အခန်း ၁၇၂
Vol. 18 Ch. 172
🍋 Chapter 172
အစည်းအဝေးစားပွဲကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လူပေါင်း ၂၀ ကျော် ထိုင်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်ဖြေကြားရန်မဝံ့ရဲကြပေ။
"ဘာလို့ စကားမပြောကြတာလဲ၊ ဘာလဲ... စကားမပြောတတ်တော့ဘူးလား။ တစ်ခုခု ပြောကြဦးလေ။ စောစောကကျတော့ အားလုံးစကားတွေ သိပ်ပြောနိုင်နေကြတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ခေါင်းတွေငုံ့ပြီး ဘာစကားမှ မပြောနိုင်ရတာလဲ"
ကျိုးထျန်းက လူအုပ်ကြီးကိုဝေ့ဝဲကြည့်ရှုလိုက်ရာ သူ့အကြည့်နှင့် ဆုံမိသူတိုင်းသည် မူလတန်းကျောင်းသားလေးများကဲ့သို့ လိမ္မာယဉ်ကျေးစွာခေါင်းငုံ့သွားကြတော့သည်။
သူ့ဘေးတွင် ထိုင်နေသော လျိုထျန်းအန်မှာ အံ့သြသွားရ၏။
သူသည် ကျိုးထျန်း၏အရှိန်အဝါ မည်မျှအစွမ်းထက်ကြောင်း ယခင်က ဆွေးနွေးစဉ်ကတည်းက ခံစားမိထားပြီးသား ဖြစ်သည်။
သို့သော် အသက် ၂၀ ပင် မပြည့်သေးသည့် ဤလူငယ်လေးက ဆယ်စုနှစ်ချီ၍ အတွေ့အကြုံရှိသော ဝါရင့်လုပ်ငန်းရှင်ကြီး ဒါဇင်ပေါင်းများစွာကို ဤမျှအထိ ဖိနှိပ်ချုပ်ကိုင်ထားနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။
ယနေ့ သူ လာရောက်စဉ်က စိုးရိမ်ပူပန်မှုများစွာ ရှိနေခဲ့သည်။
သူ့ကဲ့သို့ ရုတ်တရက် ရောက်ရှိလာသူတစ်ဦးသည် ကုမ္ပဏီမှ ဝန်ထမ်းဟောင်း အများအပြား၏မကျေနပ်မှုများကို သေချာပေါက်ဖြစ်ပေါ်စေမည်ဖြစ်သည်။
သူတို့ကို ဖျောင်းဖျပြီး မိမိဘက်ပါအောင် ဆွဲဆောင်ရန်အတွက်ပင် အင်မတန် ကြီးမားသော အားထုတ်မှု ပြုလုပ်ရမည်ဖြစ်၏။
သို့သော် ယခုမူ ကျိုးထျန်း၏ဖိအားပေးမှုကြောင့် သူ့အလုပ်များမှာ များစွာပိုမိုလွယ်ကူသွားတော့မည် ဖြစ်သည်။
ကျိုးထျန်းသည် သူ့အာဏာစက်ကို တည်ဆောက်ပေးလျက် မိမိအတွက် လမ်းခင်းပေးနေခြင်းဖြစ်မှန်း သူ အသေအချာသိရှိနားလည်လိုက်လေသည်။
"လောင်ချန်... မင်းက ကုမ္ပဏီရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ၊ မင်းရဲ့ သဘောထားအမြင်ကို ဘာလို့ ထုတ်မပြောတာလဲ"
ကျိုးထျန်းက "ခေါင်းဆောင်" ဆိုသည့် စကားလုံးကို ဖိပြောလိုက်သဖြင့် ချန်ကွမ်ချီမှာ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရ၏။
"ဥက္ကဋ္ဌကျိုး... ကျွန်တော် ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပါတယ်၊ မစ္စတာလျိုက ကျွန်တော့်ထက် အတွေ့အကြုံ ပိုများပြီး ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာအဖြစ် တာဝန်ယူဖို့ ပိုပြီးတော့ သင့်တော်ပါတယ်"
သူက အလျင်အမြန်ပင် သူ့ကိုယ်သူ နှိမ့်ချလိုက်ပြီး ကျိုးထျန်း၏အလိုအတိုင်း ထောက်ခံပြောဆိုလိုက်သည်။
"ကျန်တဲ့လူတွေကော"
"သဘောတူပါတယ်"
"သဘောတူပါတယ်"
"သဘောတူပါတယ်"
...
"ကောင်းပြီ... အားလုံးက သဘောတူကြတယ်ဆိုတော့ ဒီကိစ္စကို ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်။ ကုမ္ပဏီအတွင်းမှာ သဘောထားချင်း တိုက်ဆိုင်မှုရှိနေတာကိုတွေ့ရလို့ ငါ တကယ့်ကို ဝမ်းသာမိပါတယ်"
ကျိုးထျန်း၏အမူအရာ လျော့ကျသွားသည့်အခါမှသာ ကျန်ရှိနေသူများမှာ သက်ပြင်းချနိုင်ကြတော့၏။
"နောက်တစ်ခုကတော့ ဒုတိယမြောက်ကိစ္စပါ၊ ဒါကလည်း ဝန်ထမ်းအပြောင်းအလဲကိစ္စပဲ ဖြစ်တယ်"
"ဝန်ထမ်းအပြောင်းအလဲ"
ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ ငါးစက္ကန့်ပင် စိတ်အေးလက်အေး မနေလိုက်ရသေးသော လူတစ်စုမှာ ခြေထောက်များ ပြန်လည်တောင့်တင်းသွားကြပြန်သည်။
"နောက်ပြီးတော့... ငါ နာမည်ခေါ်တဲ့သူတွေ မတ်တပ်ရပ်ပေးပါ"
ကျိုးထျန်းသည် စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင်ဖြန့်ခင်းလိုက်၏။
အနားတွင်ရှိနေသော ချန်ကွမ်ချီ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်မိပြီးနောက် ထိတ်လန့်သွားခဲ့ရသည်။
သူသည် ချက်ချင်းပင် ခေါင်းလွှဲလိုက်ကာ ပါးစပ်နှင့် မျက်လုံးများကို ပိတ်လျက် သစ်သားရုပ်တုတစ်ခုကဲ့သို့ အသွင်ဆောင်နေလိုက်တော့၏။
"ဟွမ်ရှီလီ "
"ဟူဝေ "
"ဖန်တာကျစ်"
ထျန်းချိုင်နည်းပညာမှ မန်နေဂျာသုံးဦးသည် သူတို့၏ထိုင်ခုံများမှ ထရပ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာလှမ်းကြည့်လိုက်ကြ၏။
"လောင်ချန်... လောင်ချန်၊ မျက်လုံးဖွင့်စမ်း၊ အိပ်မပျော်သွားနဲ့ဦး"
ကျိုးထျန်း ကျောက်တုံးကြီးများကို ထမ်းထားရသလို ခံစားနေရသော ချန်ကွမ်ချီကို ပုတ်လိုက်ပြီး ကျန်ရှိနေသော စာရွက်စာတမ်းများကိုကမ်းပေးလိုက်၏။
"သွား... အဖွဲ့ခေါင်းဆောင်တွေနဲ့ သာမန်ဝန်ထမ်းတွေ အားလုံးကို အခုချက်ချင်း အထဲဝင်ခိုင်းလိုက်"
လောင်ချန်သည် မလုပ်ချင်သော်လည်း မငြင်းဆန်ဝံ့ပေ။
‘ငါက အထွေထွေမန်နေဂျာတစ်ယောက်လေ၊ အခုကျတော့ အခိုင်းအစေလိုမျိုးခိုင်းနေတာပဲ။ ဒါ ငါ့ကို နှိမ်နင်းဖို့ ကြိုးစားနေတာကတော့ သိသာလွန်းပါတယ်’
‘ပြီးတော့ ဒါကို လူအများကြီးရှေ့မှာ လုပ်ပြနေတာက သက်သက်အစွမ်းပြနေတာပဲ။ မပူးပေါင်းဘဲ နေလို့လည်း မရဘူး၊ မပူးပေါင်းဝံ့တာက ပုန်ကန်တာနဲ့ အတူတူပဲဖြစ်သွားမှာ’
‘တောက်... အခုမှပဲ ဒီအထွေထွေမန်နေဂျာကျိုးက ငါ ထင်ထားတာထက်တောင် ပိုပြီးကြောက်စရာကောင်းမှန်း သိလိုက်ရတော့တယ်။ သူက တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ’
လောင်ချန်သည် စိတ်ထဲတွင် ရေရွတ်မြည်တမ်းနေသော်လည်း သူ့လက်များကတော့ ရပ်တန့်မနေဘဲ လူများကို သွားရောက်ခေါ်ယူရန် ချက်ချင်းထွက်ခွာသွားခဲ့တော့သည်။
အစည်းအဝေးခန်းမကြီးမှာ စတုရန်းမီတာ ၄၀ ကျော်ရှိသဖြင့် အတော်အတန်ကြီးမားသော်လည်း လူပေါင်း ၂၀ ကျော် ရုတ်တရက် ထပ်မံဝင်ရောက်လာသည့်အခါ မူလလူ ၂၀ နှင့်ပေါင်းလျှင် လူပေါင်း ၅၀ နီးပါး ခန်းမထဲတွင် ပြည့်ကျပ်သွားခဲ့ပြီး တံခါးပင်ပိတ်၍မရတော့ပေ။
မတ်တပ်ရပ်နေသော မန်နေဂျာသုံးဦးအပါအဝင် လူပေါင်း ၃၀ နီးပါးခန့်မှာ မတ်တပ်ရပ်လျက် တောင့်တင်းနေကြပြီး အားလုံးမှာ ကျိုးထျန်းကိုစိုက်ကြည့်နေကြ၏။
"အားလုံးပဲ... ငါ ဘာလို့ မင်းတို့ကို ဒီကို ခေါ်လိုက်တာလဲဆိုတာ သိကြလား"
လူအုပ်ကြီး ခေါင်းခါပြကြသည်။ သာမန်ဝန်ထမ်းများမှာ အလွန်အကြောက်လွန်နေပုံရ၏။
သူတို့သည် ဤသူဌေးအသစ်ကိုတွေ့ရခဲလှပြီး သူက ကုမ္ပဏီသို့လည်း လုံးဝလာရောက်လေ့မရှိပေ။
သို့သော် ယနေ့တွင်မူ သူက သူတို့အားလုံးကို အဆင့်မြင့်အစည်းအဝေးတစ်ခုဆီသို့ ဖိတ်ခေါ်ထားခဲ့သည်။
ဒီဇိုင်းဌာန မန်နေဂျာက လောင်ချန်၏ပုခုံးကို လှမ်းပုတ်လိုက်၏။
"လောင်ချန်... သူဌေး ဘာလုပ်မလို့လဲ? ဒီလူတွေကို ရာထူးတိုးပေးမလို့လား"
ချန်ကွမ်ချီက သူ့ကို အမြန်ပင်တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက် တည်ငြိမ်နေသည့်အသွင်ဖြင့် မျက်လုံးများကိုသာမှိတ်ထားလိုက်တော့သည်။
ထိုနေရာတွင် မတ်တပ်ရပ်နေသော ထျန်းချိုင်နည်းပညာ၏ခေါင်းဆောင်သုံးဦးမှာ မျက်နှာများပိုမို ပျက်ယွင်းလာခဲ့ပြီး အားလုံးကထိုင်ခုံများကို အမှီပြုလျက် တိတ်ဆိတ်နေကြ၏။
"အားလုံးပဲ... ကုမ္ပဏီရဲ့ သူဌေးတစ်ယောက်အနေနဲ့ ထျန်းချိုင်နည်းပညာမှာ ထူးချွန်ထက်မြက်တဲ့ လူတွေနဲ့ ပြည့်နှက်နေဖို့ ငါ အလိုလားဆုံးပဲ"
"ဒါပေမဲ့ ကုမ္ပဏီထဲကနေ ဒီလို 'ပါရမီရှင်' တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး"
"ဟွမ်ရှီလီ ကုမ္ပဏီရဲ့ ဝန်ထမ်းအချက်အလက်တွေကို ပေါက်ကြားအောင်လုပ်ဖို့အတွက် ဒါလုံနည်းပညာနဲ့ ပူးပေါင်းခဲ့တယ်"
"ဟူဝေက ကုမ္ပဏီရဲ့ ပရောဂျက်တိုးတက်မှု အခြေအနေတွေကိုပေါက်ကြားစေဖို့ တီကျင်းချန်ရှန့်နည်းပညာနဲ့ ပူးပေါင်းခဲ့တယ်"
"ဖန်တာကျစ်က တံစိုးလက်ဆောင်ကို လက်ခံပြီး ကုမ္ပဏီရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ ပေးသွင်းသူတွေဆီကနေ ပိုမိုမြင့်မားတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူခဲ့တယ်"
ကျိုးထျန်းသည် လူအများရှေ့တွင် မန်နေဂျာသုံးဦး၏ပြဿနာများကို တည့်တည့်မတ်မတ်ထောက်ပြလိုက်တော့သည်။
"ကျန်တဲ့ မင်းတို့ ဒါဇင်ကျော်ရှိတဲ့ လူတွေကလည်းတခြားကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ကြတယ်၊ အများစုက လွန်ခဲ့တဲ့တစ်လကျော်က ကုမ္ပဏီအတွင်း ဆူပူလှုပ်ရှားမှုဖြစ်ပွားနေတဲ့ အချိန်မှာပဲ"
"လူတိုင်းမှာ ကိုယ်ပိုင်အတွေးတွေရှိကြတာကို ငါ မချုပ်ချင်ပါဘူး၊ ဒါပေမဲ့ မင်းတို့အနေနဲ့ အလုပ်ရှင်ရဲ့ အကျိုးစီးပွားကိုတော့ လုံးဝသစ္စာမဖောက်သင့်ဘူး"
ကျိုးထျန်း စားပွဲကိုလက်ဖြင့် အုန်းခနဲ ဆောင့်ထုလိုက်ပြီး မတ်တပ်ရပ်လိုက်၏။
"လောင်ချန်"
"ရှိပါတယ်" ချန်ကွမ်ချီ ချက်ချင်းထူးလိုက်ပြီး သူလည်း မတ်တပ်ရပ်လိုက်သည်။
"ဒီနေ့ အလုပ်မဆင်းခင်မှာ ဒီမှာရပ်နေတဲ့ လူတွေကို အလုပ်ထုတ်ပယ်စာ သေချာ အပြီးသတ်အောင် လုပ်လိုက်ပါ။ မင်းကိုယ်တိုင် ဒါကို ကြီးကြပ်ရမယ်။
တကယ်လို့ တစ်ယောက်ယောက်က ထွက်သွားဖို့ ငြင်းဆန်တာ ဒါမှမဟုတ် ပြဿနာရှာဖို့ ကြိုးစားရင် ဒီစာရွက်စာတမ်းတွေကို ချန်ကျဲ ဥပဒေလုပ်ငန်းက ဟွမ်ကျန့်ကော်ဆီ ယူသွားပြီး ဥပဒေအကြောင်း သင်ခန်းစာပေးလိုက်"
"နားလည်ပါပြီ၊ ကျွန်တော် အခုချက်ချင်းသွားလုပ်လိုက်ပါ့မယ်"
လောင်ချန်သည် ကျိုးထျန်းကမ်းပေးလိုက်သော စာရွက်စာတမ်းများကိုလက်ခံလိုက်၏။
ဤအရာများမှာ ထိုသစ္စာဖောက်များနှင့် တခြားလူများအကြားပြောဆိုထားသော စကားပြောမှတ်တမ်းများ ဖြစ်ကြသည်။
ကျိုးထျန်းသည် ဤလူများကို အများပြည်သူရှေ့တွင် ဖော်ထုတ်ပြသရခြင်း၌ အကြောင်းရင်း နှစ်ချက်ရှိသည်။
ပထမအချက်မှာ အားလုံးကို ခြိမ်းခြောက် သတိပေးရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အလုပ်ထုတ်ခံရသဖြင့် မကျေမနပ်ဖြစ်သူများက ဂိမ်းဒေတာကဲ့သို့သော အရေးကြီးသည့် ကုမ္ပဏီပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန်ဖြစ်၏။
သူသည် ဂျက်ဆီအား လူတိုင်း၏ဆက်ဆံရေးကွန်ရက်အား စစ်ဆေးခိုင်းထားခဲ့ပြီး လွန်ခဲ့သောတစ်ပတ်ကတည်းက ဤလူအားလုံးကို ဖော်ထုတ်ထားခဲ့ပြီးသားဖြစ်သည်။
ပိုမိုကောင်းမွန်သော သက်ရောက်မှုရရှိစေရန်အတွက် သူသည် ယနေ့အထိ တမင်တကာ စောင့်ဆိုင်းပြီးမှ သူ့ ဒေါသကို ပေါက်ကွဲပြလိုက်ခြင်းဖြစ်၏။
လူအများစောင့်ကြည့်နေချိန်တွင် ကြက်ကိုသတ်၍ မျောက်ကိုပြခြင်းက အင်မတန်အရေးကြီးလှသည်။
ဤအရာက သူ့အာဏာစက်ကို အမြင့်မားဆုံးအထိ ရောက်ရှိစေမည်ဖြစ်၏။
ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို လူတိုင်း၏စိတ်ထဲတွင် စွဲထင်နေစေရန် သူ အလိုရှိသည်။
သို့မှသာ သူတို့သည် အမှားတစ်ခုခု လုပ်ရန် တွေးမိရုံမျှဖြင့် တုန်ရင်သွားကြမည် ဖြစ်၏။
သို့သော် အာဏာစက် ပြသပြီးသွားသည့်နောက်တွင်တော့ ကရုဏာတရားကိုပြသရမည့်အချိန် ရောက်ပြီ ဖြစ်သည်။
ကျိုးထျန်း လက်ဝေ့ယမ်းပြလျက် သစ္စာဖောက်အားလုံးကို တခြားအစည်းအဝေးခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားကာ အလုပ်ထုတ်ပယ်ခြင်း သဘောတူညီချက်များကို တစ်ဦးချင်းစီ လက်မှတ်ရေးထိုးခိုင်းရန် လောင်ချန်အားအချက်ပြလိုက်၏။
ထို့နောက် သူက လျိုထျန်းအန်ကို အဓိပ္ပာယ်ပါပါလှမ်းကြည့်လိုက်သည်။
သူသည် ပြတ်သားသော အပိုင်းကိုသာ ကိုင်တွယ်ရန်လိုအပ်ပြီး၊ ကျေးဇူးတရားပြသရမည့်အပိုင်းကိုမူ ထျန်းချိုင်သို့အသစ်ရောက်ရှိလာပြီး ရာထူးမတည်ငြိမ်သေးသော လျိုထျန်းအန်အား ကိုင်တွယ်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။
ဤနည်းဖြင့် တစ်ဦးက စွမ်းဆောင်ရည်ရှိပြီး တစ်ဦးကပြတ်သားလျက်၊ တစ်ဦးက တင်းပြီး တစ်ဦးက လျှော့ကာ ကုမ္ပဏီတစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်တော့မည်ဖြစ်၏။
လျိုထျန်းအန်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး အားလုံးကို ပြုံးလျက်နှုတ်ဆက်စကား ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ... ခင်များတို့အများစုက ကျွန်တော့်ကို သိပ်ပြီး မရင်းနှီးသေးဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။
အတူတူ အလုပ်လုပ်ရင်းနဲ့ ပိုပြီး ရင်းနှီးသွားကြမှာပါ။ ဒီနေ့တော့ အချိန်နည်းနည်း ကန့်သတ်ချက်ရှိနေလို့ စကားအရှည်ကြီး မပြောတော့ပါဘူး"
"ဥက္ကဋ္ဌကျိုးရဲ့ ညွှန်ကြားချက်အရ... ကျွန်တော် ထျန်းချိုင်နည်းပညာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ဦးဆောင်သွားမှာ ဖြစ်ပါတယ်”
“အဲဒီထဲမှာ အချိန်ပိုဆင်းတဲ့ မူဝါဒတွေ၊ အစားထိုးခွင့်ရက်တွေ၊ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ခရီးစဉ်တွေ၊ ဝန်ထမ်းခံစားခွင့်တွေ၊ ပရောဂျက် ဆုကြေးငွေတွေနဲ့ တခြား ဆုလာဘ် ပေးမယ့် အစီအစဉ်တွေ အများကြီး ပါဝင်ပါတယ်"
အားလုံး အံ့သြမှင်တက်သွားကြရ၏။
'ဘာလဲ...'
'အစားထိုး ခွင့်ရက်တွေလား'
'ခရီးစဉ်တွေ ဟုတ်လား'
'ဂိမ်းကုမ္ပဏီတစ်ခုက ဒီလိုမျိုး အခွင့်အရေးတွေ ပေးနိုင်လို့လား'
'သူတို့ နားကြားမှားတာများလား'
'သူတို့က သွေးသားမရှိတဲ့ ကုဒ်ရေးစက် တွေ သက်သက်ပဲ မဟုတ်ဘူးလား'
'ကုမ္ပဏီက လူသားဆန်တဲ့ စီမံခန့်ခွဲမှုမျိုးကို အကောင်အထည်ဖော်တော့မှာလား'
ဤမူဝါဒအသစ်များသည် အမည်ကို ကြည့်ရုံမျှဖြင့် ဝန်ထမ်းများအတွက် အကျိုးရှိမှန်း သိသာလှသည်။
သူတို့သည် စီမံခန့်ခွဲသူများ ဖြစ်ကြသော်လည်း ဝန်ထမ်းများသာ ဖြစ်ကြသေးသဖြင့် သဘာဝကျစွာပင် ဤအရာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတော့၏။
တစ်ချိန်တည်းမှာပင် ကျိုးထျန်း၏နားထဲ၌ သတိပေးသံတစ်ခု မြည်ဟည်းသွားခဲ့သည်။
[ဒင်~... စနစ် သတိပေးချက်]
[Host သည် ယခုအခါ ထျန်းချိုင်နည်းပညာ ဝန်ထမ်းများ၏ ရရှိလာသော 'အချဉ်ဓာတ်' အားလုံးကို ချိတ်ဆက်ပြီး မျှဝေခံစားပြီး ဖြစ်သည်]
[မှတ်ချက်။ ။ မျှဝေခံစားထားသော အချဉ်ဓာတ်တွင် ထျန်းချိုင်နည်းပညာနှင့် သက်ဆိုင်သော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသည့် အချဉ်ဓာတ်များသာ ပါဝင်မည် ဖြစ်သည်။ ချိတ်ဆက်ထားသူ၏ တခြားသော ကိုယ်ရေးကိုယ်တာ အကြောင်းရင်းများကြောင့် ထွက်ပေါ်လာသည့် အချဉ်ဓာတ်များကိုမူ တွက်ချက်မှုတွင် ထည့်သွင်းမည် မဟုတ်ပါ]