အခန်း ၁၈၀
Vol. 18 Ch. 180
🍋 Chapter 180
ကျိုးထျန်းသည် ရေတွက်မရနိုင်သော ပြန်လည်မျှဝေမှု များနှင့် မှတ်ချက်များကို ကြည့်ရင်း သဘောကျနေမိသည်။
သူ မျှော်လင့်ထားသည့် အကျိုးသက်ရောက်မှုကို ရရှိခဲ့ပြီဖြစ်ရာ မကြာမီတွင် စနစ်ကပေးအပ်ထားသော အမြင့်ဆုံးအချဉ်ဓာတ်တာဝန်ကို အောင်မြင်စွာ ပြီးဆုံးတော့မည် ဖြစ်၏။
သို့သော် မနေ့ညကတည်းက ကျောက်ရှင်းသည် သူ့ထိပ်ဦးခေါင်းဆီသို့ ခဏခဏ လှမ်းလှမ်းကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။
သေချာစဉ်းစားကြည့်ပြီးနောက်တွင်မူ ကျောက်ရှင်းသည် တစ်ခုခုကို လွန်လွန်ကဲကဲ တွေးတောနေခြင်း ဖြစ်ရမည်ဟု သူ ကောက်ချက်ချလိုက်၏။
‘သူမက ငါ့ဆံပင်တွေ ကျွတ်နေလို့ ကုမ္ပဏီကို ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေးပေးခိုင်းတယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်’
သူ ထင်သည့်အတိုင်းပင် ဖြစ်၏။
ကျောက်ရှင်းသည် တကယ်ပဲ ထိုသို့ တွေးတောနေခြင်း ဖြစ်သည်။
ထိုသို့ တွေးတောနေရုံတင်မကဘဲ သူမသည် ထျန်းချိုင် နည်းပညာ၏ Weiboအကောင့်အောက်တွင်ပါ စာတစ်စောင် သွားရောက် ရေးသားခဲ့သေး၏။
"ဆံပင်အပြင်းအထန်ကျွတ်တဲ့ အမျိုးသမီးတွေရော ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေး ရနိုင်မလားဟင်"
သူမ၏ မေးခွန်းသည် ချက်ချင်းပင် ရေတွက်မရနိုင်သော ပြန်လည်မျှဝေမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ရေပန်းအော်တက်ဆုံး နံပါတ်တစ်ခေါင်းစဉ်မှာ ထျန်းချိုင်၏ ကြေညာချက် ဖြစ်နေဆဲပင်။
ဒုတိယမြောက် ရေပန်းအစားဆုံး ခေါင်းစဉ်မှာမူ ကျောက်ရှင်း၏မေးခွန်း ဖြစ်လာခဲ့သည်။
ဆံပင်ကျွတ်ခြင်းဟူသည် မူလက အမျိုးသားပရိုဂရမ်မာများ၏ စိုးရိမ်ပူပန်မှုသာ ဖြစ်သော်လည်း သူမ၏ ပို့စ်ကြောင့် သန်းပေါင်းများစွာသော အမျိုးအမျိုးသမီး အင်တာနက်အသုံးပြုသူများကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်၏။
ထျန်းချိုင် နည်းပညာ၏ အထွေထွေမန်နေဂျာရုံးခန်းအတွင်း၌ ကော်ဖီကိုသာ အားကိုးပြီး အိပ်ငိုက်ခြင်းကို အန်တုနေရသော လျိုထျန်းအန်မှာမူ နာရီဝက်ခန့်သာ နားခွင့်ရလိုက်သေးသည်။
ယခုမှပဲ ဖုန်းသံများက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့၏။
သူသည် ရုံးထိုင်ကုလားထိုင်နောက်သို့ မှီချလိုက်ရင်း မျက်လုံးများကို မှိတ်ကာ နောက်ထပ် စတင်ရမည့် ပရောဂျက်အသစ်အကြောင်းကို စဉ်းစားနေမိသည်။
ဤသည်မှာ ကျိုးထျန်း သူ့ကို ဆင့်ခေါ်ခဲ့သည့် အရေးကြီးဆုံး အကြောင်းအရင်းလည်း ဖြစ်၏။
ထျန်းချိုင်အနေဖြင့် ပရောဂျက်အသစ်တစ်ခုကို ဦးဆောင်ကာ အကောင်အထည်ဖော်ပေးမည့်သူတစ်ဦး အပူတပြင်း လိုအပ်နေသည်။
သို့သော် သူ စဉ်းစားနေသည်မှာ ဆယ်မိနစ်ပင်မပြည့်သေးမီ ရုံးခန်းအပြင်ဖက်ရှိ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးက သူ့ထံသို့ ဖုန်းလှမ်းဆက်လာခဲ့၏။
"မန်နေဂျာလျို... မန်နေဂျာလျို၊ မြန်မြန်လာပါဦး။ အပြင်မှာ လူတွေ အများကြီးရောက်နေလို့ပါ"
လျိုထျန်းအန် မျက်လုံးပွင့်လာခဲ့ပြီး အပြင်ဖက်မှ အလွန်ဆူညံနေသော အသံများကို ကြားလိုက်ရသဖြင့် အခြေအနေမဟန်ကြောင်း ရိပ်မိလိုက်သည်။
‘ဟူး... ကြုံရမယ့်ကံဆိုတာ ရှောင်လွှဲလို့မရပါဘူးလေ။ သွားကြည့်ကြတာပေါ့။ ငါ ရာထူးတက်တာ တစ်ရက်ပဲ ရှိသေးတယ်၊ ဒီလောက်ကြီးမားတဲ့ ပြဿနာကြီးကို လာပေးနေပြီ။ တကယ်ပဲ မလွယ်ပါလား’
သူ အပြင်သို့ လှမ်းထွက်လိုက်သောအခါ ဘေးခန်းမှ ချန်ကွမ်ချီပင် ထွက်လာသည်ကို တွေ့လိုက်ရသည့်အပြင် စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီမှလည်း သာမန်ဝန်ထမ်းအမြောက်အမြားက ချောင်းမြောင်းကြည့်ရှုနေကြသည်။
"အလုပ် ပြန်လုပ်ကြစမ်း"
ချန်ကွမ်ချီ၏အော်ဟစ်သံက တော်တော်လေး ထိရောက်လှသဖြင့် အခြေခံဝန်ထမ်းလူငယ်တစ်စုမှာ ငှက်ကလေးများအလား ပျံသန်းကာ လူစုခွဲသွားကြတော့သည်။
လျိုထျန်းအန်နှင့် ချန်ကွမ်ချီတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ကုမ္ပဏီဝင်ပေါက်ဆီသို့ အတူတူ လျှောက်လှမ်းသွားကြ၏။
ဝင်ပေါက်သို့ ရောက်ရှိသွားသောအခါတွင်မူ အတွေ့အကြုံရင့်ကျက်လှသော ဝါရင့်ကြီးနှစ်ဦးပင် ဆွံ့အသွားခဲ့ရသည်။
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ"
အလိုအလျောက် ပွင့်ရမည့် မှန်တံခါးကြီး၏ အပြင်ဖက်တွင် လက်ဆောင်အိတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော အမျိုးသား၊ အမျိုးသမီး လူအုပ်ကြီးတစ်စု ရောက်ရှိနေသည့်အပြင် ကျောပိုးအိတ်များ လွယ်ထားကြသော အမျိုးသားတစ်စုကလည်း အထဲသို့ ချောင်းကြည့်နေကြသည်။
ပုံမှန်ဆိုလျှင် ဤမှန်တံခါးကြီးသည် အလိုအလျောက် ပွင့်ရုံပိတ်ရုံသာ ရှိတတ်သည်။
သို့သော် ယနေ့တွင်မူ လူအုပ်ကြီးကြောင့် ထိတ်လန့်သွားသော ဝန်ထမ်းမလေးက တံခါးကို သော့ခတ်ထားလိုက်ခြင်း ဖြစ်၏။
"ဒီလူတွေက ဘာလာလုပ်ကြတာလဲ"
လျိုထျန်းအန်သည် လှည့်၍ ဝင်ပေါက်ကောင်တာနောက်ကွယ်တွင် ပုန်းကွယ်နေသော ဧည့်ကြိုမလေးကို မေးမြန်းလိုက်သည်။
"ကျွန်မ... ကျွန်မလည်း မသိဘူး၊ သူတို့က ဒီအတိုင်းပဲ တိုးဝှေ့ဝင်လာကြတာ၊ ကြောက်စရာကြီး"
မှန်တံခါးတွင် အက်ကြောင်းအချို့ရှိပြီး အသံလုံမှု မကောင်းလှသဖြင့် အပြင်ဖက်ရှိ လူအုပ်ကြီးသည် သူတို့၏ စကားပြောသံကို ကြားလိုက်ရသည်နှင့် အလုအယက် အော်ဟစ်ကြတော့သည်။
"ကျွန်တော်က ဒါဝမ် ဆံပင်သန်ဆေးရဲ့ ထုတ်လုပ်ရေးမန်နေဂျာ ပါ"
"ကျွန်မက ကျောက်မေ ခေါင်းလျှော်ရည်ရဲ့ အရောင်းမန်နေဂျာပါ"
"ကျွန်တော်က မော်မီး ဆံပင်ပေါက်ဆေးပြားရဲ့ အထွေထွေမန်နေဂျာပါ"
...
လျိုထျန်းအန်သည် မိမိဘေးရှိ ချန်ကွမ်ချီကို လှည့်ကြည့်လိုက်သည်။
"သူတို့တွေ တံခါးဝအထိ ရောက်လာကြပြီပဲ"
ချန်ကွမ်ချီပင်လျှင် အနည်းငယ် စိုးရိမ်ပူပန်သွားရ၏။
"မန်နေဂျာချုပ်ကျိုးရဲ့ ရုတ်တရက် ထလုပ်လိုက်တဲ့စတန့်ကြီးကို ငါတို့ ရင်မဆိုင်နိုင်ဘူး ဖြစ်နေပြီ"
"မန်နေဂျာချုပ်ကျိုးကို ဆက်သွယ်သင့်လား"
ချန်ကွမ်ချီ အကြာကြီး စဉ်းစားပြီးနောက် သူတို့နှစ်ဦးတည်းဖြင့် ဤအခြေအနေကို မဖြေရှင်းနိုင်ဟု ဆုံးဖြတ်လိုက်သည်။
လျိုထျန်းအန် ခေါင်းငြိတ်လိုက်၏။
သူတို့ ဖုန်းလှမ်းဆက်ရန် ပြင်လိုက်စဉ်မှာပင် တံခါးရှေ့ရှိ လူအုပ်ကြီး၏အလယ်မှ လမ်းတစ်ခု ပွင့်ထွက်သွားပြီး ရှပ်အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသော အစိုးရအရာရှိ နှစ်ဦး တည့်တည့် လျှောက်လှမ်းလာခဲ့သည်။
သူတို့သည် မှန်တံခါးကို ခေါက်လိုက်ပြီးနောက်မေးမြန်းလိုက်၏။
"မင်္ဂလာပါ... ဒါ ထျန်းချိုင် နည်းပညာကုမ္ပဏီ လားခင်ဗျာ။ ကျွန်တော်တို့က ပြန်ကြားရေးဌာနကပါ။ ခင်ဗျားတို့ရဲ့ မန်နေဂျာ ရှိပါသလား"
ဝါရင့်ကြီးနှစ်ဦးသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးထျန်းထံသို့ ဖုန်း ချက်ချင်း ဆက်လိုက်တော့သည်။
Weibo ကို အပန်းဖြေကြည့်ရှုနေသော ကျိုးထျန်းသည် လျိုထျန်းအန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်၏။
"မန်နေဂျာချုပ်ကျိုး... ကုမ္ပဏီမှာ ပြဿနာအနည်းငယ် ကြုံတွေ့နေရပါတယ်။ မနေ့က Weiboပို့စ် တင်ပြီးကတည်းက ကုမ္ပဏီအမြောက်အမြားက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လာရောက်ဆွေးနွေးနေကြပါတယ်"
"အဲ့တာ အဆင်ပြေပါတယ်"
"ဒါပေမဲ့ အခု ပြန်ကြားရေးဌာနက လူတွေပါ တံခါးဝအထိရောက်နေလို့ပါ။ ကုမ္ပဏီကို လာပြီး အခြေအနေကို ဦးဆောင်ပေးရင် မကောင်းဘူးလား"
ကျိုးထျန်းသည် ယခုကဲ့သို့သော အရှုပ်အထုပ်များထဲတွင် ဝင်ရောက်ပတ်သက်ရန် အစီအစဉ် လုံးဝမရှိပေ။ သူသည် ဟိုးကတည်းကပင် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။
"မန်နေဂျာလျို... ချန်ကွမ်ချီကို အစိုးရအရာရှိတွေနဲ့ တွေ့ခိုင်းလိုက်ပါ၊ မင်းကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုင်တွယ်လိုက်"
"အစိုးရနဲ့ကတော့ ပုံမှန်အတိုင်းပဲ ရိုးရိုးသားသား ရင်ဆိုင်လိုက်ပါ။ ငါတို့ ဘာအမှားမှ မလုပ်ထားသလို ဥပဒေလည်း မချိုးဖောက်ထားဘူး"
"စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ အကုန်လုံးကိုပြန်လွှတ်လိုက်ပါ"
"ငါပြောတဲ့အတိုင်းပဲ လုပ်ပါ၊ အခြေအနေကို ကြည့်ပြီး လိုအပ်သလို ပြောင်းလဲလုပ်ဆောင်လိုက်။ ငါ အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်"
လျိုထျန်းအန်ပြန်လည်မပြောနိုင်မီမှာပင် ကျိုးထျန်းသည် ဖုန်းကို ချက်ချင်းချပစ်လိုက်၏။
သူသည် တစ်ဖက်လူက ကုမ္ပဏီသို့ မဖြစ်မနေ လာရောက်ရန် အတင်းအကျပ် တောင်းဆိုလာမည်ကို စိုးရိမ်သဖြင့် ဖုန်းချလိုက်ခြင်းကသာ အမြန်ဆုံး ဖြေရှင်းနည်းဖြစ်ပေသည်။
သူသည် ဤ Weibo ပို့စ်ကြောင့် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို သိရှိထားသော်လည်း ယခုမျှအထိ ကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘အစိုးရအရာရှိတွေပါ တံခါးဝအထိ ရောက်လာတာလား’
‘ဒါပေမဲ့ ပြန်ကြားရေးဌာနကပဲလေ။ ရဲတွေ၊ စည်ပင်တွေ ဒါမှမဟုတ် စီးပွားကူးသန်းက လူတွေ မဟုတ်ဘူးဆိုတော့ ငါ ဘာအမှားမှ မလုပ်ထားတာ သေချာပါတယ်’
‘အွန်လိုင်းပေါ်မှာ အရမ်းဆူညံနေပြီး ငါ့ရဲ့ ဆံပင်အစားထိုးစိုက်ပျိုးစရိတ် ထောက်ပံ့ကြေးက ရေပန်းစားနေတဲ့ အကြောင်းအရာ ဖြစ်နေလို့ အသေးစိတ်အချက်အလက်တွေကို သိချင်လို့ လာတာ ဖြစ်ရမယ်’
‘ကြည့်ရတာ ဒီထောက်ပံ့ကြေးကို ခံစားခွင့်ရှိမယ့် စံပြနမူနာအချို့ကို ငါ မြန်မြန်ရှာဖွေရမယ် ထင်တယ်။ အဲ့တာမှ အားလုံးက ငါတို့ တကယ်လုပ်နေတာဆိုတာသိကြမှာ။ အဲ့လိုဆိုရင် အစိုးရကလည်း ဘာမှပြောစရာ ရှိတော့မှာ မဟုတ်ဘူး’
‘ဝန်ထမ်းတွေကို တကယ့်ခံစားခွင့်တွေ ပေးတာက ဥပဒေနဲ့ မညီတာမှ မဟုတ်တာပဲ’
‘ဥပဒေနဲ့ မညီရုံတင်မကဘူး၊ ငါ့ကို သိက္ခာရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့တောင် သတ်မှတ်ရဦးမှာ’
ကျိုးထျန်းသည် မိမိကိုယ်ကိုယ် မှန်ကန်သောအရာကို လုပ်ဆောင်ခဲ့သည်ဟု အပြည့်အဝ ယုံကြည်ထား၏။
ဤရေစီးကြောင်း စတင်နေချိန်တွင် ထျန်းချိုင် နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြသော အဆိုပါကုမ္ပဏီများကိုမူ သူ ရယ်ရုံသာ ရယ်ချင်တော့သည်။
သူတို့သည် နာမည်မရှိသော ကုမ္ပဏီငယ်လေးများသာ ဖြစ်ကြပြီး သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ၏အမှတ်တံဆိပ်ကို အလွဲသုံးစားလုပ်ရာ ရောက်ပေလိမ့်မည်။
ထို့အပြင် သူမှာ ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ခေါင်းလျှော်ရည် ဆံပင်သန်ဆေးများကိုမလို အပ်ပေ။
‘ငါ့ဂိမ်းထဲမှာ ကြော်ငြာ သွားထည့်ရမှာလား’
‘ငါ့ရဲ့ အဓိက သုံးစွဲသူတွေက အသက် ၂၀ ဝန်းကျင် လူငယ်လေးတွေ အများစုက အမျိုးသားတွေပဲ။ ဘယ်သူက အဲ့လိုအရာတွေကို ဂရုစိုက်မှာလဲ’
‘တစ်ကယ်လို့ ငါသာ ကြော်ငြာတွေ တကယ်ထည့်လိုက်မယ်ဆိုရင် ရေတိုမှာ အကျိုးအမြတ်တွေ တစ်ရှိန်ထိုး တက်လာနိုင်ပေမဲ့ ရေရှည်မှာ ဘာဖြစ်လာမလဲ’
‘ငါ့ရဲ့ အဓိကကစားသမားတွေ ဒေါသထွက်ကုန်ကြမှာပေါ့’
သူသည် အကျိုးအမြတ်အနည်းငယ်အတွက်ကြောင့်နှင့် အဓိကကစားသမားများကို ဆုံးရှုံးရမည့် အန္တရာယ်ကို ဘာကြောင့် ရင်ဆိုင်ရမည်နည်း။
ဤအချက်နှင့်ပတ်သက်၍ သူနှင့် လျိုထျန်းအန်တို့သည် စိတ်ကူးချင်း ထပ်တူကျနေကြသဖြင့် လျိုထျန်းအန်က ယခင်ဖုန်းခေါ်ဆိုမှုအားလုံးကို ငြင်းပယ်ခဲ့ခြင်းဖြစ်၏။
"ဒါပေမဲ့ အဲ့ဒီ ငတုံးမလေးကျောက်ရှင်းက တစ်ခါတလေကျရင် အလုပ်ဖြစ်မယ့်အရာကို လုပ်တတ်သားပဲ၊ ကုမ္ပဏီရဲ့ Weiboပို့စ်အောက်မှာ သွားပြီး မန့်တတ်တယ်ဆိုတော့ ထျန်းချိုင်ရဲ့ ရေပန်းစားမှုကို ပိုပြီး မြင့်တက်သွားစေတာပေါ့"
ထျန်းချိုင် နည်းပညာ၏ဝင်ပေါက်တွင်မူ မန်နေဂျာအချို့သည် အစိုးရအရာရှိများနှင့် ကုန်ထုတ်လုပ်သူများ နှစ်ဖက်စလုံးကို ကိုင်တွယ်ဖြေရှင်းနေကြရသည်။
အစောပိုင်းက ဘေးဖက်တွင် မှီရပ်နေကြသော စကွဲကွက်အင်္ကျီနှင့် အမျိုးသားများသည် ယခုအခါ ဧည့်ကြိုကောင်တာရှေ့သို့ အနည်းငယ် ရှက်ကိုးရှက်ကန်းပုံစံဖြင့် တိုးကပ်လာခဲ့ကြ၏။
"မင်္ဂလာပါ"
အမျိုးသားတစ်ဦးသည် အမျိုးကျွန်မများနှင့် စကားပြောဆိုရာတွင် အကျွမ်းတဝင်မရှိသည့်ပုံစံဖြင့် ဧည့်ကြိုမလေးကို ရှက်ရွံ့စွာ နှုတ်ဆက်လိုက်သည်။
"ဘယ်သူ့ကို ရှာချင်လို့လဲရှင့်"
"ကျွန်တော်... ကျွန်တော် သိချင်တာက ထျန်းချိုင် နည်းပညာက အခုထက်ထိ ဝန်ထမ်းတွေခေါ်နေသေးလားလို့ပါ"
"ဒါက..."
ဧည့်ကြိုမလေးသည် သူတို့ကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ အများစုမှာ ဘေ့စ်ဘောဦးထုပ်များ ဆောင်းထားကြပြီး လက်ပ်တော့အိတ်များကိုယ်စီ လွယ်ထားကြသည်ကို တွေ့လိုက်ရ၏။
"ကျွန်မ မေးပေးပါမယ်ရှင်"
သူမသည် ဖုန်းကို လှမ်းယူလိုက်ပြီး လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာထံသို့ လှမ်းဆက်လိုက်တော့သည်။
ထိုနေ့မှစတင်၍ ထျန်းချိုင် နည်းပညာတွင် ဝန်ထမ်းခေါ်ယူမှု ဒီရေလှိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး အင်တာဗျူးရန်အတွက် ပရိုဂရမ်မာ အမြောက်အမြား တန်းစီစောင့်ဆိုင်းနေကြတော့သည်
အချို့ကထောက်ပံ့ကြေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး အချို့ကမူ အချိန်ပိုလုပ်ခကြောင့် လာရောက်ကြခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မြောက်မြားစွာသော ပါရမီရှင် အရည်အချင်းရှိသူများသည် ထျန်းချိုင် နည်းပညာဆီသို့ တရဟောရောက်ရှိလာကြပြီဖြစ်သည်။