အခန်း ၁၂၁
Vol. 13 Ch. 121
🌻 Chapter 121
သို့သော် ညစာစားပြီးနောက် သူမ ညအိပ်ဝတ်စုံ လဲလှယ်ပြီးခါစမှာပင် တံခါးမင်းတုံး လျော့ကျသွားသည့် အသံကို ကြားလိုက်ရသည်။
သူမ စိတ်ထဲတွင် တစ်ခုခုကို အာရုံခံမိပြီး အမြန်လှည့်ကာ အိမ်ထဲသို့ ပြေးဝင်ပြီး ဗီရိုထဲတွင် ပုန်းနေချင်သော်လည်း ကျောက်ခဲလေး တစ်လုံးက သူမလည်ပင်းကို ထိမှန်သွားကာ တားဆီးလာသည်။
ကမ်းချန်ချန် "ဘုရားရေ"
ဟွမ်ရီကျူးက သူ့ ဖြူဖွေးတောက်ပသော သွားများ ပေါ်အောင် ပြုံးကာ ပြောသည်။
"ဒီနေ့ ငါက မင်းရဲ့ ခွေးအသက်ကို လာယူတာပဲ"
ကမ်းချန်ချန်မှာ အလွန် အံ့အားသင့်သွားပြီးမေးသည်။
"ရှင်က ယင်ကျန်းကို လုပ်ကြံဖို့ လာတာ မဟုတ်ဘူးလား"
ဟွမ်ရီကျူး တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် "ငါ သူ့ကို မသတ်နိုင်ရင်တောင် လက်စားချေဖို့ မင်းကို အပ်ခေါ်သွားမယ်"
ကမ်းချန်ချန်က စိတ်ထဲမှ တွေးနေသည်။
[ဘာကို လက်စားချေမှာလဲ]
ဟွမ်ရီကျူးက မျက်လုံးများ နီရဲလျက် "မင်းလို ယုတ်မာပြီး အရှက်ကင်းမဲ့တဲ့ အစေခံကောင်မ၊ ခင်ပွန်းကို သစ္စာဖောက်တဲ့ မိန်းမယုတ်၊ အဲဒီနေ့က ငါတို့ မင်းအသက်ကို ချမ်းသာ ပေးခဲ့တာကို မင်းက လူလွှတ်ပြီး ငါတို့ကို လိုက်လံသတ်ဖြတ်ခိုင်းတယ်ပေါ့လေ၊ ငါ့ အစ်ကိုကြီး ဝမ်းဗိုက်ကို ဓားထိုးခံရပြီး အခုထိ အိပ်ရာထဲက မထနိုင်သေးဘူး"
ကမ်းချန်ချန် သူမ ဝမ်းဗိုက် အထိုးခံရမည့် မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်မိပြီး တုန်ယင်လျက် ပြောသည်။
"ကျွန်မ အပြစ်ကင်းပါတယ်၊ ကျွန်မ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး၊ ဘာလို့များ ကျွန်မက လူလွှတ်ပြီး ရှင်တို့ကို သတ်ခိုင်းရမှာလဲ"
သူမ ထိုအရာ ကြောက်လန့်နေခဲ့သောကြောင့် ယင်ကျန်းကို မပြောပြခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသာ ယင်ကျန်းကို ပြောပြလိုက်ပါက ယင်ကျန်းက သူတို့ သုံးယောက်ကို သတ်ပစ်နိုင်လျှင် အဆင်ပြေမည် ဖြစ်သော်လည်း သူတို့က သိုင်းပညာရှင်များဖြစ်ပြီး အလွန် ကျွမ်းကျင်သူများ ဖြစ်နေမည်ကို သူမ ကြောက်ရွံ့ခဲ့သည်။ အကယ်၍ သူတို့ကို မသတ်နိုင်ခဲ့လျှင် သူမမှာ အမုန်းခံရမည်သာ။
သို့သော် ဟွမ်ရီကျူးက သူမ ရှင်းပြချက်ကို နားမထောင်ပေ။ သူက သူမ ဆံပင်ပေါ်မှ ဆံထိုးကို ဆွဲလုပြီး သူမ အပ်ချုပ်ရာတွင် အသုံးပြုသော ကတ်ကြေးဖြင့် သူမ ဆံပင်များကို ဖြတ်တောက်လေသည်။
ကမ်းချန်ချန်မှာ အော်ပင် မအော်ရဲတော့ပေ။ သူမက စိတ်ထဲတွင် တွေးလိုက်မိသည်။
[ငါ့ ဦးရေပြားကိုပါ လှီးမထုတ်သွားတာပဲ ကျေးဇူးတင်ရမယ်]
[နေပါဦး... ရှေးလူကြီးတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ ဆံပင်ဆိုတာ မိဘတွေဆီက ရတဲ့ လက်ဆောင်တွေလို့ ပြောခဲ့ကြတာပဲ၊ ဒီခေတ်မှာ ဆံပင်ညှပ်တာက တားမြစ်ထားတဲ့အရာ ဖြစ်ပုံရတယ်]
ကမ်းချန်ချန်က တောင်းပန်လေသည်။
"ရှင် မင်းသားစံအိမ်ထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့ မရဘူးဆိုတာ ကျွန်မ သိပါတယ်၊ ရှင်သာ ကျွန်မကို ဓားစာခံအဖြစ် ထားရင် အသက်ရှင်လျက် အပြင်ထွက်နိုင်ကောင်း ထွက်နိုင်လိမ့်မယ်၊ ကျွန်မ အသက်က ဘာမှ တန်ဖိုးမရှိပါဘူး၊ ဒါပေမဲ့ ရှင်သာ ဒီလို သေသွားရင် ရှင့်ရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုလုပ် အကောင်အထည် ဖော်နိုင်တော့မှာလဲ"
ဟွမ်ရီကျူးက သူမကို စိုက်ကြည့်ကာ "မင်းက စကားပြောတော့ အရမ်းကောင်းတာပဲ"
ကမ်းချန်ချန်က ဆက်ပြောသည်။
"တတိယအစ်ကို... ကျွန်မ တကယ်ပဲ ရှင့်ကို သစ္စာမဖောက်ခဲ့ပါဘူး၊ ကျွန်မက ယင်ကျန်းရဲ့ အချစ်တော် ကိုယ်လုပ်တော်လို့ ရှင့်ကို ပြောပြခဲ့တဲ့သူက ရှင့်ကို သစ္စာဖောက်လိုက်တာ ဖြစ်နိုင်ပါတယ်၊ ရှင်သာ လက်စားချေဖို့ ကျွန်မ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးခဲ့မယ်ဆိုရင် ကျွန်မက အရမ်း အားနည်းလွန်းလို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ကောင်းကင်ဘုံက အသက်ကို တန်ဖိုးထားတယ်လေ၊ ရှင်က သူရဲကောင်းကြီး တစ်ယောက်ပါ၊ အားနည်းတဲ့သူတွေအပေါ် သနားညှာတာမှု ထားသင့်တယ်၊ ပြီးတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်ကြင်နာနာ ဆက်ဆံသင့်တယ်..."
ဟွမ်ရီကျူးက သူမဆံပင်များကို လက်ထဲတွင် ကိုင်ထားပြီး မှန်ရှေ့တွင် ကြည့်နေလေသည်။ သူ ဘာလုပ်မည်ကို ကမ်းချန်ချန် အကြမ်းဖျင်း ခန့်မှန်းမိသွားပြီးပြောသည်။
"တတိယအစ်ကို... ကျွန်မဆီမှာ မိန်းမစိုး အဝတ်အစားတချို့ ရှိသေးတယ်၊ ခဏနေကျရင် လီဝမ်ကို အသစ်တစ်စုံ သွားယူခိုင်းလိုက်မယ်"
ဟွမ်ရီကျူးက "တံခါးပေါက်နားက တစ်ယောက်ကို ပြောတာလား၊ သူ့ အဝတ်အစားတွေက ငါ့အတွက် အရမ်း သေးလွန်းတယ်၊ ပြီးတော့ ငါ့ကို တတိယအစ်ကိုလို့ မခေါ်နဲ့၊ မင်းနဲ့ မတန်ဘူး"
[ဟွန်း... ရှင်သာ မတန်တာ]
သို့သော် သူမကိုယ်ပိုင် လုံခြုံရေးအတွက် ကမ်းချန်ချန်က ကျွမ်းကျင်စွာပင် သူ့အေးစက်စက် အမူအရာအောက်တွင် မျက်နှာချိုသွေးကာ ဖြေသည်။
"ဒါဆို ကျွန်မက ရှင့်ကို ဘယ်လို ခေါ်ရမလဲ"
ဟွမ်ရိကျူးက အေးစက်သော မျက်နှာထားဖြင့် မေးစေ့ကို မော့ကာ "ငါ့ မျိုးရိုးက ဟွမ်၊ နာမည်က ရီကျူးလို့ ခေါ်တယ်"
[ရီကျူး ဟုတ်လား... ဪ... သစ္စာရှိတဲ့ဝါးဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ]
[နေပါဦး၊ သူက ငါ့ကို သူ့နာမည် ဘာလို့ ပြောပြရတာလဲ]
[သိုင်းလောကက လူတွေက အထူးသဖြင့် သူပုန်တွေကို ဒီလိုမျိုး နာမည်ပြောရတာ အမုန်းဆုံး မဟုတ်ဘူးလား]
[သူက ငါ့ကို သေပြီးသား လူတစ်ယောက်လို့ သတ်မှတ်ထားပြီးသားများ ဖြစ်နေမလား]
[ဘာပဲဖြစ်ဖြစ် သေသွားတဲ့လူက စကားမှ မပြောနိုင်တော့တာ၊ ပြီးတော့ လျှို့ဝှက်ချက်တွေကို အကောင်းဆုံး သိမ်းဆည်းပေးနိုင်တဲ့ သူတွေလေ]
တစ်ဖက်တွင်တော့ ဟွမ်ရီကျူးက သူမ အစောက ထုံးထားသည့် ဆံထုံးပုံစံအတိုင်း သူမ ဆံပင်များကို ပုံသွင်းပြီး သူ့ခေါင်းပေါ်တွင် တပ်ဆင်လိုက်ကာ ကြေးမုံရှေ့တွင် စမ်းသပ်ကြည့်ရင်း ကျေနပ်အားရသော အပြုံးတစ်ခုကို ပြုံးနေသည်။
ဟွမ်ရီကျူးက သူမဆီသို့ လျှောက်လာသည်။
ကမ်းချန်ချန်မှာ ဤတစ်ခါတော့ သေပြီဟု တွေးကာ နိမိတ်မကောင်းသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သို့သော် သူက သူမဇက်ပိုးကို ကိုင်ကာ အဝတ်ဘီရိုထဲတွင် ပုန်းအောင်းစေခဲ့သည်။
ကမ်းချန်ချန်က "ရှင် ကျွန်မကို မသတ်ဘူးလား"
ဟွမ်ရိကျူးက မဖြေဘဲ သူမ အသက်ရှူနိုင်ရန် ဘီရိုတံခါးကို အဟသွားလေး ချန်ပေးထားခဲ့ပြီးနောက် သူမကို အကြောပိတ်ကာ အသံမထွက်နိုင်အောင် လုပ်လိုက်သည်။ ကမ်းချန်ချန်က သူသည် သူမအဖြစ် ဟန်ဆောင်ကာ ယင်ကျန်းကို လုပ်ကြံချင်နေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
[ဟူး... သူက တကယ်ကို အာရုံစိုက်လွန်းတာပဲ]
[ဒီလောက်တောင် ဇွဲရှိနေရင် တခြားမင်းသား တစ်ပါးပါးကိုသာ သွားလုပ်ကြံခဲ့ရင် သူ အစောကြီးကတည်းက အောင်မြင်နေလောက်ပြီ၊ ဘာပဲဖြစ်ဖြစ် ယင်ကျန်းက အနာဂတ်ရဲ့ ယုံကျိန်းဧကရာဇ်လေ]
[အမြင့်မြတ်ဆုံး အုပ်ချုပ်သူဆိုတာ အယူသည်းတဲ့ အမြင်အရပြောရရင် တစ်စုံတစ်ရာသော အရှိန်အဝါမျိုး ရှိနေမှာ သေချာတယ် မဟုတ်ဘူးလား]
ယင်ကျန်းက ယနေ့မှ ပြန်ရောက်လာတာဆိုတော့။ သူ့ရဲ့ အကြီးဆုံးသားတော်ကလည်း ဆုံးပါးသွားတဲ့အချိန် ဝမ်းနည်းပူဆွေးနေမှာ၊ ပြီးတော့ လုပ်စရာ ကိစ္စတွေလည်း အများကြီး ရှိနေဦးမှာပဲ၊ ယုတ္တိတန်တန် တွေးကြည့်ရင် သူ ဒီကို လာမှာမဟုတ်ဘူး...
သူမက ဒီဘီရိုထဲမှာ တစ်ညလုံး ကုန်းကုန်းလေး ထိုင်နေရပြီး သူကတော့ သူမရဲ့ မွှေးပျံ့နူးညံ့တဲ့ ကုတင်ပေါ်မှာ အိပ်နေရမှာလား...
"ညောင်..."
ယင်ကျန်း မရောက်လာခင်မှာပင် နှင်းလုံးလေးက သူ့ကြောင်အိပ်ရာထဲမှ ထွက်လာပြီး အကြောဆန့်ကာ ကမ်းချန်ချန်ကို ရှာရန် ကုတင်ပေါ်သို့ တက်ဖို့ ကြိုးစားလေသည်။
သို့သော် သူ့လက်ဖဝါးက ကမ်းချန်ချန် ပခုံးကို ထိလိုက်သည်နှင့် သူ့ရင်ဘတ်ကို သိုင်းပညာဖြင့် အကြောပိတ်ခံလိုက်ရကာ လှုပ်မရဖြစ်သွားတော့သည်။
ထို့နောက် ကြောင်လေးမှာ ထိတ်လန့်စွာဖြင့် သူ့အိပ်ရာလေးထဲသို့ ပြန်လွှတ်ခံလိုက်ရသည်။
ဘီရိုထဲရှိ ကမ်းချန်ချန်မှာ မျက်လုံးပင် ပြူးသွားမိသည်။
[ဒါက အရမ်း အံ့သြဖို့ ကောင်းလွန်းတယ်၊ ကြောင်ကိုတောင် အကြောပိတ်လို့ ရတယ်ပေါ့လေ]
[သူ ယင်ကျန်းကို ချုံခိုတိုက်ခိုက်ဖို့ တကယ်ရည်ရွယ်ထားတာဆိုရင် ယင်ကျန်းတော့ သေနိုင်တယ် မဟုတ်ဘူးလား]
ယင်ကျန်း မရောက်လာဖို့ကိုသာ သူမ ဆုတောင်းနေမိသည်။ သို့သော် ကံကြမ္မာက အခြားအစီအစဉ် ရှိနေခဲ့ပုံရသည်။ သူသည် အရေးကြီးသော ကိစ္စများကို ပြီးစီးပြီးနောက် ကမ်းချန်ချန်ကို ပြန်ပေးဆွဲခဲ့သောသူခိုးကို သတိရသွားသဖြင့် သိုင်းပညာ မြင့်မားသော အစောင့်အချို့ကို ဦးဆောင်ကာ ကမ်းချန်ချန် နေရာသို့ ရောက်လာခဲ့သည်။
"တံခါးဖွင့်စမ်း"
"လာပါပြီရှင်"
"တံခါးက ဘာလို့ ပိတ်ထားတာလဲ"
"ကော်ကော်က ဒီနေ့ စောစောအိပ်ချင်တယ်ဆိုပြီး ကျွန်မကို တံခါးပိတ်ခိုင်းထားလို့ပါ"
ယင်ကျန်း ကြည့်လိုက်ရာ ကမ်းချန်ချန်အိပ်ခန်းမှာ အမှန်ပင် မှောင်မိုက်နေသည်ကို တွေ့လိုက်ရသည်။
ဒီလောက်စောစော အိပ်တတ်တာ သူမရဲ့ ပုံမှန် အကျင့်မဟုတ်ဘူး၊ ဒီနေ့ သူမ လန့်သွားလို့ ဖြစ်ရမယ်...
ယင်ကျန်း အခန်းထဲသို့ ဝင်သွားပြီး သူမမှာ ကုတင်ပေါ်တွင် သူ့ကို ကျောခိုင်းကာ လိမ္မာစွာ အိပ်ရာဝင်နေသည်ကို မြင်လိုက်ရသည်။
ကမ်းချန်ချန်မှာ အမှောင်ထဲတွင် အိပ်ပျော်လုနီးပါး ဖြစ်နေပြီဖြစ်သော်ငြား အပြင်ဘက်မှ အစေခံက စတုတ္ထမင်းသားဟု ခေါ်သံကို ကြားလိုက်ရသောအခါ ချက်ချင်း နိုးကြားလာပြီး ယင်ကျန်းကို အရိပ်အမြွက် ပေးချင်သော်လည်း လုံးဝ လှုပ်ရှား၍ မရပေ။ သူမက စိတ်ထဲမှသာ တွေးနေနိုင်တော့သည်။
[အရှင်မင်းသား... ကျေးဇူးပြုပြီး သတိထားပါ၊ လူတိုင်းကို ကျွန်မလို့ မထင်ပါနဲ့၊ တကယ်လို့ အရှင်သာ သေသွားရင် ကျွန်မ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ]
[စကားမစပ် ဒီ ဟွမ်ရီကျူးက တကယ်ကို ကျွမ်းကျင်တာပဲ၊ သူက ငါ့ရဲ့ ဆံပင်ပုံစံကိုတောင် ပုံမှန်အတိုင်း ပြန်လုပ်ပေးနိုင်ခဲ့တယ်၊ သူသာ ခေတ်သစ်မှာဆိုရင် တိုနီ လို ဆံပင်ညှပ်ဆရာကောင်း တစ်ယောက် ဖြစ်လာမှာ သေချာတယ်]
ယင်ကျန်း မျက်လုံးများက အရောင်လက်သွားသည်။ သူက တစ်ခဏမျှ မရပ်တန့်ဘဲ ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ကာ ကုတင်ပေါ်ရှိ လူကို ထိုးချသည်။
သို့သော် ကုတင်ပေါ်ရှိ လူကလည်း သတိထားနေပြီး စောင်ကို လှန်ချကာ ဓားကို ရှောင်လိုက်သော်လည်း ယင်ကျန်းက သူ့ရင်ဘတ်ကို ကန်ချပစ်သည်။ ချုံခိုတိုက်ခိုက်မှု မအောင်မြင်သဖြင့် ဒေါသထွက်ကာ အရှက်ကွဲသွားသော ဟွမ်ရီကျူးက ပိုပြင်းထန်သော လက်သီးချက်များကို ပစ်သွင်းလာတော့သည်။
သူတို့တိုက်ခိုက်သံများက အပြင်ဘက်ရှိ အစောင့်များနားထဲသို့ ရောက်သွားသည်။
"အရှင်မင်းသား"
အစောင့်များက အရပ်မျက်နှာ အသီးသီးမှ အမြန်ဝင်ရောက်လာကြပြီး ဟွမ်ရီကျူးကို ဝိုင်းရံလိုက်ကြသည်။ သူတို့ အချီအနည်းငယ် အကြာတွင် ဟွမ်ရိကျူးကို ဖမ်းဆီးနိုင်ခဲ့သည်။
ယင်ကျန်းက ဗီရိုကို ဖွင့်လိုက်ရာ ကမ်းချန်ချန် အထဲတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး အမိန့်ပေးသည်။
"သူ့ကို ခေါ်သွားကြ"
ထို့နောက်အခန်းထဲတွင် သူတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ကမ်းချန်ချန်က ဒူးထောက်ကာ ပြောသည်။
"ကျွန်မ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား"