အခန်း ၁၇၈
Vol. 18 Ch. 178
🍋 Chapter 178
ည ၉ နာရီသည် လူငယ်များ၏ ညဖက်အပန်းဖြေမှုများ စတင်ချိန်ဖြစ်၏။
လမ်းလျှောက်ရန် အခက်အခဲရှိနေသော ကျောက်ရှင်းမှာမူ မကြာသေးမီကမှ အားလပ်ချိန်များ ပိုမိုရရှိလာခဲ့သည်။
ယခင်ကဆိုလျှင် သူမ၌ ဗီဒီယိုကြည့်ရန် သို့မဟုတ် ဖုန်းဆော့ရန် အချိန်ဟူ၍ လုံးဝမရှိခဲ့ပေ။
သို့သော် ယခု ပြန်လည်ကျန်းမာလာရမည့် အချိန်အတောအတွင်း၌မူ အလုပ်မရှိသဖြင့် ပျင်းရိငြီးငွေ့လာကာ ဂိမ်းဆော့သည့်အလုပ်ကို စတင်လုပ်ကိုင်လာခဲ့သည်။
ဂိမ်းဆော့သည်ဆိုသော်လည်း သူမအကျွမ်းတဝင်ဆုံးအရာကိုသာ သဘာဝအတိုင်း ရွေးချယ်ဖြစ်ခဲ့၏။
သူမသည် ဂိမ်းလောကတွင် လုံးဝအတွေ့အကြုံမရှိသူအသစ်တစ်ဦးဖြစ်ရာ လက်ချိုးရေတွက်၍ရသော မိုဘိုင်းလ်ဂိမ်းအနည်းငယ်ကိုသာ သိရှိထားသည်။
သူမ အကျွမ်းတဝင်ဆုံးဖြစ်သည့်ဂိမ်းမှာ သူမကိုယ်တိုင် ပရိုမိုးရှင်းဗီဒီယို ရိုက်ကူးပေးခဲ့သည့် "Desperate World" ပင် ဖြစ်သည်။
ထို့ကြောင့် မိမိကိုယ်ကိုယ် "ဒေါင်လိုက်ဈေးဆိုင်တန်းများ၏ အသန်မာဆုံးလူသား" ဟု အွန်လိုင်းအမည်ပေးထားပြီး ညစဉ်ညတိုင်း နာရီပေါင်းများစွာ ကစားလေ့ရှိ၏။
ယနေ့တွင်မူ ဂိမ်းထဲသို့ ဝင်လိုက်သည်နှင့် လူအများအပြားက အများသုံးစကားပြောခန်း ထဲ၌ မက်ဆေ့ခ်ျတစ်ခုကို အလုအယက် ပို့နေကြသည်ကို တွေ့လိုက်ရသဖြင့် ဖတ်ရန်ပင် အချိန်မရလိုက်ပေ။
ထို့ကြောင့် ဘာကိစ္စဖြစ်ပျက်နေသည်ကို မေးမြန်းရန် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက အတူတူဂိမ်းဆော့ဖြစ်နေသည့် သူငယ်ချင်းဖြစ်သူထံသို့ ချက်ချင်းပင် ဆက်သွယ်လိုက်တော့သည်။
"ဟေး... ရာဒစ်ရှ်၊ ဒီနေ့ ဘာဖြစ်လို့လဲဟ။ ဘာလို့ လူတိုင်းက ဂိမ်းမဆော့ဘဲ စကားပဲ ပြောနေကြတာလဲ"
"ဟေး... နင်မသိဘူးလား။ Despair World ရဲ့ ဂိမ်းထုတ်လုပ်သူ ထျန်းချိုင် နည်းပညာကုမ္ပဏီ က အခုလေးတင် Weibo မှာ စာတစ်စောင် တင်လိုက်တာ ရေပန်းအစားဆုံးနံပါတ်တစ် ဖြစ်သွားတယ်လေ"
"ဘာ... Weiboက ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲ။ ဂိမ်းဆော့ရတာလောက် မပျော်ပါဘူး"
"နင် ဘာမှမသိသေးပါလား။ သွားကြည့်လိုက်စမ်းပါ၊ တကယ် ရယ်ရတယ်ဟ။ ထျန်းချိုင် နည်းပညာက ဘာတွေတွေးပြီး လုပ်လိုက်လဲမသိဘူး၊ သူတို့ကို သနားရမလိုလို ဘာလိုလိုနဲ့"
ကျောက်ရှင်းသည် သူမ၏ဖုန်းမျက်နှာပြင်ကို ကြည့်ကာ ဝေခွဲမရစွာဖြင့် ခေါင်းခါလိုက်ပြီးနောက် လျိုမုယန်ကို အစာကျွေးနေသည့် ကျိုးထျန်းကို လှည့်ကြည့်လိုက်သည်။
‘ဒီလူဆိုးက နောက်ထပ် ကိစ္စအကြီးကြီးတစ်ခု ထလုပ်ပြန်ပြီလား မသိဘူး’
သူမသည် ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် Weiboကို ဖွင့်လိုက်ရာ ထျန်းချိုင် နည်းပညာကုမ္ပဏီ ရေပန်းစားနေသည်ကို ချက်ချင်း မြင်လိုက်ရသည်။
နှိပ်ဝင်ကြည့်လိုက်သောအခါ ထူးထူးခြားခြားမရှိဘဲ ကုမ္ပဏီ၏ ကြေညာချက်တစ်ခုသာ ဖြစ်နေသဖြင့် ဘာကြောင့် ယခုလို ရေပန်းစားနေရသလဲဟု တွေးမိသွား၏။
သို့သော် ကျိုးထျန်း၏ ယခင်လုပ်ရပ်များကို ပြန်တွေးမိသည်နှင့် သူသည် အလွန်ထူးဆန်းသော ကိစ္စတစ်ခုခုကို လုပ်ထားခြင်းဖြစ်ရမည်ဟု ခံစားလိုက်ရသဖြင့် စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်ဖတ်ရှုလိုက်တော့သည်။
"ထျန်းချိုင် နည်းပညာကုမ္ပဏီ မှ ဝန်ထမ်းအားလုံးထံ ပေးပို့သောစာ"
"ထျန်းချိုင် နည်းပညာကုမ္ပဏီ (နောင်တွင် 'ထျန်းချိုင်' ဟု ခေါ်ဆိုမည်) ၏ အကြီးအကဲများအဖွဲ့သည် အင်တာနက်နည်းပညာကုမ္ပဏီများတွင် အတွေ့ရများသော ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန်အတွက် အောက်ပါ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ပြောင်းလဲမှုများကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပါသည်"
"ပထမအချက်အနေဖြင့် ဂိမ်းလုပ်ငန်းနယ်ပယ်အတွင်းရှိ ဝန်ထမ်းအများအပြားမှာ ကျန်းမာရေးချို့တဲ့မှုနှင့် နာတာရှည်ရောဂါများကို ခံစားနေရသဖြင့် ထျန်းချိုင်သည် ဝန်ထမ်းတစ်ဦးချင်းစီအား ကုမ္ပဏီတစ်ခုလုံး နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုအပြင် လစာပြည့် ဆေးခွင့်တစ်ရက်ကိုပါ ထပ်မံတိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဤခွင့်ရက်သည် အခြားသော ဥပဒေကန့်သတ်ချက်ရှိသည့် ရုံးပိတ်ရက်များနှင့် ထပ်တူကျခြင်း မရှိစေရ"
"ဒုတိယအချက်အနေဖြင့် လာမည့်လမှစတင်၍ ကုမ္ပဏီသည် ဝန်ထမ်းများ၏ ရုံးတက်ရုံးဆင်းချိန်ကို ပိုမိုတင်းကျပ်စွာ စီမံခန့်ခွဲသွားမည်ဖြစ်သည်။
အလုပ်ချိန်များအပြင် ရုံးဆင်းချိန်များတွင်လည်း ဥပဒေပြဋ္ဌာန်းချက်ပါ အလုပ်လုပ်ရက်များကို တိကျစွာ လိုက်နာရမည်။ အချိန်ပိုဆင်းရန် လိုအပ်သော ဝန်ထမ်းအားလုံးသည် မိမိတို့၏ အထက်လူကြီးထံသို့ ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။
လျှောက်လွှာခွင့်ပြုချက်ရရှိသူများသည် အချိန်ပိုလုပ်ခကို မိနစ်အလိုက် တွက်ချက်ကာ နှစ်ဆရရှိမည်ဖြစ်သည်"
"တတိယအချက်အနေဖြင့် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ထျန်းချိုင်သည် နာမည်ကျော် စားသောက်ဆိုင်များနှင့် ရေရှည်ပူးပေါင်းကာ ထျန်းချိုင်ဝန်ထမ်းများအတွက် နေ့စဉ် နေ့လယ်စာနှင့် အချိန်ပိုဆင်းသော ဝန်ထမ်းများအတွက် ညစာတို့ကို ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်သည်။
ပူးပေါင်းဆောင်ရွက်မည့် သတ်မှတ်စားသောက်ဆိုင်များကို နောက်ပိုင်းတွင် ကြေညာပေးသွားမည်။
အစီအစဉ်အရ အဆိုပါစားသောက်ဆိုင်များသည် အနည်းဆုံး မစ်ရှလင်အဆင့် သို့မဟုတ် ထိုထက်မနိမ့်သော စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်သည်"
"စတုတ္ထအချက်အနေဖြင့် ဝန်ထမ်းအများအပြား၊ အထူးသဖြင့် အမျိုးသားဝန်ထမ်းများမှာ ကိုယ်အလေးချိန်လွန်ကဲနေကြသဖြင့် လာမည့်လမှစ၍ ထျန်းချိုင်သည် နာမည်ကျော်ကြံ့ခိုင်ရေးစင်တာတစ်ခုနှင့် ပူးပေါင်းကာ ဝန်ထမ်းအားလုံး၏ကိုယ်လက်လှုပ်ရှားမှုအဆင့်ကို စောင့်ကြည့်စစ်ဆေးသွားမည်။
ဝန်ထမ်းတစ်ဦးစီတိုင်းအား အကန့်အသတ်မရှိ Gym အသင်းဝင်ကတ်ကို ပေးအပ်မည်ဖြစ်ပြီး သူတို့၏အပတ်စဉ် ကိုယ်လက်လှုပ်ရှားချိန်ကို တိကျစွာ မှတ်တမ်းတင်သွားမည်ဖြစ်သည်။ စံနှုန်းမပြည့်မီသူများကိုမူ မဖြစ်မနေ လိုက်နာလုပ်ဆောင်စေမည်"
"ပဉ္စမအချက်အနေဖြင့် ဤလုပ်ငန်းနယ်ပယ်တွင် လူပျို/အပျို အများအပြား ရှိနေခြင်းကြောင့် ထျန်းချိုင်သည် အပတ်စဉ် လူမှုရေးပွဲတစ်ခုကိုကျင်းပပေးရန် ကုမ္ပဏီ၏အဆင့်မြင့်စီမံခန့်ခွဲသူများက ဆုံးဖြတ်လိုက်ပြီး နယ်ပယ်အသီးသီးမှ အရည်အချင်းပြည့်မီသော လူငယ်များကို ဖိတ်ကြားကာ မိတ်ဖွဲ့စေမည်ဖြစ်သည်။ ထျန်းချိုင်မှ နေရာနှင့် အစားအသောက်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်"
"ဆဋ္ဌမအချက်အနေဖြင့် ဤလုပ်ငန်းသည် ဦးနှောက်အသုံးပြုရမှု အလွန်များပြားသဖြင့် ဝန်ထမ်းအများအပြားမှာ ငယ်ရွယ်စဉ်မှာပင် ဆံပင်ကျွတ်သည့်ပြဿနာနှင့်ရင်ဆိုင်နေရသည်။
ထိုပြဿနာရှိသော သို့မဟုတ် အရည်အချင်းပြည့်မီသော အမျိုးသား၊ အမျိုးသမီးများကို ကုမ္ပဏီမှ သိပ္ပံနည်းကျ စစ်ဆေးမှုများ ပြုလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်။
သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဆံပင်အစားထိုးစိုက်ပျိုးစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ကုမ္ပဏီမှ ထောက်ပံ့ကူညီပေးမည်ဖြစ်သည်"
ကျောက်ရှင်းသည် ဤအသိပေးချက် ၆ ချက်ကို ကြည့်ရင်း သူမ၏ပါးစပ်မှာ တဖြည်းဖြည်း ဟစိစိ ဖြစ်သွားရသည်။
‘ဒါက ဝန်ထမ်းတွေဆီ ပို့တဲ့ အသိပေးချက်လား’
‘ဒါ စော်ကားလိုက်တာ မဟုတ်ဘူးလား’
‘ပထမဆုံးတစ်ချက်က ပရိုဂရမ်မာတွေအားလုံး ရောဂါသည်တွေလို့ပြောလိုက်တာပဲး
‘ဒုတိယတစ်ချက်က ပရိုဂရမ်မာတွေအားလုံး အချိန်ပိုဆင်းရတာကြိုက်တယ်လို့ ပြောလိုက်တာ’
‘တတိယတစ်ချက်က ပရိုဂရမ်မာတွေဟာ နေ့တိုင်း ပါဆယ်လ်ထုပ်ပဲစားနေကြတယ်လို့ ပြောတာ’
‘စတုတ္ထတစ်ချက်က ပရိုဂရမ်မာတွေအားလုံး ဝဖြိုးနေကြတယ်လို့ ပြောတာ’
‘ပဉ္စမတစ်ချက်က ပရိုဂရမ်မာတွေ အဖော်ရှာမရကြဘူးလို့ ပြောတာ’
‘ဆဋ္ဌမမြောက်အချက်ကတော့ အဆိုးဝါးဆုံးနဲ့ ရင်အနာရဆုံးပဲ၊ ပရိုဂရမ်မာတွေ ထိပ်ပြောင်နေကြတယ်လို့ ပြောလိုက်တာလေ’
‘ဒါ လွန်လွန်းတာပေါ့’
ပရိုဂရမ်မာတစ်ယောက်၏ ဘဝပြဿနာကို တိုက်ရိုက်ထိမှန်စေကာ မည်သူ့ကိုမဆို ငိုချင်စိတ်ပေါက်သွားစေရန် လုံလောက်လှ၏။
သူမသည် မှတ်ချက်များကို အောက်သို့ ဆွဲကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ရယ်ကာငိုကာ အီမိုဂျီများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ဤစာရွက်စာတမ်းသည် လျိုထျန်းအန်ဖတ်ပြီးနောက် မျက်နှာပျက်သွားရသည့် စာရွက်စာတမ်းပင် ဖြစ်၏။
၎င်းကို ကျိုးထျန်းကိုယ်တိုင် ပြင်ဆင်ရေးသားခဲ့ခြင်းဖြစ်ပြီး သူ၏... ဤလုပ်ငန်းနယ်ပယ်အပေါ် ထားရှိသော မနာလိုစိတ် အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူရေးသားခဲ့သောအချက်များသည် ခေတ်သစ်အလုပ်သမားများ၏ ဆင်းရဲဒုက္ခကို ထောက်ပြရုံသာမက ဖြေရှင်းနည်းများကိုပါ ပေးဆောင်ထားသည်။
မကျန်းမာဘူးလား၊ ကုမ္ပဏီက ကျန်းမာရေးစစ်ဆေးပေးမည့်အပြင် ဆေးကုသမှုခံယူရန် ခွင့်ရက်ပင် ပေးဦးမည်။
အချိန်ပိုဆင်းရမှာလား၊ ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ပြီး အကြောင်းပြချက်မရှိဘဲ အချိန်ပိုဆင်းစရာမလိုပေ။ အကယ်၍ ဆင်းရလျှင်ပင် ထိုက်တန်သော နစ်နာကြေးကို ရက်ရက်ရောရောပေးအပ်မည်ဖြစ်သည်။
နေ့တိုင်း ပါဆယ်လ်ထုပ်ပဲ စားနေရတာလား၊ ကုမ္ပဏီက အစားအသောက် ထောက်ပံ့ပေးမည်ဖြစ်ပြီး အကောင်းဆုံးစားသောက်ဆိုင်များက ပြင်ဆင်ချက်ပြုတ်ပေးလိမ့်မည်။
အားလုံး ကိုယ်အလေးချိန် တက်နေကြတာလား၊ ဒါဆိုရင် ကိုယ်လက်လှုပ်ရှားချိန်ကိုပါ စွမ်းဆောင်ရည်အကဲဖြတ်မှုထဲ ထည့်သွင်းထားသဖြင့် မဖြစ်မနေ လှုပ်ရှားရတော့မည်။
အဖော် ရှာမရဘူးလား၊ ဒါဆိုရင် မိတ်ဖွဲ့ပွဲတွေ ကျင်းပပေးမည်ဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာအားလုံးကို ကုမ္ပဏီက ကျခံမည်။
နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်အနေဖြင့် ထိပ်ပြောင်နေပါက ကုမ္ပဏီက ထောက်ပံ့ကြေးပေးမည်ဖြစ်ရာ ဆံပင်သွားရောက် စိုက်ပျိုးနိုင်ပေပြီ။
ဤအချက်အနည်းငယ်သည် အခြေခံလူတန်းစား အလုပ်သမားများ၏ စိတ်ကို ထိမှန်သွားစေကာ လူအများအပြားကို မျက်ရည်ကျစေခဲ့သည်။
မှတ်ချက်ပေးသည့်နေရာတွင် "ဘဝက ခက်ခဲလှပါပြီဆိုမှ လာမဖော်ထုတ်ပါနဲ့တော့" နှင့် "ငါ အေးအေးဆေးဆေး နေပါရစေဦး" စသည့် စာသားများဖြင့် ပြည့်နှက်နေတော့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ထိုထက်မကသော လူအများအပြားမှာ ဤအခြေအနေများအပေါ် စိတ်ဝင်စားသွားကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့၏။
"အလိုလေး... သူတို့ကုမ္ပဏီက အစားအသောက် ကျွေးတာတောင် မစ်ရှလင်အဆင့်ရှိတဲ့ စားသောက်ဆိုင်ကနော်။ ငါ သိချင်တာက အလုပ်မလုပ်ဘဲ အလကားပဲ သွားစားလို့ ရမလားဟင်"
"အပေါ်ကလူကတော့ လောဘကြီးလိုက်တာ။ အလကား စားချင်တာလား၊ ငါကတော့ ပိုက်ဆံပေးပြီးတောင် စားချင်တယ်"
"အားလုံးပဲ... ထျန်းချိုင် နည်းပညာရဲ့ ရုံးခန်းက ဘယ်နားမှာလဲဆိုတာ သိတဲ့လူ ရှိလား။ ငါ အပြင်က အမှိုက်ပုံးတွေကိုမွှေပြီး သူတို့စားကြွင်းစားကျန်တွေကို လိုက်ရှာချင်လို့"
"မင်းတို့တွေကတော့ အစားပုတ်တွေချည်းပဲ။ ငါကတော့ မတူဘူး။ အသက် ၃၀ မှ ပရိုဂရမ်မာအဖြစ် အသက်မွေးဝမ်းကျောင်း ပြောင်းရင် နောက်ကျသွားပြီလားလို့ပဲ မေးချင်တာ။ ငါက အလုပ်အရမ်းကြိုးစားတယ်၊ ငါ အလိုချင်ဆုံးအလုပ်က ထျန်းချိုင်နည်းပညာပဲ"
"တက္ကသိုလ်ပထမနှစ် ကျောင်းသားတွေ ထျန်းချိုင်မှာ အလုပ်သင်ဆင်းလို့ရမလားလို့ မေးချင်ပါတယ်။ လစာမလိုဘူး၊ အစားအသောက်ကျွေးရင်ရပါပြီ "
"အကုန် ဖယ်ကြစမ်း။ ငါ့အလုပ်အကိုင် အခွင့်အရေးကိုလာမလုကြနဲ့။ ငါက ဇက်ကြောတက်ရောဂါ၊ သည်းခြေအိတ်ရောင်ရောဂါ၊ ခါးနာရောဂါတွေရှိပြီး ကိုယ်အလေးချိန်ပေါင် ၁၉၀ ကျော်ရှိတဲ့ ၁၃ နှစ်သက်တမ်းရှိ ပရိုဂရမ်မာ အဟောင်းကြီးကွ။
ငါ့ဆံပင်တွေက တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက သစ်တောတွေထက်တောင်ကျဲနေသေးတယ်။ ငါက ထျန်းချိုင် နည်းပညာကိုသွားဖို့ အသင့်တော်ဆုံးလူပဲ"
"တခြားအရာတွေကို မပြောလိုတော့ပါဘူး၊ Gym သွားတာကို အလုပ်စွမ်းဆောင်ရည်ထဲ ထည့်တွက်မယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ငါ့မိန်းမက အလုပ်ထွက်ဖို့ ဖိအားပေးနေပြီ။ ငါက အရမ်းဝနေတော့ ဒါကြီးက ခက်ခဲလွန်းတယ်"
"ငါ ထျန်းချိုင် နည်းပညာကို မရောက်ခင်ကတည်းက ထိပ်ပြောင်နေတာ။ အဲ့တာဆို ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး ရနိုင်သေးလားလို့ မေးချင်ပါတယ်"
ရာပေါင်းများစွာသော မှတ်ချက်များ တရဟော ဝင်ရောက်လာခြင်းကြောင့် Weibo၏ ဆာဗာများပင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
နာရီအနည်းငယ်အကြာတွင် အွန်လိုင်း၌ ရေပန်းစားသော အကြောင်းအရာအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ "ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး" ဟူ၍ ဖြစ်သည်။
ထျန်းချိုင် နည်းပညာကုမ္ပဏီသည် တစ်ရှိန်ထိုး အလွန်အမင်းရေပန်းစားလာခဲ့ပြီပင်။
ရေတွက်မရနိုင်သော လူအများအပြားသည် Weiboမှတ်ချက်များအောက်တွင် အလုပ်လျှောက်လွှာများကို ချက်ချင်း တင်သွင်းနေကြပြီး ထိုထက်မကသော လူအများအပြားကမူ သူတို့၏အလွန် အမင်း မနာလိုဖြစ်မှုကို ဖော်ပြသည့်အနေဖြင့် 'လီမွန်' အီမိုဂျီများကို မှတ်ချက်များတွင် အုန်းအုန်းထွက်အောင် ပေးနေကြတော့သည်။
ဤမျှ အံ့ဩစရာကောင်းသော ကုမ္ပဏီက ဘယ်ကနေ ပေါ်လာရတာလဲ။
တစ်ချိန်တည်းမှာပင် "Desperate World" ၏ နေ့စဉ် ဒေါင်းလုဒ်ရယူမှု ပမာဏသည်လည်း နောက်ထပ် စံချိန်သစ်တစ်ခုသို့ ထပ်မံရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လူအများအပြားသည် ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ပေးသော ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သည့်ဂိမ်းသည် တကယ်ပဲ ကောင်းမကောင်းကို သိချင်ဇောဖြင့် ဂိမ်းထဲသို့ ဒီရေအလား တိုးဝှေ့ဝင်ရောက်လာကြတော့သည်။