အခန်း ၁၆၇
Vol. 17 Ch. 167
🍋 Chapter 167
၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် တက္ကသိုလ်မှ ဘွဲ့မရမီ စွင်းကျစ်သည် အလုပ်မဝင်ခင် ၎င်း၏ ပထမဆုံး တစ်ဦးတည်းသော ခရီးစဉ်ကို ထွက်ခွာချင်ခဲ့သည်။
သူသည် နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ပြီး အလွန်ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူလည်း ဖြစ်သည်။ သူ့ အဖိုးမှာ ဝန်ကြီးအဖွဲ့ဝင်တစ်ဦးပင် ဖြစ်၏။
သူ့ ဦးလေးများနှင့် အဒေါ်များအားလုံးသည်လည်း ရာထူးကြီးကြီးမားမားများကို ပိုင်ဆိုင်ထားကြပြီး သူကိုယ်တိုင်လည်း မိသားစု၏စီစဉ်မှုအတိုင်း အစိုးရဌာနတစ်ခုတွင် အလုပ်သင် ဆင်းရမည် ဖြစ်သည်။
သူ့ အနာဂတ်က အလွန် တောက်ပလင်းလက်နေခဲ့၏။
သူစိမ်းပြင် ခရိုင်မြို့ငယ်လေးတစ်ခုတွင် သူ အခြေချနေထိုင်ခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညဉ့်နက်အချိန်မတိုင်ခင်ထိပင်...
ညသန်းခေါင်အချိန်တွင် ဗိုက်ဆာလာသဖြင့် သူသည် စားသောက်ဆိုင်အသေးလေးတစ်ခုကို ရှာဖွေရန် အပြင်သို့ ထွက်လာခဲ့သည်။
လမ်းမအတိုင်း လျှောက်လာစဉ် မီးရောင်စုံ လင်းထိန်နေသော တံခါးဝတစ်ခုကို ဖြတ်သန်းသွားခဲ့ရာ ထိုနေရာတွင် အဝတ်အစား ခပ်ပေါ်ပေါ် ဝတ်ဆင်ထားသည့် အမျိုးသမီးအချို့ ဆေးလိပ်သောက်နေကြသည်ကို တွေ့လိုက်ရ၏။
ထိုလူငယ်လေးမှ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ အမျိုးသမီးတစ်ဦးက ကိုယ်ကို ယိမ်းနွဲ့လျက် လမ်းလျှောက်လာခဲ့တော့သည်။
…
တစ်နာရီကျော် ကြာပြီးနောက် စွင်းကျစ်သည် ဘီယာ ခြောက်လုံး သို့မဟုတ် ခုနစ်လုံးနှင့် ဝိုင် နှစ်ပုလင်းခန့် သောက်သုံးခဲ့ပြီးဖြစ်သည်။
ငယ်စဉ်ကတည်းက ကောင်းမွန်စွာ စောင့်ရှောက်ခံခဲ့ရသဖြင့် သူသည် အိမ်ထောင်ပြုနိုင်သည့် အရွယ်ရှိ အမျိုးသမီးများနှင့်ပင် အဆက်အသွယ် အများကြီးမရှိခဲ့ဖူးဘဲ ရည်းစားပင် မထားခဲ့ဖူးပေ။
ယခုကဲ့သို့ စူးရှတောက်ပသော လောကီအလှအပများနှင့် ရုတ်တရက် ကြုံတွေ့လိုက်ရသည့်အခါ သူ လုံးဝမိန်းမောတွေဝေသွားခဲ့ရသည်။
အဆင့်မြင့် မိသားစုတစ်ခုတွင် မွေးဖွားလာသူဖြစ်ရာ ဤကဲ့သို့သော အခြေခံလူတန်းစားများနှင့် သူက အလွန်အလှမ်းဝေးလှ၏။
ထို့ကြောင့် သူနှင့် မရင်းနှီးလေလေ၊ ပိုစူးစမ်းချင်လေလေ ဖြစ်လာခဲ့သည်။
အမျိုးသမီးက ညဥ့်နက်အတူတူ ဖြတ်သန်းရန် အကြံပြုလာသည့်အခါ ရီဝေေဝ ဖြစ်နေပြီဖြစ်သော သူက ပြုံးလျက် သဘောတူလိုက်တော့၏။
နာရီဝက်ခန့် ကြာပြီးနောက် အနီးနားရှိ ဟိုတယ်တစ်ခုတွင် သူ အဝတ်အစားများ ချွတ်လိုက်စဉ်မှာပင် တံခါးကို အပြင်းအထန် လာရောက်ထုရိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ရဲတွေ... အခန်းစစ်ဆေးနေတာ၊ တံခါးဖွင့်စမ်း"
မူးနေဆဲ ဖြစ်သော်လည်း သူ ချက်ချင်းအိပ်မက်နိုးသကဲ့သို့ သတိဝင်လာပြီး အဝတ်အစားများကို ကပျာကယာ ပြန်ဝတ်လိုက်၏။
အကယ်၍ သူသာ ရဲဖမ်းခံရပြီး အိမ်အထိ သတင်းရောက်သွားခဲ့လျှင် သူသည် သူ့ အဖိုးကို မည်သို့မျှ မျက်နှာပြရဲတော့မည် မဟုတ်ပေ။
သို့သော် သူ အဝတ်အစား အပြည့်အစုံမဝတ်ရသေးမီမှာပင် အပြင်ဘက်ရှိ ထွားကျိုင်းသော အမျိုးသားတစ်ဦးက သစ်သားတံခါးကို ကန်ဖွင့်၍ဝင်လာခဲ့တော့သည်။
"လက်တွေကို ခေါင်းပေါ်တင်ထား၊ မလှုပ်နဲ့"
ထို "ရဲအရာရှိ" ဟု ဆိုသူက နံပါတ်တုတ်ကို ဝှေ့ယမ်းလျက် ဘာမှမပြောဘဲ သူ့နဖူးကို တည့်တည့် ရိုက်နှက်လိုက်၏။
ခွပ်...
ထိုရိုက်ချက်က အလွန်ပြင်းထန်ခြင်း မရှိသော်လည်း ရည်ရွယ်ချက်မှာ သူ့ကို ခြိမ်းခြောက်ရန်နှင့် အနည်းငယ် မူးဝေသွားစေရန် ဖြစ်သည်။
သာမန် စိတ်ဓာတ်ပျော့ညံ့သူတစ်ဦးဆိုလျှင် ထိုရိုက်ချက်တစ်ချက်တည်းဖြင့် ချက်ချင်းလက်လျှော့ အညံခံသွားပေလိမ့်မည်။
သူစိမ်းမြေတွင် ရောက်နေရသဖြင့် အလျော့ပေးဖို့က လွယ်ကူလှပြီး မည်သူမျှ အရိုက်အနှက် မခံချင်ကြပေ။
သို့သော် စွင်းကျစ်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ အရိုက်ခံရပြီးနောက် ကြောက်လန့်တုန်လှုပ်သွားမည့်အစား သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းတို့က ဘယ်သူတွေလဲ... ဘာအခွင့်ရှိလို့ ငါ့ကို အကြောင်းပြချက်မရှိဘဲ ရိုက်ရတာလဲ"
"ပေါက်ကရတွေ... ငါ ရိုက်ချင်တဲ့အချိန် ရိုက်မှာပဲ။ မင်း ဘာပြစ်မှု ကျူးလွန်ထားလဲဆိုတာ မင်းသိလား"
မှိန်ပျပျ မီးရောင်အောက်တွင် စွင်းကျစ်သည် မိမိကိုယ် မိမိ ရဲဟု အမည်ခံထားသူ၏ ဝတ်စုံကို ဂရုတစိုက် ကြည့်ရှုလိုက်ရာ အားနည်းချက်များကို ချက်ချင်းမြင်လိုက်ရတော့သည်။
"အဝတ်အစားတွေက မှားနေတယ်။ အစိုးရ ယူနီဖောင်းက ဒီလိုအသားနဲ့ လုပ်တာ မဟုတ်ဘူး။ ရဲတံဆိပ် နံပါတ်လည်းမပါဘူး၊ ပြီးတော့ ဦးထုပ်ကလည်း အတုပဲ။ ဒီကောင် ရဲအတုပဲ"
ငယ်စဉ်ကတည်းက သူသည် အနည်းဆုံး ရဲနှင့် အရာရှိပေါင်း ရှစ်ထောင်၊ တစ်သောင်းခန့်ကို မြင်တွေ့ခဲ့ဖူးသည်။
နှစ်စဉ် တရုတ်နှစ်သစ်ကူးအချိန်တိုင်း လူပေါင်း ရာနှင့်ချီ၍ သူ့အဖိုးထံ လာရောက်ဂါရဝပြုကြပြီး အများစုမှာ တံခါးဝသို့ပင် ဝင်ခွင့်မရကြပေ။
သူနှင့် သူ့သူငယ်ချင်းများသည် ခြံဝင်းကြီးအဝင်ဝတွင် ထိုင်လျက် လူများ၏နံပါတ်များကို မှတ်ပုံတင်ပေးလေ့ရှိသဖြင့် သူသည် အရာရှိများဝတ်စုံကို အဆမတန်ကျွမ်းကျင်နေခဲ့ခြင်း ဖြစ်၏။
သူက လူရိုးတစ်ယောက် ဖြစ်သဖြင့် ထိုလူသည် ရဲအတုဖြစ်မှန်း သိသွားသည့်အခါ ရုန်းထကာ ထိုလူနှင့် အပြင်းအထန် လုံးထွေးသတ်ပုတ်ကြတော့သည်။
အရက်ရှိန်ကြောင့် ဖြစ်နိုင်သည်၊ သူက အစပိုင်းတွင် အသာစီးရနေခဲ့ပြီး ရဲအတုကို နှာခေါင်းသွေး၊ ပါးစပ်သွေးများ ထွက်လာသည်အထိ အလဲလဲအကွဲကွဲ ဖြစ်အောင် ရိုက်နှက်နိုင်ခဲ့၏။
သူ နိုင်တော့မည့်အချိန်မှာပင် သူ့ဦးခေါင်းနောက်စေ့ကို ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။
သူ ခေါင်းကို နာကျင်စွာ အုပ်လျက် ဖြည်းညင်းစွာ လဲကျသွားခဲ့ရ၏။
တိုက်ခိုက်သူမှာ ကုတင်ပေါ်တွင် သူနှင့်အတူ ရှိနေခဲ့သည့် အမျိုးသမီး ဖြစ်သည်။
ထိုအမျိုးသမီးက ရဲအတုကို ထူပေးလိုက်ပြီး ဒေါသထွက်နေသော အမျိုးသားက စွင်းကျစ်၏ဗိုက်ကို ခြေထောက်ဖြင့် အချက်ပေါင်းများစွာ ကန်ကျောက်ပြီးနောက် အမောတကောဖြင့် ထိုင်ချလိုက်တော့၏။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး အမျိုးသမီးကမျက်နှာသုတ်ပုဝါတစ်ထည်ကို ယူကာ သူ့ဒဏ်ရာများကို အချိန်အတော်ကြာ သန့်ရှင်းပေးခဲ့ရသည်။
သူတို့နှစ်ဦးသည် သူတို့၏အလုပ်အကိုင် ပြီးဆုံးသွားပြီဖြစ်မှန်း သိလိုက်ကြပြီး ဤလူကို ဖျောက် ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်ကြ၏။
ကံကောင်းသည်မှာ သူတို့တွင် ထိုဒေသ၌ အဆက်အသွယ်အချို့ ရှိနေပြီး ပုံမှန်လည်း လာဘ်ထိုးထားလေ့ရှိသဖြင့် ၎င်းက အလွန်ခက်ခဲလိမ့်မည် မဟုတ်ပေ။
စွင်းကျစ်သည် ဗိုက်ကို အကြိမ်ကြိမ်ကန်ခံထားရသဖြင့် ဗိုက်ကိုအုပ်လျက် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။
ဤအချိန်တွင် သူ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။ ဗိုက်ထဲမှ နာကျင်မှုက လျော့ပါးမသွားသည့်အပြင် ပိုပြင်းထန်လာခဲ့သည်။
ထို့အပြင် အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် နံရိုးများက စူးရှစွာ နာကျင်လာရရာ နံရိုးကျိုးသွားခြင်း ဖြစ်နိုင်ချေ များလှ၏။
သူ ကြောက်လန့်သွားခဲ့သည်။ ကျိုးသွားသော နံရိုးများက အတွင်းကလီစာများကို ထိုးမိမည်ကို သူ စိုးရိမ်နေမိ၏။
သူ အလွန်နေရခက်လာပြီး စိတ်ကလည်း ဝေဝါးလာခဲ့ရာ ၎င်းက သွေးထွက်လွန်ခြင်း၏ လက္ခဏာရပ်များ ဖြစ်မှန်း ထင်ရှားလှသည်။
"ကယ်ကြပါ... ကယ်ကြပါဦး... ကျွန်တော် ဒဏ်ရာရထားလို့... ကျွန်တော့်ကို ဆေးရုံ ပို့ပေးကြပါ"
သူ၏အော်ဟစ်အကူအညီတောင်းသံကို ကြားရသည့်အခါ ထိုအမျိုးသားနှင့် အမျိုးသမီးတို့ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။
သူက တကယ်ကို အားနည်းပြီးနုံးခွေနေခဲ့ပြီဖြစ်ရာ တကယ်ပဲ ဒဏ်ရာပြင်းထန်နေတာလား...
သူတို့ ပျာယာခတ်သွားကြ၏။ အကယ်၍ ကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့ တာဝန်ယူနိုင်မည် မဟုတ်ပေ။
ထိုလူနှစ်ဦးက သူ့ကို ချက်ချင်းလာရောက်မကူညီဘဲ ဝေခွဲမရ ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ
စွင်းကျစ်သည် သွားကို ကြိတ်လျက် သူ့မိသားစု အမည်နာမကို ထုတ်ဖော်ပြောကြားလိုက်ပြီး ဤအရာက သူတို့ကို ကြောက်လန့်သွားစေကာ မိမိကိုကူညီရန် ဖိအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်လိုက်မိသည်။
ထိုဇနီးမောင်နှံသည် သူ့ စကားများကို ကြားပြီးနောက် လုံးဝဆွံ့အသွားခဲ့ကြရတော့၏။
သူတို့သည် ကြီးမားလှသော ပြစ်မှုကြီးကို ကျူးလွန်မိသွားပြီဖြစ်မှန်း သဘောပေါက်လိုက်ကြပြီး ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့ကြသည်။
အမျိုးသမီးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ငိုယိုလာခဲ့ပြီး အမျိုးသားကမူ ခေါင်းကို ငုံ့လျက် ဆုံးဖြတ်ချက် မချနိုင်ဘဲရှိနေခဲ့၏။
သူ့ကိုဆေးရုံသို့ ပို့ဆောင်ပြီး ကုသပေးခြင်းက သူတို့နှစ်ဦးလုံးကို သေဒဏ်ပေးလိုက်သည်နှင့် အတူတူပင်ဖြစ်လိမ့်မည်။
သို့သော် ဆေးရုံမပို့ဘဲ ထားလိုက်လျှင် ပိုလို့တောင် ဆိုးသွားလိမ့်မယ်...
သူတို့ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် စွင်းကျစ်၏အသက်ရှူသံက ဖြည်းည်းစွာအားနည်းလာခဲ့သည်။
နောက်ဆုံးတွင် ထိုအမျိုးသားက သူ့ပေါင်ကို သူ ပြန်ရိုက်လျက် ဆေးရုံသို့ ပို့ရန်ဆုံးဖြတ်လိုက်တော့၏။
အဆိုးဆုံးဖြစ်လာရင် ထောင်ထဲမှာ နှစ်အနည်းငယ် ဖြတ်သန်းရုံပေါ့၊ ပြန်ထွက်လာလို့ ရတာပဲ ဟု တွေးလိုက်သည်။
သူသည် စွင်းကျစ်ကို မြေပြင်မှမတင်ရန် ကြိုးစားလိုက်သော်လည်း ၎င်းက စုတ်ပြဲနေသော အိတ်တစ်လုံးကို ဆွဲမနေရသကဲ့သို့ ခံစားလိုက်ရ၏။
ထိုလူငယ်လေးမှာ အသက်ဝိညာဉ်မရှိတော့ပေ။
စွင်းကျစ်၏သရက်ရွက် ကွဲထွက်သွားခဲ့ပြီး အတွင်းကလီစာများတွင် သွေးအလွန်အမင်း ထွက်လွန်မှုကြောင့် ရှော့ခ်ရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
နာရီအနည်းငယ် ကြာပြီးနောက် သူသည် မြေအောက် တစ်မီတာကျော် အနက်တွင် မြှုပ်နှံခြင်း ခံလိုက်ရတော့၏။
သူ့ မိသားစုသည်လည်း သူနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ရသည်။
၁၉ နှစ် ကြာမြင့်ပြီးနောက်မှသာ သူ့ ရုပ်ကြွင်းများကို ဖိုင်ဘာအိတ်တစ်ခုထဲသို့ ထည့်သွင်းကာ သူ၏ ဇာတိမြေသို့ ပြန်လည် သယ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့ မိသားစုသည်လည်း နောက်ဆုံးတွင် သူ ပြန်လာမည့်ရက်ကို စောင့်မျှော်နိုင်ခဲ့ကြရသည်။
ကျိုးထျန်းသည် ထိုအသက်လတ်ပိုင်း အမျိုးသား၏မျက်နှာချင်းဆိုင်တွင် ထိုင်လျက် ထိုအဖြစ်အပျက်များကို နားထောင်နေမိသည်။
သူ့စိတ်ထဲတွင် ပြင်းထန်စွာ သက်ပြင်းချလိုက်မိ၏။
ခြေလှမ်းတစ်လှမ်း မှားရုံဖြင့် ချောက်နက်ကြီးထဲသို့ ကျရောက်သွားရရှာသည်။
"ဒါဆို... အစ်ကိုကြီးက ကျွန်တော့်ကို ဒါတွေအားလုံးလာပြောပြတာ ဘာလုပ်ဖို့လဲခင်ဗျာ"
သူက အနည်းငယ် ဇဝေဇဝါဖြစ်လျက် မေးလိုက်သည်။
အသက်လတ်ပိုင်း အမျိုးသား၏မျက်လုံးများက အစောပိုင်းက ဝမ်းနည်းရိပ်များမှ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ဖြည်းညင်းစွာစကားပြောလာခဲ့၏။
"ငါ မင်းကို ဒါတွေ ပြောပြတာက မင်းရဲ့ စူးစမ်းလိုစိတ်ကိုဖြည့်ဆည်းပေးဖို့နဲ့ မင်းကို ဆက်ပြီး စုံစမ်းစစ်ဆေးတာတွေ မလုပ်စေချင်လို့ပဲ"
"ဒီကိစ္စက ဒီနေရာမှာတင် ပြီးသွားပြီ၊ တခြား ဘယ်သူ့ကိုမှ သွားမပြောနဲ့တော့ တစ်စုံတစ်ယောက်ကတော့ ဤကိစ္စမှာ မင်းရဲ့ ကူညီပေးမှုကို မှတ်မိနေမှာပါ"
ကျိုးထျန်း မျက်နှာတွင် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ညည်းတွားနေမိ၏။
‘ဒီလောက်အထိ အများကြီးပြောပြီးတော့ ဒါက အနှစ်မပါတဲ့ ကတိအလွတ်တစ်ခုပဲကိုး...’
အသက်လတ်ပိုင်း အမျိုးသားက ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်မံပြောကြားလိုက်သည်။
"မင်း မကြာသေးခင်က လုပ်ခဲ့တဲ့ အချို့အရာတွေက သိပ်ပြီးတော့ မကောင်းလှဘူး။ နောင်အနာဂတ်မှာ သတိထားရမယ်၊ စည်းကို ဘယ်တော့မှ မကျော်ပါနဲ့ တရုတ်ပြည်က စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖွဲ့စည်းထားတာ"
ကျိုးထျန်းသည် လူကြီးတစ်ယောက်၏ ဆုံးမသြဝါဒပေးခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သူ့တစ်ကိုယ်လုံး စိမ့်ခနဲအေးသွားရပြန်၏။
ထိုလူမှ အတိအကျ ဘာမှထုတ်မပြောသော်လည်း အရာအားလုံးကို သူ့လက်ဖဝါးပေါ်မှာလို ထိန်းချုပ်ထားနိုင်ပုံရသဖြင့် သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
‘သူ ပြောတဲ့ သိပ်မကောင်းဘူးဆိုတာက... ယင်းချိုင် ကိစ္စကိုပြောတာ ဖြစ်ရမယ် ...’
‘တစ်ဖက်က ကြည့်ရင်တော့ အထက်လူကြီးတွေက ဒီလိုကိစ္စမျိုးကို သည်းခံပေးနိုင်တာပဲ...’
‘ကြည့်ရတာ ငါ နောင်အနာဂတ်မှာ ပိုပြီး သတိထားရမယ်ထင်တယ်...’
သူ အတွေးနက်နေသည်ကို မြင်သောအခါ အသက်လတ်ပိုင်း အမျိုးသားက စားပွဲကိုမှီလျက် မတ်တပ်ရပ်လိုက်၏။
"ပြန်တော့... မင်းရဲ့ အသက်အရွယ်မှာ စာကိုပဲ ကြိုးကြိုးစားစား သင်ယူသင့်တယ်၊ ဒီလို မရိုးသားတဲ့ လှည့်ကွက်တွေထဲမှာ လိုက်ပြီး ပါမနေနဲ့ဦး"
ခပ်ဖွဖွ ရယ်မောလျက် ထိုအမျိုးသားသည် အစည်းအဝေးခန်းငယ်ထဲမှ လမ်းလျှောက် ထွက်ခွာသွားခဲ့တော့သည်။
ထိုလူ တကယ်ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် ကျိုးထျန်းသည်လည်း မတ်တပ်ရပ်ကာ တံခါးဆီသို့ ဂရုတစိုက်လျှောက်လှမ်းခဲ့၏။
ရဲစခန်း၏ပင်မအဝင်ဝ တံခါးကြီးမှ အပြင်သို့ ထွက်လာပြီးနောက်မှသာ သူ သက်ပြင်းအရှည်ကြီး တစ်ချက်ချနိုင်တော့သည်။
'ဟူး... ဒါက အရှိန်အဝါ ဒီလောက်အထိ ပြင်းထန်တဲ့ လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးတာပဲ။ ဒါ အာဏာရှိတဲ့သူတွေသာ ပေးစွမ်းနိုင်တဲ့ ဖိအားမျိုးလား မသိဘူး...'