← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

🍋 Chapter 163

၎င်းက ဥက္ကဋ္ဌကျိုးနှင့် ထိုအမျိုးသားတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သော်လည်း သူက ယဉ်ကျေးပျူငှာစွာ မတ်တပ်ရပ်လျက် ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

"ခင်ဗျားက မစ္စတာမော်ဟုန်တာလား"

"ဟုတ်ပါတယ်၊ ကျုပ်ပါပဲ။ အားနာပါတယ်ဗျာ၊ ဒီမှာ ဆေးလိပ်သောက်လို့ ရမလားဟင်"

မော်ဟုန်တာက ဆေးလိပ်အလွန်သောက်တတ်သူဖြစ်မှန်း သိသာလှသည်။

သူက အိတ်ထဲမှ ‘ရွှေဖားဥ’ ဆေးလိပ်ဘူးကို ထုတ်ယူကာ တစ်လိပ် နှိုက်မည့်အချိန်တွင် ကျိုးထျန်းကို မော့ကြည့်၍ ခွင့်တောင်းခြင်း ဖြစ်၏။

"သောက်ချင်ရင် ပြတင်းပေါက်နား သွားသောက်ပါ"

မော်ဟုန်တာက ခေတ္တမျှ စဉ်းစားပြီးနောက် ဆေးလိပ်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်တော့သည်။

"ဥက္ကဋ္ဌကျိုး... ခင်ဗျား အကူအညီတောင်းထားတဲ့ ကိစ္စကို ကျုပ် စုံစမ်းပေးခဲ့ပါတယ်၊ ဒါပေမဲ့... ဒါက ကျုပ်ထင်ထားတာထက် အများကြီး ပိုပြီး ရှုပ်ထွေးနေတယ်ဗျ"

"အော်... ဘာဖြစ်လို့လဲ"

ကျိုးထျန်းသည် ဤလူကို ကောင်းစွာမသိသလို သိပ်လည်း မယုံကြည်လှသဖြင့် ရှုပ်ထွေးနေသည်ဟု ပြောလာခြင်းမှာ ငွေပိုမိုတောင်းခံရန် အကွက်ဆင်နေခြင်း ဖြစ်ရမည်ဟု ယူဆလိုက်မိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ချောင်နည်းပညာ၏ ပါတီပွဲမှ ပြန်လာပြီးနောက် သူသည် ‘ပေါင်ချင်း’ အပေါင် ဆိုင်မှ လျိုပေါင်ချင်းကို ဆက်သွယ်ခဲ့သည်။

လျိုပေါင်ချင်းတွင် လျှို့ဝှက်ဆန်းကြယ်သော အဆက်အ သွယ် အမြောက်အမြား ရှိနေသဖြင့် တစ်ခါတစ်ရံတွင် ထိုကဲ့သို့သော လမ်းကြောင်းများကသာ ခေါင်းခဲစရာ ပြဿနာများကို ဖြေရှင်းပေးနိုင်လေ့ ရှိသည်။

သူက နန်ဟဲတွင် ရှိသော သူငယ်ချင်းတစ်ဦးကို အကူအညီတောင်း၍ ကိစ္စတစ်ခုကို စုံစမ်းခိုင်းရန် လျိုပေါင်ချင်းအား အကြောင်းကြားခဲ့ခြင်း ဖြစ်၏။

ယခုအခါ လျိုပေါင်ချင်းသည် သူ့ကို အကြောင်းပြချက်များ ဘယ်တော့မှ မမေးတော့ဘဲ ခိုင်းသည့်အတိုင်း တိကျစွာ လုပ်ဆောင်ပေးလေ့ရှိသည်။

ဘာကြောင့်လဲဆိုသော် သူက ငွေအလုံအလောက် ရရှိသောကြောင့်ပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကျိုးထျန်း၏ တောင်းဆိုချက်ကို ကြားပြီးနောက် သူက အတော်ကြာအောင် ပြန်မဖြေနိုင်ခဲ့ပေ။

ငါးမိနစ်ခန့် ကြာပြီးမှသာ သူက ဖုန်းထဲမှ ဇဝေဇဝါဖြစ်လျက် မေးလာခဲ့သည်။

"ညီလေး... မင်းက အတိအကျ ဘာကို စုံစမ်းချင်တာလဲ"

ကျိုးထျန်း ကိုယ်တိုင်လည်း ရှင်းပြရ ခက်ခဲနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝေဖေးယွီနှင့် ဝမ်ရှောင်တို့က မည်သည့် မကောင်းမှုမျိုးကို ကျူးလွန်ခဲ့သည်ကို သူ စိတ်ရင်းဖြင့် မသိရှိသောကြောင့် ဖြစ်၏။

သူသိထားသည်မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ထိုနှစ်ဦးက ကြီးမားသော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြပြီး

၎င်းက မည်မျှအထိ ပြင်းထန်သလဲဆိုလျှင် နောက်တစ်နေ့တွင်ပင် မိသားစု စီးပွားရေးကိုပါ စွန့်ပစ်လျက် ဇာတိမြေမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကိုမူ သူ မသိပေ။

ထို့အပြင် သူက ဂျက်ဆီ ကို သုံးပြီး သူတို့၏ ဖုန်းများကို ကြားဖြတ်နားထောင်ခိုင်းထားသော်လည်း မည်သည့် အသုံးဝင်သော အချက်အလက်မျှ မရရှိခဲ့ပေ။

သူတို့နှစ်ဦးက အလွန်အမင်း ဂရုစိုက်ကြသည်မှာ ထင်ရှားလှသည်။

သူ ပေးနိုင်သော အချက်အလက်ဟူသည် နေ့ရက်၊ တည်နေ ရာနှင့် သက်ဆိုင်သူများသာ ဖြစ်ပြီး ဘာဖြစ်ခဲ့သလဲဆိုသည့် အချက်ကိုမူ သူကိုယ်တိုင် စုံစမ်းလိုခြင်း ဖြစ်၏။

လျိုပေါင်ချင်းသည် ခေါင်းကို ကုတ်လျက် စဉ်းစားရင်း နောက်ဆုံးတွင် လူတစ်ယောက်ကို သတိရသွားခဲ့သည်။

၎င်းက ကျိုးထျန်း၏ ရှေ့တွင် ထိုင်နေသော မော်ဟုန်တာ ပင် ဖြစ်သည်။

သူက နန်ဟဲ ဇာတိဖွားတစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် ကုန်တင်ကားမောင်းသမားအဖြစ် အလုပ်လုပ်ကိုင်သည်။

သို့သော် သူ့ တကယ့်အလုပ်အမှန်မှာ သုံးဆက်တိုင်တိုင် ရှေးဟောင်းပစ္စည်းများ တူးဖော်ရောင်းချသည့် မိသားစုမှ ဆင်းသက်လာခြင်းဖြစ်၏။

မြေကြီးထဲမှ တူးဖော်ခြင်း၊ ပြုပြင်ခြင်းမှသည် ပြန်လည်ရောင်းချခြင်းအထိ လုပ်ငန်းစဉ်အားလုံးကို သူက တစ်နေရာတည်းတွင် ပြီးစီးအောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။

ထို့ကြောင့် မော်ဟုန်တာသည် ထိုဒေသအတွင်း၌ အလွန်တောင့်တင်းသော အဆက်အသွယ် ကွန်ရက်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

မကြာသေးမီနှစ်များအတွင်း အစိုးရက ပြင်းထန်စွာ နှိမ်နင်းလာသဖြင့် သူ့မူလအလုပ်က ဆက်လုပ်ရန် အဆင်မပြေတော့ရာ ပွဲစား၊ ကြားခံလူအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သည်။

၎င်းက လူပင်ပန်းသည့် အလုပ်ကို ရှောင်လွှဲနိုင်ရုံတင်မကဘဲ ငွေအမြောက်အမြားကိုလည်း ရရှိစေသည်။

လျိုပေါင်ချင်းသည် အပေါင်ဆိုင်သူဌေးတစ်ဦးဖြစ်သဖြင့် ဒေသခံ လူကြီးလူကောင်းများနှင့် ဆက်နွှယ်မှု ရှိရာမှတစ်ဆင့် သူ့ကို ဆက်သွယ်မိခြင်း ဖြစ်၏။

ကျိုးထျန်း၏တောင်းဆိုချက်ကို သိရှိပြီးနောက် သူက ဝန်ဆောင်ခအဖြစ် ယွမ်တစ်သိန်း တောင်းဆိုခဲ့သည်။

အဆုံးစွန်တွင် ၎င်းက သဲလွန်စမရှိသော အမှုဟောင်းတစ်ခုဖြစ်ပြီး စုံစမ်းရန်အတွက် အဆက်အသွယ် အမြောက်အမြားကို အသုံးပြုရမည်ဖြစ်ရာ အလွှာတစ်ခုချင်းစီအတွက် ငွေကုန်ကြေးကျ ရှိသောကြောင့် ဖြစ်၏။

ကျိုးထျန်းက ချက်ချင်း သဘောတူခဲ့သည်။ သူ၏ အစီအ စဉ်နှင့် ယှဉ်လျှင် ယွမ်တစ်သိန်းဟူသည် အသေးအဖွဲမျှသာ ဖြစ်ပြီး ကိစ္စတစ်ခု အောင်မြင်သရွေ့ ငွေကြေးကို သူ စာနာနေမည်မဟုတ်ပေ။

မနေ့ကတင် မော်ဟုန်ဒါက သူ့ကို ဆက်သွယ်လာပြီး ဖုန်းထဲတွင် ပြော၍မရသော အကြောင်းအရာအချို့ ရှိနေသဖြင့် လူချင်းတွေ့ဆုံလိုကြောင်း ပြောလာခဲ့သည်။

ကျိုးထျန်းက နန်ဟဲအထိ သီးသန့်မသွားနိုင်သဖြင့် သူ့ကို ရှန်ဟိုင်းသို့ လာရောက်တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်း ဖြစ်၏။

သူတို့ ဆုံတွေ့သည့် မိနစ်ပိုင်းအတွင်းမှာပင် တစ်ဖက်လူက တည်ကြည်သော မျက်နှာထားဖြင့် အမှုက ကိုင်တွယ်ရ ခက်ခဲကြောင်း ပြောလာသဖြင့် သူက စိတ်မကျေမနပ် ဖြစ်သွားရသည်။

တစ်ဖက်လူက ၎င်းကို သတိပြုမိသော်လည်း ဂရုစိုက်ပုံမရပေ။

"သူဌေးကျိုး... ကျုပ် စုံစမ်းတာ အားလုံးနီးပါး ပြီးစီးပါပြီ၊ ဒါပေမဲ့ စုံစမ်းနေတုန်းမှာ မြေကြီးထဲကနေ တစ်ခုခုကို တူးဖော်မိခဲ့တယ်၊ အဲဒါက တကယ့်ကို အန္တရာယ်ကြီးတဲ့အရာပဲ”

“ဒါကြောင့်လည်း ကျုပ် ခင်ဗျားကို လူချင်းတွေ့ပြီး စကားပြောချင်တာ"

"မြေကြီးထဲက တူးဖော်မိတယ် ဟုတ်လား၊ ဘာပစ္စည်းမို့လို့လဲ"

ကျိုးထျန်းက စိတ်ထဲမှ တွေးလိုက်မိသည်။

‘ခင်ဗျားက ရှေးဟောင်းပစ္စည်းတူးတဲ့လူပဲ၊ တန်ဖိုးရှိတဲ့ ရတနာတစ်ခုခုကို တူးမိလို့ ငါ့ကို လာရောင်းချင်နေတာလား...’

နန်ဟဲတွင် ရှေးဟောင်းဂူသင်္ချိုင်း အမြောက်အမြား ရှိသဖြင့် မြေအောက်ရတနာများ ပေါများလှသော်လည်း သူက ထိုကဲ့သို့သော ပစ္စည်းများကို လက်ခံရဲမည်မဟုတ်ပေ။

လက်ခံလျှင်ပင် အစိုးရက သိရှိသွားပါက အားလုံး ဒုက္ခရောက်ကုန်မည် ဖြစ်သည်။

သူက ထိုကဲ့သို့သော အမှားမျိုးကို ကျူးလွန်ရန် ဆန္ဒမရှိပေ။

မော်ဟုန်ဒါက ကျိုးထျန်း၏ နားအနီးသို့ ကိုယ်ကို ကိုင်းလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။

"အရိုးတွေဗျ... လူအရိုးတွေ..."

ထိုစကားလုံးများက ကျိုးထျန်းကို ချက်ချင်း ဆွံ့အသွားစေသည်။

‘တောက်... ဒီကောင်တွေ ဘာလို့ ဒီလောက်အထိ ကြောက် လန့်နေလဲဆိုတာ မဆန်းတော့ဘူးပဲ၊ ဒါက လူသတ်မှု ဖြစ်နေတာကိုး...’

ယခုအခါ မော်ဟုန်ဒါတင်မကဘဲ သူကိုယ်တိုင်ပင် စိတ်တည်ငြိမ်သွားစေရန် ဆေးလိပ်တစ်လိပ် သောက်ချင်စိတ် ပေါ်လာခဲ့သည်။

အဆုံးစွန်တွင် မိမိက ဆေးလိပ်မသောက်တတ်သည်ကို သတိရသွားသဖြင့် စားပွဲပေါ်ရှိ အချိုရည်ပုလင်းကို လှမ်းယူကာ တစ်ဝက်နီးပါးကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့၏။

"ဒါ ဖုန်းထဲမှာ တကယ်ပြောလို့မရတဲ့ ကိစ္စပဲ၊ အန္တရာယ်များလွန်းတယ်"

"အကယ်၍ တစ်ချို့ သီးသန့်စကားလုံးတွေကို စောင့်ကြည့်စနစ်ကနေ ဖမ်းမိသွားရင် ကျုပ်တို့နှစ်ယောက်လုံး ဒုက္ခရောက်ကုန်မှာ..."

သူက စိတ်ကို တည်ငြိမ်အောင် ခေတ္တမျှ မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီးမှ မေးလိုက်သည်။

"ဒါက ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ"

မော်ဟုန်ဒါလည်း ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ့ ဖုန်တက် နေသော ဆံပင်များကို သပ်တင်လိုက်၏။

သူသည် အခင်းဖြစ်ပွားရာနေရာမှ တူးဖော်ပြီးသည်နှင့် ကျိုးထျန်းကို ချက်ချင်းဖုန်းဆက်ကာ ရှန်ဟိုင်းသို့ တစ်ဟုန်ထိုး မောင်းနှင်လာခဲ့ခြင်း ဖြစ်သဖြင့် အဝတ်အစားပင် လဲလှယ်ချိန်မရခဲ့ဘဲ တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များ ပေကျံနေဆဲ ဖြစ်သည်။

"ကျုပ် အဲဒီမြို့က သက်ကြီးရွယ်အို အချို့ကို ခင်ဗျားပြောတဲ့ အမျိုးသားနဲ့ အမျိုးသမီးအကြောင်း စုံစမ်းခိုင်းခဲ့တယ်၊ သူတို့က အဲဒီတုန်းက အိမ်နီးနားချင်းတွေ ဒါမှမဟုတ် သူငယ်ချင်းတွေကိုတောင် နှုတ်မဆက်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတာ တကယ်ထူးဆန်းတယ်ဗျ"

"ကျုပ် သူတို့ရဲ့ အိမ်ဟောင်းကိုလည်း ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအိမ်က တခြားလူဆီ ရောင်းလိုက်တာ ကြာပြီဖြစ်လို့ အဲဒီမှာ ဘာမှ ရှာမတွေ့ခဲ့ဘူး"

သူက စကားပြောရင်း ဆေးလိပ်တစ်လိပ်ကို နှာခေါင်းနားတွင် ကပ်၍ အနံ့ခံနေမိသည်။

"နောက်တော့ သူတို့ အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ နေရာတွေကို သွားပြီး စုံစမ်းကြည့်တော့မှ ပြဿနာအချို့ကို တွေ့ရတော့တာပဲ"

"ဒီဝေတာဖနဲ့ ဝမ်ကွေဟွာ တို့က အတူရှိနေတာ ကြာပြီဖြစ်ပြီး ချစ်သူရည်စား ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြတာ"

"ဒါပေမဲ့ ဝမ်ကွေဟွာက နိုက်ကလပ်မှာ အလုပ်လုပ်တုန်းက တခြားအမျိုးသားတွေနဲ့ ခဏခဏ အပြင်ထွက်လေ့ ရှိတယ်"

ကျိုးထျန်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘ ဝမ်ရှောင်ရဲ့ ရမ္မက်ဆန္ဒတွေ ပြင်းထန်လွန်းလို့ ဖြစ်ရမယ်။ ဂျက်ဆီပေးထားတဲ့ အချက်အလက်တွေအရဆိုရင် သူမက နှစ်ဝက်အတွင်းမှာတင် အမျိုးသားအတော်များများနဲ့ ဖောက်ပြန်တဲ့ ဆက်ဆံရေး ရှိခဲ့တာ...’

မော်ဟုန်တာ ဆက်ပြော၏။

"ဒါပေမဲ့ ထူးဆန်းတာက သူမနဲ့အတူ ထွက်သွားတဲ့ အမျိုး သားတွေထဲက တစ်ယောက်မှ အဲဒီနိုက်ကလပ်ကိုနောက် ထပ် ပြန်မလာကြတော့ဘူး"

"ပြီးတော့ ဝမ်ကွေဟွာရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူမက နယ်ဝေးကလာတဲ့ ဧည့်သည်တွေကို ဧည့်ခံရတာကို အထူးသဖြင့် သဘောကျမှန်း သတိထားမိကြတယ်"

၎င်းကို ကြားလိုက်ရသောအခါ ကျိုးထျန်းတွင် မကောင်း သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

"နောက်ပိုင်းကျမှ သိရတာက ဝမ်ကွေဟွာ နဲ့ ဝေတာဖတို့က နယ်ဝေးက ဧည့်သည်တွေကို သီးသန့်ပစ်မှတ်ထားပြီး မိန်းမလှအကွက်ဆင်ပြီး ငွေညှစ်တဲ့အလုပ်ကို လုပ်ခဲ့ကြတာဗျ"

"ဝေတာဖက ရဲအရာရှိအယောင်ဆောင်ပြီး ဝင်ဖမ်းတယ်၊ ဝမ်ကွေဟွာက ဘေးကနေ ပူးပေါင်းပေးပြီး ဧည့်သည်တွေက အဖမ်းမခံရအောင် ရဲအတုကို လာဘ်ထိုးဖို့ စည်းရုံးတယ်"

"အဲဒီဧည့်သည်တွေကလည်း အစစ်အမှန်လို့ ထင်မှတ်ပြီး တခြားမြို့မှာ ပြဿနာမတက်ချင်တာကြောင့် အများအားဖြင့် ငွေပေးပြီး ရှင်းလိုက်ကြတာပဲ"

"ဒါ့အပြင် သူတို့လုပ်ခဲ့တဲ့ အလုပ်ကလည်း သိက္ခာရှိတဲ့ အလုပ်မဟုတ်တော့ သူတို့ရဲ့ နာမည်ပျက်မှာကို ကြောက်ကြတာလည်း ပါတာပေါ့"

"သူတို့နှစ်ယောက်က နယ်ဝေးဧည့်သည်တွေရဲ့ ဒီလိုစိတ် ပညာ အသွင်အပြင်ကို အသုံးချပြီး စီးပွားရေးလုပ်ခဲ့ကြတာ ဖြစ်လို့ နှစ်အနည်းငယ်အတွင်းမှာတင် အိမ်တွေ ကားတွေ ဝယ်နိုင်ခဲ့ပြီး ချမ်းသာလာကြတာပေါ့"

"ခင်ဗျား ကျုပ်ကို ပေးထားတဲ့ အချက်အလက်တွေအတိုင်းပဲ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့မှာ သူတို့နှစ်ယောက် လုံး ရုတ်တရက် အလျင်အမြန် ထွက်ပြေးသွားခဲ့ကြပြီး ဘယ်သူမှ အကြောင်းရင်းကို မသိကြဘူး"

"သဲလွန်စက အဲဒီမှာတင် ပြတ်တောက်သွားခဲ့လို့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးပြီလို့ ကျုပ် ထင်ခဲ့တာ"

"ဒါပေမဲ့ရုတ်တရက် ဝေတာဖရဲ့ ဇာတိရွာဘက်ကနေ သတင်း ရလာတယ်၊ သူတို့မိသားစုမှာ ကျေးလက်ဘက်က လူမနေတာ ကြာပြီဖြစ်တဲ့ စွန့်ပစ်ထားတဲ့ အိမ်ဟောင်းတစ်လုံး ရှိနေသေးတယ် တဲ့"

"ကျုပ်တို့က ဆန်စပါးကုန်သည်တွေအယောင်ဆောင်ပြီး သူ့ရဲ့ ဇာတိရွာကို သွားခဲ့ကြတယ်"

"ကျုပ် သန်းခေါင်ယံအချိန်မှာ သူ့အိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်စစ်ဆေးခဲ့ပြီး အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပဲ"

မော်ဟုန်ဒါ၏မိသားစုမှာ သုံးဆက်တိုင်တိုင် ဤအလုပ်ကို လုပ်ကိုင်ခဲ့သဖြင့် သူက မြေကြီးနှင့် တစ်သက်လုံး ကျင်လည်ခဲ့သူ ဖြစ်သည်။

သူသည် မြေကြီး၏အနံ့၊ အရောင်နှင့် အသွင်အပြင်ကို ကြည့်ရုံဖြင့် ၎င်း၏အောက်တွင် တစ်စုံတစ်ခုကို မြှုပ်နှံထားခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းက ဘာဖြစ်နိုင်သည်ကိုပါ သိရှိနိုင်စွမ်း ရှိ၏။

သူသည် နောက်ဖေးခြံထဲက ရေတွင်းဘေးက မြေကြီးက တခြားမြေကြီးများနှင့် ကွဲပြားနေသည်ကို သတိပြုမိခဲ့သည်။

၎င်းက နှစ်ပေါင်းများစွာလေ့ကျင့်ထားသည့် အာရုံခံစားမှုဖြစ်ပြီး ဤခံစားမှုကြောင့်ပင် သူသည် ထိုလူနှစ်ဦး၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

All Chapters