အခန်း ၁၇၉
Vol. 18 Ch. 179
🍋 Chapter 179
ကျောက်ရှင်းသည် Weiboကို အောက်သို့ ဆွဲကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူမသည် ကျိုးထျန်းအနားသို့ သွားကာ သူ၏ခေါင်းထဲတွင် ဘာတွေတွေးနေသလဲဆိုသည်ကို တိုက်ရိုက်ပင် မေးမြန်းလိုက်ချင်မိ၏။
သို့သော် ပြန်လည်တွေးတောမိသည်တွင်မူ ကျိုးထျန်းသည် သူ၏အလုပ်ကိစ္စများကို လျိုမုယန်အား သိစေချင်ပုံမရသဖြင့် သူမ စပ်စုချင်စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။
‘ဒီလောက်ကောင်းတဲ့ ခံစားခွင့်တွေ၊ နေ့လယ်စာလည်း ကျွေးဦးမယ်။ အဲ့တာတောင် မစ်ရှလင်အဆင့်ရှိတဲ့ စားသောက်ဆိုင်ကဆိုတော့ ငါကိုယ်တိုင်တောင် သွားမြည်းစမ်းကြည့်ချင်လာပြီ’
ကျောက်ရှင်းသည် ပျင်းရိနေသဖြင့် သူမ၏ဆံပင်များကိုသာ လက်ဖြင့်လိပ်ရင်း ရေရွတ်လိုက်မိ၏။
သူမသည် Weiboထဲမှ ထွက်ကာ ဂိမ်းထဲသို့ ပြန်ဝင်လိုက်သော်လည်း ဂိမ်းမှာ လိုင်းကျပ်ကာ လေးလံနေသည်ကိုသာ တွေ့လိုက်ရသည်။
ဤသည်မှာ အချိန်တိုအတွင်း ကစားသမားများ တရဟော တိုးဝှေ့ဝင်ရောက်လာခြင်းကြောင့် ဆာဗာအပေါ် ရုတ်တရက် ဖိအားသက်ရောက်သွားခြင်းဖြစ်ကြောင်း သူမ မသိရှိခဲ့ပေ။
လျိုမုယန်နှင့် ပူးကပ်ချွဲနွဲ့နေခဲ့သော ကျိုးထျန်းမှာမူ ရုတ်တရက် လှုပ်ရှားမှုရပ်တန့်သွားပြီး ဘားကောင်တာဆီသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားကာ ဘီယာတစ်ဗူးကို လှမ်းယူလိုက်သည်။
မင်္ဂလာရှိသောကိစ္စများ ကြုံတွေ့ရသည့်အခါ အောင်ပွဲခံရန်အတွက် သောက်ကြရစမြဲပင်။
ယခု ကြုံတွေ့နေရသည့် မင်္ဂလာရှိသောကိစ္စမှာမူ မနာလိုဖြစ်မှုများ တစ်ရှိန်ထိုး တက်လာခြင်းဖြစ်၏။
ယခုအခါ ပရိုဂရမ်မာများသာမက အခြားလုပ်ငန်းနယ်ပယ်မှ ဝန်ထမ်းများပင်လျှင် ကျိုးထျန်း၏ ကြေညာချက်ကို မြင်ပြီးနောက် အလွန်အမင်း မနာလိုဖြစ်လာကြသည်။
ဤမနာလိုဖြစ်မှုမှာ အဓိကအားဖြင့် အစားအသောက်နှင့်ပတ်သက်သော စာသားကြောင့် ဖြစ်၏။
တရုတ်နိုင်ငံသည် လူတိုင်းနီးပါး အစားအသောက်မက်ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ပြည်သူလူထုအတွက် အစားအသောက်သည် အရေးကြီးဆုံးအရာပင်။ ၎င်းကို အထွတ်အထိပ်ဟု သတ်မှတ်ထားကြရာ မည်သို့လျှင် အရေးမကြီးဘဲ နေနိုင်ပါမည်နည်း။
လူမည်မျှများပြားလှသည်က အလုပ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရသော သူတို့၏ဝိညာဉ်များကို ထိန်းမတ်ရန်အတွက် အရသာရှိသော အစားအသောက်များမရှိခြင်းအပေါ် မှီခိုနေကြရသနည်း။
လူများ၏ တစ်ခုတည်းသောအပန်းဖြေမှုမှာ အပြင်ထွက်စားသောက်ခြင်း၊ ဆိုင်ပတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် တင်ခြင်းတို့ ဖြစ်နေကြသည်။
အလားတူပင် ကန်တင်းရှိ ဆိုးဝါးလှသောအချက်အပြုတ်များကြောင့် နေ့စဉ်နှင့်အမျှ ညည်းညူနေကြသည့် ကျောင်းသားများနှင့် စက်ရုံအလုပ်သမားများလည်း အမြောက်အမြား ရှိနေကြသည်။
ထျန်းချိုင်၏ကြေညာချက်မှာ မိုးကြိုးမုန်တိုင်းတစ်ခုအလား သူတို့၏ အစားအသောက်မက်သော နှလုံးသားများကို တိုက်ရိုက်ထိမှန်သွားစေခဲ့၏။
အကယ်၍ သူတို့သာ ယခုလို အဆင့်မြင့်နေ့လယ်စာမျိုးကို စားခွင့်ရမည်ဆိုပါက ထိုနေ့တွင် အလုပ်လုပ်ရခြင်းက ဘာအရေးစိုက်စရာ လိုတော့မည်နည်း။
ထို့အပြင် အချိန်ပိုဆင်းသူများအတွက်လည်း ညစာ ထောက်ပံ့ပေးဦးမည်ဖြစ်သည်။ ယခုကဲ့သို့သော အစားအသောက်မျိုးဖြင့်ဆိုလျှင် သူတို့သည် နေ့တိုင်း အချိန်ပိုဆင်းရန် တောင်းဆိုကြမည် မဟုတ်ပါလား။
လူအားလုံးသည် စားသောက်ရန်လိုအပ်သော လူသားများသာဖြစ်ရာ မည်သူက ယခုကဲ့သို့သော ဆွဲဆောင်မှုကို အောင့်အီးနိုင်ပါမည်နည်း။
ထို့ထက်ပိုသည်မှာ ကျိုးထျန်းသည် ဤကြေညာချက်ကို နောက်ထပ်ကိစ္စတစ်ခုအတွက် နိဒါန်းအဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်၏။
ဗီလာအဟောင်းကြီးမှာ ယခုထက်ထိ အလွတ်ကြီးဖြစ်နေဆဲဖြစ်ပြီး ဟွမ်လုံရောက်ရှိလာမှသာ စီးပွားရေးလုပ်ရန် ပြင်ဆင်နိုင်မည်ဖြစ်သည်။
သူ ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သော မစ်ရှလင်အဆင့်ရှိ စားသောက်ဆိုင်မှာ နောင်တွင် သူကိုယ်တိုင် ဖွင့်လှစ်မည့်ဆိုင်ပင်ဖြစ်၏။
သူသည် ဆိုင်ကိုပင် မဖွင့်လှစ်ရသေးသော်လည်း ရာပေါင်းများစွာသော အင်တာနက်အသုံးပြုသူများမှာမူ ထျန်းချိုင်အနေဖြင့် မည်သည့်စားသောက်ဆိုင်နှင့် ပူးပေါင်းရန် စီစဉ်နေသလဲဟူ၍ အလုအယက် မေးမြန်းနေကြပြီဖြစ်သည်။
ယခုအချိန်တွင် ကြေညာရန် မလိုအပ်သေးဘဲ ဤသည်ကိုရှားပါးဗျူဟာ ဟု သတ်မှတ်နိုင်၏။
ဆိုင်ဖွင့်လှစ်ပြီးမှသာ တရားဝင်ကြေညာချက် ထုတ်ပြန်မည်ဖြစ်သည်။
စားသောက်ဆိုင်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုပြီးသည်နှင့် လူအများက ထိုဆိုင်အသစ်ကို "မစ်ရှလင်အဆင့်" ဟူ၍ သဘာဝအတိုင်း တွဲဖက်တွေးတောမိကြပေလိမ့်မည်။
မိမိကိုယ်ကိုယ် ကြော်ငြာခြင်း၊ နည်းပညာပလက်ဖောင်းဖြစ်သော ထျန်းချိုင်ကို အသုံးပြု၍ စားသောက်ဆိုင်ကို ပရိုမိုးရှင်းလုပ်ခြင်းသည် ကုန်ကျစရိတ်မရှိသည့်အပြင် ၎င်း၏အကျိုးသက်ရောက်မှုမှာ အချို့သော သုံးသပ်ချက်ပလက်ဖောင်းများထက် များစွာ သာလွန်လှသည်။
ထိုအရာမှာ တကယ့် စျေးကွက်ရှာဖွေရေး အစစ်အမှန်ပင်။
'အချဉ်ဓာတ်' အဆင့်သတ်မှတ်ချက် ၁၀၀,၀၀၀၀ ကျော်သည် ကျိုးထျန်းထံသို့ တရဟော စီးဝင်လာခဲ့ပြီး သူ့အတွက် ကြီးမားသော အကျိုးအမြတ်များကို သယ်ဆောင်လာပေးခဲ့သည်။
သို့သော်လည်း လူအများအပြားမှာ အစားအသောက်အပေါ် လောဘဇောဖြင့် မြင့်မားသော အဆင့်သတ်မှတ်ချက်များ ပေးကြသော်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသူမှာမူ အလွန်နည်းပါးလှ၏။
အဆုံးစွန်၌မူ ၎င်းသည် အနည်းငယ် ချဉ်ရုံသာဖြစ်ပြီး ထိုအချက်တစ်ခုတည်းအတွက်နှင့် ထျန်းချိုင် နည်းပညာသို့ တကယ်ပဲ အလုပ်လာလျှောက်မည့်သူ ရှိလာရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း အခြားသော လူတစ်စု၏ တုံ့ပြန်မှုမှာမူ လုံးဝကွဲပြားခြားနားခဲ့သည်။
ထိုလူဦးရေမှာ အရေအတွက်အားဖြင့် နည်းပါးသော်လည်း ကြေညာချက်၏ ဆဋ္ဌမမြောက်အချက်ကို မြင်ပြီးနောက်တွင်မူ သူတို့၏စိတ်ထဲ၌ စိတ်လှုပ်ရှားမှုလှိုင်းလုံးများ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ရ၏။
"ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေးတဲ့လား"
ကွန်ပျူတာရှေ့တွင် ထိုင်နေကြပြီး ထိပ်ပြောင်ပြောင်ဖြင့် တောက်ပနေသော
"ဗဟိုအစိုးရကို ဒေသန္တရအဖွဲ့က ဝိုင်းဝန်းပံ့ပိုးထားသကဲ့သို့"
ဘေးဆံပင်များဖြင့် အလယ်ခေါင်ကို ဖုံးအုပ်ထားရသော ပရိုဂရမ်မာတစ်စုသည် သူတို့၏ခေါင်းကို လှမ်းကိုင်လိုက်ကြသည်။
ဤချောမွေ့လွန်းသော ထိတွေ့မှုသည် သူတို့၏နှလုံးသားထဲမှ ထာဝရနာကျင်မှုပင် ဖြစ်၏။
လွန်ခဲ့သောအချိန်များက သူတို့သည် ထူထဲသော ဆံကေသာများကို ပိုင်ဆိုင်ထားသည့် လူငယ်လေးများ ဖြစ်ခဲ့ကြသော်လည်း ယခုမူ အလုပ်ကြောင့် ဤကဲ့သို့သော ဘဝသို့ ရောက်ရှိခဲ့ရသည်။
အပြင်ထွက်သည့်အခါတိုင်း ဦးထုပ်ဆောင်းရုံသာမက သူတို့၏ ယုံကြည်မှုများလည်း ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်၏။
သူတို့သည် အသက်အရွယ်အစစ်အမှန်ထက် အနည်းဆုံး ဆယ်နှစ်ခန့် ပိုမိုအိုစာပုံပေါက်နေပြီး မိသားစုရှိသူများမှာလည်း ဇနီးသည်၏ငြိုငြင်မှုကို ခံနေကြရသည်။
ပို၍ဆိုးသည်မှာ မိသားစုမရှိသေးသူများဖြစ်ကြပြီး သူတို့ကို လှောင်ပြောင်သရော်မည့် အမျိုးသမီးတစ်ဦးမျှပင် မရှိခြင်းဖြစ်၏။
သို့သော်လည်း အားသာချက်အချို့တော့ ရှိပေသည်။
ရင့်ကျက်အိုစာသော ပုံစံကြောင့် သူတို့သည် ဆယ်စုနှစ်ချီ အတွေ့အကြုံရှိသော ပရိုဂရမ်မာကြီးများအလား ထင်မှတ်ရသဖြင့် အစည်းအဝေးများတွင် ပိုမိုအဆင့်အတန်းမြင့်မားပြီး လူကြီးလူကောင်းများ၏ လေးစားမှုကို ခံရတတ်သည်။
သူတို့၏ ဆံပင်အရေအတွက်က ၅၅ ချောင်းသာရှိပြီး အသက်အစစ်အမှန်က ၂၅ နှစ်သာ ရှိသေးသည့် နာကျင်မှုကိုမူ သူတို့ကိုယ်တိုင်သာ သိရှိနိုင်ပေသည်။
ထို့ကြောင့် ထျန်းချိုင်၏ "ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး" ကို မြင်လိုက်ရသည့်အခါ အစပိုင်းတွင် ကြောင်အန်းအန်းဖြစ်သွားခဲ့သော်လည်း နောက်ပိုင်းတွင်မူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြတော့သည်။
‘ငါ့ရဲ့ ဆံပင်ချည်မျှင်သုံးထောင်အတွက် မျှော်လင့်ချက် ရှိလာပြီလား မသိဘူး’
တကယ်တမ်းတွင်မူ ၃၀၀၀ ခန့်သာ ကျန်ရှိတော့သော မိမိတို့၏ဆံပင်များကို ကိုင်တွယ်ရင်း ထျန်းချိုင် နည်းပညာကုမ္ပဏီ၏ အီးမေးလ်လိပ်စာကို အလုအယက်ရှာဖွေကြတော့သည်။
‘"ငါလည်း အလုပ်ရသွားမလားဆိုပြီး လျှောက်လွှာ သွားတင်ကြည့်ရင် ကောင်းမလား’
ရှန်ဟိုင်းပြင်ပရှိ ပရိုဂရမ်မာအမြောက်အမြားပင်လျှင် သူတို့၏ အမျိုးသားတစ်ယောက်၏ သိက္ခာအတွက် ထျန်းချိုင်နည်းပညာသို့ လျှောက်လွှာမေးများ စတင်ပေးပို့လာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ထျန်းချိုင် နည်းပညာတွင် အလုပ်လုပ်နေကြပြီဖြစ်သော လုပ်ဖော် ကိုင်ဖက်များကို အလွန်အမင်းမနာလိုဖြစ်ကာ အားကျနေကြပြီး သူတို့နေရာတွင် ချက်ချင်းဝင်ရောက်လိုစိတ်များ ပြင်းထန်နေကြ၏။
ပြင်းထန်လှသော အချဉ်ဓာတ်အရည်လှိုင်းလုံးကြီးသည် ကျိုးထျန်းထံသို့ ရိုက်ခတ်လာရာ သူသည် ရေခဲတုံးများထည့်ထားသည့် ဘီယာကို သောက်ရင်း အလွန်အမင်း စိတ်လက်ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
‘လျှောက်လွှာပေါင်း ၂၀၀၀ ကျော်သွားပြီပဲ။ ကြည့်ရတာ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ဖို့ ပြဿနာမရှိတော့ဘူး’
သူသည် ဤပရိုဂရမ်မာများ၏စိတ်နေစိတ်ထားကို ဟိုးအရင်ကတည်းကပင် ရိပ်မိထားခဲ့ပြီး ဖြစ်သည်။
ကောင်းမွန်သော အစားအသောက်များသည် သူတို့ကို ဆွဲဆောင်နိုင်သော်လည်း ပရိုဂရမ်မာအများစုမှာ အမျိုးသားများဖြစ်ကြပြီး အမျိုးသမီးများကဲ့သို့ အစားအသောက်အပေါ် အရူးအမူး ဖြစ်လေ့မရှိကြပေ။
လုံလောက်စွာ မြင့်မားသော အချိန်ပိုလုပ်ခသည်ပင် သူတို့ကို လုံးဝဆွဲဆောင်ရန် မလုံလောက်သေးပေ။
အကြောင်းမူကား တရုတ်နိုင်ငံရှိ ကုမ္ပဏီအများအပြားသည်လည်း ဝန်ထမ်းများကို ပိုက်ဆံပေး၍ အသေအလဲ အလုပ်ခိုင်းခြင်းမျိုးကို လုပ်ဆောင်နေကြပြီဖြစ်သောကြောင့် ဖြစ်၏။
အချိန်ပိုကြေးမပေးသော ကုမ္ပဏီများသာလျှင် တကယ့် သွေးစုပ်ဖုတ်ကောင်များ ဖြစ်ကြသည်။
ထို့ကြောင့် သူသည် အခြားသူများတွင်မရှိသော ထူးခြားသည့်အရာတစ်ခုကို စဉ်းစားထုတ်လုပ်ခဲ့ရခြင်း ဖြစ်၏။
"ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး" နှင့်ပတ်သက်၍ ၎င်းသည် အလွန်ဆွဲဆောင်မှုရှိပုံရသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများသာ လျှောက်ထားနိုင်သည်ဟု ရေးသားထားပြီး ထောက်ပံ့မည့် ပမာဏအတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။
သူသည် ဤအသေးစိတ်အချက်အလက်များအပေါ် နောက်ဆုံးဖြတ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားဆဲပင်။
သူ၏အစီအစဉ်မှာ အတွေ့အကြုံရင့်ကျက်ပြီး ဆံပင်ကျွတ်သည့်ပြဿနာ အလွန်ပြင်းထန်သူများသာ ဤထောက်ပံ့ကြေးကို ရရှိရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
ထို့ပြင် ဆံပင်ကျွတ်ရခြင်းမှာ ထျန်းချိုင် နည်းပညာအတွက် အလုပ်လုပ်ပေးခြင်းကြောင့် ဖြစ်ရမည်။
‘မင်းက တခြားနေရာမှာ အနှစ် ၂၀ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံရင့် ပညာရှင်ကြီးမို့ ငါတို့ကုမ္ပဏီကို ထောက်ပံ့ကြေးလာယူပြီးမှ ပြန်ထွက်သွားမယ်ဆိုတာမျိုးကတော့ လုံးဝမဖြစ်နိုင်ဘူးလေ’
၎င်းတို့ဘက်မှ ငွေကြေးအစစ်အမှန်ကို ရင်းနှီးမြှုပ်နှံမည်ဆိုလျှင်ပင် မှန်ကန်သောနေရာ၌သာ ရင်းနှီးမြှုပ်နှံရမည် မဟုတ်ပါလား။
နောက်တစ်နေ့မနက်တွင် ဤWeiboပို့စ်သည် ငြိမ်ကျမသွားသည့်အပြင် ပိုမိုကျယ်ပြန့်လာကာ လူမှုရေးဖြစ်ရပ်တစ်ခုအသွင်သို့ ကူးပြောင်းသွားခဲ့သည်။
"ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး" ဟူသော စာသားသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ရှာဖွေမှုအများဆုံး စကားလုံး ဖြစ်လာခဲ့၏။
အဓိက တရားဝင် မီဒီယာကြီးများပင်လျှင် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာကြသည်။
"ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး၊ ဒါက ဝန်ထမ်းတွေကို ဂရုစိုက်တာလား ဒါမှမဟုတ် လူပြောများအောင် လုပ်တာသက်သက်ပဲလား"
"ပရိုဂရမ်မာတွေမှာ ဘယ်လောက်တောင် ဝမ်းနည်းစရာတွေ ရှိနေလဲ၊ ဆံကေသာအမျှင်ပေါင်း ထောင်ချီကနေ ထိပ်ပြောင်တဲ့အထိ ဖြစ်ရလေခြင်း"
"တရုတ်ပရိုဂရမ်မာများ၏ ဆံပင်ကျွတ်ခြင်း အခြေအနေ"
ဤခေါင်းစဉ်များသည် ဝဘ်ဆိုက်အသီးသီး၏ မျက်နှာဖုံးစာမျက်နှာများတွင် ပေါ်ထွက်လာခဲ့ပြီး မြောက်မြားစွာသော ကွန်တင့်ဖန်တီးသူများကလည်း ဗီဒီယိုများ စတင်ပြုလုပ်လာကြသည်။
ပရိုဂရမ်မာအများအပြားပင်လျှင် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ကာ သူတို့၏ နာကျင်ဖွယ် အတွေ့အကြုံများကို ပြောပြလာကြ၏။
တစ်ညတာအတွင်းမှာပင် တရုတ်နိုင်ငံတစ်ခုလုံးသည် ဆံပင်ကျွတ်ခြင်း အကြောင်းအရာအပေါ်၌သာ အာရုံစိုက်နေကြပုံရသည်။
ဤအရာအားလုံးကို စတင်ဦးဆောင်ခဲ့သော ထျန်းချိုင် ကုမ္ပဏီမှာမူ လူထုအာရုံစိုက်မှု၏ အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်၏။
နံနက်စောစော ရုံးခန်းသို့ ရောက်ရှိလာသော လျိုထျန်းအန်သည် ဖုန်းခေါ်ဆိုမှုပေါင်း ၁၀၀ ထက်မနည်းကို လက်ခံရရှိထားပြီး ဖြစ်သည်။
ရှန်ဟိုင်းရှိ သက်ဆိုင်ရာဌာနများ၏ စုံစမ်းမေးမြန်းမှုများအပြင် ကုမ္ပဏီအမြောက်အမြားကလည်း ဖုန်းခေါ်ဆိုကာ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြလာကြ၏။
၎င်းတို့တွင် ဆံပင်တုထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆံပင်သန်ဆေး ထုတ်လုပ်သူများ၊ ဆံပင်အစားထိုးစိုက်ပျိုးသည့် ဆေးခန်းများနှင့် ပရိုဂရမ်မာများ၏ ဆံပင်များကို ပိုမိုထူထဲပုံပေါက်အောင် ပုံသွင်းပေးမည့် ဆံပင်ညှပ်ဆိုင်များပင် ပါဝင်နေသည်။
ဤသည်မှာ ရာထူးတက်လှမ်းခဲ့သည်မှာ တစ်ရက်ပင်မပြည့်သေးသော အထွေထွေမန်နေဂျာအသစ်ကြီးကို အလွန်အမင်း အလုပ်ရှုပ်သွားစေခဲ့၏။
ဂိမ်းလောကတွင် ဘဝဝက်နီးပါး အလုပ်လုပ်ခဲ့ဖူးသော်လည်း မိုဘိုင်းလ်ဂိမ်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်လိုကြသည့် စီးပွားရေးလုပ်ငန်းရှင် အမြောက်အမြားနှင့် ကြုံတွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးပင်။
လျိုထျန်းအန်သည် သူ၏အလွန်ထူထဲသော ဆံပင်များကို ကိုင်တွယ်ရင်း သက်ပြင်းချလိုက်မိသည်။
ဖြစ်နိုင်သည်မှာ သူသည် ထိုလူများ၏ဆင်းရဲဒုက္ခကို တကယ်ပဲ နားမလည်နိုင်ခြင်းကြောင့် ဖြစ်ရမည်။
တစ်ချိန်တည်းမှာပင် ဘေးခန်း၌ ထိုင်နေသော ချန်ကွမ်ချီမှာမူ ကုမ္ပဏီ၏အကြီးအကဲများအဖွဲ့မှ စတင်ကာ ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး အစီအစဉ်ကို အရင်ဆုံး အကောင်အ ထည်ဖော်ရန် သူဌေးနှင့် ဆွေးနွေးသင့်မသင့်ကို စဉ်းစားနေတော့သည်။
အဆုံး၌ ၎င်းသည် "ခေါင်းပေါ်ကနေ စတင်ရမည်" မဟုတ်ပါလား။