အခန်း ၁၇၄
Vol. 18 Ch. 174
🍋 Chapter 174
လူအယောက်နှစ်ဆယ်ခန့်သည် အစည်းအဝေးခန်းမကြီးထဲမှ အပြင်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာလာကြသည်။
ကုမ္ပဏီဝန်ထမ်း အများအပြားမှာ အစည်းအဝေးခန်းမအတွင်းမှ အခြေအနေများကို ချောင်းမြောင်းနားစွင့်နေခဲ့ကြသော်လည်း ထိုသူများ ထရပ်လိုက်သည့်အသံကို ကြားရသည်နှင့်တစ်ပြိုင်နက် ငှက်ပရိတ်သတ် ပျံတောငှက်အလား အလျင်အမြန်ပင် လူစုခွဲလိုက်ကြ၏။
သူတို့သည် အလွန်အမင်း သိချင်စိတ်ပြင်းပြနေကြခြင်းပင်။
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်ကတင် သူတို့၏ လုပ်ဖော်ကိုင်ဖက် အယောက်နှစ်ဆယ်ကျော်သည် အစည်းအဝေးခန်းမကြီးထဲသို့ ခေါ်ယူခြင်း ခံခဲ့ရသည်။
သို့သော် ငါးမိနစ်ပင်မပြည့်သေးသည့် အချိန်အတွင်းမှာပင် မန်နေဂျာသုံးဦး၊ HR ဝန်ထမ်းများနှင့်အတူ မျက်နှာပျက်ပျက်ဖြင့် အစည်းအဝေးခန်းမအသေးထဲသို့ ပြန်လည်ဝင်ရောက်သွားကြရ၏။
ဤမြင်ကွင်းကို ကြည့်ရုံမျှဖြင့် လူအတစ်ယောက်ပင် ကုမ္ပဏီ၌ ကြီးမားသောကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီမှန်း သိနိုင်ပေသည်။
ဝန်ထမ်းအတော်များများမှာ သူတို့၏သူဌေးသည် အသက်နှစ်ဆယ်အစောပိုင်းအရွယ် လူငယ်တစ်ယောက်ဖြစ်ကြောင်း ယနေ့မှသာ သိရှိကြရသဖြင့် လူအများအပြား၏စိတ်ထဲ၌ မကျေမနပ်ဖြစ်မှုများ ချက်ချင်းအရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
"တောက်... သူက အသက်နှစ်ဆယ်ကျော်လေးပဲရှိသေးတာကို ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးကို လွှဲပြောင်းယူထားနိုင်ပြီလား။ သူဌေးသား အသုံးမကျတဲ့ကောင် ဖြစ်ရမယ်"
ဤကောလဟာလသည် မိနစ်ပိုင်းအတွင်းမှာပင် ကုမ္ပဏီတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းက ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့်အလား ပြောဆိုနေကြတော့သည်။
"ဒီလောက်ငယ်ငယ်လေးနဲ့ လုပ်ငန်းခွင်ထဲမှာ ဆယ်စုနှစ်ချီ ဖြတ်သန်းလာခဲ့တဲ့ မန်နေဂျာတွေကို ထိန်းချုပ်ထားနိုင်တာပဲ"
"ဟုတ်ပ... ငါ့အထင်တော့ ဒီသူဌေးက ပိုက်ဆံရှိရုံသက်သက်ပဲနေမှာ၊ ကုမ္ပဏီကတော့ အခုထိ ချန်ကွမ်ချီတို့အဖွဲ့အပေါ်မှာပဲ မှီခိုပြီး လည်ပတ်နေရတုန်းဖြစ်လိမ့်မယ်"
"ဟူး... မလောပါနဲ့ဦး၊ အစည်းအဝေးပြီးရင် သူတို့အခြေအနေ ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
"မှန်တယ်... မန်နေဂျာတွေက သူဌေးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြရုံသက်သက်လို့ ထင်တာပဲ။ အစည်းအဝေးခန်းမအသေးထဲကို ခေါ်သွားခံရတဲ့ လူတွေကော ဘာဖြစ်တာလဲမသိဘူး။ ပရောဂျက်အသစ်တစ်ခုခုအတွက် အဖမ်းခံရတာလား"
"အဲ့လိုပဲ ဖြစ်မှာပါ၊ သူတို့တွေအားလုံး စိတ်ဓာတ်ကျနေတဲ့ ပုံစံတွေပဲ။ လုပ်စရာအလုပ်တွေ အများကြီးရှိလို့ နေ့တိုင်း အချိန်ပို ဆင်းရတော့မယ် ထင်တယ်"
မန်နေဂျာများသည် ယနေ့နံနက်ပိုင်းက ကုမ္ပဏီ၌ ရှိမနေခဲ့ကြပေ။ သူတို့နှင့် ကျိုးထျန်းတို့သည် ဝမ်ချောင်နည်းပညာ၏ အဝင်ဝတွင် ဝန်ထမ်းအသစ်ခေါ်ယူရန် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့သည် မွန်းလွဲပိုင်းမှသာ ကုမ္ပဏီသို့ ပြန်လည်ရောက်ရှိလာပြီး အစည်းအဝေး ထပ်မံပြုလုပ်ကြခြင်းပင်။
မည်သူမျှ သတိမထားမိသည်ကို တွေ့ရသောအခါ ဝန်ထမ်းများသည် အလုပ်ကို အာရုံမစိုက်နိုင်ကြတော့ဘဲ အစည်းအဝေးခန်းမတံခါးကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေကြသည့် ဘေးလူများသဖွယ် ဖြစ်နေကြတော့သည်။
အစည်းအဝေး ပြီးဆုံးသွားသည့်အခါတွင်မူ ဤမျောက်အုပ်စုသည် စားပွဲခုံတွင် ထိုင်နေဟန်ဆောင်ကာ ကီးဘုတ်ကို အပြင်းအထန် ရိုက်နှိပ်ရင်း အလွန်အမင်း အလုပ်ကြိုးစားနေသည့် ပုံစံမျိုး ဖမ်းလိုက်ကြ၏။
အမှန်စင်စစ်မူ သူတို့၏ မျက်လုံးများသည် လူအုပ်ကြားထဲရှိ ကျိုးထျန်းဆီသို့သာ အဆက်မပြတ် ဝေ့ဝဲကြည့်ရှုနေကြခြင်းပင်။
"မစ္စတာကျိုး... ဂရုစိုက်ပြီး ပြန်ပါဦး"
"မစ္စတာကျိုး... ကျွန်တော် လိုက်ပို့ပေးပါရစေ"
"မစ္စတာကျိုး... လိုအပ်တာရှိရင် အားမနာတမ်း ခိုင်းစေနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ လုပ်ငန်းခွင်အဖွဲ့ကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်"
...
ထိုသူများ စိတ်ကူးယဉ်ခဲ့သည့် မြင်ကွင်းမျိုးကား ဖြစ်မလာခဲ့ပေ။
ထိုမန်နေဂျာများသည် မြေးဖြစ်သူများအလား ကျိုးထျန်းကို ဝိုင်းအုံကာ နည်းမျိုးစုံဖြင့် ဖားယားနေကြပြီး ၎င်းတို့၏ မျက်နှာများတွင် ရိုသေခန့်ညားမှုများဖြင့် ပြည့်နှက်နေကာ မျက်နှာလိုမျက်နှာရ လုပ်နေသည်ကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိကြချေ။
ဝန်ထမ်းအသစ် အချို့ဆိုလျှင် ကျိုးထျန်းနှင့် စကားပြောဆိုနေစဉ် အလွန်အမင်း နှိမ့်ချသောဟန်ဖြင့် ဦးညွှတ်နေကြသေးသည်။
"ကဲ... တော်ကြပြီ၊ စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါ အခု သွားတော့မယ်။ မင်းတို့မှာ တခြားလုပ်စရာမရှိရင် အိမ်ကို စောစောပြန်ပြီး မိသားစုကို အချိန်ပေးကြဦး။
ပြီးတော့ ရုံးခန်းနယ်မြေအသစ်ကိုလည်း မြန်မြန်ပြင်ဆင်ထားလိုက်ကြ။
နောက်ရက်အနည်းငယ်အတွင်းမှာ ဝန်ထမ်းအသစ်တွေ အများကြီးပြောင်းရွှေ့လာဖို့ ရှိတာမို့ အားလုံးကို သေသေချာချာ စီစဉ်ထားဖို့လိုမယ်"
"နောက်ကို ကိစ္စတစ်ခုခုရှိရင် မင်းတို့ရဲ့ အထွေထွေမန်နေဂျာလျိုကိုပဲ ဆက်သွယ်လိုက်ကြ၊ ကြီးကြီးမားမား ကိစ္စရှိမှ သူ ငါ့ဆီ သတင်းပို့လိမ့်မယ်"
ကျိုးထျန်းသည် သူတို့ကို လက်ဝှေ့ယမ်းပြကာ လှည့်ထွက်ခဲ့လေသည်။
သူသည် မိမိ၏အရှိန်အဝါကို တည်ဆောက်လိုခဲ့ခြင်းဖြစ်သော်လည်း ယခုမူ အနည်းငယ် လွန်သွားခဲ့ပုံရပေသည်။ ဤလူများသည် သူ့အား အလွန်အမင်းဖားယားလာကြပြီပင်။
‘ငါ လွန်သွားလို့ သူတို့ကို လန့်သွားစေတာလား...’
သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး တံခါးဝဆီသို့ တစ်ယောက်တည်း လျှောက်လှမ်းသွားခဲ့၏။
သူ ထွက်ခွာတော့မည့်အချိန်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် လောင်ချန်ကို လှမ်းခေါ်လိုက်ပြီး မြေအောက်ကားပါကင်သို့ အတူတူ ဆင်းခဲ့ကြသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် လောင်ချန်သည် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် ကုမ္ပဏီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် တခြားမန်နေဂျာအချို့က ချက်ချင်းဝိုင်းအုံလာကြ၏။
"မစ္စတာချန်... ခုနက သူဌေးက ခင်ဗျားကို ဘာပြောမလို့လဲဗျ။ သူ လူတစ်ယောက်ယောက်ကို ထပ်ပြီး အလုပ်ထုတ်ဦးမလို့လား"
သူတို့အားလုံးသည် လန့်ဖျပ်နေသော ငှက်ငယ်များကဲ့သို့ ဖြစ်နေကြပြီး ကျိုးထျန်းအကြောင်း တွေးမိရုံမျှဖြင့် မျက်နှာများ ဖြူလျော်သွားကြရသည်။
"အများကြီး လျှောက်မတွေးစမ်းပါနဲ့ ဘယ်သူ့ကိုမှ အလုပ်ထုတ်မှာ မဟုတ်ဘူး၊ နောက်ဆို အလုပ်ကိုသာ ရိုးရိုးသားသား လုပ်ကြ၊ စိတ်ယုတ်မာတွေ မမွေးကြနဲ့"
လောင်ချန် ခဏမျှ စဉ်းစားလိုက်ပြီးမှ စကားကို ဆက်ပြောလိုက်၏။
"တကယ်တော့ မစ္စတာကျိုးက တော်တော်လေးစွမ်းဆောင်ရည်ရှိတာ.. သူ ကုမ္ပဏီကို ရောက်လာတာ နှစ်လတောင် မပြည့်သေးဘူး၊ ဝန်ထမ်းအင်အားက နှစ်ဆတိုးလာခဲ့ပြီ။ ဒါတင်မကသေးဘူး၊ အသစ်ခန့်လိုက်တဲ့ လူတွေကလည်း ထိပ်တန်းဝါရင့်ပညာရှင်တွေချည်းပဲ"
"သူက ရက်စက်တတ်တဲ့ပုံစံမျိုးရှိပေမဲ့ တကယ်တော့ ကျွန်တော်တို့အပေါ် တော်တော်လေး သဘောထားကြီးတာ၊ သူ ပေးတဲ့လစာက ဝူချန်ချိုင်ပေးတာထက် အများကြီးပိုများတယ်"
ထိုအချိန်တွင် လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။ သူတို့သည် တခြားအရာအားလုံးကို လိမ်ညာနိုင်သော်လည်း စစ်မှန်သောငွေကြေးကိုမူ လိမ်ညာ၍မရနိုင်ချေ။
၎င်းတို့၏ ဝင်ငွေများ တကယ်ပင် တိုးတက်လာခဲ့သည်ကို အားလုံးက လက်ခံကြပေသည်။
"ပြီးတော့ သုံးသပ်ချက်အရဆိုရင် ဒီမစ္စတာကျိုးရဲ့ နောက်ခံက အလွန်အမင်းကြောက်ဖို့ကောင်းတယ်၊ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက ကျွန်တော်တို့ စိတ်ကူးထားတာထက် အများကြီးပိုလိမ့်မယ်"
လောင်ချန်သည် ခေါင်းကို ကုတ်ရင်း သက်ပြင်းချလိုက်၏။
"ခုနက သူ ငါ့ကို ဘာလုပ်ခိုင်းလဲ မင်းတို့ သိလား"
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါယမ်းလိုက်ကြသည်။
"သူ့ကားကို ကူရှာခိုင်းတာဗျ၊ သူ ကားပါကင်ထဲမှာ ရပ်ထားခဲ့တဲ့ ကားတစ်စီးက ဘယ်နားမှာလဲဆိုတာ မေ့သွားလို့တဲ့"
"ဒါနဲ့ အဲ့ဒါ ဘာကားလဲဆိုတာကော သိလား"
လူတိုင်းသည် သိချင်စိတ်ပြင်းပြနေသော မျက်နှာများဖြင့် ခေါင်းကိုသာ ဆက်၍ ခါယမ်းနေကြပြန်သည်။
"တန်ဖိုး သန်းဆယ်ဂဏန်းကျော်ရှိတဲ့ နောက်ဆုံးပေါ် ရိုးလ်ရွိုက်စ် ဖန်တွမ် (Rolls-Royce Phantom) ကြီးဗျာ။ သူက သူ့မှာ ဒီလိုကားရှိနေတာကို တကယ်ကြီးမေ့နေတာ"
လူတိုင်းမှာ အံ့အားသင့်သွားကြရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ရိုးလ်ရွိုက်စ် ကားကြီးကို မေ့သွားရတယ်လို့လား။
သူတို့ဆိုလျှင် စက်ဘီးတစ်စီးကိုပင် မေ့ပစ်လိမ့်မည်မဟုတ်ပေ။ သို့သော် သူကမူ သန်းဆယ်ဂဏန်းကျော်တန်ဖိုးရှိသည့် ကားကြီးကို မေ့ပစ်လိုက်သည်လော။
‘သူက လူကော ဟုတ်ရဲ့လား’
‘ဒါက သူဌေးကမ္ဘာရဲ့ အခြေအနေမျိုးလား’
အမှန်စင်စစ်မူ ကျိုးထျန်းသည် တကယ်ပင် မေ့သွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ဝေဖေးယွီသည် သူ့ကို သော့များ ပေးအပ်ခဲ့ပြီးနောက် လူလွှတ်၍ထိုကားကို ထျန်းချိုင် ရုံးအဆောက်အအုံ၏ကားပါကင်သို့ လာရောက်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်၏။
ထိုကိစ္စနှင့်ပတ်သက်၍ ဝေဖေးယွီကလည်း ထပ်မံ၍ မပြောခဲ့သလို ကျိုးထျန်းကိုယ်တိုင်ကလည်း ကုမ္ပဏီသို့ လာရောက်ခြင်းမရှိခဲ့ပေ။
ထို့ပြင် သူသည် ထိုသော့များကိုလည်း စားပွဲတင်အံဆွဲထဲသို့ ပေါ့ပေါ့ဆဆပင် ပစ်ထည့်ထားခဲ့မိသည်။
အကယ်၍ သူသာ ဤအကြောင်းကို ရုတ်တရက်သတိမရခဲ့ပါက ဤကိစ္စကို အချိန်အတော်ကြာအောင် မေ့လျော့နေဦးမည်ဖြစ်ပေသည်။
သူသည် ချန်ကွမ်ချီကို အိမ်ခြံမြေစီမံခန့်ခွဲမှုရုံးခန်းသို့ ခေါ်ဆောင်သွားပြီး ကား မည်သည့်နေရာတွင် ရပ်ထားသည်ကို သိရှိနိုင်ရန် စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို စစ်ဆေးခိုင်းခဲ့ကာ သင့်တော်မည့် ဒရိုင်ဘာတစ်ဦးကိုလည်း ရှာဖွေပေးရန်တောင်းဆိုခဲ့သည်။
သူ့အနေဖြင့် ဤကားကို ကိုယ်တိုင်မောင်းနှင်ရန်မဖြစ်နိုင်ပေ။ မည်သူမဆို ဤကားကို မောင်းနှင်ပါက ဒရိုင်ဘာတစ်ဦးနှင့်သာ တူနေပေလိမ့်မည်။
အဆောက်အအုံပြင်ပသို့ ထွက်ခွာလာပြီးနောက် သူသည် မိမိ၏ဘန်တလေ ကားထဲသို့ ဝင်ထိုင်ကာ ဟိုတယ်သို့ မောင်းနှင်လာခဲ့၏။
ထိုနေရာတွင် မိန်းကလေးနှစ်ယောက်မှာ ညစာစားရန် သူ့ကို စောင့်ဆိုင်းနေကြသည်။
ကားမောင်းနေစဉ်မှာပင် သူသည် ရုတ်တရက် ရာနှင့်ချီသော အချဉ်ဓာတ် စာသားများကို လက်ခံရရှိလိုက်သည်။
သေသေချာချာ ကြည့်လိုက်သောအခါ နာမည်များမှာ ရင်းနှီးနေပုံရပြီး အားလုံးမှာ ထျန်းချိုင်မှ မန်နေဂျာများ ဖြစ်နေကြ၏။
‘သူတို့က ဘာဖြစ်လို့ ရုတ်တရက်ကြီး သူ့အပေါ်မှာ လာပြီး အချဉ်ဓာတ်တွေ ထပြနေကြတာလဲ’
အပေါ်ထပ်ရှိ ထိုလူများသည် အချဉ်ဓာတ်ထနေရုံသာမက ၎င်းတို့၏ ကမ္ဘာ့အမြင်များပါ လုံးဝ ပျက်စီးသွားခဲ့ရသည်ကို သူ မသိရှိခဲ့ပေ။
တခြားကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံသည့်အခါတွင်မူ သူတို့အတွက် ကြွားလုံးထုတ်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့တော့သည်။
"မင်းတို့သူဌေးက ဘာကားမောင်းလဲ"
"မာစီးဒီးလား၊ အော်ဒီလား၊ ဘန်တလေလား"
"တော်စမ်းပါ... ငါတို့သူဌေးကို ကြည့်လိုက်ဦး၊ သူက ရိုးလ်ရွိုက်စ်ကားကို ဝယ်ထားတာ၊ ဒါပေမဲ့ သူက ဘယ်တော့မှ မစီးဘူး၊ ဘာလို့လဲဆိုတော့ သူ မေ့သွားလို့..."
ကျိုးထျန်းသည် ထိုမနာလိုဖြစ်နေကြသော လူများကို ဂရုမစိုက်တော့ဘဲ မိမိ၏ ညဖက်အပန်းဖြေမှုကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ထွက်ခွာသွားခဲ့တော့သည်။
သူ၏ ပူပန်မှုကင်းမဲ့နေသော သဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဒါလုံနည်းပညာကုမ္ပဏီ၏ အခြေအနေမှာမူ ပုံမှန်ထက်ထူးကဲစွာ တင်းမာလျက်ရှိနေသည်။
ဥက္ကဋ္ဌ လီဟိုင်ပေါ်သည် အစည်းအဝေးစားပွဲတွင် ထိုင်နေပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၁၁ ဦးနှင့် မျက်နှာချင်းဆိုင်နေရ၏။
"အဖိုးကြီးလီ... ခင်ဗျား ဘာတွေ ဆုံးဖြတ်လိုက်တာလဲ၊ လျိုထျန်းအန်ကို ဘာဖြစ်လို့ လွှတ်ပေးလိုက်ရတာလဲဗျာ"
အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စားပွဲခုံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ပုတ်ရင်း ဒေါသတကြီး မေးမြန်းလိုက်သည်။
ထျန်းချိုင်နည်းပညာကဲ့သို့ပင် သူတို့၏ အစည်းအဝေးခန်းမအတွင်းရှိ လူများသည်လည်း လက်ဝဲယာနှစ်ဖက်စီတွင် ထိုင်နေကြပြီး အုပ်စုနှစ်စုကို ကိုယ်စားပြုနေကြ၏။
တစ်ဖက်က ချမ်းသာကြွယ်ဝသူများဖြစ်ပြီး တခြားတစ်ဖက်ကမူ အာဏာရှိသူများ ဖြစ်ကြသည်။
ငွေကြေးနှင့် အာဏာတို့ ပေါင်းစပ်မှုကြောင့် ဒါလုံကုမ္ပဏီသည် ရှန်ဟိုင်း၏ မိုဘိုင်းဂိမ်းလောကတွင် ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ခြင်းပင်။
ဒါရိုက်တာ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသောအခါ လီဟိုင်ပေါ်၏ မျက်နှာထားမှာ အလွန်ပင် မကောင်းမွန်တော့ပေ။
"ငါက ဥက္ကဋ္ဌတစ်ယောက်ပဲ။ မင်း ဒီလို စားပွဲခုံကို ရိုက်ပုတ်တာက အလွန်အမင်း ရိုင်းပျတဲ့ လုပ်ရပ်ပဲ"
သို့သော် သူသည် မိမိ၏ဒေါသကိုသာ ဖိနှိပ်ချုပ်တည်းလိုက်ရပြီး ဖြည်းညှင်းစွာပင် ပြန်လည်ဖြေကြားလိုက်ရ၏။
"ညွှန်ကြားရေးမှူးဟွမ်... လျိုထျန်းအန်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါ ထျန်းချိုင်နည်းပညာရဲ့ သူဌေး ကျိုးထျန်းနဲ့ သဘောတူညီချက် ရယူခဲ့ပြီးပြီ။ ငါ လျိုထျန်းအန်နဲ့ သူ့ရဲ့ သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေကို ပုံမှန်အလုပ်ထုတ်ပယ်ခြင်း လုပ်ငန်းစဉ်အတိုင်း အလုပ်ကနေရပ်စဲသွားမှာဖြစ်တယ်"
"ခင်ဗျားကို ဒီလိုလုပ်ဖို့ ဘယ်သူက သဘောတူလို့လဲ၊ ဘယ်သူက ခွင့်ပြုခဲ့လို့လဲ"