အခန်း ၁၇၆
Vol. 18 Ch. 176
🍋 Chapter 176
မစ္စတာဖန့်၏ စကားကို ကြားလိုက်ရသောအခါ အထွေထွေမန်နေဂျာဟွမ်၏ ဘက်မှလူများအားလုံး ဇဝေဇဝါ ဖြစ်သွားကြရသည်။
သို့သော် မစ္စတာဖန့်၏ အဖွဲ့ဝင်များမှာမူ ချက်ချင်းပင် ရိုသေခန့်ညားမှု၊ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေသည့် မျက်နှာထားများ ဖြစ်ပေါ်လာခဲ့ကြ၏။
"မစ္စတာဖန့်... ခင်ဗျား ပြောနေတာ ဘယ်သူ့အကြောင်းလဲဗျ"
မန်နေဂျာဟွမ်မှ သတိကြီးစွာဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်။
"ဟဲဟဲ... ဒီလူက နေရာတိုင်းမှာ အဆက်အသွယ်တွေ ရှိတဲ့အပြင် အထူးဌာနတစ်ခုရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ တရုတ်ပြည်တွင်းမှာ ဖြစ်ပျက်သမျှ ဘယ်အရာမဆို သူတို့မသိတာ မရှိဘူး"
မစ္စတာဖန့်သည် မိမိလူများ ဝန်းရံထားသည့်တိုင်အောင် စကားတစ်လုံး မှားသွားမည်ကို စိုးရိမ်နေသည့်အလား သတိကြီးစွာဖြင့် ခပ်တိုးတိုး ပြောဆိုနေခဲ့သည်။
သူ့နှုတ်မှ နာမည်ကိုပင် ထုတ်မပြောရသေးသော်လည်း ဤနေရာတွင် ရှိနေကြသူအားလုံးမှာ မစ္စတာဖန့် ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားကြပြီး ၎င်းတို့၏ မျက်နှာများ တည်ကြည်လေးနက်သွားကြရ၏။
လီဟိုင်ပေါ်မှာ ပို၍ထိတ်လန့်အံ့အားသင့်သွားရသည်။
ကျိုးထျန်းတွင် အင်အားကြီးမားသော နောက်ခံနောက်ကွယ်တစ်ခု ရှိနေလိမ့်မည်ဟု သူ ယခင်ကတည်းက ခန့်မှန်းထားခဲ့သော်လည်း အလွန်ဆုံးရှိလှ ရှန်ဟိုင်း သို့မဟုတ် တခြားပြည်နယ်တစ်ခုခုမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဦး ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ကျိုးထျန်း၏နောက်ခံက ဤမျှအထိ ထိပ်တန်းကျလိမ့်မည်၊ အထက်ဗဟိုဆီမှ တိုက်ရိုက်ဆင်းသက်လာသူ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
"မစ္စတာဖန့်... ဒါနဲ့ အဲ့ဒီပုဂ္ဂိုလ်က ရှန်ဟိုင်းကို ဘာကိစ္စနဲ့ ရောက်လာတာလဲဗျ"
မစ္စတာဟွမ်သည်လည်း စိတ်ငြိမ်သွားခဲ့ပြီဖြစ်ရာ သူ့ လေသံမှာ အလွန်ပင် ယဉ်ကျေးပျော့ပြောင်းသွားပြီး သတိကြီးစွာဖြင့် လှမ်းမေးလိုက်သည်။
"ဒါကတော့ လျှို့ဝှက်ချက်ပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီအထူးဧည့်သည်တော်ကြီး ရှန်ဟိုင်းကို ရောက်လာရုံပဲ ရှိသေးတယ် ဝေဖေးယွီနဲ့ ဝမ်ရှောင်တို့ အဖမ်းခံလိုက်ရပြီး နောက်ရက်မှာပဲ ဝမ်ချောင်နည်းပညာကုမ္ပဏီကြီး ချိတ်ပိတ်ခံလိုက်ရတယ်။ သူ ဘာအတွက် ရောက်လာတာလဲဆိုတာ မင်းတို့ စဉ်းစားကြည့်ပေါ့။ လောကကြီးမှာ ဒီလောက်တိုက်ဆိုင်တဲ့ ကိစ္စမျိုးတော့ မရှိနိုင်ဘူးမလား"
လူတိုင်း ဆိတ်ဆိတ်သာ နေလိုက်ကြတော့သည်။
မှန်ပေသည်။ အထူးသဖြင့် သာမန်လူများထက် သတင်းအချက်အလက်ပိုင်းတွင် အလွန်အမင်း အာရုံခံနိုင်စွမ်းရှိကြသည့် ဤကဲ့သို့သော သူဌေးကြီးများအတွက်မူ အနည်းငယ်မျှသော လှုပ်ရှားမှုကိုပင် ချက်ချင်း ရိပ်မိနိုင်ကြရာ ၎င်းကို တိုက်ဆိုင်မှုဟု မည်သူက ယုံကြည်ပါမည်နည်း။
ဥက္ကဋ္ဌဖန့်သည် စကားကို ခဏမျှ ဖြတ်လိုက်ပြီးမှ ဆက်ပြောပြန်သည်။
"ဒါတင်မကသေးဘူး၊ တခြားလမ်းကြောင်းတွေကနေ ငါကြားသိရသလောက်ဆိုရင် အဲ့ဒီလူက ရာထူးကနေ အနားယူသွားပြီဖြစ်တဲ့ သူ့ရဲ့ အထက်အရာရှိဟောင်း နိုင်ငံတော်အဆင့် ကက်ဘိနက်အဖွဲ့ဝင်ဟောင်းကြီးရဲ့ ကိုယ်စားလာခဲ့တာတဲ့"
ဤစကားကို ကြားရသောအခါ လူတိုင်းက ဥက္ကဋ္ဌဖန့်ကို မယုံကြည်နိုင်လောက်အောင် မော့ကြည့်လိုက်ကြသည်။
ဥက္ကဋ္ဌဖန့်ကမူ မိမိပြောနေသည့်အရာမှာ အမှန်အကန်ဖြစ်ပြီး ပေါက်ကရ လျှောက်ပြောနေခြင်းမဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
အစည်းအဝေးခန်းမအတွင်းရှိ အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး စားပွဲခုံတွင် ထိုင်နေကြသူအားလုံး၏စိတ်ထဲ၌ ကြီးမားသော မတတ်သာသော အားငယ်မှုကို ခံစားလိုက်ကြရသည်။
လက်ဝယ်ရှိ သတင်းအချက်အလက်များအပေါ် အခြေခံပြီး သူတို့ တွေးဆမိသမျှ အရာများသည် ယုံကြည်နိုင်စရာမရှိလောက်အောင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလွန်းနေပေသည်။
"ဒါဆိုရင်... ဒီကျိုးထျန်းရဲ့ နောက်ခံက မြို့တော်ရဲ့ ဗဟိုချက်မတည့်တည့်မှာ ရှိနေတာပေါ့ ဟုတ်လား"
အထွေထွေမန်နေဂျာဟွမ် စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်၏။
"ငါလည်း အတိအကျ မသိဘူး။ ငါတို့ရဲ့ အဆင့်အတန်းမျိုးနဲ့ မသိသင့်မသိထိုက်တဲ့ အရာအချို့ ရှိနေသေးတာပဲ။ သွားပြီး စပ်စုလို့မရဘူး၊ ဒုက္ခရောက်လိမ့်မယ်"
လူအချို့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံကြသည်။
ထိုအချိန်တွင် လီဟိုင်ပေါ်က ချောင်းတစ်ချက်ဆိုးလိုက်ပြီး ၎င်း၏လည်ချောင်းကို ရှင်းလိုက်၏။
"ငါကတော့ ဥက္ကဋ္ဌဖန့်ရဲ့ အမြင်ကို ထောက်ခံပါတယ်။ ဒါကြောင့် ငါလည်း စကားအနည်းငယ်လောက် ဖြည့်ပြောပါရစေ"
"ငါက ကျိုးထျန်းနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖူးတာမို့ မင်းတို့အားလုံးထက် သူ့အကြောင်းကို ပိုပြီး သိတာပေါ့"
"ငါ ပြောနိုင်တာကတော့ အဲ့ဒီလူငယ်လေးဆီမှာရှိတဲ့ ပြင်းထန်တဲ့ ယုံကြည်မှုနဲ့ အရှိန်အဝါမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး၊ ငါ့ကို တကယ်ကြီး လန့်သွားစေတာ"
သူသည် ဝမ်ချောင်နည်းပညာအကြောင်း ပြောဆိုနေစဉ်အတွင်း ကျိုးထျန်းဆီမှ ထွက်ပေါ်လာခဲ့သည့် လူသတ်ငွေ့များကို ပြန်လည်တွေးမိရင်း ယခုထက်တိုင် ကြောက်ရွံ့ထိတ်လန့်နေဆဲပင် ဖြစ်သည်။
"ပြီးတော့ စဉ်းစားကြည့်ကြဦးလေ။ ငါတို့ဒီမှာ ရှိနေတဲ့လူတွေက အယောက်တစ်ဒါဇင်ကျော်ရှိပြီး အားလုံးက ထင်ပေါ်ကျော်စောတဲ့ လူကုံထံတွေချည်းပဲ။ ဒါပေမဲ့ ငါတို့အားလုံး ပေါင်းလိုက်ရင်တောင် ဝမ်ချောင်ကို ဘာမှမလုပ်နိုင်ခဲ့ကြဘူးမလား"
"ဒါပေမဲ့ သူတို့ကတော့ ဝမ်ချောင်ရဲ့ လူသားအရင်းအမြစ်တွေကို လုယူချင်ရုံသက်သက်နဲ့ ဝမ်ချောင်နည်းပညာကို အလွယ်တကူပဲ ဖျက်စီးပစ်လိုက်ကြတာ...”
“ ဝမ်ချောင်ရဲ့ နောက်ကွယ်က လူတွေတောင် စကားတစ်လုံးမျှ မဟရဲကြဘူး။ ဒီမြင်ကွင်းကို ကြည့်ပြီး ငါတို့တွေ နားမလည်ကြသေးဘူးလား"
သူသည် လျိုထျန်းအန်နှင့် ကျိုးထျန်းတို့အကြား မည်သို့သော ပတ်သက်မှုမျိုး ရှိသည်ကို မသိသလို၊ ကျိုးထျန်းက ဘာဖြစ်လို့ ဝမ်ချောင်ကို ဖျက်စီးပစ်ချင်ရသလဲဆိုသည်ကိုလည်း မသိချေ။
သူတို့၏အပြန်အလှန် စကားပြောဆိုမှုများအပေါ် အခြေခံပြီး မိမိဘာသာသာ တွေးတော ခန့်မှန်းနေခြင်း ဖြစ်သည်။
သို့သော် ဤခန့်မှန်းချက်ကပင် သူ့ကို အလွန်အမင်းထိတ်လန့်သွားစေခဲ့ခြင်းပင်။
မိမိ၏ကုမ္ပဏီကို တိုးချဲ့ရန်အတွက် ဂိမ်းကုမ္ပဏီတစ်ခုလုံးကို အစပျောက်အောင် ဖြိုလဲပစ်လိုက်သည့်အလားပင်။
၎င်းသည် ယုတ္တိမရှိလောက်အောင် အဓိပ္ပာယ်မဲ့နေပုံရသော်လည်း သူကိုယ်တိုင်က ကျိုးထျန်းအပေါ် ဆန်းကြယ်သော နောက်ခံနောက်ကွယ်အကာအကွယ်များ ဖုံးအုပ်ပေးလိုက်သည့် အခါတွင်မူ အရာအားလုံးသည် တစ်နည်းတစ်ဖုံအားဖြင့် အကျိုးအကြောင်းသင့်လျော်သွားခဲ့တော့သည်။
ထိပ်တန်းပညာရှင်ကြီးများ၏လုပ်ရပ်ဆိုသည်မှာ ငါတို့လို သာမန်လူသားများ နားလည်နိုင်စရာ အကြောင်းမရှိချေ။ အကယ်၍...
သူက တခြားလူတွေကို နင်းခြေရတာကို သဘောကျရုံသက်သက်ဆိုရင်ကော။
အကယ်၍ ဝမ်ချောင်နည်းပညာဆိုသည်မှာ သူ့မျက်စိထဲတွင် အလွယ်တကူ နင်းခြေဖျက်စီးပစ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေခဲ့လျှင်...
သူ ပိုတွေးမိလေလေ... ကျိုးထျန်းသည် ခြေဖျားကိုသာ မြင်နိုင်ပြီး ၎င်း ဦးခေါင်းမှာမူ တိမ်တိုက်များထဲတွင် ရောက်ရှိနေသည့် ဘီလူးကြီးတစ်ကောင်အလား ပိုထင်မှတ်လာမိလေလေ ဖြစ်တော့သည်။
ကျိုးထျန်းအနေဖြင့် ၎င်းအတွေးများကို မသိရှိခဲ့သောကြောင့်သာ စကားကို ဆက်ပြောနေခြင်း ဖြစ်ပေသည်။
အကယ်၍သာ သိရှိခဲ့မည်ဆိုပါက ၎င်း၏ကြွယ်ဝလှသော စိတ်ကူးစိတ်သန်းများအတွက် လက်ခုပ်တီးပြီး သေချာပေါက်ချီးကျူးမိပေလိမ့်မည်။
လူတိုင်းက မိမိ၏စကားကို ထောက်ခံကြသည်ကို တွေ့ရသောအခါ လီဟိုင်ပေါ်ဆက်၍ ပြောလိုက်၏။
"ပြီးတော့ မင်းတို့ သိကြလား။ ဒီနေ့မနက်တင် ကျိုးထျန်းက ထျန်းချိုင်နည်းပညာရဲ့ မန်နေဂျာတွေကို ကိုယ်တိုင်ဦးဆောင်ပြီး ဝမ်ချောင်ရုံးအဆောက်အအုံရဲ့ အောက်တည့်တည့်မှာ လူတိုင်းရဲ့ ရှေ့မှောက်တင် ဝန်ထမ်းခေါ်ယူပွဲကို အတိအလင်းပြုလုပ်ခဲ့တာ"
"အာ..."
"ဒီလိုကြီးလား..."
"မဖြစ်နိုင်တာ... ဒီလောက်တောင် မောက်မာပြီး... အတင့်ရဲရတာလား"
လူအချို့က မယုံကြည်နိုင်သော မျက်နှာထားများပြသလာကြသည်။
၎င်းမှာ အလွန်အမင်းလွန်လွန်းလှပေသည်။ ထိုအရာသည် ဝမ်ချောင်နည်းပညာ၏ သူဌေးကို လူတစ်ယောက်လိုပင် သဘောမထားသည့် လုပ်ရပ်ပင်။
"ဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ။ ဒါတင်မကသေးဘူး၊ သူတို့အတွက် အခြေအနေကို ထိန်းသိမ်းပေးဖို့ ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်ကိုတောင် လွှတ်ပေးခဲ့သေးတာ"
"အဲ့ဒီအခြေအနေက ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ဘာသာ စဉ်းစားကြည့်ကြတော့" လီဟိုင်ပေါ်သည် စကားဆုံးသောအခါ သက်ပြင်းချလိုက်မိသည်။
နှိုင်းယှဉ်စရာပင် မရှိတော့ချေ၊ လူအချင်းချင်းနှိုင်းယှဉ်၍ မရနိုင်တော့ပြီ ဖြစ်သည်။
သူဆိုလျှင် ဤကဲ့သို့ အရှက်ခွဲခံရမည့် အခြေအနေမျိုးကို အိပ်မက်ပင် မက်ရဲလိမ့်မည်မဟုတ်ချေ။ သို့သော် ၎င်းတို့ကမူ တရားဝင် အာဏာပိုင်များ၏ပံ့ပိုးမှုဖြင့် အတိအလင်း ပြုလုပ်သွားခဲ့ကြခြင်းပင်။
"လီအာ ပြောတာ မှန်တယ်။ ဒါကို သေသေချာချာ စဉ်းစားကြည့်ကြ။ ပြီးတော့ ဝေဖေးယွီဆိုတာလည်း လူကုံထံတစ်ယောက်ပဲလေ”
“သူ အဖမ်းခံရပြီး သူ့ကုမ္ပဏီ ပိတ်ခံလိုက်ရတာတောင် အင်တာနက်ပေါ်မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းက အစအနမရှိသလောက်ပဲ။ ဒါကို ကြည့်ရင် ဘယ်လောက်ကြီးမားတဲ့ အာဏာက ဖိနှိပ်ချုပ်တည်းထားလဲဆိုတာ မင်းတို့အားလုံး စိတ်ကူးကြည့်နိုင်မှာပါ" အထွေထွေမန်နေဂျာဖန့်က သင့်တော်မည့် အချိန်တွင် ဝင်၍ပြောလိုက်၏။
သူသည် မျက်တောင်များကို ချလိုက်ပြီး ခဏမျှ ဝေခွဲမရဖြစ်နေကာမှ လျှာကို သပ်လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်ပြန်သည်။
"ဒါတင်မကသေးဘူး... မြို့တော်မှာရှိတဲ့ ငါ့ရဲ့ အဆက်အသွယ်တွေဆီကနေ ရရှိတဲ့ သတင်းအရဆိုရင် ဝေဖေးယွီနဲ့ ဝမ်ရှောင်တို့ရဲ့ ယခုတစ်ကြိမ် ကံကြမ္မာက အရမ်းဆိုးရွားသွားနိုင်တယ်။ သူတို့တွေ သေချာပေါက်..."
အထွေထွေမန်နေဂျာဖန့်က မိမိ၏လည်ပတ်ကို ဖြတ်ပြသည့် အမူအရာတစ်ခု ပြုလုပ်လိုက်၏။
ဤအမူအရာကြောင့် လူတိုင်းကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားကြရသည်။
"အထွေထွေမန်နေဂျာဖန့်... ခင်ဗျား နောက်နေတာတော့ မဟုတ်ဘူးမလား။ ခေါင်းဖြတ်ခံရမှာလားဗျာ"
အထွေထွေမန်နေဂျာဟွမ်က ကြောက်ရွံ့တုန်လှုပ်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
"ငါတို့လို စီးပွားရေးလုပ်တဲ့ လူတွေဆိုရင် အဆိုးဆုံးက ပိုင်ဆိုင်မှုအသိမ်းခံရရုံပဲရှိတာ၊ ကွပ်မျက်ခံရတဲ့အထိ ပြင်းထန်တဲ့ ကိစ္စမျိုးတော့ တစ်ခါမှ မကြားဖူးဘူး"
"ဒါကြောင့်မို့လို့ ငါ စောစောက ပြောခဲ့တာပေါ့၊ လီအာလုပ်တာ မှန်ကန်တယ်ဆိုတာ။ ကံကောင်းလို့ သူက သူ့ကတိအတိုင်း လျိုထျန်းအန်ကိုလွှတ်ပေးခဲ့ပြီး ကျိုးထျန်းဆီကနေ လူတွေကို လုယူဖို့ မကြိုးစားခဲ့တာ"
"အကယ်၍ မင်း ပြောသလိုသာ သူက သဘောတူညီချက်ကို ဖျက်စီးခဲ့မယ်ဆိုရင် ကျိုးထျန်းက ဘာလုပ်မလဲ မင်း ထင်လဲ"
"ငါတို့ထဲက ဘယ်နှစ်ယောက်က ဒီလောက်ပြင်းထန်တဲ့ လှိုင်းတံပိုးဒဏ်ကို ခံနိုင်ရည် ရှိမှာလဲ"
လူတိုင်း ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားကြရပြီး မည်သူမျှ စကားမပြောရဲကြတော့ချေ။
"ငါ့အထင်တော့ နောက်ဆိုရင် ကျိုးထျန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထိန်းသိမ်းထားဖို့ ကြိုးစားရမယ်။ ဖြစ်နိုင်ရင် ပဋိပက္ခတွေကိုရှောင်ကြဉ်ပြီး သူ့ကို ဒေါသ မထွက်စေတာက အကောင်းဆုံးပဲ၊ အဲ့ဒါမှ ငါတို့က..."
ဥက္ကဋ္ဌဖန့်က စကားကို အဆုံးမသတ်ခဲ့သော်လည်း လူတိုင်းကမူ ၎င်း၏ ဆိုလိုရင်းကို နားလည်ကြပေသည်။
အစည်းအဝေးခန်းမကြီးသည် တစ်ဖန်ပြန်၍ ငြိမ်သက်သွားခဲ့ပြီး လုပ်ငန်းခွင်ထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ကြသည့် ဝါရင့်ပညာရှင်ကြီးများ အုပ်စုသည် မျက်နှာပျက်ပျက်ဖြင့် စကားမဲ့နေကြတော့သည်။
...
ကျိုးထျန်းသည် ဟိုတယ်သို့ ရောက်ရှိရုံမျှသာ ရှိသေးသဖြင့် လီဟိုင်ပိုထံမှ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိလိုက်သည်။
တစ်ဖက်လူသည် ယဉ်ယဉ်ကျေးကျေးဖြင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် မိမိ၏အထက် လူကြီးထံ သတင်းပို့နေသည့်အလား လျိုထျန်းအန် လက်အောက်ငယ်သားများ၏စာချုပ်အခြေအနေကို သတင်းပို့လာခဲ့၏။
သူသည် ထိုလူများအားလုံး၏စာချုပ်ကို ယနေ့ အလုပ်ဆင်းချိန်မတိုင်မီ ဖျက်သိမ်းပေးသွားမည်ဖြစ်ပြီး နစ်နာကြေးအနေဖြင့် တစ်လစာ လစာငွေများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုလာသည်။
လီဟိုင်ပေါ်သည် ကျိုးထျန်းအနေဖြင့် လျိုထျန်းအန်ကို ဤမျှအထိ တန်ဖိုးထားနေသဖြင့် ယခုအချိန်တွင် ကိစ္စရပ်များကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးပြီး လျိုထျန်းအန်၏ လက်အောက် ငယ်သားများကို အကျိုးခံစားခွင့်အချို့ ပေးအပ်လိုက်ပါက ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ရစ်ထားနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းပင်။
ကျိုးထျန်းမှာမူ တစ်ဖက်လူ၏ဖားယားလိုသော လေသံကြောင့် အနည်းငယ် အနေရခက်သွားရသည်။
‘ဒီလူက ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ။ ငါ့ရဲ့ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုဒဏ်ကြောင့် ဖမ်းစားခံလိုက်ရတာလား’
‘မဖြစ်နိုင်တာ... သူက မိန်းမမှ မဟုတ်ဘဲ’
သူသည် မိမိ၏မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလိုက်ပြီး ယနေ့နံနက်ပိုင်းက တခြားလူ အရှိန်အဝါကို အသုံးချခဲ့သည့် မိမိ၏အခြေအနေနှင့် ပေါင်းစပ်တွေးတောကြည့်ကာ အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားခဲ့သည်။
‘ငါ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပြင် အဲ့ဒီဦးလေးကြီးက ငါနဲ့ ပူးပေါင်းပေးခဲ့တာကြောင့် သူတို့တွေ အားလုံး အထင်မှားပြီး ငါ့မှာ တစ်စုံတစ်ရာ နောက်ခံ ရှိနေတယ်လို့ ထင်မှတ်သွားကြတာလား’
‘ဒါပေမဲ့ ဒါကလည်း အဆင်ပြေပါတယ်လေ၊ သူတို့ အဲ့ဒီလိုပဲ ထင်ထားပါစေ၊ ငါ့အတွက် အကျိုးရှိတာပဲ’
‘ပြီးတော့ သူတို့တွေသာ ငါ့ရဲ့ နောက်ခံကို သတိထား စိုးရိမ်နေကြမယ်ဆိုရင် ငါ ဆက်ပြီးလုပ်ဆောင်မယ့် ကိစ္စတွေအတွက် လမ်းပွင့်သွားတာပေါ့’