ်"

"စိတ်မကောင်းပါဘူး၊ အတိအကျ နည်းလမ်းကိုတော့ ကျွန်တော် ထုတ်ဖော်ပြောလို့မရဘူး၊ နောက်ပိုင်းကျရင် ခင်ဗျား သိလာပါလိမ့်မယ်" သူ လက်ကို ဝှေ့ယမ်းလိုက်ရင်း ဆိုသည်။

"ဒါ့အပြင် ခင်ဗျားရဲ့ အသုံးအနှုန်းတစ်ခုကို ကျွန်တော်ပြင်ချင်ပါတယ်၊ ကျွန်တော် လုပ်ချင်တာက ဝမ်ချောင်နည်းပညာကို ဒုက္ခရောက်အောင် လုပ်ဖို့တင် မဟုတ်ဘူး... အမြစ်ပြတ် ချေမှုန်းပစ်ဖို့ပါ"

သူက "ချေမှုန်း" ဆိုသည့် စကားလုံးကို အလေးအနက် အသားပေး ပြောဆိုလိုက်၏။

လီဟိုင်ပေါ် ဆွံ့အသွားရသည်။ မိမိကဲ့သို့ ဝါရင့်တစ်ဦးက မိမိရှေ့ရှိ လူငယ်လေးတစ်ဦး၏ ဖိအားပေးမှုကို ခံလိုက်ရသည်ဟူသောအချက်ကို သူ မယုံကြည်နိုင်ဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ကျိုးထျန်းက ထိုစကားများကို ပြောလိုက်သည့်အချိန်တွင် သူ့ထံမှ သတ်ဖြတ်လိုသော အငွေ့အ သက်များ အမှန်တကယ် လွင့်ပျံလာသောကြောင့်ပင် ဖြစ်သည်။

သူ့ကို လွှမ်းမိုးသွားသည့် သတ်ဖြတ်လိုသော အငွေ့အသက်မျိုးဖြစ်၏။

လီဟိုင်ပေါ်၏ကျောပြင်မှာ အလိုလိုတင်းမာသွားပြီး မိမိရှေ့တွင် ရှေးဟောင်း သားရဲတိရစ္ဆာန်ကြီးတစ်ကောင်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ ယုံကြည်သွားခဲ့သည်။ စိတ်ကူးထဲတွင် သူက ကျိုးထျန်းစကားများကို အလိုအလျောက် ယုံကြည်မိသွားခြင်း ဖြစ်သည်။

‘ဒီကောင်က အတိအကျ ဘာတွေကြံစည်နေတာလဲ...’

‘ပြီးတော့ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ယောက်က ဘာလို့ ဒီလောက်ပြင်းထန်တဲ့ အရှိန်အဝါနဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ထုတ်ဖော်နိုင်ရတာလဲ၊ မယုံနိုင်စရာပဲ...’

ကျိုးထျန်းကိုယ်တိုင်ပင် မာခွန်းကို ကိုင်တွယ်ပြီးကတည်းက မိမိစိတ်နေစိတ်ထားတွင် သတ်ဖြတ်လိုသော အရိပ်အ ယောင်များ စိမ့်ဝင်နေခဲ့သည်ကို သတိမပြုမိခဲ့ပေ။

ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးကို သာမန်လူများ ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်သလောက်ပင်၊ ဘာကြောင့်လဲဆိုသော် သာမန်လူများတွင် တခြားလူတစ်ယောက်၏ အသက်ကို နုတ်ယူနိုင်သည့် စွမ်းရည်မျိုးမရှိနိုင်သောကြောင့် ဖြစ်သည်။

လီဟိုင်ပေါ်သည် အနည်းငယ် တုန်ရင်နေသော သူ့ ညာလက်ကို ပြန်လည်ထိန်းချုပ်လိုက်ရင်း အတင်းအကျပ် ပြုံးလိုက်ရသည်။

"အကယ်၍ ဥက္ကဋ္ဌကျိုးသာ တကယ်ပဲ လုပ်နိုင်မယ်ဆိုရင် ကျုပ်လည်း ကတိအတိုင်း ကျိန်းသေတည်ပါ့မယ်"

သူ့သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျိုးထျန်း ဆက်ပြောလိုက်၏။

"မစ္စတာလီ...ပြိုင်ဘက်တစ်ယောက်ရဲ့ပျက်သုဉ်းမှုနဲ့ ဝန်ထမ်း အယောက် အရေအတွက် ဒါဇင်အနည်းငယ်ကို လဲလှယ်ရတာက အရမ်းလွယ်ကူလွန်းတယ်လို့ မထင်ဘူးလား"

"ဒါဆို ခင်ဗျားဆိုလိုတာက..."

"ခင်ဗျား သဘောတူရမယ့် ဒုတိယမြောက် စည်းကမ်းချက်တစ်ခု ရှိပါသေးတယ်"

ဒုတိယအချက်ကို ကြားလိုက်ရသောအခါ လီဟိုင်ပေါ်၏ မျက်မှောင်က ပြန်လည်တွန့်ချိုးသွားသော်လည်း ဘာမှထပ်မပြောရဲဘဲ ငြိမ်သက်စွာသာ နားထောင်နေလိုက်တော့သည်။

"ဒုတိယအချက်ကတော့ ဝမ်ချောင်နည်းပညာ ပြိုလဲသွားတဲ့အခါ ခင်ဗျားတို့ ဒါလုံအနေနဲ့ သူတို့ရဲ့အဓိက နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်ယူခွင့်မရှိဘူး"

ဘီလူးကြီးများ လဲပြိုသွားသော်လည်း စားသုံးရန် အသားအမြောက်အမြား ကျန်ရှိနေဦးမည်သာ။

ကျိုးထျန်းသည် တန်ဖိုးအရှိဆုံး အစိတ်အပိုင်းများကို လက်လွှတ်ရန် ရည်ရွယ်မထားပေ။

ထို့ကြောင့် သူ စည်းမျဉ်းများကို ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှန်ဟိုင်းတွင် ဝမ်ချောင်နည်းပညာ ပျက်သုဉ်းသွားပြီးနောက် ကျန်ရစ်မည့် အရည်အချင်းရှိသူများကို လုယူရန် ဒါလုံတွင် အင်အားရှိနေပြီး၊ အခြားတစ်ဖက်တွင်မူ ထျန်းချိုင်နည်းပညာကုမ္ပဏီ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိုအရည်အချင်းရှိသူများက မရှိမဖြစ် လိုအပ်နေသောကြောင့်ဖြစ်၏။

ဒါလုံနှင့် ကြိုတင်စည်းမျဉ်း သတ်မှတ်ထားခြင်းက နောင်တွင် အချင်းချင်းလူခေါ်ယူရန်အတွက် ငွေအမြောက်အမြား အပြိုင်အဆိုင် သုံးစွဲရခြင်းထက် ပိုမိုလွယ်ကူပြီး ကုန်ကျ စရိတ်ပိုမိုသက်သာစေသည်။

ထို့အပြင် ဒါလုံက ထိုလူများကို ဝင်ရောက်မလုယူပါက သူက ငွေအနည်းငယ်ဖြင့် ထိုအရည်အချင်းရှိသူများကို ရရှိနိုင်မည်ဖြစ်သည်။

သူတို့ကို လိုအပ်နေချိန်တွင် ၎င်းတို့က မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်သော်လည်း၊ မည်သူမျှ မလိုအပ်တော့သည့် အချိန်တွင်မူ ထိုသူများသည် အလုပ်အကိုင် ရှာဖွေနေရသည့် သာမန်အလုပ်သမား အစုအဖွဲ့တစ်ခုသာဖြစ်သွားလိမ့်မည်။

လီဟိုင်ပို ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ခင်ဗျားကို ကျုပ်ကတိပေးပါတယ်၊ ကျုပ်တို့ ဒါလုံက ထျန်းချိုင်နည်းပညာဆီကနေ အဲဒီလူတွေကိုဝင်ပြီး လုမှာမဟုတ်ပါဘူး"

"မစ္စတာလီက သဘောထားကြီးတာပဲ၊ ဒါဆိုရင် ကျုပ်တို့ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေချောမွေ့ပါစေ"

သူက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး လီဟိုင်ပေါ်၏ ခွက်နှင့် တိုက်လိုက်၏။

သူ့နှုတ်ခမ်းထဲတွင် လက်ဖက်ရည်က အလွန်တရာ ချိုမြိန်နေသော်လည်း တစ်ဖက်လူ၏ အာခေါင်ထဲတွင်မူ... ခါးသက် သက် အရသာ ခံစားနေရသည်။

အဆိုးရွားဆုံးမှာ ဝမ်ချောင်နည်းပညာ၏ ပိုင်ရှင်များနှင့် ဝန်ထမ်းများပင်။

သူတို့ကိုယ်သူတို့ သတိမပြုမိဘဲ ကျိုးထျန်း၏လှည့်ကွက်အတွင်းသို့ လုံးဝရောက်ရှိသွားခဲ့ကြပြီဖြစ်သည်။

All Chapters