← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

🍋 Chapter 165

ထိုအသက်လတ်ပိုင်း အမျိုးသားသည် ရှန်ဟိုင်းအလယ်ပိုင်းဒေသရှိ ရဲစခန်းဆီသို့ တည့်တည့်မောင်းနှင်လာခဲ့သည်။

ထိုအချိန်တွင် ဝေဖေးယွီနှင့် ဝမ်ရှောင်တို့က သီးခြားစစ်ဆေးရေးအခန်းတစ်ခု၌ ထိုင်နေကြ၏။

ဝေဖေးယွီ၏ မျက်လုံးများက သွေးကြောမျှင်များ ယှက်သန်းလျက် နီရဲနေခဲ့သည်။ မိမိမှာ အဘယ့်ကြောင့် လက်ရှိအခြေအနေမျိုးအထိ ကျရောက်သွားရသလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။

မနေ့က သူ ရောက်လာသည်နှင့် ရဲအရာရှိက အရိုးစုဓာတ်ပုံတစ်ပုံကို ချက်ချင်းထုတ်ယူကာ သူ့ရှေ့သို့ ပစ်ချပေးခဲ့ခြင်း ဖြစ်သည်။

သူက ပုံမှန်အားဖြင့် မည်မျှပင် တည်ငြိမ်သူဖြစ်ပါစေ ထိုကဲ့သို့သော ဓာတ်ပုံကို မြင်လိုက်ရသည့်အခါ မျက်နှာပျက်မပျက်အောင် မနည်းထိန်းလိုက်ရသည်။

သူ့စိတ်ထဲတွင် လှိုင်းတံပိုးများ ထန်သွားခဲ့ပြီး ဤကိစ္စကို အာဏာပိုင်များ ရှာဖွေတွေ့ရှိသွားပြီဖြစ်မှန်း သဘောပေါက်လိုက်၏။

သူက တည်ငြိမ်သယောင် ဟန်ဆောင်နေသော်လည်း မအောင့်နိုင်ဘဲ သက်ပြင်းတိုးတိုးတစ်ချက် ချလိုက်မိသည်။

ထိုသက်ပြင်းချသံက သူ့ကို စောင့်ကြည့်နေသည့် ဝါရင့်ရဲအရာရှိကို သတိပြုမိသွားစေခဲ့၏။

ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတွင် ဆယ်စုနှစ်ချီ အတွေ့အ ကြုံရှိသော ဤရဲအရာရှိများသည် လူအကဲခတ်ရာတွင် အလွန်ပါးနပ်ကြသည်။

သူတို့က စကားအနည်းငယ် ကြားရုံမျှဖြင့် တစ်ဖက်လူက ရာဇဝတ်ကောင် ဟုတ်မဟုတ်ကို ယေဘုယျအားဖြင့် ဆုံးဖြတ်နိုင်ကြသည်။

ထို့ကြောင့် ဤအမျိုးသားမှာ အလွန်သံသယဖြစ်ဖွယ်ကောင်းနေပြီ ဖြစ်၏။

ထိုနေ့တစ်နေ့လုံးတွင် ရဲအရာရှိက ဘာပဲမေးမေး သူက ခေါင်းကိုသာ ခါယမ်းပြီး စကားသုံးခွန်းတည်းဖြင့်သာ အမြဲ ပြန်ဖြေခဲ့သည်။

"ကျုပ် မသိဘူး"

ဝမ်ရှောင်လည်း ထို့အတူပင် ပြုလုပ်ခဲ့၏။

ကျိုးထျန်းက ဤကိစ္စဖြင့် သူတို့ကို ခြိမ်းခြောက်ကတည်းက သူတို့နှစ်ဦး ကတိပြုထားကြပြီးသား ဖြစ်သည်။

အကယ်၍ သူတို့၏လျှို့ဝှက်ချက်က တစ်နေ့နေ့တွင် ပေါက်ကြားသွားခဲ့လျှင် မည်သူမျှ ဝန်မခံကြေးဟူ၍ ဖြစ်၏။

သူတို့သည် ‘ဝန်ခံရင် သက်ညှာမယ်၊ ငြင်းကွယ်ရင် တစ်သက်လုံးထောင်ကျမယ်’ ဆိုသည့် သဘောတရားကို နားလည်ထားကြသည်။

ထို့အပြင် သူတို့သည် ကျိုးထျန်းက သူတို့ကို တိုင်တန်းခြင်းမပြုနိုင်စေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် တားဆီးထားခဲ့ကြသေး၏။

ထို့ကြောင့် ရဲတပ်ဖွဲ့က သူတို့ကို ဤမျှအထိ လျင်မြန်စွာလာရောက်ဖမ်းဆီးလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

သူတို့၏ ပထမဆုံးအတွေးမှာ ကျိုးထျန်းတိုင်လိုက်ခြင်းဖြစ်ရမည် ဟုပင်။

သို့သော် ရဲတပ်ဖွဲ့က ၎င်းကို ရွာမှ လူပျင်းများက မြေကြီးတူးရင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းပြောပြသည့်အခါ သူတို့နှစ်ဦးမှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူတို့ တကယ်ကို ကံဆိုးလွန်းလှသည်။ နှစ်ပေါင်းများစွာ ကြာမှ ရုတ်တရက် အရှာဖွေခံလိုက်ရခြင်းဖြစ်၏။

ဝေဖေးယွီက အရှုံးမပေးသေးဘဲ တောင့်ခံထားရန် ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က လုံခြုံရေးကင်မရာများ မရှိရာ ဤကိစ္စကို သူတို့လုပ်ခဲ့သည်ဟု မည်သူက သက်သေပြနိုင်ပါမည်နည်း။

သူတို့သာ ဝန်မခံသရွေ့ မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။

သို့သော် သူ၏ စိတ်ကူးယဉ်တွက်ချက်မှုများအားလုံးမှာ ထိုအသက်လတ်ပိုင်း အမျိုးသား ရောက်ရှိလာခြင်းကြောင့် လုံးဝပြိုလဲပျက်စီးသွားခဲ့ရတော့၏။

စစ်ဆေးရေးအခန်းတံခါး ပွင့်လာပြီး ရဲတပ်ဖွဲ့ဝင်များက အရင်အတိုင်းပင် မေးခွန်းထုတ်ရန် ဝင်ရောက်လာကြသော် လည်း ယခုတစ်ကြိမ်တွင်မူ ပုံစံက ကွဲပြားနေသည်။

ရဲတပ်ဖွဲ့ဝင်အားလုံး အလွန် ထိတ်လန့်တုန်လှုပ်နေကြပုံရ၏။

"ဝေတာဖဆိုတာ ခင်ဗျားရဲ့ အရင်နာမည်လား"

"နန်ဟဲပြည်နယ်၊ ရှယားနန်မြို့နယ်၊ အိမ်အမှတ် ၁၇-အေ ဆိုတာ ခင်ဗျားရဲ့ အိမ်ဟောင်းလား"

ဤမေးခွန်းများကို ထပ်ခါတလဲလဲ မေးမြန်းခံရသည့်အခါ ဝေဖေးယွီမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ စက်ရုပ်ဆန်စွာ ပြန်လည်ဖြေကြားနေမိတော့သည်။

အခြေခံ အချက်အလက်များကို မေးမြန်းပြီးနောက် ရဲအရာရှိက အရင်က တစ်ခါမျှ မမေးဖူးသေးသည့် မေးခွန်းအချို့ကို ရုတ်တရက် မေးမြန်းလာခဲ့၏။

"၂၀၀၁ ခုနှစ် စက်တင်ဘာ ၂၇ ရက် ညက... အသက် ၂၃ နှစ်ဝန်းကျင်၊ အရပ် ၁.၇၈ မီတာလောက်ရှိပြီး ကိုယ်အလေးချိန် ၇၂ ကီလိုဂရမ်လောက်ရှိတဲ့၊ စတုရန်းပုံ မျက်နှာအချိုးအစားနဲ့ နှာတံပေါ်ပေါ်၊ ညာဘက်မျက်ခုံးအမြီးနားမှာ လက်သည်းခွံအရွယ်အစားလောက်ရှိတဲ့ မှဲ့ခြောက်ပါတဲ့ အမျိုးသားတစ်ယောက်ကို ခင်ဗျား တွေ့ခဲ့ဖူးသလား"

ရဲအရာရှိ ပြောသမျှကို ကြားပြီးနောက် ဝေဖေးယွီမှာ လုံးဝ ဆွံ့အသွားခဲ့ရသည်။

သူသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်နီးပါးက လူတစ်ယောက် ၏ပုံစံကို စတင် ပုံဖော်ကြည့်မိ၏။

သူ့မှတ်ဉာဏ်ထဲတွင် ထိုအကြောင်းအရာက အတော်လေး ဝေဝါးနေခဲ့ပြီဖြစ်ပြီး ထိုစဉ်က ညဉ့်နက်သန်းခေါင်အချိန် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သောကြောင့် သူ ကောင်းကောင်း မမြင်ခဲ့ရပေ။

သို့သော် ရဲအရာရှိထံမှ အသေးစိတ် ဖော်ပြချက်ကြောင့် ထိုအမျိုးသား၏ပုံရိပ်က မနေ့ကတင် မြင်တွေ့ခဲ့ရသကဲ့သို့ သူ့မျက်စိရှေ့တွင် အထင်အရှား ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူက အလုပ်များပြားနေခဲ့ပြီး ငွေကြေးက ပေးစွမ်းနိုင်သော စည်းစိမ်ချမ်းသာများကို ခံစားနေခဲ့ရသဖြင့် သေဆုံးသူ၏မျက်နှာကို မေ့လျော့နေခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုမူ သူ့စိတ်ထဲတွင် အရာအားလုံးက ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ ပြန်လည် အသက်ဝင်လာခဲ့ပြီး နားထင်မှ ချွေးစေးများ စီးကျလာရတော့သည်။

သူ ပျာယာခတ်သွားခဲ့သည်။

‘သူတို့က ဒါကို ဘယ်လိုသိတာလဲ... ရဲတွေက ထိုလူရဲ့ အရပ်၊ ကိုယ်အလေးချိန်ကအစ ဘယ်လိုပုံစံရှိလဲဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ...’

‘မဖြစ်နိုင်တာ... နှစ်တွေ ဒီလောက်တောင် ကြာသွားပြီပဲ၊ အဲဒီလူက မရှိတော့တာ ကြာပြီ။ အဲဒီတုန်းက ကင်မရာတွေရော ဒီအန်အေတွေရော မရှိခဲ့ဘူးလေ။ သူတို့ ဘယ်လိုသိတာလဲ...’

‘မဖြစ်ဘူး... မဖြစ်ဘူး... ဘယ်သူမှ မမြင်ခဲ့ပါဘူး... တစ်ကယ်လို့...’

‘အကယ်၍ ငါ့မိန်းမကသာ ဝန်ခံပြီး ပြောပြလိုက်တာမျိုး မဟုတ်ရင်ပေါ့...’

‘မဖြစ်နိုင်ဘူး... သူမ မပြောလောက်ပါဘူး... ငါတို့ ကတိပြုထားကြတာပဲ...’

‘ဒါပေမဲ့ သူမကလွဲရင် တခြား ဘယ်သူ ရှိနိုင်ဦးမှာလဲ...’

ဝေဖေးယွီ၏ လက်နှင့် ခြေထောက်များက ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့ပြီး ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လျက် မျက်လုံးတစ်ဝိုက်တွင် သွေးကြောများ ထောင်တက်လာတော့သည်။

ရဲအရာရှိများက အချင်းချင်း မျက်ရိပ်ပြလျက် ခေါင်းညိတ်လိုက်ကြပြီးနောက် အားလုံး မတ်တပ်ရပ်၍ အခန်းထဲမှ ထွက်ခွာသွားကြတော့၏။

ဘေးအခန်းရှိ ဝမ်ရှောင်သည်လည်း ရုတ်တရက် မေးမြန်းလာသည့် မေးခွန်းများကြောင့် အလားတူပင် ပျာယာခတ်နေခဲ့သည်။

...

ကျိုးထျန်းကတော့ ဤအကြောင်းအရာများကို ဘာမှမသိရှိဘဲ Weibo ကိုသာ ထိုင်ကြည့်နေခဲ့၏။

သို့သော် သူ မည်မျှပင် ရှာဖွေကြည့်ပါစေ ဝမ်ချောင်နည်းပညာနှင့် ပတ်သက်သည့် သတင်းတစ်ခုမျှ ရှာမတွေ့ခဲ့ပေ။

‘ဒါက မဖြစ်နိုင်ဘူးလေ... ဝမ်ချောင်နည်းပညာက မကြာသေးခင်ကမှ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါနေတာပဲ။ သူနဲ့ ဒါလုံ တို့ရဲ့ ရန်ငြိုးက လူသိများတယ်ဆိုပေမဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတာကလည်း ကျော်ကြားတာပဲလေ...’

‘ ကုမ္ပဏီရဲ့ သူဌေးလင်မယား အဖမ်းခံရတာကို အင်တာနက်ပေါ်မှာရော လူထုကြားထဲမှာပါ ဘာသတင်းမှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး...’

‘ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတယ်... ငါများ မှားသွားတာလား...’

‘သူတို့က လူကို သတ်ခဲ့တာ မဟုတ်ဘူးလား...’

‘ဒါကလည်း ယုတ္တိမရှိပြန်ဘူး။ အကယ်၍ သူတို့က လူမသတ်ခဲ့ရင် ဘာလို့ ဒီလောက်အထိ ပျာယာခတ်ပြီး ငါ့ကို နှုတ်ပိတ်ခအဖြစ် အိမ်တွေ ကားတွေ ပေးဖို့အထိ လုပ်ရမှာလဲ...’

သူ မည်သို့ပင် စဉ်းစား စဉ်းစား အဖြေရှာမရ ဖြစ်နေခဲ့သည်။ ၎င်းက ယုတ္တိမရှိပေ။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ကလေးတစ်ယောက် လဲကျတာတောင် သတင်းဖြစ်နိုင်သော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်က လူတစ်ယောက် သေဆုံးခဲ့သည့်ကိစ္စက လှိုင်းတစ်ချက်မျှပင် မထတော့ပေ။

တစ်ခုခုတော့ မှားနေပြီ။

သူ ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် သူ့ဖုန်း မြည်လာခဲ့သည်။

သူ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ ခေါ်ဆိုသူ၏ နံပါတ်က "၁၁၀" (ရဲစခန်း ဖုန်းနံပါတ်) ဖြစ်နေသည်ကို မြင်လိုက်ရ၏။

ကျိုးထျန်းသည် ဖုန်းလက်ခံဖြေကြားရန် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

၎င်းမှာ ရဲတပ်ဖွဲ့ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသောကြောင့်ပင်။

‘ငါ မကြာသေးခင်က ဘာပြစ်မှုမှ မလုပ်ခဲ့ပါဘူး။ မဟုတ်သေးဘူး... ငါ့တစ်သက်လုံးမှာ ဘာပြစ်မှုမှ မလုပ်ခဲ့တာပဲ၊ ငါက ဘာလို့ ရဲကို ကြောက်နေရမှာလဲ...’

သူ ဖုန်းလက်ခံလိုက်သည်။

"ဟဲလို... အရာရှိ... ဘာကိစ္စရှိလို့လဲခင်ဗျာ"

သူက ထိတ်လန့်မနေဘဲ စကားကို အရင်စပြောလိုက်၏။

"ဟဲလို... မစ္စတာကျိုးထျန်း ပါလားခင်ဗျာ"

"ဟုတ်ပါတယ်... ကျွန်တော်ပါ"

"မစ္စတာကျိုး... ကျေးဇူးပြုပြီး ရှန်ဟိုင်းအလယ်ပိုင်း ရဲစခန်းရဲ့ ပထမထပ်မှာရှိတဲ့ အစည်းအဝေးခန်း အမှတ် ၁၀၉ ကို အမြန်ဆုံး လာပေးပါခင်ဗျာ။ ကျွန်တော်တို့ ခင်ဗျားကို မေးမြန်းစရာ အရေးကြီးတဲ့ ကိစ္စအချို့ ရှိလို့ပါ"

"အာ... ဟုတ်ကဲ့... အခုပဲ လာခဲ့ပါ့မယ်"

"ဟုတ်ကဲ့... ကျေးဇူးပြုပြီး မြန်မြန်လေး လာပေးပါနော်"

ဖုန်းချပြီးနောက် သူ စဉ်းစားခန်း ဖွင့်မိပြန်သည်။

‘သူတို့က ငါ့ကို ဘာလို့ အစည်းအဝေးခန်းထဲ ခေါ်ရတာလဲ... ငါ ဒီနေရာကို အရင်က ရောက်ဖူးပါတယ်...’

‘ဝူခယ်ရုံရဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ပြောင်းလဲခံရတဲ့ ကိစ္စတုန်းက စုံစမ်းစစ်ဆေးမှုကို ကူညီပေးဖို့ သွားခဲ့ဖူးတာပဲ’

သို့သော် လွန်ခဲ့သော အကြိမ်မှာ ခရိုင်အဆင့်ရဲစခန်း ဖြစ် သည်။

ယခု အလယ်ပိုင်းဒေသ ရဲစခန်းမှာ အဆင့်ပိုမြင့်ပြီး မြို့ပြအဆင့် ဖြစ်နိုင်၏။

‘ဒါက အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ... ဘာပဲဖြစ်ဖြစ် ငါ သွားရမှာပဲ’

သူ အောက်ထပ်သို့ ဆင်းကာ အငှားကားတစ်စီး တားလျက် ဦးတည်ရာဆီသို့ တည့်တည့်မောင်းနှင်ခဲ့တော့သည်။

ရဲစခန်း အဆောက်အအုံသို့ ရောက်ရှိသည့်အခါ သူသည် အစည်းအဝေးခန်းငယ်လေးကို ရှာဖွေတွေ့ရှိခဲ့၏။

အမျိုးသမီး ရဲမေတစ်ဦးက အခန်းထဲတွင် ထိုင်လျက် ရေနွေးကြမ်း ပြင်ဆင်နေနှင့်ပြီး ဖြစ်သည်။

ထိုရဲမေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် မတ်တပ်ရပ်လိုက်၏။

"မစ္စတာကျိုး... ရောက်လာပြီပဲ။ ကျေးဇူးပြုပြီး ထိုင်ပါဦးရှင့်၊ ကျွန်မ အထက်လူကြီးတွေကို သွားအကြောင်းကြားလိုက်ပါ့မယ်"

ကျိုးထျန်းသည် အခန်းထဲသို့ ရောက်ခါစ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ကုလားထိုင်ပေါ်သို့ တွန်းပို့ခြင်း ခံလိုက်ရပြီး အစည်းအဝေးခန်းငယ်၏တံခါးမှာ ပိတ်သွားတော့သည်။

ဤကဲ့သို့သော အစိုးရဌာနများတွင် မည်သူမဆို ထိတ်လန့်တတ်ကြစမြဲဖြစ်ရာ သူလည်း ထူးမခြားနားပင်။

သူ့ခြေထောက်များ တုန်ယင်နေခဲ့ပြီး ဖုန်းထဲမှ အချိန်ကို ကြည့်နေမိရာ တစ်စက္ကန့်ချင်းစီက အလွန်ကြာမြင့်နေသကဲ့သို့ ခံစားရသည်။

တစ်ဆယ်မိနစ်ခန့် ကြာပြီးနောက် ပိတ်ထားသော တံခါးက နောက်ဆုံးတွင် ပွင့်လာခဲ့တော့၏။

ထွားကျိုင်းသော ရဲအရာရှိတစ်ဦးနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးတို့ အတူတူ လမ်းလျှောက် ဝင်ရောက်လာကြသည်။

ထိုရဲအရာရှိ၏ ယူနီဖောင်းကို ကြည့်ရုံဖြင့် သူက သာမန်ရဲတစ်ယောက် မဟုတ်ဘဲ ဗျူရိုအဆင့် အရာရှိတစ်ဦး ဖြစ်နိုင်မှန်း သိသာလှ၏။

သို့သော် ထူးဆန်းသည်မှာ ထိုရဲအရာရှိသည် အခန်းထဲသို့ ဝင်လာစဉ် ထိုအသက်လတ်ပိုင်း အမျိုးသား၏နောက်ကွယ် ခြေတစ်လှမ်းခန့်အကွာမှသာ အမြဲလိုက်ပါလာခြင်း ဖြစ်သည်။

၎င်းက သူတို့၏ အဆင့်အတန်းနှင့် ရာထူး ကွာခြားမှုကို ဖော်ပြနေခြင်းပင်။

ထို့အပြင် ရဲအရာရှိ၏ မျက်နှာထားက အလွန် တည်ကြည်နေသော်လည်း အသက်လတ်ပိုင်း အမျိုးသား၏ မျက်နှာထားကမူ ကြင်နာတတ်ပုံရပြီး သူ၏ မျက်ခုံးများအကြားတွင် ကြေးရုပ်တုတစ်ခုကဲ့သို့ အရှိန်အဝါ ကြီးမားသော အာဏာစက် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

ကျိုးထျန်းသည် ချက်ချင်း မတ်တပ်ရပ်လိုက်၏။

ဤလူနှစ်ဦးမှာ သူကဲ့သို့ သာမန် အရပ်သားတစ်ဦးက ပြစ်မှား၍ရသော လူများ မဟုတ်ပေ။

လူဟူသည် အခြေအနေကို ကြည့်တတ်ရမည်ဖြစ်ရာ မည်သည့်အချိန်တွင် ယဉ်ကျေးရမည်၊ မည်သည့်အချိန်တွင် နှိမ့်ချရမည်ကို သိရမည် ဖြစ်သည်။

ထိုလူနှစ်ဦးကို ကြောက်ရွံ့ရိုသေစွာဖြင့် ပြုံးပြလိုက်၏။

သူ၏ထိတ်လန့်နေသော မျက်နှာထားကို မြင်သောအခါ အသက်လတ်ပိုင်း အမျိုးသားက သူ့နောက်က အရာရှိကို ကြည့်၍ စနောက်လိုက်သည်။

"တုန်းလိုင်... မင်းကိုလည်း ကြည့်ဦး၊ မင်း ဒီလူငယ်လေးကို ခြောက်လှန့်လိုက်ပြီ ထင်တယ်"

အရာရှိကမူ ပြန်မဖြေဘဲ အနေရခက်စွာဖြင့်သာ ပြုံးပြလိုက်၏။

"ထိုင်ပါ လူငယ်လေး... မြန်မြန်ထိုင်၊ ဒီလောက်အထိ အားနာမနေပါနဲ့ ငါတို့က မင်းကို မေးခွန်းအနည်းငယ်ပဲ မေးမလို့ပါ၊ မထိတ်လန့်ပါနဲ့"

သူ ထိုင်လိုက်သော်လည်း ကုလားထိုင်၏တစ်ဝက်ခန့်တွင်သာ တင်ချထိုင်လျက် ကျောကို မတ်မတ်ဆန့်ထားမိသည်။

"တုန်းလိုင်... ငါ ဒီလူငယ်လေးနဲ့ တစ်ယောက်တည်း စကားပြောလိုက်ရင် မကောင်းဘူးလား၊ မင်း မင်းရဲ့ အလုပ်တွေ သွားလုပ်လို့ ရပါတယ်"

အရာရှိက ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့၏။

"ကောင်းပါပြီ... လိုအပ်တာရှိရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ"

အသက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြလိုက်ရာ အရာရှိက တံခါးဖွင့်၍ ထွက်ခွာသွားခဲ့သည်။

သူ မထွက်ခွာမီ ကျိုးထျန်းကို အကဲခတ်သည့် မျက်လုံးများဖြင့် အကဲခတ်သွားခဲ့သဖြင့် ကျိုးထျန်းမှာ လူတစ်ဒါဇင်ခန့်၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရသကဲ့သို့ စိတ်မသက်မသာ ဖြစ်သွားရသည်။

All Chapters