← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

🍋 Chapter 168

ရဲစခန်းဝင်ပေါက်တွင် မတ်တပ်ရပ်လျက် သူသည် မေးစေ့ကို ပွတ်သပ်ကာ တွေးတောနေမိ၏။

‘ဒီဦးလေးကြီးက စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ဝန်ခံတာက ငါ့ကို ဖိအားပေးဖို့၊ သူ့ဦးဆောင်မှုနောက်ကို လိုက်စေဖို့နဲ့ ငါတို့ ဒီကနေ ထွက်သွားပြီးရင် စည်းပြင်ပစကားတွေ မပြောမိစေဖို့ သေချာအောင် လုပ်တာဖြစ်ရမယ်’

‘တစ်ဖက်ကကြည့်ရင်တော့ သူက ငါ့အကြောင်း အသေးစိတ်အချက်အလက်တွေကို သိထားပြီး ယင်းချိုင်ကို ငါ ဘာလုပ်ခဲ့လဲဆိုတာကိုလည်း သိနေပုံရတယ်’

‘ဒါပေမဲ့ မာခွန်း သေဆုံးမှုက ငါနဲ့ သက်ဆိုင်နေတယ်ဆိုတာကိုတော့ သူ သိပုံမရဘူး’

‘မဟုတ်ရင်တော့ သူက ငါ့ကို ပိုပြီး ထိန်းချုပ်နိုင်ဖို့အတွက် ဒါကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်မှာ သေချာတယ်’

‘စိတ်တိုဖို့ကောင်းလိုက်တာ။ ငါ အမှားတစ်ခုခုလုပ်မိလို့ အမိဖမ်းခံရတာတင်မကဘဲ ဆုံးမသြဝါဒပေးတာကိုပါ ခံလိုက်ရတယ်’

ကျိုးထျန်း မျက်ခုံးများက ပြင်းထန်စွာ တွန့်ချိုးသွားခဲ့၏။

‘ငါ့ကိုယ် ငါ စောင့်ကြည့်ခံနေရသလို ခံစားရတယ်၊ ရှုံးနိမ့်တဲ့ ရလဒ်တစ်ခုလို ခံစားချက်မျိုးပဲ၊ ဘာပဲလုပ်လုပ် သတိထားနေရတော့မယ်’

သူသည် ထိုလူ၏ရှေ့တွင် စိတ်ကို အတင်းအကျပ်လျှော့ချထားခဲ့သော်လည်း ယခုအခါ မိမိ၏ လက်ဖဝါးပေါ်တွင် လက်သည်းရာများ ထင်ကျန်နေခဲ့သည်ကို သတိပြုမိလိုက်သည်။

၎င်းမှာ သူကိုယ်တိုင် ဆုပ်ကိုင်ထားမိခဲ့ခြင်း ဖြစ်၏။

မသိစိတ်ထဲတွင် သူသည် ကြီးမားသော ဖိအားအောက်၌ ရှိနေခဲ့ခြင်း ဖြစ်သည်။

စိတ်ကို လျှော့ချထားသယောင် ဟန်ဆောင်နေသော်လည်း သူ့ခန္ဓာကိုယ်ကမူ လိမ်ညာ၍မရပေ။

"ဟူး..."

သူ ညည်းတွားလိုက်ပြီး အငှားကားတစ်စီး တားကာ အိမ်သို့ ပြန်လာခဲ့တော့သည်။

သူ့တစ်ကိုယ်လုံး စွမ်းအင်များ ကုန်ခမ်းသွားသကဲ့သို့ ခံစားရ၏။ ထိုလူနှင့် မိနစ်အနည်းငယ်မျှသာ စကားပြောခဲ့ရသော်လည်း သူ့ဦးနှောက်တစ်ခုလုံး ဟာလာဟင်လင်း ဖြစ်သွားခဲ့ရသည်။

သူ အိပ်ရာပေါ်သို့ လဲလျောင်းလိုက်ပြီး နောက်တစ်နေ့ မနက်အထိ အိပ်ပျော်သွားခဲ့တော့၏။

သူ မျက်နှာသစ်ပြီးနောက် ဖုန်းကို ကြည့်လိုက်ရာ ချန်ကွမ်ချီမှ ညသန်းခေါင်အချိန်တွင် သူ့ထံသို့ အသံမက်ဆေ့ခ်ျ ပေါင်း တစ်ဒါဇင်ကျော်ပို့ထားသည်ကို တွေ့လိုက်ရသည်။

‘ဟ... ဒီလောင်ချန်က မအိပ်ဘူးလား မသိဘူး၊ သူ့ရဲ့ ဆံပင်အနားသတ်တွေ ဘာလို့ ဒီလောက်အထိ မြင့်နေလဲ မပြောနဲ့တော့’

သူက မက်ဆေ့ခ်ျတစ်ခုချင်းစီကို နားထောင်လိုက်ရာ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ရ၏။

သူ့ထံမှ ရရှိသော အချက်အလက်များအရ ဝမ်ချောင်၏ အဆင့်မြင့် စီမံခန့်ခွဲသူများအားလုံးက အလုပ်ရှင်အသစ်များကို စုပေါင်း၍လိုက်လံရှာဖွေနေကြပြီ ဖြစ်သည်။

အတွေ့အကြုံရင့် ချန်ကွမ်ချီသည် တစ်ခုခုဖြစ်ပျက်နေပြီဖြစ်မှန်း ချက်ချင်း သဘောပေါက်လိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်ကတင် သူ့သူဌေးက ရုံးခန်းနေရာ တိုးချဲ့ရန်ပြင်ဆင်ခိုင်းထားခဲ့ပြီး ထိုအမိန့်ပေးပြီးပြီးချင်းမှာပင် ဝမ်ချောင်က ဒုက္ခနှင့် ကြုံတွေ့ရတော့သည်။

ပြောနေစရာပင်မလိုပေ၊ ၎င်းမှာ သူဌေး၏လက်ချက် ဖြစ်ရမည်။

သူသည် အံ့သြသလို ကြောက်လည်း ကြောက်မိ၏။

ကြောက်မိသည်မှာ... ကုမ္ပဏီက တကယ်တိုးချဲ့ခဲ့လျှင် သူကဲ့သို့ အဆင့်မြင့် အမှုဆောင်တစ်ဦးအတွက် ကြီးမားသော အကျိုးကျေးဇူးဖြစ်လာလိမ့်မည်။

လူပိုများလာလေ၊ ပရောဂျက် ပိုများလာလေဖြစ်မည်။

ပရောဂျက် ပိုများလာပြီး အရည်အသွေးကသာ ကျဆင်းမသွားခဲ့လျှင် အမြတ်အစွန်းက ပိုမိုတိုးတက်လာမည်မှာ သေချာလှ၏။

သူ့အတွက် နှစ်ချုပ်ဘောနပ်စ်ကလည်း သိသိသာသာ တိုးလာပေလိမ့်မည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ ကြောက်ရွံ့မိပြန်သည်။

ကုမ္ပဏီက ယင်းချိုင်မှ ထျန်းချိုင်နည်းပညာဟု အမည်ပြောင်းလဲခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးပြီး ယခုအခါ အခြား မိုဘိုင်းဂိမ်းကုမ္ပဏီတစ်ခုကိုပါ သူဌေးက ဖျက်ဆီးပစ်လိုက်ပြန်ပြီလား...

သူဌေးတွင် ဤကဲ့သို့သော လုပ်ငန်းဝါရင့်သူများကို ဒုက္ခရောက်စေနိုင်သည့် မည်သို့သော နည်းလမ်းမျိုးရှိနေပါသနည်း။

သူ ပိုမတွေးရဲတော့ပေ။ အချို့အရာများကို နက်နက်နဲနဲမသိရခြင်းက ပို၍ကောင်းမွန်ပြီး အများကြီး စူးစမ်းလေ့လာခြင်းက ဒုက္ခရောက်စေနိုင်မှန်း သူ သိထားသောကြောင့် ဖြစ်၏။

သူ့အတွေးများကို ဘေးဖယ်ထားလိုက်ပြီး သူဌေးထံသို့ အသံမက်ဆေ့ခ်ျတစ်ခု အမြန် ပြန်ပို့လိုက်သည်။

မက်ဆေ့ခ်ျအားလုံးကို နားထောင်ပြီးနောက် ကျိုးထျန်း ချက်ချင်းအိပ်ရာမှထကာ ၁၀ မိနစ်အတွင်း မျက်နှာသစ်၊ ရေချိုးခြင်းကို အပြီးသတ်လိုက်၏။

သူသည် ထျန်းချိုင်နည်းပညာ ရုံးခန်းဆီသို့ တည့်တည့်မောင်းနှင်လာခဲ့တော့သည်။

လမ်းခရီးတွင် သူက မကြာသေးမီကမှ အိပ်ရာနိုးလာသည့် ချန်ကွမ်ချီထံသို့ ဖုန်းခေါ်ဆိုလိုက်ပြီး ကုမ္ပဏီ၏ အဆင့်မြင့် စီမံခန့်ခွဲသူများအားလုံးကို ရုံးခန်းသို့ စောစောစုဝေးရန် အကြောင်းကြားခိုင်းလိုက်၏။ အရေးကြီးသော ကိစ္စတစ်ခု ရှိနေသောကြောင့်ပင်။

မနက်စောစော ၇ နာရီခွဲမတိုင်မီ သူ ကုမ္ပဏီဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေးကုဒ်ကို နှိပ်ကာ သူ့ရုံးခန်းထဲသို့ ဝင်ရောက်ခဲ့သည်။

တစ်ညလုံး အချိန်ပိုဆင်းနေသည့် ဝန်ထမ်းတစ်ဦးမျှ မတွေ့ရသဖြင့် သူ စိတ်အေးသွားခဲ့ရ၏။

ရုံးခန်းထဲတွင် မိနစ် ၃၀ ခန့် စောင့်ဆိုင်းပြီးနောက် ဌာနမန်နေဂျာတစ်စု နောက်ဆုံးတွင် ရောက်ရှိလာကြတော့သည်။

သူတို့ထဲမှ အများစုမှာ အငှားကားများဖြင့် အလောတကြီးပြေးလာခဲ့ကြခြင်းဖြစ်ပြီး သူတို့ထက် သူဌေးက စောစီးစွာရောက်ရှိနေသည်ကို မြင်ရသည့်အခါ သူတို့မျက်နှာများ ပျက်သွားကြရ၏။

ကျိုးထျန်းသည် အမောတကော ဖြစ်နေသော လက်အောက်ငယ်သားများကို ကြည့်ပြီး အားနာသွားခဲ့သည်။

"ဟို... အားလုံးကို ကုမ္ပဏီကို ဒီလောက်အထိ စောစောခေါ်လိုက်မိတဲ့အတွက် တကယ်ပဲ အားနာပါတယ်ဗျာ။ ဒီနေ့တော့ စောစောလာရတဲ့ အချိန်အတွက် အစားထိုးတဲ့အနေနဲ့ အားလုံး တစ်နာရီစောပြီးဆင်းကြပါ"

ယခုအခါ ကုမ္ပဏီ၏နံပါတ်နှစ် ဖြစ်နေသော ချန်ကွမ်ချီက ချက်ချင်းဝင်ပြောလိုက်၏။

"သူဌေး... အဲဒီလို လုပ်စရာမလိုပါဘူး။ ကုမ္ပဏီအတွက် အလုပ်အကျွေးပြုရတာ ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ။ ကျွန်တော်တို့ ပုံမှန်အချိန်အတိုင်းပဲ ဆင်းပါ့မယ်"

ဘေးကလူများကလည်း ထပ်ဆင့် ထောက်ခံလိုက်ကြသော်လည်း စိတ်ထဲတွင်မူ ကျိန်ဆဲနေကြ၏။

ကျိုးထျန်း လောင်ချန်ကိုကြည့်ပြီး မတတ်သာဘဲ ပြောလိုက်သည်။

"ဒါဆိုရင် မင်းပဲ အချိန်ပိုဆင်းပြီး အလုပ်လုပ်လိုက်ပေါ့ တခြားလူတွေအားလုံးကတော့ စောစော ပြန်ကြပါ"

ချန်ကွမ်ချီ သူ့ရိုးတိုးရိပ်တိတ် ဆံပင်များကို အနေခက်စွာဖြင့် ပွတ်သပ်လိုက်မိပြီး ပြန်မပြောရဲတော့ပေ။

"ကောင်းပြီ... ငါ အားလုံးကို ဒီကို ခေါ်လိုက်တာက တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ပဲ။ လောင်ချန်... မင်း သွားပြီး ကုန်တင်ကားကြီးအချို့ကို အမြန် စီစဉ်လိုက်၊ ပြီးရင် အားလုံး ဝိုင်းပြီး စားပွဲတွေ ကုလားထိုင်တွေကိုကုန်တင်ကားပေါ် တင်ကြ၊ ပြီးရင် ငါနဲ့အတူလိုက်ခဲ့ကြ"

"သူဌေး... ဘာကိစ္စရှိလို့လဲ၊ ကျွန်တော်တို့ ရုံးပြောင်းကြမလို့လား"

ရောက်နေသူ မည်သူမျှ သူ ဘာလုပ်ရန် ပြင်ဆင်နေသည်ကို နားမလည်ကြဘဲ အားလုံး ဇဝေဇဝါ ဖြစ်နေကြ၏။

"ပေါက်ကရတွေ ပြောမနေနဲ့၊ မြန်မြန်လေး ရွှေ့ကြစမ်း၊ ငါတို့ ဒီနေ့ ဝမ်ချောင်နည်းပညာကုမ္ပဏီရဲ့ အဝင်ဝမှာ အလုပ်ခေါ်စာပြပွဲတစ်ခု ကျင်းပမလို့"

"ဗျာ!!!"

ရောက်နေသူ အားလုံး လန့်ဖျပ်သွားကြရတော့သည်။

'ဝမ်ချောင်နည်းပညာ...'

'ငါတို့ရဲ့ ပြိုင်ဘက်ကုမ္ပဏီကြီးလေ...'

'ပြိုင်ဘက်ရဲ့ တံခါးဝရှေ့မှာ အလုပ်ခေါ်စာပြပွဲ သွားလုပ်မလို့လား...'

'သူတို့သူဌေးက ငါတို့ကို သတ်ပစ်လိမ့်မယ်...'

သို့သော် သူတို့မသိရှိကြသည်မှာ ဝေဖေးယွီနှင့် ဝမ်ရှောင်တို့တွင် ကျိုးထျန်းကို သတ်ရန် အခွင့်အရေး မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင် သေဒဏ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့်ပင်။

ချန်ကွမ်ချီ တစ်ဦးတည်းသာ လေး၊ ငါးစက္ကန့်မျှ စဉ်းစားပြီးနောက် ၎င်း၏လုပ်ဖော်ကိုင်ဖက်များကို အပြင်သို့ တွန်းထုတ်လျက် အလုပ်များကို စတင် တာဝန်ခွဲဝေပေးလိုက်တော့သည်။

‘သူဌေးက တကယ်ကို ရက်စက်လွန်းတယ်။ ဒါက မျက်နှာဖုံးကို ခွာချလိုက်တာထက်တင်မကဘဲ သူတို့ရဲ့ အရိုးတွေကိုပါ ချိုးပစ်ဖို့ ကြိုးစားနေတာပဲ...’

နာရီဝက်ခန့် ကြာပြီးနောက် ကားသုံးစီးနှင့် ကုန်တင်ကားတစ်စီး အဆင်သင့် ဖြစ်သွားခဲ့ပြီး ဝမ်ချောင်နည်းပညာ၏ ရုံးချုပ်ဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြတော့သည်။

မနက် ကိုးနာရီအချိန်တွင် ကျန်းရှောင်ကွမ် မှာ သမ်းဝေလျက် ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီး ဝမ်ချောင်နည်းပညာ၏ ပင်မဝင်ပေါက်သို့ ရောက်ရှိလာခဲ့၏။

သူသည် ဤနေရာတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပြီး နေ့တိုင်းလိုလိုပင် အချိန်ပိုဆင်းခဲ့ရသည်။

သူ့လစာ နည်းပါးသည်ကလွဲရင် ကျန်တဲ့အရာအားလုံးက မြင့်မားလှ၏။ သူ့ရဲ့ သွေးတိုး၊ ကိုလက်စထရော၊ သွေးချိုနှင့် မျက်မှန်ပါဝါတို့က သိသိသာသာ တိုးလာခဲ့သည်။

သို့သော် မကြာသေးမီက ကုမ္ပဏီက သူ့ကို အတိုင်းအတာတစ်ခုအထိ ဘောနပ်စ် ပေးခဲ့သဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရခဲ့ခြင်း ဖြစ်၏။

အမှန်တကယ်တွင် သူသည် ဤအလုပ်အပေါ် အတော်လေး ငြီးငွေ့နေခဲ့ပြီ ဖြစ်သည်။

ပင်ပန်းလွန်းလှသည်၊ တကယ်ကို ပင်ပန်းလွန်းလှ၏။

အင်တာနက်ပေါ်က လူတွေက ‘996’ (မနက် ၉ နာရီမှ ည ၉ နာရီ၊ တစ်ပတ်လျှင် ၆ ရက်) အလုပ်ချိန်ကို ညည်းတွားနေကြသော်လည်း ထိုညည်းတွားသူများသည် ဤလုပ်ငန်းခွင်ထဲတွင် အမှန်တကယ် ရှိမနေကြပေ။

ဤ 996 အလုပ်ချိန်က ကောင်းမွန်လှပြီဖြစ်ကြောင်း၊ ကုမ္ပဏီအများစုသည် ပရောဂျက်များ အရေးကြီးသည့်အခါ ‘997’ သို့မဟုတ် ‘9127’ (မနက် ၉ နာရီမှ ညဉ့်နက် ၁၂ နာရီ၊ တစ်ပတ်လျှင် ၇ ရက်) အထိ လုပ်ဆောင်ရလေ့ရှိကြောင်း သူတို့သာ သိကြသည်။

အချို့ကုမ္ပဏီများသည် ပရိုဂရမ်မာများအတွက် စင်္ကြန်လမ်းများတွင် အနားယူနိုင်ရန် ခေါက်ကုတင်များကိုပင် ပြင်ဆင်ပေးထားကြသေး၏။

သူ ထွက်ပြေးချင်သော်လည်း ကုတ်ရေးခြင်းဖြင့်သာ အသက်မွေးရသူဖြစ်ရာ မည်သည့်နေရာသို့သွားသွား အတူတူပင်ဖြစ်လိမ့်မည်။

ထားလိုက်ပါတော့... တစ်ရက်ချင်းစီကိုသာ ဖြတ်သန်းရုံပေါ့။ ယနေ့ခေတ် လူငယ်အများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။

သူက ခေါင်းငုံ့လျက် ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီး အားလပ်ချိန်ကို အသုံးပြုကာ Weibo နှင့် ဗီဒီယိုတိုများကို ကြည့်ရှုလျက် အပန်းဖြေနေမိ၏။

၎င်းမှာ သူ ရရှိနိုင်သော တစ်ခုတည်းသော အခမဲ့ ဖျော်ဖြေမှု ဖြစ်နိုင်ပေသည်။

သူ ဘယ်ကို သွားနေလဲဆိုသည်ကို ခေါင်းမော့မကြည့်ဘဲ နားကြပ်ကို နားတွင် တပ်ဆင်လျက် ရှေ့သို့ တည့်တည့် လျှောက်နေမိသည်။

ခြေလှမ်းအနည်းငယ် မျှသာ လျှောက်ရသေးသော်လည်း မာကျောသော အရာတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားခဲ့၏။

"ဘာလဲဟ..."

သူ လန့်ဖျပ်သွားလျက် ခေါင်းမော့ကြည့်လိုက်သည်။ ဓာတ်လှေကားမှ ကုမ္ပဏီဝင်ပေါက်အထိ အကွာအဝေးမှာ ပုံမှန်အားဖြင့် ၁၀ မီတာခန့်သာ ရှိသည်။

သို့သော် ယခုအခါ စင်္ကြန်လမ်းတစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီး အားလုံးက တီးတိုး စကားပြောလျက် ဆွေးနွေးနေကြ၏။

နားကြပ်ကို ချွတ်လိုက်ပြီး ကျန်းရှောင်ကွမ်က ဇဝေဇဝါဖြစ်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

သူ့လုပ်ဖော်ကိုင်ဖက် အချို့ကိုရှာတွေ့ရန် စက္ကန့်အနည်းငယ် ကြာမြင့်ကာ စကားပြောနေကြသော လုပ်ဖော်ကိုင်ဖက်တစ်စုဆီသို့ လူအုပ်ကြီးကို တိုးဝှေ့လျက် သွားလိုက်သည်။

"ရှောင်ကွမ်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်ပျက်နေပြီ"

အသက်လတ်ပိုင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပျာယာခတ်လျက် ပြောလိုက်၏။

"ဘာဖြစ်လို့လဲ အားလုံးရဲ့ မျက်နှာတွေ ဘာလို့ ဒီလောက်အထိ ဖြူဖျော့နေကြတာလဲ"

"ဟူး... မမေးနဲ့၊ မင်း ကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့"

အားလုံး သက်ပြင်းချလိုက်ကြပြီး လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေသည့် ပုံစံမျိုး ဖြစ်နေကြ၏။

သူသည် တခြားသော လုပ်ဖော်ကိုင်ဖက် ပေါင်းများစွာကို တိုးဝှေ့လျက် လမ်းခရီးတွင် လူအချို့၏ ခြေထောက်များကိုပါ နင်းမိခဲ့သေးသည်။

နောက်ဆုံးတွင် သူသည် ကုမ္ပဏီ၏ မှန်တံခါးကြီးရှေ့သို့ ရောက်ရှိသွားခဲ့တော့၏။

ကျန်းရှောင်ကွမ်က လှမ်းကြည့်လိုက်ပြီးနောက် သူ့လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် လုံးဝ ဆွံ့အသွားခဲ့ရတော့သည်။

ဝမ်ချောင်နည်းပညာကုမ္ပဏီ၏ တံခါးမကြီးပေါ်တွင် အနီရောင်တံဆိပ်တုံးများ ရိုက်နှက်ထားသော အဖြူရောင် ချိတ်ပိတ်စာရွက်နှစ်ရွက်အား ကပ်ထားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်...

All Chapters