အခန်း ၁၂၄
Vol. 13 Ch. 124
🌻 Chapter 124
[မြင်ကွင်းကတော့ တော်တော်လေး ကောင်းတယ်၊ ဒါပေမဲ့ ကံဆိုးစွာတာက ငါ မော့မကြည့်ရဲဘူး၊ ရွှေတွေ၊ ကျောက်စိမ်းဖြူတွေနဲ့ နေရာတိုင်းမှာ နဂါးတွေကိုပဲ မြင်နေရတယ်]
[ခန့်မှန်းတမ်း ကစားကြည့်ရမယ်၊ ဒီခန်းမထဲမှာ နဂါးဘယ်နှစ်ကောင် ရှိမလဲ၊ နဂါးဝတ်ရုံတွေ၊ နဂါးပလ္လင်၊ နဂါးစားပွဲ၊ အမိုး၊ တိုင်တွေ အပေါ်က နဂါးတွေအပါအဝင် အားလုံးမှာဆို ဘယ်လောက်တောင်လဲ]
နန်းတွင်းရေးရာ ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းအတိုင်း မင်းမျိုးမင်းနွယ် ဆက်ခံမှု သေချာစေရေးအကြောင်းတစ်ခုခုကို ရွတ်ဖတ်နေသည်။
[ဝေါဟာရတွေက ခမ်းနားပြီး ရှုပ်ထွေးလွန်းတယ်၊ ငါတော့ လုံးဝ နားမလည်ဘူး၊ အိပ်ချင်လာပြီ]
ရုတ်တရက် သူမဘေးမှ အေးစက်ပြီး စူးရှသော အကြည့်တစ်ချက်ကို ခံစားမိသည်။ သူမ ချက်ချင်းပင် ကျောကို မတ်လိုက်ပြီး မျက်လုံးထောင့်မှ ခိုးကြည့်မိရာ ယင်ကျန်းလည်း သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နန်းတွင်းရေးရာ ဝန်ကြီးဌာနက ရှည်လျားသော မိန့်ခွန်းကို ရွတ်ဖတ်ပြီးသွားသည်။
အထက်မှနေ၍ ကန်ရှီးဧကရာဇ်၏ကြင်နာမှုပါသော်လည်း အာဏာပါသောအသံ ထွက်ပေါ်လာသည်။
"ကိုယ်တော် မင်းတို့အားလုံးကို မေးခွန်းတစ်ခု မေးစရာရှိတယ်၊ တကယ်လို့များ မင်းတို့ အိမ်တော်က အစေခံတစ်ယောက်က ဧကရာဇ်ကို မလေးမစားစကားမျိုး ပြောဆိုနေတာကို တွေ့ရင် ဘယ်လိုလုပ်ရမလဲ"
[ဧကရာဇ်ကို မလေးမစားလုပ်တာ ဟုတ်လား၊ ဘုရားရေ... ဒါက ခက်ခဲတဲ့ မေးခွန်းပဲ၊ တကယ်လို့ ပြစ်ဒဏ်က အရမ်းပြင်းထန်လွန်းရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်၊ အရမ်းပေါ့လျော့လွန်းရင်လည်း ဧကရာဇ်ကို စော်ကားရာ ကျနေဦးမယ်]
ကမ်းချန်ချန်က ယင်ကျန်းဘက်သို့ လှမ်းကြည့်လိုက်ရာ သူက မျက်မှောင်ကြုတ်လျက် သဘောမတူကြောင်း ခေါင်းကို အနည်းငယ် ခါယမ်းပြနေသည်ကို မြင်မိသည်။
[သူလည်း ဘယ်လိုဖြေရမလဲ မသိဘူး မဟုတ်လား၊ အရေးကြီးတဲ့ အချိန်ကျမှ အသုံးမကျလိုက်တာ]
ကန်ရှီးက ကမ်းချန်ချန်ကို လက်ညှိုးထိုးပြကာ ပြောသည်။
"မင်း ဖြေစမ်း"
ကမ်းချန်ချန်မှာ တစ်ခဏမျှ အပြစ်အနာအဆာကင်းအောင် မည်သည့်ဖြေရမည်ကို မသိဘဲ စိုးရိမ်ပူပန်မှုကြောင့် ရင်တဒိတ်ဒိတ် ခုန်နေခဲ့သည်။ အတန်းထဲတွင် ဆရာ မေးခွန်းကို ရင်ဆိုင်ရသူတစ်ဦးကဲ့သို့ သူမက အလိုအလျောက်ပင် နောက်သို့ လှည့်ကာ သူမအနောက်ရှိ အဋ္ဌမမင်းသား စဲဖူကို ကြည့်မိသည်။
အခြားသူများက အစပိုင်းတွင် ကန်ရှီးက ကမ်းချန်ချန်ကို ရည်ညွှန်းနေသည်ဟု ထင်ကြသော်လည်း သူမက မဆိုင်းမတွ နောက်လှည့်လာသည်ကို မြင်သောအခါ သူတို့ကလည်း အဋ္ဌမမင်းသား ဖူကျင်းကို လှမ်းကြည့်ကြသည်။ အဋ္ဌမမင်းသား ဖူကျငိးမှာလည်း ဧကရာဇ်က သူမကို ရည်ညွှန်းနေသည်ဟု ယုံကြည်သွားကာ တုန်ယင်စွာဖြင့် ရှေ့သို့ ထွက်လာပြီး ဒူးထောက်လျက် ပြောသည်။
"ဒီကိုယ်လုပ်တော် ယုံကြည်တာကတော့... မင်းသားနဲ့ ဖူကျင်းကို အသိပေးပြီး ဆုံးဖြတ်ချက်ချခိုင်းသင့်ပါတယ်"
[ဪ ဒါမျိုးကိုး၊ ဒါက မနေ့က ယင်ကျန်း ငါ့ကို ပေးခဲ့တဲ့ အဖြေပဲ မဟုတ်ဘူးလား]
[ဟုတ်တာပေါ့၊ ငါ တကယ်ကို ရှုပ်ထွေးသွားခဲ့တာ၊ မလေးမစား လုပ်တယ်ဆိုတာ အစေခံက သူ့သခင်ကို ဆဲဆိုတာကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တာပဲ၊ ဧကရာဇ်ကိုမှ မဟုတ်တာ]
ကမ်းချန်ချန် နားလည်သွားသည်။ ကန်ရှီးက အသံဩဩဖြင့် ပြောသည်။
"မင်းသားဆိုတာ နိုင်ငံရေးရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိတယ်၊ သူ့အိမ်တော်က အစေခံတွေကိုတောင် တစ်ယောက်ချင်းစီ ကိုင်တွယ်ဖြေရှင်းနေရမယ်ဆိုရင် မင်းတို့လို အမျိုးသမီးတွေက ဘာအသုံးကျတော့မှာလဲ"
ဤအချိန်တွင် ဧကရာဇ်အာဏာမှာ ထင်ရှားပေါ်လွင်နေသည်။ အဋ္ဌမမင်းသား ဖူကျင်းမှာ လန့်သွားပြီး ဖြူရော်နေသော မျက်နှာဖြင့် ဒူးထောက်လျက်ပြောသည်။
"ကျွန်မ အမှားကို သိပါပြီ၊ သေဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်"
ကန်ရှီးက အဋ္ဌမမင်းသားကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်ပြီးနောက် ကမ်းချန်ချန်ကို လှမ်းကြည့်ကာ ဤတစ်ကြိမ်တွင် သူမ နာမည်ကို တိုက်ရိုက်ခေါ်သည်။
"စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော်... မင်းက ဘယ်လိုလုပ်သင့်တယ် ထင်လဲ"
ကမ်းချန်ချန်ကလည်း ရှေ့သို့ထွက်ကာ ဒူးထောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။
"အရှင်မင်းကြီး... ကျွန်မ ယုံကြည်တာကတော့ ပထမအချက်အနေနဲ့ သူမကိုယ် သူမ ပြန်လည်သုံးသပ်သင့်ပါတယ်၊ သူမက အိမ်တော်က အစေခံတွေကို စည်းကမ်းတကျ ထိန်းကျောင်းကြီးကြပ်ဖို့ ပျက်ကွက်ခဲ့လို့ သူတို့က မသင့် လျော်တဲ့ စကားတွေ ပြောဆိုလာတာများလား ဆိုတာကိုပေါ့၊ ဒုတိယအချက်အနေနဲ့ မင်းသားရဲ့ ဖူကျင်းထံ အစီရင်ခံပြီး ပြစ်ဒဏ်ပေးခြင်းနဲ့ စီမံခန့်ခွဲခြင်းတို့မှာ ကူညီပေးသင့်ပါတယ်၊ တတိယအချက်အနေနဲ့ သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ကြီးကြပ်ပြီး ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် တွေးခေါ်မှုပိုင်းဆိုင်ရာ ပညာပေးမှုတွေ မှန်မှန်လုပ်ဆောင်တာ၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသိပညာပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်"
သူမ စကားပြောပြီးသွားသောအခါ ခန်းမတစ်ခုလုံး တိတ် ဆိတ်သွားသည်။ ကန်ရှီးက ရယ်မောလာသည်။
"စတုတ္ထမင်းသားက စကားနည်းတဲ့သူဆိုပေမယ့် မင်းက တော့ တော်တော်လေး စကားပြောကောင်းတာပဲ၊ အံ့သြစရာတော့ မဟုတ်ပါဘူးလေ"
ကမ်းချန်ချန် ခေါင်းမမော့ရဲဘဲ သက်ပြင်းတစ်ချက်ချသည်။
[ဒါ စာမေးပွဲ အောင်သွားတယ်လို့ သတ်မှတ်လို့ရပြီလား]
တံခါးအပြင်ဘက်မှ သီချင်းသံတစ်ခု ရုတ်တရက် လွင့်ပျံလာသည်။
"အတိတ်ရော ပစ္စုပ္ပန်မှာရော ချစ်ခြင်းမေတ္တာမှာ ဘယ်သူကများ အဆုံးတိုင်အောင် တကယ်ချစ်ခဲ့လို့လဲ~"
[ဟုန်ရှန်းရဲ့ ထာဝရအသက်ရှင်ခြင်း နန်းတော်ကို ဘယ်သူ များ ဆိုနေတာလဲ]
ခန်းမထဲရှိ လူတိုင်း အလန့်တကြားဖြစ်ကာ လှည့်ကြည့်လာကြသည်။ သူတို့မြင်လိုက်ရသည်မှာ အိမ်ရှေ့စံမင်းသား ဖြစ်နေသည်။
သူက ကချေသည်တစ်ယောက်အလား လှမ်းဝင်လာပြီး သူ့ မျက်လုံးများက အရက်မူးနေသဖြင့် ရီဝေဝေဖြစ်နေသည်။
ကန်ရှီးက ခက်ထန်သော လေသံဖြင့် "ယင်ရန်"
အိမ်ရှေ့စံမင်းသား ယိမ်းယိုင်နေလျက် ဒူးထောက်လာသည်။
"ကျွန်တော် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ကန်ရှီးက နဂါးပလ္လင်ပေါ်မှ ဆင်းလာပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်ကာ သူ့ကို လက်ညှိုးထိုးလျက်ပြောသည်။
"မင်း ဒီနေ့ ညီလာခံ မတက်ဘဲ အရက်သွားသောက်နေတာလား၊ မနက်စောစောစီးစီး ငါ့ကို ရူးအောင် လုပ်နေတာလား"
"ကျွန်တော်... မဝံ့ရဲပါဘူး"
[သူ လုံး၀ မူးနေပုံပဲ၊ သူ့ရဲ့ ကျောက်စိမ်းလို ဖြူစင်တဲ့ မျက်နှာပေါ်က နီရဲနေတဲ့အပြင် မိတ်ကပ်တွေပါ လိမ်းထားတော့ သူ့မျက်နှာကို ကြည့်ရုံနဲ့တင် ယောကျ်ားလား မိန်းမလား ခွဲခြားရ ခက်နေပြီ]
ကမ်းချန်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အမြန် ပြန်ငုံ့ထားလိုက်သည်။
"ကျွန်တော်က တစ်ညလုံး ဝိုင်သောက်ပြီး သီချင်းတွေ ဆိုနေခဲ့ရုံပါ၊ ဒီမနက် နိုးလာတော့လည်း အိပ်မက်မက်နေသလို ခံစားရတုန်းပဲ"
[တကယ်လို့ ယောကျ်ားတွေကို ပန်းတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် အိမ်ရှေ့စံမင်းသားက ပျိုနီပန်းတစ်ပွင့်လိုပဲ၊ အပေါ်ယံမှာတော့ အလှပဆုံး ပွင့်လန်းနေပေမယ့် အမြစ်တွေက ဆွေး မြည့်နေပြီ၊ တစ်ယောက်ယောက်ကသာ ညင်ညင်သာသာလေး ထိလိုက်မယ်ဆိုရင်တောင် ဖုန်မှုန့်တွေလို ပြိုကျသွားလိမ့်မယ်]
[သူ့ရဲ့ ရူးသွပ်နေပုံရတဲ့ အပြုအမူတွေကြောင့် အရူးလုပ်ခံလို့မဖြစ်ဘူး၊ အဲဒီ သီချင်းရဲ့နောက်ကွယ်မှာ နာကျင်မှုနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှိနေတယ်၊ သူက မျှော်လင့်ချက်မဲ့မှုထဲကို နစ်မွန်းနေတာပဲ]
ကန်ရှီး "မိုက်ရိုင်းလှချည်လား၊ အဓိပ္ပာယ်မရှိတာ၊ မင်းကို အစေခံတွေက မြှောက်ပင့်ပေးထားတာ ဖြစ်ရမယ်၊ အစောင့်တွေ... အိမ်ရှေ့စံကို အလုပ်အကျွေးပြုတဲ့ အစေခံတွေကို ကြိမ်ဒဏ် အချက်နှစ်ဆယ်စီ ပေးလိုက်စမ်း"
[အာ... ဒါဆို ကိုယ့်သားကိုကျတော့ အပြစ်မပေးရက်ဘဲ လက်အောက်ငယ်သားတွေအပေါ် ဒေါသပုံချတာပေါ့လေ၊ အောက်ခြေလူတန်းစားတွေက ဘာများ အမှားလုပ်မိလို့လဲ၊ ဒါက ယောကျ်ားဖြစ်သူ ဖောက်ပြန်တာကို ကိုယ့်ယောကျ်ားကို သွေးဆောင်ဖြားယောင်းတယ်ဆိုပြီး တခြားမိန်းမကို အပြစ်တင်တဲ့ မိန်းမတစ်ယောက်နဲ့ ဘာများ ကွာခြားလို့လဲ]
ရုတ်တရက်ဆိုသလို အထက်တွင်ထိုင်နေသော ယင်ကျန်းဆီမှ အေးစက်စက် အကြည့်တစ်ချက်ကို သူမ ခံစားမိသဖြင့် သူမ၏ပြစ်တင်ဝေဖန်မှုများကို ချက်ချင်းရပ်တန့်လိုက်သည်။
[စတုတ္ထမင်းသား... ဒေါသမထွက်ပါနဲ့၊ ကျွန်မ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး၊ ကျွန်မက အရှင့်ရဲ့ ခမည်းတော် ဧကရာဇ်ကို တော်တော်လေးလေးစားပါတယ်၊ ဒီအတိုင်း ညည်းညူမိတာပါ]
[စကားမစပ်၊ ကလေးတွေကို ကျားတွေလို ကြီးပြင်းအောင် လုပ်တာက သူတို့အတွက် မကောင်းပါဘူးသိလား၊ ကန်ရှီး အိမ်ရှေ့စံမင်းသားအပေါ် ဆက်ဆံပုံကို ကြည့်လေ၊ အဲဒါက ပြီးပြည့်စုံတဲ့ ဥပမာတစ်ခုပဲ]
အိမ်ရှေ့စံမင်းသားက ပြဿနာရှာနေသဖြင့် ကန်ရှီးမှာ အသစ်ခန့်အပ်လိုက်သော စဲဖူများကို ဘာမှပြောချင်စိတ် မရှိတော့ပေ။ သူက လက်ကာပြလိုက်ပြီးပြောသည်။
"မင်းတို့အားလုံး အခု သွားလို့ရပြီ"
သူ့ အသံမှာ ဆယ်နှစ်ခန့် ပိုအိုမင်းသွားသလိုထင်ရသည်။
"ဟုတ်ကဲ့"
ခန်းမထဲတွင် အိမ်ရှေ့စံမင်းသားသာ ကျန်ရစ်ခဲ့သည်။
ယင်ကျန်းနှင့်အတူ မြင်းလှည်းပေါ်တွင် ထိုင်နေရင်း ကမ်းချန်ချန်မှာ သတိမဝင်သေးပေ။ သူမ စိတ်ထဲတွင် အစောက မြင်ကွင်းတိုင်းကို ရုပ်ရှင်ထဲမှ အနှေးပြကွက်တစ်ခုလို ဂရုတစိုက် ပြန်လည် ခံစားနေဆဲဖြစ်သည်။
သူမက သူမ လုပ်ခဲ့မိသော အမှားတစ်ခုခု ရှိ၊ မရှိကို ရှာဖွေနေပြီး သူမ မည်သည့်နေရာမှာ လုံလောက်အောင် မစွမ်းဆောင် နိုင်ခဲ့လဲဆိုသည်ကို စိတ်ပူပန်စွာ တွေးတောနေမိသည်။
[တကယ်တော့ တော်တော်လေးကောင်းပါတယ်၊ ကန်ရှီးရဲ့ မျက်နှာကို သေချာမမြင်လိုက်ရတာ နည်းနည်း နှမြောစရာပဲ၊ သူ့ကို နောက်တစ်ခါ မြင်ရဖို့ အခွင့်အရေးများ ရှိဦးမလားမသိဘူး]
ယင်ကျန်း သူမ ပါးကို မဆွဲဘဲ မနေနိုင်တော့ချေ။ ကမ်းချန်ချန် တစ်ချက်အော်လိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ သူ့ပါးကို ပြန်ဆွဲရန် လက်ပြင်သည်။ ယင်ကျန်းက သူမလက်ကို ကာလိုက်ပြီး ဆူပူသည်။
"ရိုင်းစိုင်းတာတွေ မလုပ်နဲ့"
ကမ်းချန်ချန် ဆက်မလုပ်ရဲတော့ဘဲ ဒေါသတကြီး နှာမှုတ်ကာ သူမ မျက်နှာကို အခြားတစ်ဖက်သို့ လှည့်ထားလိုက်သည်။ ယင်ကျန်း သူမ မေးစေ့ကို ထပ်ကိုင်ကာ သူမမျက်နှာကို သူ့ဘက်သို့ လှည့်စေပြီး အကဲခတ်လျက်ပြောသည်။
"ဒီနေ့ မင်း တော်တော်လေး လှနေတယ်"
ကမ်းချန်ချန် "ကျွန်မ ဒီနေ့ လှနေမှန်းပဲ အရှင်သိတာ၊ ခေါင်းပေါ်က အဲ့ဟာကြီး ဘယ်လောက်လေးလဲဆိုတာကိုတော့ အရှင်မသိဘူး"
ယင်ကျန်း "မင်း သရဖူဆောင်းချင်ရင် အလေးချိန်ကိုတော့ ခံနိုင်ရည်ရှိရမှာပေါ့၊ ပြီးတော့ အဲ့တာက မင်းကိုယ်တိုင် တောင်းဆိုခဲ့တာ မဟုတ်ဘူးလား"
ကမ်းချန်ချန် ရယ်မောလိုက်ရာ သူမ မျက်လုံးလေးများ ကွေးညွတ်သွားသည်။