← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

🍋 Chapter 171

ရဲအရာရှိမှာ သူ့ကို ခေါင်းညိတ်ပြလိုက်၏။

"မစ္စတာကျိုး... ကျွန်တော်တို့ ထျန်းချိုင်နည်းပညာရဲ့ အလုပ်ခေါ်စာပြပွဲမှာ စည်းကမ်းထိန်းသိမ်းဖို့ အထက်လူကြီးတွေဆီကနေ အကြောင်းကြားစာ ရရှိထားလို့ပါ၊

ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါဦး"

"စည်းကမ်း... ထိန်းသိမ်းဖို့ ဟုတ်လား"

ကျိုးထျန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ဤမျှများပြားသော လူများက သူ့အတွက် စည်းကမ်းထိန်းသိမ်းပေးရန် ရောက်ရှိလာကြခြင်းဖြစ်သည်လော။

သူသည် အလုပ်လာရောက်လျှောက်ထားကြသော ပရိုဂရမ်မာ အုပ်စုကိုလှမ်းကြည့်လိုက်မိ၏။

သူတို့အားလုံးက ဆံပင်ကျဲကျဲနှင့် ဗိုက်ရွှဲရွှဲများဖြင့် ဖြစ်ကြသည်။ သူတို့ကို တော်လှန်ပုန်ကန်ရန် အခွင့်အရေးပေးလျှင်ပင် သူတို့ လုပ်နိုင်ကြမည်မဟုတ်ပေ။

သူတို့မှာ တကယ့်ကို ရိုးသားအေးဆေးသော လူတစ်စုဖြစ်မှန်း သိသာလှ၏။

‘ဟူး... ဒါလည်း မဟုတ်သေးပါဘူး၊ ရဲအရာရှိက သူ့အထက်လူကြီးဆီက အကြောင်းကြားစာ ရတယ်လို့ ပြောတာပဲ’

‘ဒီအထက်လူကြီးဆိုတာ... မနေ့က ဦးလေးကြီးဖြစ်နေမလား’

သူ့ဦးနှောက်က အမြန်လှုပ်ရှားလျက် အခြေအနေအားလုံးကို ချက်ချင်း သဘောပေါက်သွားခဲ့တော့သည်။

‘သူက ငါ့ရဲ့ လှုပ်ရှားမှုတွေကို နောက်တစ်ကြိမ် ထိုးထွင်းသိမြင်သွားပြန်ပြီ ထင်တယ်။ ငါ့ကို ကူညီဖို့ လူလွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူး’

‘ဒီမြေခွေးအိုကြီးရဲ့ လှုပ်ရှားမှုတွေကို ငါ လုံးဝ ထိုးထွင်းမမြင်နိုင်တော့ပါလား၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ’

သို့သော် မည်သို့ပင်ဖြစ်စေ ဤအရာက သူ့အတွက်တော့ ကောင်းမွန်သောအချက်ဖြစ်သည်။

သူက ချန်ကွမ်ချီကို အမြန်လှမ်းခေါ်လိုက်၏။

"မင်း ခဏနေရင် ဓာတ်ပုံရိုက်ဖို့ တာဝန်ယူလိုက်၊ ခန့်ညားပြီး အထင်ကြီးစရာကောင်းတဲ့ ဓာတ်ပုံအချို့ကို သေချာရိုက်ဖို့ မှတ်ထားပါ၊ ပြီးရင် မင်းရဲ့ WeChat Moments ပေါ်မှာ တင်လိုက်ဦး"

လောင်ချန်သည် သူ့သူဌေးက တစ်ခုခုကြံစည်နေပြန်ပြီမှန်း သိထားသဖြင့် ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်တော့သည်။

ရဲအရာရှိ ၂၀ ကျော်က နှစ်တန်းစီလျက် မတ်တပ်ရပ်ကာ ဘေးပတ်ဝန်းကျင်မှ လာရောက်ကြည့်ရှုသူများကို မောင်းထုတ်ပေးလိုက်ကြ၏။

တခြားလူအချို့ကတော့ လုံခြုံရေးဂိတ်ဆီသို့ အပြေးအလွှားသွားကာ ပလတ်စတစ် ကုန်းချွန်များကို ငှားရမ်းလျက် စည်းဝိုင်းတားဆီးလိုက်ကြသည်။

လုံခြုံရေးအရာရှိကြီးသည် ဤပြကွက်ကို မြင်ရသည့်အခါ ကြောက်လန့်တကြား တုန်ရင်သွားခဲ့ရ၏။

‘ကံကောင်းလို့ စောစောက ငါ ပြဿနာအကြီးအကျယ်မရှာမိတာ၊ မဟုတ်ရင် ငါတော့ သွားပြီ’

‘ဒီကောင်က ဘယ်သူလဲ၊ ရဲတွေကတောင် သူ့ကို ဝန်းရံစောင့်ရှောက်ပေးနေကြတာပဲ၊ ငါကတော့ သူ့မျက်စိထဲမှာ ဘာမှမဟုတ်ပါလား’

ရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဝမ်ချောင်နည်းပညာ ဝန်ထမ်းအားလုံး၏ပူးပေါင်းမှုကြောင့် အလုပ်ခေါ်စာပြပွဲကြီးမှာ ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်။

ဝမ်ချောင်ဝန်ထမ်း ၉၀ ရာခိုင်နှုန်းကျော်က ကျိုးထျန်း ရွေးချယ်နိုင်ရန်အတွက် သူတို့၏အချက်အ လက်များကို ချန်ထားခဲ့ကြ၏။

ထျန်းချိုင်နည်းပညာ၏မန်နေဂျာများသည်လည်း အလွန်ပင် ပျော်ရွှင်နေကြသည်။

ဤမျှများပြားသော လူများရောက်ရှိလာသဖြင့် သူတို့၏အဖွဲ့ဝင်အင်အားက သိသိသာသာ တိုးတက်လာတော့မည်ဖြစ်သည်။

သူတို့လက်အောက်တွင် လူပိုများလေ၊ သူတို့၏အာဏာက ပိုမိုကြီးမားလေ ဖြစ်မည်။

သူဌေးမှ ဝမ်ချောင်နည်းပညာ၏စီမံခန့်ခွဲသူများကို စုပ်ယူလိုက်လျှင်ပင် သူတို့အပေါ် သက်ရောက်မှု သိပ်ရှိမည်မဟုတ်ပေ။

သို့သော် လက်နက်ချလာသော ဗိုလ်ချုပ်များသည် လက်နက်ချလာသူများသာ ဖြစ်ပြီး မိမိတို့၏မူလအဖွဲ့အစည်းနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

ထို့အပြင် ယခုလက်ရှိ အထွေထွေမန်နေဂျာမှာ ယင်းချိုင်ခေတ်ကတည်းက ကျန်ရစ်ခဲ့ပြီး သူတို့အုပ်စုထဲက ဖြစ်သော ဝါရင့် ချန်ကွမ်ချီ ဖြစ်သည်။

သူ ရှိနေသရွေ့ သူတို့၏ ရာထူးနေရာများက ခိုင်မာနေဦးမည်ဖြစ်၏။

သို့သော် သူတို့မသိရှိကြသည်မှာ ကျိုးထျန်းမှာ ဤအချက်ကိုကြိုတင်တွေးတောထားပြီးသား ဖြစ်သည်။

ထျန်းချိုင်နည်းပညာ စီမံခန့်ခွဲမှုအပိုင်း၏အကြီးမားဆုံး ပြဿနာမှာ ဤမန်နေဂျာများကိုယ်တိုင်ပင် ဖြစ်၏။

၎င်းတို့ကို ကျိုးထျန်း၏ကိုယ်ပိုင်လူများဟု မသတ်မှတ်နိုင်ပေ။

ကျိုးထျန်းတွင် သူတို့အပေါ် အာဏာစက် ရှိသော်လည်း ကျေးဇူးတရား သိပ်မရှိလှပေ။

သူသည် ကြင်နာမှုနှင့် ပြတ်သားမှုနှစ်ခုစလုံးကို အသုံးပြုပြီး သူတို့ကို လုံးဝအညံ့ခံအောင် မလုပ် ဆောင်နိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ယင်းချိုင် ပျက်စီးသွားစဉ်က ကျိုးထျန်းသည် ပိုက်ဆံကို အသုံးပြီး၍ သူတို့ကို ဆွဲထားခဲ့ကာ အခြေအနေကို တည်ငြိမ်အောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပိုက်ဆံဆိုသည်မှာ လူများအလွယ်တကူ မေ့လျော့တတ်သောအရာဖြစ်၏။

သူတို့သည် ကျိုးထျန်းကို လိုက်နာကျိုးနွံနေဆဲဟု ထင်ရသော်လည်း မောက်မာလာသည့် အရိပ်အ ယောင်များ ပေါ်ထွက်နေပြီဖြစ်ရာ ဤအရှိန်အဝါကို အမြန်ဆုံး နှိမ်နင်းရန်လိုအပ်နေပြီဖြစ်သည်။

ထိုလူစုသည် ထျန်းချိုင်နည်းပညာ၏ ရုံးခန်းဆီသို့ ကားမောင်းပြန်လာခဲ့ကြပြီး ဝမ်ချောင်နည်းပညာမှ မန်နေဂျာအချို့ကိုလည်း အစည်းအဝေးခန်းမကြီးထဲသို့ခေါ်ဆောင်လာခဲ့ကြ၏။

စားပွဲ၏ ဘေးနှစ်ဖက်တွင် အုပ်စုနှစ်စု ကွဲပြားလျက် ရှိနေသည်။ ကျိုးထျန်းသည် ရှည်လျားသော အစည်းအဝေးစားပွဲကြီး၏အစွန်ဆုံးတွင် ထိုင်နေခဲ့ပြီး ဘာစကားမျှ မပြောပေ။

တစ်ချိန်တည်းမှာပင် သူ့ဘေးနားရှိ ထိုင်ခုံတစ်ခုကို တမင်တကာ အလွတ်ချထားခဲ့ပြီး မည်သူ့ကိုမျှ ထိုင်ခွင့်မပြုခဲ့ပေ။

ချန်ကွမ်ချီသည် သူ့အနီးဆုံးနေရာတွင် ထိုင်နေခဲ့ပြီး အနားသို့တိုးလျက် ပြောလိုက်၏။

"သူဌေး... ကျွန်တော်တို့ကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲ"

"မလောပါနဲ့ ငါ လူတစ်ယောက်ကို စောင့်နေတာ၊ မကြာခင် မင်း သိရမှာပါ"

ဘေးနှစ်ဖက်မှ လူများသည် နောက်ထပ် ဘာစကားမျှမပြောဝံ့ကြပေ။ သူတို့သူဌေးက စိတ်ကူးပေါက်ရာ လုပ်တတ်ပြီး ခန့်မှန်းရခက်သူဖြစ်ရာ မည်သူမျှ သဘောထားအမြင်များ မတင်ပြဝံ့ကြပေ။

မိနစ် ၂၀ ခန့် ကြာပြီးနောက် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး အစည်းအဝေးခန်းမတံခါးဝတွင် ပေါ်လာခဲ့တော့သည်။

"မစ္စတာလျို... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"

ကျိုးထျန်း မတ်တပ်ရပ်လျက် သူ့ကိုနှုတ်ဆက်လိုက်သဖြင့် အားလုံး၏အာရုံစိုက်မှုက ထိုမလှမ်းမကမ်း နေရာဆီသို့ရောက်ရှိသွားခဲ့၏။

ရောက်ရှိလာသူမှာ လျိုထျန်းအန်ဖြစ်သည်။

လူအများစုက သူ့ကို မမှတ်မိကြသော်လည်း လုပ်ငန်းခွင် ထိပ်သီးအစည်းအဝေးများကိုမကြာခဏ တက်ရောက်လေ့ရှိသော အဆင့်မြင့် ခေါင်းဆောင်အချို့ကမူ သူ့ကိုရင်းနှီးကြ၏။

အထူးသဖြင့် ချန်ကွမ်ချီသည် လျိုထျန်းအန်ကို ငေးကြောင်၍ ကြည့်နေခဲ့ပြီး ၎င်း၏ မျက်နှာအမူအရာက လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"သူ... သူက ဘာလို့ ဒီကို ရောက်နေတာလဲ။ သူဌေးကျိုးက သူ့ကို ဖိတ်ခေါ်လိုက်တယ်ဆိုတော့... ဖြစ်နိုင်တာက..."

သူ စတင် သဘောပေါက်လာခဲ့ပြီး ကျိုးထျန်းကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်မိ၏။

ထိုအချိန်တွင် ကျိုးထျန်းက လျိုထျန်းအန်ကို သူ့ဘေးတွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။

လျိုထျန်းအန်မှ ခေါင်းညိတ်ပြလျက် အားလုံးကို နှုတ်ဆက်ကာ ကျိုးထျန်း၏ဘေးနားသို့ တည့်တည့်လျှောက်လှမ်းပြီး ပေါ့ပေါ့ပါးပါးပင် ထိုင်လိုက်တော့၏။

ထျန်းချိုင်နည်းပညာ၏ ခေါင်းဆောင်များသည် တစ်ယောက်တည်း တီးတိုးစကားပြောဆိုလာကြပြီး တစ်ချိန်တည်းမှာပင် မျက်နှာပျက်နေသော ချန်ကွမ်ချီကိုလည်း လှမ်းကြည့်လိုက်ကြသည်။

"ဒီအပတ်မှာ သူဌေးက ဘာလုပ်ဖို့ ပြင်နေတာလဲ မသိဘူး"

"ငါထင်တာတော့ လောင်ချန် ဒုက္ခရောက်တော့မယ်ထင်တယ်"

"ဒါကို ကြည့်ရရင်တော့ သူတို့က အထွေထွေမန်နေဂျာအသစ် တစ်ယောက်ရှာဖို့ ပြင်နေကြတာ ဖြစ်ရမယ်။ လောင်ချန်ရဲ့ ရာထူးက ဘာလို့ အမြဲတမ်း 'ယာယီအထွေထွေမန်နေဂျာ' ဖြစ်နေလဲဆိုတာ မပြောနဲ့တော့"

"ငါတို့ကော ဘယ်လိုဖြစ်မလဲ၊ မင်းအသစ်တက်ရင် နန်းတွင်းအသစ် ဖြစ်လာမှာလေ။ အထက်လူကြီး ပြောင်းလဲသွားရင် ငါတို့ကော ကောင်းကောင်းမွန်မွန် နေရပါ့မလား"

"ဟူး... တစ်ဆင့်ချင်းစီပဲ ရင်ဆိုင်ရုံပေါ့"

လူအချို့က သက်ပြင်းချလျက် စကားပြောနေကြပြီး ကျိုးထျန်းကမူ ထိုစကားလုံးအားလုံးကို အထင်အရှား ကြားလိုက်ရ၏။

‘ငါ သူတို့ကို ပေးထားတဲ့ ဖိအားနဲ့ အာဏာစက်က မလုံလောက်သေးဘူး ထင်တယ်၊ ငါ့ရှေ့မှာတင် တီးတိုးပြောပြီး ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်နေကြတာကတော့ မဖြစ်သေးပါဘူး။ သူတို့ကို သင်ခန်းစာတစ်ခု ပေးရမယ်’

သူက လက်ဆစ်များဖြင့် စားပွဲကို တောက်တောက်တောက်ဟု ခေါက်လိုက်ပြီး အားလုံးကို တိတ်ဆိတ်ရန် အချက်ပြလိုက်၏။

"အားလုံးမှာ မေးခွန်းတွေ အများကြီး ရှိနေပုံရတယ်ပဲ။ ငါ အားလုံးကို တစ်ခုချင်းစီ ရှင်းပြပေးပါ့မယ်"

"ဒီနေ့ကစပြီး မန်နေဂျာချန်ကွမ်ချီက ထျန်းချိုင်နည်းပညာရဲ့ ဒုတိယအထွေထွေမန်နေဂျာအဖြစ် တာဝန်ယူမှာဖြစ်ပြီး၊ အထွေထွေမန်နေဂျာ ရာထူးကိုတော့ မစ္စတာလျိုထျန်းအန်က ရယူမှာဖြစ်ပါတယ်"

သူ့ကို လူချင်း မမှတ်မိကြလျှင်ပင် ထိုအမည်ကတော့ ဒဏ္ဍာရီတစ်ခုဖြစ်၏။

သူသည် ယခင်က လုပ်ငန်းခွင်ထဲတွင် ကျော်ကြားခဲ့သည်ဖြစ်စေ၊ မကျော်ကြားခဲ့သည်ဖြစ်စေ မကြာသေးမီက ဒါလုံအတွင်းဖြစ်ပွားခဲ့သော ဆူပူလှုပ်ရှားမှုကြီးက လုပ်ငန်းခွင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီးသား ဖြစ်ရာ လျိုထျန်းအန်၏အမည်မှာ လူသိများထင်ရှားနေခဲ့ပြီ ဖြစ်သည်။

ရောက်နေသူအားလုံးမှာ လုပ်ငန်းဝါရင့်သူများ ဖြစ်ကြသဖြင့် သဘာဝကျစွာပင် ထိုအမည်ကို မှတ်မိကြပြီး အားလုံးအံ့သြတုန်လှုပ်သွားကြရ၏။

ဤအကြိမ်တွင် ထျန်းချိုင်နည်းပညာ၏စီမံခန့်ခွဲသူများတင်မကဘဲ ဝမ်ချောင်မှ ရောက်ရှိလာသူများပင် ထူးဆန်းသော မျက်နှာအမူအရာများဖြင့် စတင်ဆွေးနွေးလာကြတော့သည်။

ကျိုးထျန်းက သူတို့ကို မတားဆီးဘဲ သူတို့၏ အမြင်များကို အပြန်အလှန် ဖလှယ်ခွင့်ပေးထားကာ သူတို့ကို ပြုံး၍သာ ကြည့်နေခဲ့၏။

ထိုဆူညံသံက မိနစ် ၁၀ ခန့် ကြာမြင့်သွားခဲ့ပြီးနောက် နောက်ဆုံးတွင် ချန်ကွမ်ချီ စတင် စကားပြောလိုက်တော့သည်။

"တိတ်တိတ်၊ တိတ်တိတ်... ဥက္ကဋ္ဌကျိုးပြောတာကို နားထောင်ကြဦး၊ အားလုံး စကားမပြောကြနဲ့တော့"

လောင်ချန်၏စကားက အတိုင်းအတာတစ်ခုအထိ အာဏာသက်ရောက်မှု ရှိနေဆဲဖြစ်ရာ အားလုံးက ဆွေးနွေးခြင်းကို ရပ်တန့်လိုက်ကြ၏။

သို့သော် ကျိုးထျန်းမှာ အေးစက်သောအကြည့်တစ်ချက် လှမ်းကြည့်လိုက်သဖြင့် လောင်ချန်မှာ လန့်ဖျပ်လျက် နောက်သို့ဆုတ်သွားခဲ့ရသည်။

ကျိုးထျန်း စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိ၏။

‘ငါ့စကားက အရာမထင်ဘဲ မင်းစကားက အရာထင်နေတာပေါ့၊ ကောင်းတယ်... တကယ့်ကို ကောင်းတယ်၊ ငါ လျိုထျန်းအန်ကို ဒီကိုခေါ်လာတဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့ပုံရတယ်’

‘ ငါသာ သူ့ကို ဒီကို ခေါ်မလာခဲ့ရင် နောက်လပိုင်းအတွင်းမှာ ဒီလူတွေက ထျန်းချိုင်ရဲ့ သူဌေးက ဘယ်သူလဲ ဆိုတာကိုတောင် သိကြတော့မှာ မဟုတ်ဘူး’

သူသည် ရောက်နေသူ တစ်ဦးချင်းစီကို စိုက်ကြည့်လိုက်ရာ အားလုံးထိတ်လန့်သွားကြရတော့၏။

‘သူဌေးရဲ့ အကြည့်က... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...’

ကျိုးထျန်း အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုပြီးနောက် ပြုံးလျက်ပြောလိုက်သည်။

"အားလုံးမှာ ကိုယ်ပိုင် အတွေးအခေါ်တွေရှိကြပုံရတယ်၊ ကုမ္ပဏီဆိုတာ လူတစ်ယောက်တည်းရဲ့ ပြဇာတ်ရုံ မဟုတ်ပါဘူး၊ အားလုံးမှာ ကိုယ်ပိုင် သဘောထားအမြင်တွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိကြပါတယ်"

"ငါက သူဌေးဖြစ်ပေမယ့်လည်း အားလုံးရဲ့ သဘောထားတွေကို မျက်ကွယ်ပြုလို့မရပါဘူး"

"ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက တကယ်ပဲ ရုတ်တရက် ဆန်လွန်းလှတယ်။ အထွေထွေမန်နေဂျာလျူကို ဒီကို ဖိတ်ခေါ်ပြီး ဝန်ထမ်းအပြောင်းအလဲကို ချက်ချင်းကြေညာလိုက်တာက အားလုံးအတွက် လက်ခံရခက်ခဲနိုင်ပါတယ်"

"ဒါကြောင့် ငါတို့ မဲခွဲဆုံးဖြတ်ကြတာပေါ့၊ မင်းတို့ ဒီအခန်းထဲက ထွက်သွားပြီးရင် ငါ့ကို အာဏာရှင်ဆန်တယ်လို့ မပြောနိုင်အောင်လို့ပေါ့"

ကျိုးထျန်း ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်၏။

ထို့နောက် သူသည် စားပွဲကို စည်းချက်ကျကျဖြင့် တောက်တောက်တောက်ဟု ခေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက အသံကို နှိမ့်ချလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်တော့၏။

"ငါ အခုတင် တင်ပြလိုက်တဲ့ ဝန်ထမ်းအပြောင်းအလဲနဲ့ ပတ်သက်ပြီး... ဘယ်သူက သဘောတူပြီး ဘယ်သူက ကန့်ကွက်မလဲ"

သူ စကားပြောပြီးပြီးချင်းမှာပင် အစည်းအဝေး စားပွဲကြီးတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့ပြီး မည်သူမျှ ပြန်လည်မဖြေကြားဝံ့ကြတော့ပေ...

All Chapters