← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

🍋 Chapter 164

မြေကြီးထဲတွင် ပြဿနာရှိနေကြောင်း ရိပ်မိသည်နှင့် သူသည် ကိရိယာများကို ချက်ချင်းထုတ်ကာ တူးဆွတော့သည်။

သူသည် ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ထားသူပီပီ ဤအလုပ်တွင် အလွန် ကျွမ်းကျင်လှ၏။

နာရီဝက်ပင်မပြည့်မီ အပေါ်ယံမြေလွှာကို ဖယ်ရှားပြီးနောက် အောက်တွင် မြှုပ်နှံထားသည့် လူအရိုးစုများကို ရှာဖွေတွေ့ရှိလိုက်ရတော့သည်။

မော်ဟုန်တာသည် ထိုအရိုးများက တိရစ္ဆာန်အရိုးများ မဟုတ်ကြောင်း ချက်ချင်းမှတ်မိလိုက်၏။

သူ့ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးတက်သွားရသည်။

ဤနေရာက ရှေးဟောင်းဂူသင်္ချိုင်းလည်း မဟုတ်၊ သုသာန်လည်း မဟုတ်ရာ အရိုးစုများ ရုတ်တရက် ပေါ်လာခြင်းက ကြီးမားသော ဖြစ်ရပ်တစ်ခုခု ရှိခဲ့ကြောင်း သက်သေပြနေသည်။

ထို့အပြင် မြှုပ်နှံထားသည့် ပုံစံကို ကြည့်ရုံဖြင့် ၎င်းကို ပြုလုပ်သူမှာ အတွေ့အကြုံမရှိသည့် အပျော်တမ်းသမားတစ်ဦးဖြစ်ပြီး အလောတကြီးလုပ်ဆောင်သွားခဲ့မှန်း သိသာလှ၏။

ကျိုးထျန်း ပေးထားသည့် အချက်အလက်များနှင့် ချိတ် ဆက်ကြည့်ပြီးနောက် မော်ဟုန်တာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဒါ လူသတ်မှုပဲ။

သူ့ကို ငှားရမ်းသည့် အလုပ်ရှင်က ထိုလူနှစ်ဦး ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် သက်သေကိုလိုက်ရှာနေခြင်း ဖြစ်ပုံရသည်။

သို့သော် သူ မသိသည်မှာ ကျိုးထျန်းကိုယ်တိုင်လည်း ရမ်းသန်းမှန်းဆနေခြင်းသာ ဖြစ်ကြောင်းပင်။

ထိုလူနှစ်ဦး မည်မျှအထိ ကြောက်လန့်နေသည်ကို သူ မြင်တွေ့ခဲ့ရသော်လည်း လူသတ်မှုအထိ ဖြစ်လိမ့်မည်ဟု ကျိုးထျန်း တစ်ခါမျှ မတွေးမိခဲ့ပေ။

အလွန်ဆုံးရှိလှ ဆတ်ကြေးကောက်ခြင်း သို့မဟုတ် ဒေသခံအစိုးရ၏ရင်းနှီးမြှုပ်နှံမှုအပေါ် လိမ်လည်လှည့်ဖြားခြင်းမျိုးသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

ကျိုးထျန်းသည် မန်နေဂျာကုလားထိုင်ပေါ်တွင် ထိုင်ရင်း မေးစေ့ကို ပွတ်သပ်နေမိ၏။

‘ဒါက ခက်ခဲသွားပြီ၊ တကယ်ကို ခက်ခဲသွားပြီပဲ။ ငါ ဘယ်လို ပြောရပါ့မလဲ...’

‘ရဲကို တိုင်ရမလား...’

‘တကယ်လို့ ရဲတွေ ရောက်လာပြီး ဒါကို ငါ ဘယ်လိုသိလဲလို့ မေးရင် ငါ ဘာပြန်ပြောရမလဲ...’

‘မဖြစ်ဘူး၊ ဒီကိစ္စက ငါ့နှုတ်ကနေ ပေါက်ကြားလို့မရဘူး။ ပရိယာယ်ရှိတဲ့ နည်းလမ်းကို သုံးမှဖြစ်မယ်...’

သူသည် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး ခေတ္တမျှစဉ်း စားခန်းဖွင့်နေမိသည်။ ထို့နောက် ချွေးစေးများ ထွက်နေသည့် နားထင်ကို ပွတ်သပ်ရင်း မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

သူက စားပွဲဆွဲအံထဲမှ မဖောက်ရသေးသည့် ‘ကျန်းဟွာ’ ဆေးလိပ်တစ်ဘူးလုံးကို ထုတ်ယူကာ မော်ဟုန်တာ ထံသို့ ကမ်းပေးလိုက်သည်။

၎င်းတို့ကို အရေးပေါ်အခြေအနေတွင် သုံးနိုင်ရန် ကားထဲနှင့် ရုံးခန်းထဲ၌ သူ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။

မော်ဟုန်တာက ဆေးလိပ်ဘူးကို မြင်သောအခါ ပြုံးလျက် လှမ်းယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူဌေးကျိုး"

"ရပါတယ် အစ်ကိုမော်၊ အစ်ကို့ကို အကူအညီတောင်းချင်တဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်၊ အစ်ကို လုပ်နိုင်မလားတော့ မသိဘူး"

"အာဏာပိုင်တွေ အဲဒီအရိုးစုအကြောင်း သိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စမလား"

မော်ဟုန်တာ သူ့အတွေးကို ရိပ်မိလိုက်ခြင်း ဖြစ်၏။

"နောက်ထပ် ယွမ်ငါးသောင်း ထပ်တိုးပေး၊ အဲဒါဆိုရင် ကျုပ် ဖြေရှင်းပေးမယ်"

"ကောင်းပြီ... ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်"

တစ်ဖက်လူတွင် အစီအစဉ် ရှိနေသည်မှာ ထင်ရှားသဖြင့် သူက လိုလိုလားလားပင် သဘောတူလိုက်သည်။

"ငွေကိုတော့ ခဏနေရင် လွှဲပေးလိုက်မယ်၊ ဒီကိစ္စကို သန့်သန့်ရှင်းရှင်း ရှင်းလင်းပေးဖို့ လိုအပ်တယ်နော်"

"စိတ်ချပါ၊ ကျုပ် ဒီကို လာရဲတယ်ဆိုကတည်းက နည်းလမ်းရှိလို့ပေါ့"

မော်ဟုန်တာ အချိန်ဆွဲမနေတော့ဘဲ ဆေးလိပ်ဘူးကို ယူကာ ထွက်ခွာသွားခဲ့တော့သည်။

ကျိုးထျန်း မျက်မှောင်ကြုတ်လျက် ဆက်လက် စဉ်းစားနေမိ၏။

‘အစကတော့ ငါက ဒီလူနှစ်ဦးရဲ့ အတိတ်က မကောင်းမှုတွေကို ဖော်ထုတ်ပြီး သူတို့နောက်ကွယ်က ကျောထောက်နောက် ခံတွေ သူတို့ကို ဆက်မကူညီရဲအောင်ပဲ လုပ်ချင်ခဲ့တာ...’

‘အဲဒီလိုဆိုရင် သူတို့ ထောင်ကျနေတဲ့အချိန်မှာ ဝမ်ချောင်နည်းပညာကလည်း အလိုလိုပြိုလဲသွားလိမ့်မယ်...’

‘ဝေဖေးယွီရဲ့ စရိုက်အရ ကုမ္ပဏီကိုတခြားလူတွေ၊ အထူး သဖြင့် အရည်အချင်းရှိတဲ့သူတွေလက်ထဲ လွှဲပေးဖို့ ခက်လိမ့်မယ်’

‘သူ ထောင်ကျနေတဲ့အချိန်မှာ ကုမ္ပဏီကို ထိန်းချုပ်ဖို့အတွက် သူ့စကားနားထောင်ပြီး အရည်အချင်း သိပ်မရှိတဲ့လူကိုပဲ ရွေးချယ်မှာ သေချာတယ်...’

‘အဲဒီအချိန်ကျရင် ဝမ်ချောင်နည်းပညာဆီကနေ အရည်အ ချင်းအရှိဆုံးလူတွေကို ခေါ်ယူဖို့ ငါ့အတွက် အခွင့်ကောင်းရလာလိမ့်မယ်...’

လူသားဟူသည် မိမိအကျိုးစီးပွားကို ရှေးရှုပြီး ဘေးအန္တရာ ယ်ကို ရှောင်လွှဲတတ်ကြသည်သာ။

မိမိတို့ သူဌေးလင်မယား အဖမ်းခံရသည်ကို မြင်လျှင် ဝန်ထမ်းအများစု၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးရန်သာ ဖြစ်လိမ့်မည်။

မည်သူက ရာဇဝတ်ကောင် သူဌေးရှိသည့် ကုမ္ပဏီတွင် ဆက်လက် အလုပ်လုပ်ချင်ပါမည်နည်း။

ထို့အပြင် မူလက ထိုနှစ်ဦး အဖမ်းခံရသည်နှင့် အင်တာနက်ပေါ်တွင် သတင်းများဖြန့်ကာ လူအများအပြား သိရှိအောင် လုပ်ဆောင်ရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ဝမ်ချောင်နည်းပညာ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲမှုက ပိုမိုမြန်ဆန်လာလိမ့်မည် ဖြစ်၏။

သို့သော် ယခုမူ အင်တာနက်ပေါ်တွင် သတင်းဖြန့်ခြင်း အပါ အဝင် မိမိကိုယ် မိမိ လုံးဝထုတ်ဖော်၍မရကြောင်း သူ ခံစားလိုက်ရသည်။

ယခု ပြန်တွေးကြည့်လျှင် သူကိုယ်တိုင်ပင် ကြောက်လန့်တုန်လှုပ်မိ၏။

‘အကယ်၍ ငါသာ အရင်က အတင်းအကျပ်ရှေ့တိုးခဲ့ရင် သူတို့ ငါ့ကိုပါ သတ်ပစ်ကြမလား...’

‘မဖြစ်နိုင်လောက်ပါဘူး။ သူတို့က အသက်အရွယ်လည်း ရနေပြီဖြစ်သလို စည်းစိမ်ဥစ္စာ အမြောက်အမြား ရှိနေတာကြောင့် ဒီလောက်အထိတော့ စိတ်လိုက်မာန်ပါ လုပ်မှာမဟုတ်ပါဘူး...’

သူသည် စိတ်ကို ရှင်းလင်းလိုက်ပြီး ဆက်မတွေးတော့ဘဲ မော်ဟုန်တာထံမှ သတင်းကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့၏။

နှစ်ရက်အကြာတွင် နန်ဟဲပြည်နယ်ရှိ ရွာငယ်လေးတစ်ရွာ၌...

အနီးအနားရွာများမှ လူပျင်းအချို့သည် ရွာထိပ်တွင် စကား စမြည်ပြောရင်း သတင်းတစ်ခုကို ကြားလိုက်ရသည်။

ဘေးရွာက မိသားစုတစ်ခု၏ဘိုးဘွားများသည် အဆင့်မြင့်အရာရှိကြီးများဖြစ်ခဲ့ကြပြီး ရေတွက်၍မရနိုင်သော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း ၎င်းတို့၏သားသမီးမြေးမြစ်များကမူ အားလုံးကို ဖြုန်းတီးပစ်ခဲ့ကြသည် ဟူ၍ပင်။

ထို့အပြင် ထိုမိုက်မဲသော သားသမီးများသည် ရွာကို စွန့်ခွာကာ မြို့ပေါ်သို့ အလုပ်သွားလုပ်ကြပြီး မည်သူမျှ ပြန်မလာကြတော့ပေ။

ထိုအိမ်ဟောင်းကြီးမှာ ယခုအခါ စွန့်ပစ်ခြင်းခံထားရပြီး လူသူကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။

သို့သော် အချို့လူများ၏အဆိုအရ ထိုမိသားစုတွင် ဘုရင်မင်းမြတ်က ၎င်းတို့၏ဘိုးဘွားများကို ကောင်းမှုကုသိုလ်ကြောင့် ဆုလာဘ်အဖြစ် ပေးသနားခဲ့သည့် ရတနာတစ်ပါး ရှိနေသေးသည် ဟု ဆိုကြ၏။

သို့သော် ၎င်းတို့၏သားသမီးမြေးမြစ်များထဲက မည်သူမျှ ရှာမတွေ့ခဲ့ကြသဖြင့် ၎င်းက မည်သည့်နေရာတွင် ရှိနေမှန်း မသိကြပေ။

ဤလူပျင်းများသည် ဘာအလုပ်မှလုပ်ရန်မရှိသဖြင့် ထိုကဲ့သို့သော အခြေအမြစ်မရှိသည့် သတင်းများကို အလွန်နား ထောင်ချင်ကြသည်။

အထူးသဖြင့် ၎င်းတို့ထဲမှ တစ်ဦးတွင် စိတ်ကူးတစ်ခု ပေါ်လာခဲ့၏။

အကယ်၍ သူတို့က ရတနာကို ရှာမတွေ့ခဲ့လျှင် ၎င်းက အိမ်ဟောင်းထဲတွင် ရှိနေဆဲဖြစ်ရမည်။

'သွားရှာဖွေကြည့်ရင် မကောင်းဘူးလား၊ ဘာပဲဖြစ်ဖြစ် လုပ်စရာအလုပ်မှ မရှိတာ၊ လမ်းလျှောက်ထွက်သလိုပေါ့'

လူငါးဦး ခြောက်ဦးခန့်သည် ပေါက်ပြား၊ ဂေါ်ပြား၊ တူနှင့် ပုဆိန်များကို ကိုင်ဆောင်လျက် စကားတပြောပြောဖြင့် ဝေမိသားစု၏အိမ်ဟောင်းဆီသို့ ရောက်ရှိလာကြတော့သည်။

နေ့ခင်းဘက်တွင် သွားရောက်ရန်မသင့်တော်ကြောင်း သိထားသဖြင့် သူတို့သည် ည ၁၀ နာရီကျော်အထိ စောင့်ဆိုင်းပြီးမှ ခြံထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ အလုပ်စတင်ကြတော့၏။

သူတို့သည် အမိုးထုတ်တန်းများပေါ် တက်ကြည့်ခြင်း၊ အုတ်ခဲများကို ဖယ်ရှားခြင်း၊ နံရံမှ အင်္ဂတေများကို ခွာကြည့်ခြင်းများ ပြုလုပ်ကြပြီး ပျက်စီးနေသော ရေတွင်းဟောင်းထဲသို့ပါ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ကြသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်တွင် တစ်ဦးက မြေကြီးထဲကို တူးဆွကြည့်ရန် အကြံပြုလာခဲ့သည်။

"ရောက်မှတော့ မထူးးတော့ဘူး" ဆိုသည့် စိတ်ဓာတ်ဖြင့် သူတို့သည် မြေကြီးကို စတင် တူးဆွကြတော့၏။

သို့သော် ဤသို့ တူးဆွလိုက်ခြင်းက အသက်လတ်ပိုင်း အမျိုး သားအချို့ကို မကြောက်ဖူး ကြောက်ဖူးအောင် ခြောက်လှန့်လိုက်သဖြင့် ကြောက်လန့်တကြား ဆီးပင် ထွက်ကျကုန်ကြတော့သည်။

"ကယ်ကြပါဦး... လူသတ်မှုဗျ..."

ဤအော်ဟစ်သံက ရွာဝက်နီးပါးကို နှိုးလိုက်သလို ဖြစ်သွားပြီး အသက်အရွယ်စုံ အမျိုးသားများသည် လက်နက်များကို ကိုင်ဆောင်ကာ ဝေမိသားစု၏အိမ်ဟောင်းဆီသို့ အပြေးအ လွှား ရောက်ရှိလာကြတော့သည်။

နောက်တစ်နေ့ မနက်တွင်မူ ထိုနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝိုင်းရံထားကြပြီ ဖြစ်သည်။

အနည်းငယ် စုံစမ်းစစ်ဆေးကြည့်ရုံဖြင့် ဤနေရာက ဝေဖေးယွီ၏ဇာတိမြေဖြစ်ကြောင်း သိရှိသွားကြ၏။

သူတို့သည် စုံစမ်းစစ်ဆေးမှုကို ကူညီပေးရန်အတွက် ရှန်ဟိုင်းရဲတပ်ဖွဲ့ထံသို့ ချက်ချင်းဆက်သွယ်လိုက်ကြတော့ သည်။

မော်ဟုန်တာ ကြိုတင်တူးဆွထားခဲ့သည့် သဲလွန်စအရာများအားလုံးမှာ ဤလူပျင်းများပေါက်ပြားဖြင့် မွှေနှောက်လိုက်ခြင်းကြောင့် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နှစ်ရက်အကြာတွင် ချန်ကွမ်ချီ ကျိုးထျန်းထံသို့ အလောတ ကြီး ဖုန်းဆက်လာခဲ့၏။

ထိုအချိန်တွင် ကျိုးထျန်းသည် မိန်းကလေးနှစ်ဦးနှင့်အတူ ဖဲကစားနေပြီး မျက်နှာတွင် အရှုံးပေးသည့် စက္ကူဖြူစများ ကပ်ထားရသည်။

ကျောက်ရှင်း၏ အခြေအနေကလည်း ပိုမကောင်းလှပေ။ စက္ကူဖြူစများကြောင့် မုတ်ဆိတ်မွေး ပေါက်နေသကဲ့သို့ ဖြစ်နေတော့၏။ မုယန် တစ်ဦးတည်းသာ အလှည့်တိုင်းနီးပါး အနိုင်ရနေခဲ့သည်။

ကျိုးထျန်းသည် ယနေ့မှပင် ဖဲကစားခြင်းတွင်လည်း အရည် အချင်း လိုအပ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။

ဟုတ်ပေသည်... သူက မုယန်ကို ရည်ရွယ်ချက်ရှိရှိ အရှုံးပေးနေခြင်းဖြစ်သော်လည်း ကျောက်ရှင်းကမူ တကယ့် ‘ဆရာစားမပြည့်တဲ့ လဒ’ စစ်စစ် ဖြစ်နေခြင်းပင်။

အစ်ကိုချန် ဖုန်းဆက်လာသည်ကို မြင်သောအခါ သူ အကြံတစ်ခုရသွားပြီး ဖဲချပ်များကို ချလျက် ရေချိုးခန်းထဲသို့ ဝင်၍ ဖုန်းလက်ခံလိုက်သည်။

"ဟဲလို... သူဌေး၊ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားပြီဗျ"

"မလောပါနဲ့၊ ဖြည်းဖြည်းချင်း ပြော"

သူ့တွင် ယေဘုယျအားဖြင့် အတွေးရှိပြီးသား ဖြစ်ရာ မော်ဟုန်တာ၏အလုပ် အောင်မြင်ခဲ့ပြီဟု ခန့်မှန်းလိုက်သည်။

"ဝမ်ချောင်ရဲ့သူဌေးလင်မယား နှစ်ယောက်လုံး ရဲစခန်းမှာ လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခံလိုက်ရတယ်၊ အခုဆိုရင် ၂၄ နာရီကျော်သွားပြီဖြစ်ပေမဲ့ ပြန်လွတ်မလာသေးဘူးဗျ၊ သူတို့ တကယ်ပဲ ရာဇဝတ်မှုကျူးလွန်ခဲ့ပုံရတယ်"

"ကောင်းပြီ... ငါ သိပြီ၊ သူတို့ ဘာလို့ အဖမ်းခံရလဲဆိုတဲ့ အကြောင်းရင်း သတင်းအချက်အလက်ရော ရလား"

"ဟို... ဒါက အထက်အဆင့်အထိ ရောက်သွားတဲ့ အမှုကြီးတစ်ခုလို့ ကြားတယ်ဗျ၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ဘယ်သူမှ မသိကြဘူး"

"ကောင်းပြီ... ဆက်ပြီး စောင့်ကြည့်ထားပါ၊ သတင်းထူးရင် ငါ့ကို အကြောင်းကြားဦး"

"နားလည်ပါပြီ"

သူသည် ဖုန်းကို ချလိုက်ပြီး ရေချိုးခန်းထဲမှထွက်လာရာ ကျောက်ရှင်းမှာ စားပွဲပေါ်ရှိ သူချထားခဲ့သော ဖဲချပ်များကို ခိုးကြည့်နေသည်ကို မြင်လိုက်ရသည်။

"ခိုးမကြည့်နဲ့"

ကျိုးထျန်း၏အော်သံကြောင့် ကျောက်ရှင်းမှာ လန့်ဖျန့်သွားပြီး လက်ထဲက ဖဲချပ်များ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။

"မဆော့တော့ဘူး၊ နင်နဲ့ မုယန်က ပေါင်းပြီး ငါ့ကို အနိုင်ကျင့်နေတာ၊ ငါပဲ အမြဲရှုံးတယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့က ပေါင်းစရာလိုလို့လား၊ နင် ရှုံးတာက နင့်အရည်အချင်းကြောင့်လေ"

သူတို့သည် ကစားရသည်မှာ ပျင်းရိလာသဖြင့် အနားယူကာ အချိုရည်သောက်ရန် ပြင်လိုက်ကြသည်။

ယခုအခါ သူတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရုံသာ ရှိတော့ပြီး ဘာမှ ဝင်ရောက်လုပ်ဆောင်ရန် မလိုအပ်ပေ။ လုပ်ဆောင်လျှင် ပိုအကျိုးယုတ်သွားနိုင်ခြေ ရှိသည်။

သူတို့ သုံးဦး ဟိုတယ်တွင် အနားယူနေသည့်အချိန်၌ ရှန်ဟိုင်းလေဆိပ်သို့ လေယာဉ်တစ်စီး ဆင်းသက်လာခဲ့သည်။

အဖြူရောင် လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် ကားအချို့က လေယာဉ်၏ လှေကားထစ်များအနီးသို့ တည့်တည့် မောင်းနှင်လာကြ၏။

ထူးခြားသော ဧည့်သည်တော်တစ်ဦး ပထမဆုံးဆင်းသက်ရမည်ဖြစ်သဖြင့် ခရီးသည်များကို မိမိတို့၏ထိုင်ခုံများမှ မထွက်ခွာရန် တောင်းဆိုထားသည်။

လူအချို့၏ ခြံရံမှုနှင့်အတူ အသက် ၆၀ ဝန်းကျင်ခန့်ရှိသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ဖြည်းဖြည်းချင်း ထွက်လာခဲ့ပြီး ကြိုတင်စောင့်ဆိုင်းနေသည့် ကားပေါ်သို့ တက်ရောက်လိုက်တော့၏။

၎င်းတို့ ဦးတည်ရာမှာ ရှန်ဟိုင်းအလယ်ပိုင်းဒေသရှိ ရဲစခန်းပင်။

All Chapters