← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

🍋 Chapter 173

ကျိုးထျန်းသည် စနစ်၏သတိပေးချက်ကို သေသေချာချာဖတ်ရှုလိုက်၏။

‘နောက်ထပ် ချိတ်ဆက်မှု အချက်အလက်တစ်ခုလား’

ယခင်ကလည်း အချဉ်ဓာတ် ချိတ်ဆက်ခြင်းနှင့် ပတ်သက်သည့် သတိပေးချက်များရရှိခဲ့ဖူးပြီး တစ်ကြိမ်မှာ လျိုမုယန် နှင့် ဖြစ်ပြီး၊ နောက်တစ်ကြိမ်မှာ အိမ်ခြံမြေအကျိုးဆောင် ကျန်းရို့ နှင့် ဖြစ်သည်။

သို့သော် ယခင်က ချိတ်ဆက်မှုနှစ်ခုစလုံးတွင် ထပ်ဆောင်းမှတ်ချက်များ မပါဝင်ခဲ့ပေ။

ယခုအကြိမ်မှာမူ ကွဲပြားခြားနားလျက် ရှိနေသည်။ တစ်ဖက်လူ ရရှိသမျှ အချဉ်ဓာတ်အားလုံးကို သူ့ထံသို့ ထည့်သွင်းတွက်ချက်မည် မဟုတ်ပေ။

‘ဒီမှတ်ချက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ’

သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် စတင်သဘောပေါက်လာခဲ့တော့သည်။

ယခုအကြိမ်တွင်မူ တစ်ဦးတစ်ယောက်တည်းကို ချိတ်ဆက်ခြင်းမျိုးမဟုတ်ဘဲ အုပ်စုလိုက်ကြီးကို ချိတ်ဆက်လိုက်ခြင်းဖြစ်သည်။

အချဉ်ဓာတ်ရရှိမည့် အခြေခံလူဦးရေက ပိုမိုများပြားလာသည့်အတွက် ထပ်ဆောင်းအခြေအနေများကို ထည့်သွင်းထားခြင်းဖြစ်၏။

"ထျန်းချိုင်နည်းပညာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အချဉ်ဓာတ်တွေပဲ ပါဝင်မည်"

ဆိုလိုသည်မှာ ဝန်ထမ်းများက ကားများ သို့မဟုတ် အိမ်များဝယ်ယူကြသဖြင့် တခြားလူများ၏ အချဉ်ဓာတ်ပြုခြင်း (မနာလိုခြင်း) ကိုခံရလျှင်ပင် ထိုအရာက သူ့ထံသို့ အချဉ်ဓာတ်တန်ဖိုးအဖြစ် ရောက်ရှိလာမည်မဟုတ်ပေ။

ကားနှင့်အိမ်ကို ကုမ္ပဏီက ထောက်ပံ့ပေးခြင်းမျိုး ဖြစ်ခဲ့လျှင်မူ ထွက်ပေါ်လာသည့် အချဉ်ဓာတ်က သူ့ထံသို့ ရောက်ရှိလာမည်ဖြစ်သည်။

သို့သော် အချဉ်ဓာတ်ရရန်အတွက် ကားနှင့် အိမ်များ လျှောက်ပေးနေ၍ မရပေ။

သူ ခဏမျှ စဉ်းစားလိုက်မိပြီးနောက် လွန်ခဲ့သော အချိန်အနည်းငယ်ကရရှိထားခဲ့သည့် အလုပ်တာဝန် တစ်ခုကိုသတိရသွားခဲ့၏။

ထိုအရာမှာ တစ်လအတွင်း အမြင့်မားဆုံး အချဉ်ဓာတ် ၅၀၀၀ ရရှိရန်ဖြစ်သည်။

ယခုအခါ ထျန်းချိုင်နည်းပညာမှ အချဉ်ဓာတ်များက သူ့ထံသို့ ထပ်မံချိတ်ဆက်သွားခဲ့ပြီဖြစ်၏။

‘ဒါက စိတ်ဝင်စားဖို့ ကောင်းသွားပြီပဲ။ ငါ ဒီအလုပ်တာဝန်အတွက် တော်တော်လေးရုန်းကန်နေရတာ၊ အခုတော့ အတွေးသစ်တစ်ခုရသွားပြီ’

ဤအလုပ်တာဝန်က သူ့ကို တကယ့်ကို ခေါင်းခဲစေခဲ့ခြင်းဖြစ်သည်။

မနာလိုဖြစ်တတ်သူ အများကြီး ရှိသော်လည်း တကယ့်ကိုအချဉ်ပေါက်လောက်အောင် (သည်းသည်းမည်းမည်း မနာလိုဖြစ်အောင်) ဖြစ်သူမှာ အင်မတန်နည်းပါးလှ၏။

သူသည် စဉ်းစားစရာလုံးဝမရှိတော့ပါက "ကျောက်ရှင်း" ကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေပန်းစားလာအောင် လုပ်ဆောင်ရန်အထိပင် တွေးတောခဲ့ဖူးပြီး အလွန်အမင်းမနာလိုဖြစ်မည့် ပရိသတ် ၅,၀၀၀ ခန့် ထွက်ပေါ်လာရန်မျှော်လင့်ခဲ့ဖူးသည်။

ယခုမူ ဤချိတ်ဆက်မှု အချက်အလက်များကြောင့် သူသည် ရေပန်းစားမည့် အကြောင်းအရာများ အတွက်လိုက်ပြီး အားစိုက်နေရန်မလိုအပ်တော့ပေ။

စိတ်ထဲတွင် ပဏာမအစီအစဉ်တစ်ခုရှိသွားပြီဖြစ်ရာ သူသည် တည်ငြိမ်စွာထိုင်လျက်လျိုထျန်းအန်မှ အားလုံးကို စကားပြောနေသည်ကို နားထောင်နေလိုက်တော့၏။

ကုမ္ပဏီအတွင်းရှိ ရာထူးအဆင့်အတန်း မည်သို့ပင်ဖြစ်စေ လူတိုင်းကရရှိလာမည့် အကျိုးခံစားခွင့်များကို စိတ်ဝင်စားကြသည်။

ဝါရင့် ဝန်ထမ်းဟောင်းကြီး ဖြစ်သော ချန်ကွမ်ချီပင်လျှင် သိချင်စိတ်ပြင်းပြနေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ့ရာထူးနေရာအတွက်လည်း အလွန်စိုးရိမ်ပူပန်နေမိ၏။

‘သူဌေးက ဒီလိုကုမ္ပဏီမူဝါဒအသစ်တွေကို ငါ့ကို ကြိုတင်ပြီး ဘာမှမပြောခဲ့ဘူးပဲ’

သူ့ရာထူးက ယာယီဖြစ်နေဦးတော့ အထွေထွေမန်နေဂျာဖြစ်ပြီး မကြာခင်မှာလည်း ဒုတိယအထွေထွေမန်နေဂျာ ဖြစ်လာတော့မည်။

ယနေ့အထိ သူသည် ကုမ္ပဏီ၏အရေးကိစ္စအားလုံးကို တာဝန်ယူကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။

သူဌေးက ဤမျှအရေးကြီးသော ကိစ္စရပ်ကို သူ့အား မပြောပြဘဲ လျိုထျန်းအန်ကိုပြောပြခဲ့သည့်အပြင် ၎င်းအား ကြေညာခိုင်းခဲ့ခြင်းဖြစ်၏။

သူဌေးက ငါ့ကို "ငါ မင်းကို မယုံဘူး၊ လျိုထျန်းအန်ကမှ ငါ့ရဲ့ တကယ့် လူယုံတော်ပဲ" လို့ အထင်အရှား ပြောလိုက်တာပဲ။

လောင်ချန်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့တော့သည်။

‘ဒီသူဌေးက ကြည့်ရတာ ငယ်ငယ်လေးဆိုပေမယ့် တကယ့်ကိုအကွက်စိပ်ပြီးပါးနပ်လွန်းတယ်၊ ငါနဲ့ ကျန်တဲ့ ဝန်ထမ်းဟောင်းတွေအားလုံးကို သူ ထိုးထွင်းသိမြင်နေတာပဲ’

‘သူက ငါတို့တွေ ဂိုဏ်းသစ်ဖွဲ့ပြီး ကုမ္ပဏီကို သိမ်းပိုက်မှာကို ကြောက်နေတာပဲ ငါတို့တွေ ပုန်ကန်ပြီး ကုမ္ပဏီကို ခြောက်လှန့်ပစ်မှာကိုရောပဲ ၊ ပြီးတော့ တခြားလူတွေနဲ့ ပူးပေါင်းပြီး ကုမ္ပဏီကို သစ္စာဖောက်မှာကို ကြောက်နေတာပဲ...’

'သူ ဘာကိုပဲ စိုးရိမ်နေပါစေ၊ ငါတို့တွေ အာဏာရှိပြီလို့ထင်မှတ်နေတဲ့ အချိန်တိုင်းမှာ ငါတို့ကို အမြဲတမ်း အံ့အားသင့်အောင်လုပ်နိုင်စွမ်းရှိတယ်’

‘သူက လျိုထျန်းအန်နဲ့ ကြိုတင် ဆက်သွယ်ထားပြီးသား ဖြစ်ရမယ်၊ ပြီးတော့ သူ့ရဲ့ ရောက်ရှိလာမှုအတွက် အားလုံးကိုပြင်ဆင်ထားခဲ့တာပဲ’

‘အခု အသစ်ခေါ်ယူထားတဲ့ လူတွေကလည်း သူ့အတွက် လူအင်အား စုဆောင်းပေးနေတာပဲ ဖြစ်လိမ့်မယ်’

လောင်ချန်သည် စကားပြောနေသော လျိုထျန်းအန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လျက် ဆက်လက်တွေးတောနေမိ၏။

လျိုထျန်းအန်မှာ ဒါလုံတွင်ဆက်နေလို့ မရတော့ခြင်းက အသေအချာပင်။

‘ သူဌေးက သူ့ကို ဒီကို ခေါ်လာတာက သူ အခက်အခဲကြုံတွေ့နေရတဲ့ အချိန်မှာ လက်တွဲကူညီပေးလိုက်တာနဲ့ အတူတူပဲ၊ လျိုထျန်းအန်က သူ့ရဲ့ စောင့်ရှောက်မှုအတွက် သေချာပေါက် ကျေးဇူးတင်နေမှာ ‘

‘သူ့ကို အထွေထွေမန်နေဂျာ ရာထူး၊ ကုမ္ပဏီရဲ့ ဒုတိယအာဏာအရှိဆုံး နေရာကို တိုက်ရိုက်တိုးမြှင့်ပေးလိုက်တာက ကုမ္ပဏီရဲ့ ထိပ်ပိုင်းနေရာကို ငါတို့လို လူဟောင်းတွေအစား သူ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတော်တွေနဲ့ပဲ ထိန်းချုပ်ထားနိုင်ဖို့ အာမခံချက်ပေးလိုက်တာပဲ ဖြစ်ရမယ်’

‘စောစောက အဲဒီလူတွေကို အလုပ်ထုတ်ပစ်လိုက်တာကလည်း ငါတို့အတွက်ကော အားလုံးအတွက်ပါ စံနမူနာပြ သတိပေးလိုက်တာပဲ၊ သစ္စာဖောက်ရင် ဘာဖြစ်မလဲဆိုတဲ့ အကျိုးဆက်ကိုပြလိုက်တာ’

ထိုကဲ့သို့သော နည်းဗျူဟာများပေါင်းစပ်လိုက်သောအခါ ယခင် ကုမ္ပဏီရှိ အာဏာရှိခဲ့ဖူးသော သူများအားလုံး ကြောက်လန့်တကြားတုန်ရင်သွားကြရပြီး ဘာလှုပ်ရှားမှုမှမလုပ်ရဲတော့ပေ။

ထို့အပြင် လျိုထျန်းအန်ရဲ့ အာဏာလွှဲပြောင်းမှုကလည်း ပိုပြီးတော့ချောမွေ့သွားလိမ့်မည်။

‘ဟူး... လျိုထျန်းအန်က တကယ်ပဲ ကံကောင်းတာပဲ။ သူက ဒါလုံမှာလည်း ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့ပြီး အခု ထျန်းချိုင်မှာလည်း ထိပ်သီးခေါင်းဆောင် ဖြစ်နေတုန်းပဲ’

'အံ့ဩဖို့ကောင်းလိုက်တာ၊ တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ သူ ဘာအရည်အချင်းတွေ ရှိလို့ သူဌေးက သူ့ကို ဒီလောက်တောင် ယုံကြည်ပြီး ဒီလိုနည်းလမ်းတွေနဲ့ လမ်းခင်းပေးရတာလဲ မသိဘူး’

လောင်ချန်သည် မနာလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူ တွေးနိုင်သည်မှာ ထိုမျှသာ ဖြစ်၏။

သူဌေးသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်မသိ၊ လူတိုင်း၏လူမှုကွန်ရက် ပလတ်ဖောင်းများနှင့် စာတိုပေးပို့စနစ် အမျိုးမျိုးမှ စကားပြောမှတ်တမ်းများကို ရရှိအောင်လုပ်ဆောင်နိုင်ခဲ့သည်။

ဤစွမ်းရည်မှာ အလွန်ကြောက်စရာကောင်းလှ၏။ ၎င်းမှာ တစ်ယောက်ချင်းစီရဲ့ နောက်ကွယ်တွင် ကင်မရာများ တပ်ဆင်ထားသလိုမျိုးဖြစ်သည်။

‘ငါ နောက်ပိုင်း ပိုပြီး သတိထားရမယ်။ အဲဒီလူဟောင်းတွေနဲ့လည်း စကားပြောပြီး သူတို့ကို ငြိမ်ငြိမ်လေးနေကြဖို့ပြောရမယ်။ ဒီသူဌေးက သွားပြီးကစားလို့ရတဲ့သူ မဟုတ်ဘူး’

ထို့နောက် ယမန်နေ့နံနက်ပိုင်းမှ ဝမ်ချောင်နည်းပညာ၏အဝင်ဝတွင် ပြုလုပ်ခဲ့သော အလုပ်ခေါ်စာပြပွဲကြီးကို ပြန်လည်တွေးတောမိလိုက်၏။

ရဲအရာရှိ ၂၀ ကျော်က သူတို့အတွက် စည်းကမ်းထိန်းသိမ်းပေးရန် ဝန်းရံစောင့်ရှောက်ပေးခဲ့ကြသည်။

'ဒါက ဘယ်လောက်တောင် ကြီးကျယ်တဲ့ အခွင့်အရေးမျိုးလဲ'

'သူဌေးရဲ့ နောက်ခံက ဘာလဲ၊ သူက ဘာလို့ ဒီလို အာဏာမျိုး ရှိနေရတာလဲ'

ထိုအာဏာစက်ကို ကြည့်ရုံမျှဖြင့် သူသည် မည်သည့် သစ္စာဖောက်လိုစိတ်မျှ ရှိရဲတော့မည်မဟုတ်ပေ။

ထို့အပြင် သူဌေးမှ သူ့ကိုသတ်ချင်လျှင် မိနစ်ပိုင်းမျှသာ ကြာမြင့်လိမ့်မည် ဖြစ်သည်။

'ငါ ငါ့အလုပ်ကိုပဲ ရိုးရိုးသားသားလုပ်တော့မယ်။ ဘာပဲဖြစ်ဖြစ် ငါ့မှာ ဘာရည်မှန်းချက်ကြီးကြီးမားမားမှမရှိခဲ့တာပဲ'

လောင်ချန်သည် ဆုံးဖြတ်ချက်ချလိုက်တော့၏။ သူသည် လျိုထျန်းအန်နှင့် မပြိုင်ဆိုင်နိုင်မှန်း သိထားသည်။ သူဌေး ထောက်ခံမှုကိုရရှိမှသာ ကုမ္ပဏီ၏စီမံခန့်ခွဲမှုအာဏာကို ရရှိနိုင်မည်ဖြစ်၏။

သူ တိတ်ဆိတ်စွာ တွေးတောနေစဉ်အတွင်း ကျိုးထျန်းလည်း သူ့ကို အကဲခတ်စောင့်ကြည့်နေခဲ့သည်။

သူ့ထံတွင် မကျေနပ်သည့် အမူအရာ သို့မဟုတ် နာကျည်းသည့် အရိပ်အယောင်များ မရှိသည်ကို မြင်တွေ့ရသည့်အခါမှသာ ကျိုးထျန်း စိတ်သက်သာရာရသွားခဲ့၏။

‘လူဟောင်းတွေက သူတို့ရဲ့ အားသာချက်ရှိသားပဲ။ အနည်းဆုံးတော့ သူတို့က အခြေအနေကို ချက်ချင်းသုံးသပ်နိုင်ပြီး သူတို့ရဲ့ နေရာမှန်ကိုရှာဖွေနိုင်ကြတယ်’

သို့သော် လောင်ချန်အနေဖြင့် သူ့သူဌေးက လျိုထျန်းအန်ကို ဤမျှအထိ ယုံကြည်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုမှာ ၎င်းသည် သူဌေး၏ယောက္ခမဖြစ်နေခြင်းကြောင့်ဖြစ်မှန်း ဘယ်သောအခါမျှ တွေးမိလိမ့်မည်မဟုတ်ပေ။

ဤမိသားစု တော်စပ်မှုကြောင့်သာ သူက တိုက်ရိုက်ဝင်ရောက်စွက်ဖက်လျက် ၎င်းအတွက် အတားအဆီးများကို ကိုယ်တိုင်ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဤအရာက ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်ရာ ကုမ္ပဏီအတွင်း အာဏာလုပွဲတွေလုပ်ပြီး စွမ်းအင်တွေ အလဟဿဖြုန်းတီးနေရမယ့် ဘေးကနေ သက်သာစေမည် ဖြစ်သည်။

၎င်းမှာ အရာအားလုံးအတွက် အပြတ်အသတ် စီစဉ်ပေးထားခြင်းဖြစ်သည်။

လျိုထျန်းအန်က စကားအနည်းငယ် ပြောကြားခဲ့ပြီး မိနစ် ၁၀ ပင် မပြည့်ခင်မှာပင် သူ့ မိန့်ခွန်းကို အဆုံးသတ်လိုက်၏။

သူသည် ကုမ္ပဏီသို့ အသစ်ရောက်ရှိလာသူဖြစ်ရာ စကားအရှည်ကြီးပြောရန် မသင့်တော်ပေ။

မည်သည့်အကြောင်းအရာကိုမဆို နောက်ပိုင်းတွင် သီးသန့် ဆွေးနွေးနိုင်သည် ဖြစ်၏။

သူ စကားပြောပြီးသွားသည်ကို မြင်သည့်အခါ ကျိုးထျန်းက ရောက်ရှိနေသူ အားလုံးကို ကြည့်လိုက်ပြီးနောက် စတင် လက်ခုပ်တီးလိုက်တော့သည်။

ဤလူများမှာလည်း တုံ့ပြန်မှုတစ်ခုအနေဖြင့် ၎င်းတို့၏ လက်များကို ချက်ချင်းမြှောက်လျက် လက်ခုပ်ကျယ်လောင်စွာ တီးလိုက်ကြပြီး ၎င်းတို့၏မျက်နှာများတွင် တတ်နိုင်သမျှ အစစ်မှန်ဆုံးဖြစ်အောင် အတင်းအကျပ်ပြုံးပြလိုက်ကြ၏။

သူ ခေါင်းညိတ်လိုက်မိပြီး ဤသက်ရောက်မှုအပေါ် အတော်အတန် ကျေနပ်သွားခဲ့သည်။

‘ဟုတ်တယ်... ဒါမှ ကုမ္ပဏီသူဌေးတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ဖြစ်တာပေါ့’

‘ဒါ့အပြင် ငါက ကုမ္ပဏီကို ခဏခဏ လာဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့ရဲ့ စိတ်ထဲမှာ တစ်ကြိမ်တည်းနဲ့ စွဲကျန်ရစ်အောင် လုပ်နိုင်မှသာ ငါက သူဌေးတစ်ယောက်အနေနဲ့လုံလောက်တဲ့ ခြိမ်းခြောက်မှု အာဏာစက်ရှိနေမှာ’

မင်မင်းဆက်ခေတ်တွင် ကျားကျင့်ဧကရာဇ် လျှင် နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် ညီလာခံ မတက်ခဲ့သော်လည်း အလွန်ကြီးမားသော အာဏာစက်ကိုဆုပ်ကိုင်ထားနိုင်ခဲ့သည်။

အပြင်ပန်းတွင်မူ ရန်စုန်း သည် တိုင်းပြည်ကို တစ်ဦးတည်း ထိန်းချုပ်ထားသလို ထင်ရသော်လည်း တကယ့်လက်တွေ့တွင်မူ ကျားကျင့်ဧကရာဇ်က နောက်ကွယ်ကနေ နိုင်ငံတော်အရေးကိစ္စများကို ညွှန်ကြားနေခြင်းဖြစ်၏။

ထို့အပြင် လျှို့ဝှက်တပ်ဖွဲ့ဖြစ်သော ပန်းထိုးဝတ်စုံစောင့်တပ် ကလည်း သူ့ကို နောက်ကွယ်ကနေ လျှို့ဝှက် ကာကွယ်ပေးထားခဲ့သည်။

ယခု ကျိုးထျန်း၏အခြေအနေကလည်း ထိုအတိုင်းပင်ဖြစ်၏။

သူ့တွင် ရှေ့တန်း၌ လျိုထျန်းအန် ရှိနေပြီး နောက်ကွယ်တွင် ဂျက်ဆီမှ ထောက်လှမ်းရေး သတင်းအချက်အလက်များကို ပံ့ပိုးပေးထားသဖြင့် သူသည် ကုမ္ပဏီသို့လာရောက်ရန်မလိုဘဲ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။

ထို့အပြင် သူသည် သတင်းအချက်အလက်များကို ရယူနိုင်စွမ်းရှိကြောင်း အားလုံးကို တမင်တကာ သိရှိစေခဲ့ခြင်းက လူတိုင်းအတွက် သတိပေးချက်တစ်ခုဖြစ်၏။

"ငါ ဒီမှာ မရှိပေမယ့်လည်း အားလုံးကို သိနေတယ်"

သူသည် ပြဿနာအသေးအမွှားလေးများကို နာတာရှည်ရောဂါ ဖြစ်သွားသည်အထိ ထားရခြင်းကို မနှစ်သက်ပေ။

ပြဿနာရှိလျှင် ချက်ချင်းခွဲစိတ်ကုသမည်။

ဖြတ်တောက်ရမည့်အရာကို ဖြတ်တောက်ပြီး၊ အလုပ်ထုတ်ရမည့်သူကို ထုတ်ပစ်မည် ဖြစ်သည်။

မနာခံသူများကို နှိမ်နင်းပြီး၊ အလုပ်မလုပ်သူများကို မောင်းထုတ်မည် ဖြစ်၏။

ထျန်းချိုင်နည်းပညာတစ်ခုတည်းပေါ်တွင် သူ့စွမ်းအင်အားလုံးကို မဖြုန်းတီးလိုပေ။

သူ အလိုရှိသည်မှာ ငွေတွင်းတစ်တွင်း သာဖြစ်ပြီး ဤသစ်ပင်တစ်ပင်တည်းပေါ်မှာတင် လည်ပင်းကြိုးကွင်းစွတ်မခံနိုင်ပေ။

လက်ခုပ်သံများ အဆုံးသတ်သွားပြီးနောက် ကျိုးထျန်းက လမ်းစတင်ဖောက်လျက် မတ်တပ်ရပ်လိုက်ပြီး ထောက်ပံ့ရေးဌာနကို ညွှန်ကြားလိုက်၏။

"သွားပြီးတော့ ငါ့ရဲ့ ရုံးခန်းကို ပြန်လည်ပြင်ဆင်လိုက်ပါ၊ အဲဒီရုံးခန်းက နောက်ပိုင်း အထွေထွေမန်နေဂျာလျိုအတွက် ဖြစ်လိမ့်မယ်"

အားလုံးက ဤစကားကို ကြားလိုက်ရသည့်အခါ ထပ်မံ၍ သက်ပြင်းချလိုက်ကြပြန်သည်။

ဟူး...

ရုံးခန်းကို လွှဲပြောင်းပေးလိုက်ခြင်းက ကုမ္ပဏီတစ်ခုလုံး၏စီမံခန့်ခွဲမှု အာဏာကို ၎င်းလက်ထဲသို့ အပ်နှင်းလိုက်ခြင်းပင်။

All Chapters