အခန်း ၁၆၂
Vol. 17 Ch. 162
🍋 Chapter 162
ဝေဖေးယွီနှင့် ဝမ်ရှောင်တို့သည် ကျိုးထျန်းက သူတို့ပေးသည့် လက်ဆောင်များကို လက်ခံခဲ့သော်လည်း ဝမ်ချောင်နည်းပညာကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားဆဲဖြစ်ကြောင်း အိပ်မက်ပင်မက်ဖူးကြလိမ့်မည် မဟုတ်ပေ။
၎င်းတို့၏ အတွေးထဲတွင်မူ ကျိုးထျန်းဘက်က မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးသဖြင့် သူတို့ထံမှ လာဘ်လာဘ ဆက်သလာမည့်အချိန်ကို ထပ်မံစောင့်ဆိုင်းနေခြင်း ဖြစ်ရမည်ဟု ထင်နေကြသည်။
ငွေကြေးနှင့် လက်ဆောင်များသာ အလုံအလောက် ပေးနိုင်ပြီး သူတို့ဘက်က နှိမ့်ချဆက်ဆံသရွေ့ ရှင်သန်နိုင်မည့် လမ်းစ အမြဲရှိနေလိမ့်မည်ဟု ယူဆထားကြ၏။
ထို့အပြင် ကျိုးထျန်းက အလွန်နက်နဲပြီး ခန့်မှန်းရခက်လွန်းသဖြင့် အာဏာရှိသော နောက်ခံအသိုင်းအဝိုင်းမှ ဆင်းသက်လာသည့် သူဌေး သားသမီးတစ်ဦး ဖြစ်ရမည်ဟု တွေးထားကြသည်။
အကယ်၍သာ သူ့အနား ကပ်ပူးနိုင်လျှင် ၎င်းတို့၏လုပ်ငန်းများက ပိုအောင်မြင်လာမည် မဟုတ်ပါလား။
သို့သော် သူတို့ မသိသည်မှာ သူတို့ မည်မျှပင် ပေးကမ်းပါစေ၊ တစ်ကိုယ်လုံး ပုံအောပေးပြီး ဝမ်ချောင်နည်းပညာတစ်ခုလုံးကို လွှဲအပ်ပေးလျှင်ပင် ကျိုးထျန်းက သူတို့ကို လွှတ်ပေးရန် စိတ်ကူးမရှိခြင်းပင်။
အကယ်၍ သူတို့က သူ့ကိုသာ လာရောက်စော်ကားခြင်းဖြစ်ပါက တစ်ဖက်လူက စိတ်ရင်းဖြင့် နောင်တရပြီး လုံလောက်သော လျော်ကြေးပေးလျှင် ကျိုးထျန်း ခွင့်လွှတ်ပေးနိုင်သည်။
သို့သော် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနိုင်မယ့် အလားအလာ သေးသေးမွှားမွှားလေးပဲ ရှိစေကာမူ ထိုကဲ့သို့သောလူမျိုးနှင့် ပြန်လည်သင့် မြတ်ဖို့ဆိုရန်မှာ လုံးဝအခွင့်အရေးမရှိပေ။
ဥပမာအားဖြင့် ဝူချန်ချိုင်နှင့် ဝူခယ်ရုံတို့တုန်းက ဖြစ်သည်။
ဝူခယ်ရုံမှသူ့ကို ဒုက္ခပေးချင်ခဲ့သော်လည်း အသက်အန္တရာယ်အထိ စိုးရိမ်ရခြင်း မရှိသဖြင့် လုံလောက်သော လျော်ကြေးရပြီးနောက် ကျိုးထျန်းဆက်မလိုက်တော့ဘဲ ထိုမိသားစုကို လွှတ်ပေးခဲ့သည်။
နက်ရှိုင်းတဲ့ နာကျည်းမှုမျိုးမရှိရင် လူတစ်ယောက်ကို အဆုံး စွန်အထိ တွန်းပို့ဖို့ မလိုအပ်ပေ။
သို့သော် မာခွန်းကမူ မတူပေ။ ထိုကောင်မှာ ရက်စက်ကြမ်း ကြုတ်ပြီး လူသားဆန်သည့် အသိစိတ် လုံးဝမရှိသူ ဖြစ်ရာ ၎င်း၏အသက်ကို ဆက်လက်ချန်ထားရန် မထိုက်တန်တော့ပေ။
ဝေဖေးယွီနှင့် ဝမ်ရှောင်တို့ကလည်း ထိုနည်းလည်းကောင်းပင်။
အဆုံးမရှိသော အကျိုးအမြတ်များ၊ လျိုထျန်းအန်အပေါ် ကလဲ့စားချေလိုစိတ်နှင့် ၎င်းတို့၏ ဝါကြွားလိုသော စိတ်များကြောင့် တခြားလူများကို မြှောက်ထိုးပင့်ကော်လုပ်ကာ ရာဇဝတ်မှု ကျူးလွန်ခိုင်းခဲ့ကြသည်။
ထိုအရာမှာ လုံးဝသည်းခံနိုင်စရာမရှိဘူး။
သို့သော် အနည်းဆုံးတော့ သူတို့က ကျိုးထျန်းနှင့် နီးစပ်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း မရှိသဖြင့် မာခွန်းအပေါ် သုံးခဲ့သည့် နည်းလမ်းမျိုးကို သူတို့အပေါ် သုံးမည်မဟုတ်ပေ။
တရားဝင်နည်းလမ်းကိုသာ အသုံးပြုရန် ရွေးချယ်လိုက်သည်။
သူ့ရှေ့တွင် ရပ်နေသော လီဟိုင်ပေါ်မှာမူ စိတ်မသက်မသာ ဖြစ်နေသည့် ပုံစံရှိနေသည်။
မိမိထက် အသက်များစွာ ငယ်ရွယ်သော လူငယ်တစ်ဦး၏ ပြင်းထန်သော အရှိန်အဝါအောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသဖြင့် သူ မကျေမနပ်ဖြစ်မိသော်လည်း ဘာမှတော့ မပြောရဲပေ။
‘ဒီကောင်က ဝမ်ချောင်နည်းပညာကို ဖြိုလဲပစ်ချင်ရုံတင်မကဘဲ သူတို့ရဲ့ အဓိက ဝန်ထမ်းတွေကိုပါ ဝါးမြိုပစ်ချင်နေတာပဲ’
ဤလူငယ်တွင် ကြီးမားသော အလိုလောဘနှင့် အလွန်အမင်း ရက်စက်တတ်သော စိတ်နေစိတ်ထား ရှိနေသည်။ ၎င်းက သူ၏ဆယ်စုနှစ်ချီ သက်တမ်းတစ်လျှောက်တွင် ခဲခဲယဉ်းယဉ်း မြင်တွေ့ဖူးသည့် အရာမျိုး ဖြစ်၏။
‘ဒီကောင်က သွားဆွလို့ရတဲ့ကောင် မဟုတ်ဘူး၊ ဒါပေမဲ့ သူနဲ့ အရမ်းရင်းနှီးအောင် လုပ်လို့လည်းမဖြစ်ဘူး၊ ခက်တာပဲ...’
ကျိုးထျန်းသည် နောင်တစ်ချိန်တွင် ဒါလုံနည်းပညာအတွက် ကြောက်မက်ဖွယ် ရန်သူတစ်ဦး ဖြစ်လာလိမ့်မည်ကို သူ အကဲခတ်မိထားပြီး ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူက မည်သည့် ရန်လိုသည့် အရိပ်အယောင်မှ မပြရဲသေးပေ။ သူ မပြဝံ့ခြင်း ဖြစ်၏။
‘ဒီကိစ္စ ပြီးသွားတဲ့အထိ စောင့်ကြည့်ရမယ်၊ သူ ဝမ်ချောင်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ပြီးမှ တခြား ဒါရိုက်တာတွေနဲ့ တိုင်ပင်ရမယ်။ တကယ်လို့ မရရင်လည်း အားလုံးရဲ့ အင်အားကို စုစည်းပြီး ဒီကောင်လေးကို နှိပ်ကွပ်နိုင်မလား ကြည့်ရတာပေါ့...’
သူသည် ယနေ့ညတွင်ပင် မိမိနှင့် ရင်းနှီးသော ဒါရိုက်တာများနှင့် ဤကိစ္စကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
လုပ်ငန်းခွင်အတွင်း၌ အစွမ်းထက်သော နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ၎င်းက အထွတ်အထိပ်သို့ မရောက်ရှိမီ ကြိုတင်နှိပ်ကွပ်ထားရမည် ဖြစ်၏။
မဟုတ်ပါက ထိုနဂါးက ကောင်းကင်သို့ ပျံတက်သွားလျှင် "ခေါင်းဆောင်နေရာ" က လက်ပြောင်းသွားနိုင်ပေသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျိုးထျန်းလည်း အလားတူပင် တွေးတောနေမိသည်။
‘မိုဘိုင်းလ်ဂိမ်းလောကဆိုတာက ဒီလောက်ပဲ ကျဉ်းကျဉ်းလေး။ ထျန်းချိုင်နည်းပညာနဲ့ ဒါလုံတို့အကြားက တိုက်ပွဲက ရပ်တန့်သွားမှာ မဟုတ်ဘူး၊ အခုက ယာယီ ငြိမ်သက်နေတဲ့ သဘောပဲ...’
‘ကျားဆိုတာက ဖျားနာနေရင် ဒါမှမဟုတ် ဗိုက်မဆာရင်သာ လူသားမစားတာမျိုးပဲ ရှိတာ...’
‘သူတို့ အင်အားပြန်ပြည့်လာတာနဲ့ ထျန်းချိုင်ကို အစွမ်းကုန် လာတိုက်ခိုက်ကြမှာ သေချာတယ်၊ ငါ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မယ်...’
ကျိုးထျန်းသည် ဒါလုံမှာ အလျှော့ပေးမည့် ပြိုင်ဘက်မျိုးဟု ထင်မှတ်လောက်အောင် ကလေးမဆန်ပေ။
သူတို့သည် ဘုံရန်သူ ရှိနေသောကြောင့်သာ ယာယီ လက်တွဲထားကြခြင်း ဖြစ်သည်။
ဝမ်ချောင်နည်းပညာ လဲပြိုသွားသည်နှင့် ထျန်းချိုင်မှာ နောက်ထပ် ပစ်မှတ် ဖြစ်လာလိမ့်မည်။
‘လာချင်သလောက် လာခဲ့စမ်း၊ ငါကတော့ ထိပ်တိုက်ရင်ဆိုင်မှာပဲ။ ယင်းချိုင်နဲ့ ဝမ်ချောင်ကိုတောင် ငါ အနိုင်ပိုင်းနိုင်ခဲ့တာ၊ မင်းတို့ ဒါလုံကလည်း ငါ့အတွက် ပြိုင်ဘက်မဟုတ်ပါဘူး...’
သူတို့နှစ်ဦး လက်ဖက်ရည်ကို ခေတ္တမျှ ဆက်သောက်နေကြသော်လည်း လီဟိုင်ပိုကမူ စကား ဆက်ပြောချင်စိတ် မရှိတော့သည်မှာ သိသာလှသည်။
သူက စိတ်မပါဘဲ အတင်းအကျပ် အဖော်ပြုပေးနေခြင်း ဖြစ်ပြီး ကျိုးထျန်းကို တိုက်ရိုက် ပြန်လွှတ်ရန်လည်း မဝံ့မရဲ ဖြစ်နေ၏။
လက်ဖက်ရည် တစ်ခွက် ထပ်သောက်ပြီးနောက် ကျိုးထျန်းက ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။
ဆက်ထိုင်နေလည်း ဘာမှ ထူးခြားလာမည်မဟုတ်ပေ။
"ဥက္ကဋ္ဌကျိုး... ကတိအတိုင်း ခင်ဗျားအတွက် လက်ဖက်ရည်တစ်ထုပ် အပါအဝင် ထုပ်ပိုးပေးထားပါတယ်၊ အိမ်ပြန်ရောက်ရင် ဆက်ပြီး သုံးဆောင်နိုင်ပါတယ်"
"ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာလီ၊ ဒီနေ့ ခင်ဗျားနဲ့ တွေ့ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ နောက်မှ အချိန်ရရင် အတူတူ ထမင်းစားရင်း စကားစ မြည် ပြောကြတာပေါ့"
အနှစ်သာရမရှိသော စီးပွားရေးလောကသုံး အားနာစကား အချို့ကို ပြောဆိုပြီးနောက် ကျိုးထျန်း ဓာတ်လှေကားဆီသို့ ဦးတည်လိုက်သည်။
သူက ခလုတ်ကို နှိပ်လိုက်သည့်အချိန်မှာပင် ခုနက သူ့ကို နှုတ်ဆက်ခဲ့သည့် ဧည့်ကြိုကောင်မလေးက အပြေးအလွှား ရောက်လာ၏။
"ဟို... ဥက္ကဋ္ဌကျိုး၊ ကျွန်မ ဥက္ကဋ္ဌရဲ့ WeChat ကို အပ်ထားလို့ ရမလားဟင်"
ကျိုးထျန်း ပထမတော့ အလိုလို ငြင်းပယ်ချင်စိတ်ဖြစ်သွားသည်။ အချင်းချင်း မသိကျွမ်းဘဲနှင့် ဘာလို့ WeChat အပ်ရမှာလဲ။
သို့သော် သူ စိတ်ကူးပြောင်းသွားပြီး ပြုံးပြလိုက်၏။
"ရတာပေါ့... အချိန်မရွေး ဆက်သွယ်လို့ရတာပေါ့"
ဒါလုံ၏အဆင့်အတန်းမှာ မဆိုးလှသဖြင့် သူတို့၏ ဧည့်ကြိုများအားလုံးမှာ အတော်လေး ချောမောလှပသော မိန်းကလေးငယ်များ ဖြစ်ကြသည်။
သူ့ရှေ့က ကောင်မလေးမှာ အပြစ်ကင်းစင်ပုံရပြီး တက္ကသိုလ်မှ ဘွဲ့ရခါစ မိန်းကလေးတစ်ဦးဖြစ်မှန်း သိသာလှသည်။
သို့သော် သူမ မျက်လုံးများထဲတွင်မူ ရာထူးဂုဏ်ရှိန်နှင့် စည်းစိမ်ဥစ္စာကို မက်မောတွယ်တာနေသည့် မိန်းမသားတစ်ယောက်၏လောဘရိပ်ကို ကျိုးထျန်း မြင်နိုင်၏။
‘ကုမ္ပဏီတစ်ခုရဲ့ ဧည့်ကြိုကောင်မလေးက တခြားကုမ္ပဏီရဲ့ သူဌေးဆီကနေ ဖုန်းနံပါတ် တောင်းတယ်ဆိုတာ သင့်တော်လို့လား’
‘ဟုတ်တာပေါ့... သူမက ငါ့ရဲ့အဆင့်အတန်းကို သိနေလို့သာ ဒီလောက်အထိ တက်ကြွနေတာလေ’
‘ဒီမိန်းကလေးက သတ္တိရှိပြီး ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် အစွမ်းကုန်ပုံအောရဲတဲ့ပုံပဲ၊ နောင်ကျရင် အသုံးချလို့ကောင်းမယ့် ရွှေရည်ချဖဲချပ်တစ်ခု ဖြစ်လာနိုင်တယ်’
သူမ ရုပ်ရည်မှာ သာမန်လူများကြားတွင် အတော်အသင့် ချောမောသည်ဟု ဆိုနိုင်ပြီး မိတ်ကပ်လိမ်းထားလျှင် အမှတ် ၁၀ မှာ ၈ မှတ်လောက် ပေးနိုင်သော်လည်း မုယန် သို့မဟုတ် ကျောက်ရှင်းတို့နှင့် ယှဉ်လျှင်မူ များစွာကွာခြားလွန်းလှသည်။
‘မင်းက မချောတာ မဟုတ်ပါဘူး၊ ငါ့ရဲ့ စံနှုန်းတွေက မြင့်မားလွန်းနေလို့ပါ...’
ထိုမိန်းကလေး၏ ဖားယားလိုသော အပြုံးကို ချန်ထားရစ်ခဲ့ပြီးနောက် သူ ဓာတ်လှေကားစီးကာ ဒါလုံနည်းပညာ ကုမ္ပဏီရုံးခန်းမှ ထွက်ခွာလာခဲ့တော့သည်။
‘အဆင်ပြေတယ်... ငါ့ရဲ့ ရည်ရွယ်ချက်က အကြမ်းဖျင်းတော့ အောင်မြင်ခဲ့ပြီ။ ပြီးတော့ တခြားဥက္ကဋ္ဌတွေရဲ့ စွမ်းဆောင်ရည်က ငါထင်ထားသလောက် မမြင့်မားလှဘူးပဲ။ သူ့ရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သာမန်လူထက် နည်းနည်းပဲ သာတာကို သိနိုင်တယ်...’
‘သူ အမြဲတမ်း ဒေါသထွက်နေတာ မဆန်းပါဘူး။ ကုမ္ပဏီမှာ သူ ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေရတာလဲ မဆန်းတော့ဘူးပဲ’
‘ငါ့ကို ဧည့်ခံတာတောင်မှ စောင့်ကြည့်ကင်မရာရှိတဲ့ နေရာမှာ လုပ်ရတာကိုး။ ကြည့်ရတာ ဒါရိုက်တာအဖွဲ့ထဲမှာ သူ့ရဲ့ ရာထူးက သာမန်ပါပဲ၊ သူက ကိုယ်ပိုင်အရည်အချင်းသက် သက်နဲ့တင် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာ မဟုတ်ပုံရတယ်...’
သူက စိတ်ထဲမှနေ လီဟိုင်ပေါ်ကို တိတ်တဆိတ် သုံးသပ်နေမိသည်။
ဒါလုံမှ ထွက်လာပြီးနောက် သူသည် Baoge ဟိုတယ် သို့မဟုတ် အိမ်သို့ မပြန်ဘဲ ထျန်းချိုင်နည်းပညာ ကုမ္ပဏီရုံးခန်းဆီသို့သာ မောင်းနှင်ခဲ့၏။
ကုမ္ပဏီသို့ ပြန်ရောက်သောအခါ သူ့ကို မည်သူမျှ မမှတ်မိကြသည်ကို တွေ့လိုက်ရသည်။ ဧည့်ကြိုကပင် သူ့ကို တားဆီးကာ မည်သူ့ကို ရှာဖွေနေခြင်းလဲဟု မေးမြန်းလာ၏။
‘ကံဆိုးတာပဲ... ငါအရင်က သိထားတဲ့ ဧည့်ကြိုကောင်မလေးက ဒီနေ့ အလုပ်ဆင်းပုံမရဘူး။ ဝန်ထမ်းတွေကို ကိုယ့်အကြောင်းကိုယ် ပြန်ရှင်းပြနေရဦးမယ်၊ အရှက်ကွဲစရာပဲ...’
မိမိကိုယ် မိမိ လူသိနည်းအောင် နေထိုင်လွန်းခဲ့သလောဟု သူ တွေးမိသွားသည်။
ကံကောင်းထောက်မစွာဖြင့် မျက်နှာချိုသွေးတတ်သော ချန်ကွမ်ချီက အစည်းအဝေးတစ်ခုမှ ပြန်လာချိန်တွင် ရှင်းပြရန် ပြင်နေသည့် ကျိုးထျန်းကို လှမ်းမြင်သွားခဲ့သည်။
"ဥက္ကဋ္ဌကျိုး... ဒီနေ့ ကုမ္ပဏီကို ဘာကိစ္စရှိလို့ ကြွလာတာလဲ"
"အော်... လောင်ချန်၊ ခင်ဗျား အချိန်မီ ရောက်လာတာ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်တော် အထဲတောင် ဝင်ရတော့မှာ မဟုတ်ဘူး"
ကျိုးထျန်း သူ့ ပုခုံးကို ဖက်လိုက်ပြီး ရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ဧည့်ကြိုမလေးမှာမူ လူငယ်တစ်ဦးက ကုမ္ပဏီ၏ ဒုတိယအကြီးအကဲဖြစ်သူ၏ပုခုံးကို ပုတ်နေပြီး မစ္စတာချန်ကလည်း အလွန်တရာ ကျေနပ်အားရနေသည်ကို ကြည့်ကာကြောင် အမ်းအမ်း ဖြစ်ကျန်ခဲ့တော့၏။
‘ဥက္ကဋ္ဌကျိုးတဲ့လား... ဒါဆိုရင် သူက ငါတို့ရဲ့သူဌေးကြီးပေါ့...’
ကျိုးထျန်း သူ့ ရုံးခန်းဆီသို့ တည့်တည့် သွားလိုက်သည်။ ၎င်းက ကုမ္ပဏီတစ်ခုလုံးတွင် လူသူအရောက်အပေါက်အနည်း ဆုံးနေရာ ဖြစ်ပြီး သန့်ရှင်းရေးအမျိုးသမီးမှလွဲ၍ မည်သူမျှ လာလေ့မရှိပေ။
သူ့ မန်နေဂျာကုလားထိုင်ပေါ်တွင် ဆယ်မိနစ်ခန့် အနားယူပြီးနောက် စားပွဲပေါ်ရှိ ဖုန်းသံ မြည်လာခဲ့သည်။
"ဥက္ကဋ္ဌကျိုး... ကုမ္ပဏီအပြင်မှာ ဥက္ကဋ္ဌကို ရှာနေတဲ့လူတစ်ယောက်ရှိလို့ပါရှင့်"
ဧည့်ကြိုမလေးက ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းပြောသည်။
သူမသည် ခုနက မိမိ၏သူဌေးကြီးကို မမှတ်မိခဲ့သဖြင့် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
သို့သော် ကျိုးထျန်းက စိတ်သဘောထား သေးသိမ်သူမဟုတ်သဖြင့် ထိုအရာကို စိတ်ထဲထားမည် မဟုတ်ပေ။
"သိပြီ... သူ့ကို ငါ့ရုံးခန်းထဲပဲ လွှတ်လိုက်ပါ"
ခဏအကြာတွင် ရုံးခန်းတံခါး ပွင့်လာခဲ့သည်။
အနက်ရောင် ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဝင်လာခဲ့ရာ သူ့ ဆံပင်များက ဖုန်တက်နေပြီး တစ်ကိုယ်လုံးတွင်လည်း ဖုန်မှုန့်များ ပေကျံနေသည်။