← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

🍋 Chapter 169

ဝမ်ချောင်နည်းပညာ မှ ဝန်ထမ်းရာပေါင်းများစွာသည် ချိတ်ပိတ်ထားသော ကုမ္ပဏီဝင်ပေါက်ရှေ့တွင် ဘာလုပ်ရမှန်းမသိဘဲ အားကိုးရာမဲ့စွာ မတ်တပ်ရပ်နေကြ၏။

သူတို့ထဲမှ အများစုမှာ သက်ကြီးရွယ်အို မိဘများနှင့် ကလေးငယ်များကို လုပ်ကျွေးမွေးမြူနေကြရသူများ ဖြစ်သဖြင့် အလုပ်ပြုတ်သွားခြင်းက နောက်လအတွက် ငွေကြေးကျပ်တည်းမှုနှင့် တိုက်ရိုက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။

မကြာသေးမီကမှ ကလေးမွေးဖွားထားသည့် အမျိုးသမီးဝန်ထမ်းအချို့ဆိုလျှင် ငိုပင်ငိုနေကြတော့၏။

သူတို့အတွက် အလုပ်အသစ်ရှာဖွေရန်က အလွန်ခက်ခဲလှပြီး အထူးသဖြင့် ကလေးရှိသော အမျိုးသမီးများကို ကုမ္ပဏီအများစုက အလုပ်မခန့်ချင်ကြပေ။

ကလေးရှိလျှင် အမျိုးသမီးများသည် အလုပ်ကို ပထမဦးစားပေး လုပ်ဆောင်နိုင်မည်မဟုတ်ဟု တွေးတောတတ်ကြသောကြောင့် ဖြစ်၏။

ဤအချက်ကပင် ခေတ်သစ်လုပ်ငန်းခွင်အမျိုးသမီးများ အိမ်ထောင်မပြုကြ၊ ကလေးမွေးရန် စိတ်မကူးကြခြင်း၏အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

၎င်းတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်ကို ပထမဦးစားပေးထားကြပြီး အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးဖွားခြင်းကို ဘေးဖယ်ထားကြ၏။

အားလုံးမှာ ခေါင်းမရှိသော ကြက်ဆင်များကဲ့သို့ ပျာယာခတ်လျက် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြစဉ်မှာပင် အမျိုးသားတစ်ဦးက ဓာတ်လှေကားထဲမှ ထွက်လာပြီး ကုမ္ပဏီဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

"မန်နေဂျာဝူ..."

"မန်နေဂျာဝူ ရောက်လာပြီပဲ..."

"မန်နေဂျာဝူ... ကျေးဇူးပြုပြီး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါဦးဗျာ"

ထိုအမျိုးသားမှာ ဝမ်ချောင်နည်းပညာ၏ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာ ဖြစ်သော ဝူတယ်ချိုင် ဖြစ်သည်။

"အားလုံးပဲ စိတ်အေးအေးထားကြပါ။ မပျာယာကြပါနဲ့။ ကျွန်တော် အားလုံးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရောက်လာတာပါ"

ထိုစကားကို ကြားရသည့်အခါမှ လူအုပ်ကြီးက ဖြည်းညဉ်းစွာ ငြိမ်သက်သွားခဲ့၏။

ဝန်ထမ်းများသည် ပုံမှန်အားဖြင့် သူတို့၏ အထက်လူကြီးများကို ကွယ်ရာတွင် အပြစ်ပြောလေ့ရှိကြသော်လည်း အရေးကြီးသော အချိန်များတွင်မူ အထက်လူကြီး၏ စကားကိုသာ နားထောင်တတ်ကြစမြဲ ဖြစ်သည်။

အားလုံးက သူ့ကို စောင့်မျှော်ကြည့်ရှုနေသည်ကို မြင်သောအခါ ဝူတယ်ချိုင်မှ အတ်နိုင်ဆုံး အသံကိုမြှင့်လျက် ပြောလိုက်၏။

"အားလုံးပဲ မစိုးရိမ်ကြပါနဲ့ ဝမ်ချောင်နည်းပညာကုမ္ပဏီက အချို့သော ပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ ဆက်ပြီး လည်ပတ်နိုင်မှာ မဟုတ်တော့ပါဘူး"

"ကျွန်တော်အပါအဝင် ကုမ္ပဏီရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူတွေလည်း ဒီသတင်းကို အခုတင်ပဲ သိရှိခဲ့ရတာပါ"

"အားလုံးရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း အားလုံးနဲ့အတူ လှေတစ်စင်းတည်းစီး၊ လက်တစ်ရေတည်းသောက် နေရတာပါ။ ကျွန်တော့်မှာလည်း လုပ်ကျွေးရမယ့် သက်ကြီးမိဘတွေနဲ့ ကလေးတွေ ရှိပါတယ်၊ ကျွန်တော်တို့အားလုံးက ဝမ်ချောင်နည်းပညာကိုပဲ အမှီပြုပြီး အသက်မွေးနေကြရတာလေ"

"ဒါပေမဲ့ အခု ဝမ်ချောင်က ဒုက္ခရောက်သွားပြီဆိုတော့... ကျွန်တော်တို့ကတော့ ဒုက္ခအဖြစ်မခံနိုင်ဘူးလေ"

"ကျွန်တော်တို့ အသက်ရှင်ရမယ်၊ အလုပ်လုပ်ရမယ် မိသားစုကို လုပ်ကျွေးရမယ်"

ဝူတယ်ချိုင်က သူ့လက်မောင်းကို မြှောက်လျက် လက်သီးကို ဝှေ့ယမ်းကာ လူအုပ်ကြီး၏စိတ်ဓာတ်ကို မြှင့်တင်ရန် ကြိုးစားလိုက်၏။

"မန်နေဂျာဝူ ပြောတာ မှန်တယ်။ ကျွန်တော်တို့ မိသားစုကို လုပ်ကျွေးရမယ်။ ပိုက်ဆံ ရှာရမယ်"

"ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ ကျွန်တော့်ကလေးက အခုမှ တစ်နှစ်ပဲ ရှိသေးတာ"

"ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးက မကြာခင် လက်ထပ်ဖို့ပြင်နေတာ၊ ပိုက်ဆံမရှိလို့ မဖြစ်ဘူး"

အားလုံး စိတ်လှုပ်ရှားနေကြသည်ကို မြင်သောအခါ ဝူတယ်ချိုင်က ပြုံးလျက် ဆက်ပြောလိုက်သည်။

"ဒါကြောင့် အားလုံးအတွက် ရည်ရွယ်ပြီး ကျွန်တော်နဲ့ ကုမ္ပဏီခေါင်းဆောင်အချို့က ထျန်းချိုင်နည်းပညာကုမ္ပဏီနဲ့ ဆက်သွယ်ထားပါတယ်”

“သူတို့က ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ဆန္ဒရှိကြပြီး ကျွန်တော်တို့အတွက် သီးသန့် အလုပ်ခေါ်စာပြပွဲတစ်ခုကို ကျင်းပပေးမှာဖြစ်ပါတယ်”

“ အရည်အချင်းပြည့်မီတဲ့ လျှောက်ထားသူအားလုံးက ထျန်းချိုင်နည်းပညာမှာ မူလလစာအတိုင်း ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်"

ဝူတယ်ချိုင် စကားပြောပြီးနောက် ဝန်ထမ်း ရာကျော်မှာ ဆွံ့အသွားခဲ့ကြရသည်။

တစ်စုံတစ်ယောက်က မိမိတို့ကိုလက်ခံပေးမည်ဆိုခြင်းက တကယ်ကို ကောင်းမွန်သောအရာဖြစ်သော်လည်း ထျန်းချိုင်နည်းပညာက ဤမျှအထိ သဘောကောင်းပြီး လစာမလျှော့ဘူးဟု အာမခံချက်ပေးနိုင်ပါမည်လော...

အားလုံး ထပ်မံ ဝေခွဲမရ ဖြစ်နေကြသည်ကို မြင်သောအခါ ဝူတယ်ချိုင်က လူအုပ်ထဲရှိ လူအချို့ကို မျက်ရိပ်ပြလိုက်၏။

ထိုလူများက ချက်ချင်းသဘောပေါက်သွားကြပြီး လူအုပ်ကြီးကို စတင် လှုံ့ဆော်ကြတော့သည်။

"ဟာ... ကုမ္ပဏီက ဘာပဲဖြစ်ဖြစ် ပျက်စီးသွားပြီပဲဥစ္စာ သူတို့က ငါတို့ကို လက်ခံမယ်လို့ ပြောနေတာပဲ၊ သွားကြည့်ရအောင် ဒီနေ့ ငါတို့လည်း ဘာမှလုပ်စရာမရှိဘူးလေ"

"ဟုတ်တယ်... အိမ်ပြန်ပြီး မိန်းမဆူတာ ခံရတာထက်စာရင်တော့ ပိုကောင်းပါတယ်။ သူတို့ လိမ်မနေဘူးဆိုရင်တော့ ဒါက တကယ်ပဲ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ"

"မှန်တယ်... ငါလည်း ဝမ်ချောင်နည်းပညာမှာ အလုပ်လုပ်ရတာ စိတ်ကုန်နေပြီ၊ ဝေဖေးယွီဆိုတဲ့ ကောင်က ငါတို့ကို နေ့တိုင်း အချိန်ပိုအလကား ခိုင်းနေတာ"

"မင်းပြောတာ မှန်တယ်၊ ငါလည်း ထွက်ချင်နေတာ ကြာပြီ။ ပြီးတော့ ငါကြားတာကတော့ ထျန်းချိုင်နည်းပညာမှာ အချိန်ပိုဆင်းစရာမလိုဘူးတဲ့၊ အားလုံးက စတော့ရှယ်ယာတွေနဲ့ ဘောနပ်စ်တွေ ရကြတယ်၊ ပြီးတော့ သူတို့ရဲ့ နှစ်ချုပ်ဘောနပ်စ်က ငါတို့ထက် နှစ်ဆကျော် ပိုများတယ်တဲ့"

"အမလေး... တကယ်ကြီးလားဗျာ"

"တကယ်ပေါ့"

ဝူတယ်ချိုင်က စိတ်လှုပ်ရှားနေသော ဝန်ထမ်းများကို ကြည့်ပြီး ပြုံးလိုက်မိ၏။

အချိန်ကိုက်ဖြစ်မှန်း ခံစားလိုက်ရသည့်အခါ သူ လက်ကို ဝှေ့ယမ်းလိုက်သည်။

"သွားကြည့်ချင်တဲ့သူတွေ ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ အတင်းအကျပ် မဟုတ်ပါဘူး"

လူအုပ်ကြီးထဲမှ သဘောတူညီသံများ ချက်ချင်းထွက်ပေါ်လာခဲ့ပြီး ဝန်ထမ်းအချို့က ဓာတ်လှေကားဆီသို့ အပြေးအလွှား သွားကြတော့သည်။

တစ်စုံတစ်ယောက်က စတင်ဦးဆောင်လိုက်သည်ကို မြင်ရသည့်အခါ အားလုံး သဘောတူလိုက်ကြ၏။

ငါးမိနစ်အတွင်းမှာပင် ဝမ်ချောင်နည်းပညာ၏အဝင်ဝမှာ လူများဖြင့် ပြည့်နှက်နေရာမှ လုံးဝ ဆိတ်ငြိမ်သွားခဲ့တော့သည်။

အမှန်တကယ်တွင် ဝူတယ်ချိုင်သည် ကျိုးထျန်း၏လာဘ်ထိုးသိမ်းသွင်းခြင်းကို ခံထားရပြီးသား ဖြစ်၏။

ဝမ်ချောင် ပျက်စီးသွားပြီဖြစ်ကြောင်း ဤမန်နေဂျာများက အသိဆုံးဖြစ်ရာ ဤအချိန်တွင် ကျိုးထျန်းက ရှေ့သို့ လှမ်းတက်လာခဲ့ခြင်းဖြစ်သည်။

"ငါ ပိုက်ဆံပေးမယ်၊ အလုပ်ပေးမယ်၊ မင်းတို့ တောင်းဆိုတာထက်ပိုပေးမယ်" ဟုပင်။

ထျန်းချိုင်သို့ ဝင်ရောက်လိုသော ဝမ်ချောင်၏စီမံခန့်ခွဲသူ အဖွဲ့ဝင်တိုင်းသည် ချက်ချင်းဘောနပ်စ်များ ရရှိကြမည် ဖြစ်၏။

သဘာဝကျစွာပင် ၎င်းက စီမံခန့်ခွဲသူများအတွက်သာဖြစ်ပြီး သာမန်ဝန်ထမ်းများကတော့ ရရှိမည် မဟုတ်ပေ။

သူတို့သည် ကျိုးထျန်း၏ပိုက်ဆံကို ယူထားကြသဖြင့် သဘာဝကျစွာပင် သူ့အတွက် အလုပ်လုပ်ပေးကြရမည် ဖြစ်သည်။

သာမန်ဝန်ထမ်းများကို သိမ်းသွင်းပေးရုံတင်မကဘဲ ဝူတယ်ချိုင်သည် ဝမ်ချောင်နည်းပညာရှိ ဝန်ထမ်းအားလုံး၏အသေးစိတ် အချက်အလက်များကိုလည်း ပံ့ပိုးပေးရမည် ဖြစ်၏။

၎င်းတွင် တက်ရောက်မှု၊ အချိန်ပိုဆင်းမှု၊ လုပ်သက်နှစ်များနှင့် ကုမ္ပဏီအတွက် သူတို့ ပေးစွမ်းနိုင်ခဲ့သော အကျိုးအမြတ်များ ပါဝင်ကာ ၎င်းမှတစ်ဆင့် ကျိုးထျန်း၏လူများက မည်သည့်ဝန်ထမ်းများကို ရွေးချယ်ခန့်အပ်ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

လူအုပ်ထဲတွင် လှုံ့ဆော်ပေးနေခဲ့သောသူမှာလည်း သူ့ ကြံရာပါဖြစ်ပြီး ဝမ်ချောင်၏ဝန်ထမ်းများကို ထျန်းချိုင်သို့ ရောက်ရှိလာစေရန် အတွင်းကနေဆွဲဆောင်ပေးခဲ့ခြင်း ဖြစ်၏။

ရုံးအဆောက်အအုံ အောက်ထပ်တွင် ကျိုးထျန်းက လက်ကို ခါးထောက်လျက် ခေါင်းဆောင်တစ်ဦး၏အရှိန်အဝါကို ထုတ်ဖော်နေခဲ့သည်။

ပုံမှန်အားဖြင့် ထိုင်ခုံပေါ်တွင်သာ အမြဲထိုင်နေလေ့ရှိသော သူ့ မန်နေဂျာများ အလုပ်ရှုပ်နေကြသည်ကို ကြည့်ပြီး သူသည် Gym တစ်ခုခုနှင့် မိတ်ဖက်ပြုလုပ်ရန် လိုအပ်နေပြီဟု ခံစားလိုက်ရ၏။

ဤလူများ၏ကျန်းမာရေး အခြေအနေက တကယ်ကို ဆိုးရွားလွန်းလှသည်။

ပျမ်းမျှအသက် ၄၀ မပြည့်သေးသော လူတစ်စုသည် ကုလားထိုင်အနည်းငယ် ရွှေ့ရုံမျှဖြင့် သေလုမတတ် ဖြစ်နေကြရ၏။

လူအချို့ဆိုလျှင် လမ်းဘေးတွင် ထိုင်လျက် အမောတကောဖြင့် သက်ပြင်းချနေကြပြီ ဖြစ်သည်။

"ဥက္ကဋ္ဌကျိုး... ဥက္ကဋ္ဌကျိုး... ဟိုဘက်မှာ လူတွေ လာနေကြပြီ ထင်တယ်"

ချန်ကွမ်ချီ မလှမ်းမကမ်းနေရာတစ်ခုကို ညွှန်ပြလျက် သူ့ကို လှမ်းခေါ်လိုက်၏။

သူ မျက်မှောင်ကုပ်၍ ကြည့်လိုက်ရာ အဆောက်အအုံ၏ ဓာတ်လှေကားများထဲမှ လူပေါင်း ရာနှင့်ချီ၍ ထွက်လာကြပြီး သူတို့ရှိရာဘက်သို့ ဦးတည်လာနေကြသည်ကို မြင်လိုက်ရသည်။

"အားလုံးပဲ စိတ်ဓာတ်မြှင့်တင်ပြီး အလုပ်စကြစို့"

သူ အော်ဟစ်လိုက်ပြီး ခေါင်းဆောင်အားလုံးကို စားပွဲဆီသို့ ခေါ်ယူလိုက်၏။ လူတစ်ဒါဇင်ခန့်က အစီအရီ ထိုင်လိုက်ကြသည်။

ချန်ကွမ်ချီက မကြာသေးမီကမှ အမြန်လုပ်ထားသော စာတန်းတစ်ခုကို ထုတ်ယူကာ စားပွဲ၏ ဘေးနှစ်ဖက်တွင် ကပ်လိုက်၏။ ထိုအနီရောင် စာတန်းပေါ်တွင်

"ထျန်းချိုင်နည်းပညာ ကုမ္ပဏီလီမိတက် သီးသန့်အလုပ်ခေါ်စာပြပွဲ"

ဟူသော စာသားမှာ အထင်အရှား ပေါ်လွင်နေသည်။

ကျိုးထျန်းသည် သူဌေးဖြစ်သောကြောင့် အင်တာဗျူးသူအဖြစ် မလုပ်ဆောင်ဘဲ ဘေးတွင်သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။

ဝူတယ်ချိုင်၏မျက်လုံးများက ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ့ကို ရှာဖွေတွေ့ရှိသွားသည့်အခါ တည့်တည့် လျှောက်လာခဲ့သည်။

"ဥက္ကဋ္ဌကျိုး... ကျွန်တော် တာဝန်ကျေပွန်စွာနဲ့ အားလုံးကိုခေါ်လာခဲ့ပါပြီ"

"လောင်ဝူ... မင်း တကယ်တော်တယ်၊ ဝမ်ချောင်ရဲ့ အဝင်ဝမှာ စောင့်ဖို့ လူနှစ်ယောက် ထပ်လွှတ် လိုက်ဦး။ အကယ်၍ နောက်ကျတဲ့လူ ရှိရင်လည်း ဒီကို ခေါ်လာခဲ့လိုက်"

"ဟုတ်ကဲ့... ကျွန်တော် အခုပဲ စီစဉ်လိုက်ပါ့မယ်"

ဝူတယ်ချိုင် ထူးခြားသော တက်ကြွမှုများဖြင့် ချက်ချင်းသွားရောက်လုပ်ဆောင်တော့၏။

သူ၏ အခြေအနေမှာ လက်နက်ချလာသောဗိုလ်ချုပ်တစ်ဦးနှင့် တူလှသဖြင့် သူက အကောင်းဆုံး စွမ်းဆောင်ပြရမည် ဖြစ်သည်။

မဟုတ်လျှင် သူ မည်သို့ အရေးကြီးသော တာဝန်များကို ရရှိနိုင်ပါမည်နည်း။

လူအုပ်ကြီး စုဝေးလာခဲ့ကြပြီး ထျန်းချိုင်နည်းပညာ၏အလုပ်ခေါ်ယူရေး အဖွဲ့ရှေ့တွင် တန်းစီလိုက်ကြသည်။

ထိုပြကွက်က တကယ့်ကို ကြီးကျယ်ခမ်းနားလှသဖြင့် ပတ်ဝန်းကျင် ကုမ္ပဏီများမှ လူများပင် ပြတင်းပေါက်မှတစ်ဆင့် ခေါင်းပြူ၍ ဘာဖြစ်နေသလဲဆိုသည်ကို လာရောက် စူးစမ်းကြည့်ရှုကြတော့၏။

ခေတ္တမျှ ကြာပြီးနောက် ထိုဆူညံသံက လုံခြုံရေးဝန်ထမ်းများ၏သတိကို ဆွဲဆောင်သွားခဲ့သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ ဒီကနေ ထွက်သွားကြစမ်း။ ဒီနေရာမှာ ဆိုင်ခန်းတွေ ဖွင့်ခွင့်မရှိဘူး"

လုံခြုံရေးဝန်ထမ်းတစ်ဦးက လူအုပ်ကြီးကို မောင်းထုတ်ရန် စိတ်လှုပ်ရှားစွာဖြင့် ကြိုးစားလိုက်၏။

ထျန်းချိုင်နည်းပညာ၏ခေါင်းဆောင်များသည် စိုးရိမ်သွားကြပြီး ကျိုးထျန်းကို လှမ်းကြည့်လိုက်ကြသည်။

သို့သော် သူက တည်ငြိမ်နေဆဲဖြစ်ပြီး လက်ကို ဝှေ့ယမ်းကာ ဝူတယ်ချိုင်ကို ခေါ်ယူလျက် သူ့နားနားတွင် စကားအချို့ ကပ်ပြောလိုက်၏။

ဝူတယ်ချိုင် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်ပြီးနောက် လုံခြုံရေးဝန်ထမ်း၏ ရှေ့သို့ ချက်ချင်း တိုးဝှေ့ဝင်ရောက်သွားခဲ့သည်။

"မင်း ဘာလုပ်တာလဲ။ ငါတို့က ဒီမှာ အလုပ်ရှာနေတာလေ။ မင်းက ငါတို့ရဲ့ အလုပ်အကိုင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"

"ဟုတ်တယ်"

"မင်း ဘာလိုချင်လို့လဲ"

"လာပြီး ပြဿနာမရှာနဲ့"

လူပေါင်းများစွာက တညီတညွတ်တည်း ထပ်ဆင့် အော်ဟစ်လိုက်ကြသဖြင့် လုံခြုံရေးဝန်ထမ်းမှာ လန့်ဖျပ်သွားခဲ့ရ၏။

"မင်း... မင်းတို့... ငါ..."

လူပေါင်း နှစ်ရာနီးပါးက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသဖြင့် လုံခြုံရေးဝန်ထမ်းမှာ စကားပင် မပြောနိုင်တော့ပေ။

သူက စကားပြောစက်ကို ထုတ်ယူကာ စစ်ကူများကို အမြန် ခေါ်ယူလိုက်တော့သည်။

"အရာရှိကြီး... လူတွေကို ဒီကို အခုပဲ ခေါ်လာခဲ့ပေးပါဦးဗျာ။ ကျွန်တော် သူတို့ကို ထိန်းမထားနိုင်တော့ဘူး"

ငါးမိနစ်ခန့် ကြာပြီးနောက် လုံခြုံရေးအရာရှိကြီးသည် လက်နက်မျိုးစုံ ကိုင်ဆောင်ထားသော လူပေါင်း ၂၀ ကျော်နှင့်အတူ ဒေါသတကြီး ရောက်ရှိလာခဲ့တော့၏။

လက်နက်များထဲတွင် တံမြက်စည်းများ၊ ကြမ်းတိုက်တံများနှင့် ရေနွေးအိုး ကိုင်ထားသည့် လုံခြုံရေးလူငယ်လေးတစ်ဦးပင် ပါဝင်နေသေးရာ ဘယ်သူ့ကို ရေနွေးနဲ့ ပက်ဖို့ ပြင်နေလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။

ထိုလုံခြုံရေးအရာရှိကြီးသည် အရင်က ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ရွာထဲတွင် မည်သည့် ရန်ပွဲတွင်မျှ မရှုံးဖူးဘဲ ကြောက်မက်ဖွယ် အရှိန်အဝါမျိုး ရှိခဲ့သူ ဖြစ်သည်။

သို့သော် သူသည် ဒေါသတကြီး စိုက်ကြည့်နေသော ပရိုဂရမ်မာ ရာကျော်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ့ခြေလှမ်းများ ရပ်တန့်သွားခဲ့ရတော့၏။

"ဒါက..."

သူ့ရှေ့က လူပေါင်းများစွာသည် တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ဖုန်းများကို ထုတ်ယူကာ ကင်မရာများကို ဖွင့်လိုက်ကြပြီး ဖြစ်သည်။

အကယ်၍ လုံခြုံရေးများကသာ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ဝံ့လျှင် သူတို့သည် မကြာခင် အင်တာနက်ပေါ်တွင် လူသိများသော ‘ဆယ်လီ’ များ ဖြစ်သွားကြပေလိမ့်မည်...

All Chapters