အခန်း ၁၂၅
Vol. 13 Ch. 125
🌻 Chapter 125
"စတုတ္ထမင်းသား... အရှင်က အလုပ်ဝတ်စုံနဲ့ဆိုရင်တောင် တက်ကြွပြီး ခန့်ညားတယ်၊ အရမ်းဆွဲဆောင်မှုရှိတယ်"
ယင်ကျန်းက ပြန်မေးသည်။
"အို... ဒါဆို ပြောစမ်းပါဦး၊ ငါက ဘယ်အချိန်များ တက်ကြွပြီး ခန့်ညားမှု မရှိခဲ့လို့လဲ"
ကမ်းချန်ချန် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် မျက်နှာနီရဲသွားကာ သူမ မျက်လုံးများလည်း ဟိုဟိုဒီဒီ ဝေ့၀ဲသွားသည်။
"စတုတ္ထမင်းသား... အဋ္ဌမမင်းသားရဲ့ဖူကျင်းက ကိုယ်လုပ် တော် ယူတာကို သဘောမတူဘူး မဟုတ်ဘူးလား"
ယင်ကျန်း "ဒါက ဧကရာဇ် ချီးမြှင့်တဲ့ လက်ထပ်ပွဲလေ၊ ပြီးတော့ အဲဒီ ကိုယ်လုပ်တော်ရဲ့ မိသားစုနောက်ခံကလည်း မနိမ့်ဘူး၊ အဋ္ဌမမင်းသားရဲ့ ဖူကျင်းက ဘယ်လောက်ပဲ မာနကြီးကြီး သူ့ကို အိမ်တော်ထဲ ဝင်ခွင့်ပြုရမှာပဲ"
[မာနကြီးတယ် ဟုတ်လား]
ကမ်းချန်ချန် ခေါင်းညိတ်လိုက်ပြီး ထိုစကားလုံးကို ကြားရသောအခါ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
ယင်ကျန်း "ပင်မခန်းမထဲမှာ မင်းပြောခဲ့တဲ့ ကျားမိဘလို သွန်သင်တာဆိုတာ ဘာအဓိပ္ပာယ်လဲ"
ကမ်းချန်ချန် လန့်သွားသည်။
"အဲဒါက အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသားအပေါ် မျှော်လင့်ချက်တွေ အရမ်းကြီးမားလွန်းလို့ သူ့ကို ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ဖိအားပေးနေတယ်လို့ ဆိုလိုတာပါ"
ယင်ကျန်း "ဒါပေမဲ့ ခမည်းတော်ရဲ့ မျက်လုံးထဲမှာတော့ အိမ်ရှေ့စံက ချင်းမင်းဆက်ရဲ့ အနာဂတ်လေ၊ အဲဒါကြောင့် သူ့ကို ပိုပြီး ကြိုးကြိုးစားစား အလုပ်လုပ်အောင် တွန်းအားပေးဖို့ လိုအပ်တာပေါ့"
ကမ်းချန်ချန်က ပြန်ဖြေသည်။
"အရှင်ပြောတာ မှန်ပါတယ်"
[အဲဒါကြောင့်မို့လို့ပဲ သူ့ကို ရူးသွပ်သွားအောင် လုပ်လိုက်တာ မဟုတ်ဘူးလား၊ ဟူး... စတုတ္ထမင်းသား၊ ကျွန်မ မှားသွားပါတယ်၊ ကျွန်မ အရမ်းကြီးလိုတာထက်ပို မတွေးသင့်ဘူး]
ယင်ကျန်း "လောလောဆယ်တော့ အဲဒီအတွက် မင်းကို ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ ကိုယ်မေးပါရစေ၊ မင်းက ဒါကို ကိုယ့်ကို ပြောတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကိုယ့်ကို လာပြီး သင်ခန်းစာ ပေးနေတာလား"
ကမ်းချန်ချန် ရင်ထဲ တင်းကျပ်သွားပြီး မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းလေးစူလျက် ခပ်တိုးတိုးလေး ပြန်ဖြေသည်။
"အရှင် ဒီလို တွေးလို့မရဘူးလေ၊ အရှင်နဲ့မှ ဘာမှမဆိုင်တာ"
ယင်ကျန်း အသံကို နှိမ့်ကာ ဆက်ပြောသည်။
"မင်းက ငါ့ရဲ့ကျားမိဘလို သွန်သင်တာကြောင့် ဟွေ့အာ ဒီလောက်တောင် ဒုက္ခရောက်ရတာလို့ ထင်နေတာလား၊ ကိုယ်ပြောတာ မှန်လား၊ မှားလား"
[သူက ငါ့စိတ်ကို အဲ့လောက်ထိ နားလည်နေတာလား]
ကမ်းချန်ချန် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ရာ သူ့မျက်လုံးများ နီရဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမက ကူကယ်ရာမဲ့စွာဖြင့် သူ့ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။
"ကျွန်...ကျွန်မ မှားသွားပါတယ်၊ သားတော်လေး ဆုံးရှုံးလိုက်ရလို့ အရှင် နှလုံးကွဲကြေနေရပြီပဲ၊ ကျွန်မ စိတ်ထဲကနေဆိုရင်တောင် ဘာမှမပြောသင့်ခဲ့ဘူး၊ အပြစ်တင်ချင်တဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါဘူး၊ ကလေးပြုစုပျိုးထောင်တဲ့ နည်းလမ်းတွေကို အမြင်ချင်းဖလှယ်ချင်ရုံ သက်သက်ပါ၊ ဒါပေမဲ့ ကျွန်မ မလုပ်သင့်ခဲ့ဘူး"
ယင်ကျန်း သူမ လက်ကို ရုန်းဖယ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ တိတ်ဆိတ်သွားသည်။ ကမ်းချန်ချန် နှုတ်ခမ်းကိုကိုက်ကာ တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။ သူတို့ လမ်းတစ် လျှောက်လုံး တိတ်တဆိတ် ၀မ်းနည်းနေကြပြီး မြင်းလှည်းပေါ်မှ မဆင်းမီ မျက်ရည်များကို သုတ်ကြသည်။
"စဲဖူ ပြန်ရောက်လာပြီ"
ခြံဝင်းထဲရှိ အစေခံများနှင့် မိန်းမစိုးအချို့က စားစရာများနှင့် ဝိုင်များကို ပြင်ဆင်ထားပြီး လူတိုင်းစားပွဲဝိုင်းတွင် ထိုင်ကာ အောင်ပွဲခံရန် ရည်ရွယ်ထားကြသည်။
သို့သော် ကမ်းချန်ချန်၏ဖြူရော်နေသော မျက်နှာကို မြင်သောအခါ သူတို့ ချက်ချင်း တိတ်ဆိတ်သွားကြပြီး သူမကို သတိထားကာ စောင့်ကြည့်နေကြသည်။ ကမ်းချန်ချန်က သူမ၏ စိတ်အခြေအနေကြောင့် မည်သူ့ကိုမျှ စိတ်မညစ်စေချင်ပေ။ သူမ ရာထူးတိုးခြင်းက ခြံဝင်းထဲရှိ လူတိုင်းအတွက် ဘဝပိုမိုကောင်းမွန်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ကမ်းချန်ချန်က သူမ၏ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ထားလေသည်။
"လာကြ၊ အားလုံး အတူတူ စားကြရအောင်"
လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ ထိုသို့မဟုတ်လျှင် ကမ်းချန်ချန် နန်းတော်ထဲတွင် မကောင်းသည့် ကိစ္စတစ်ခုခု ကြုံတွေ့ခဲ့ရသည်ဟု သူတို့ ထင်မိကြမည်ဖြစ်သည်။
အကြီးဆုံးမင်းသား၏ နာရေး ပြီးဆုံးသွားသည်မှာ တစ်လခန့်သာ ရှိသေးသဖြင့် သူတို့ ပျော်ပွဲရွှင်ပွဲ မလုပ်ကြပေ။ ဝိုင်အနည်းငယ် သောက်ပြီးနောက် အားလုံးအိပ်ရာဝင်သွားကြသည်။ ကမ်းချန်ချန်မှာ မူးမနေပေ။ သူမက မေးထောက်ကာ မပြီးသေးသော ယင်ကျန်းပုံ ပန်းချီကားကိုသာကြည့်နေသည်။
ယွင်ကျွမ်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလျက်မေးသည်။
"စဲဖူ... စတုတ္ထမင်းသားနဲ့အတူ နန်းတော်ကနေ ခုလေးတင် ပြန်ရောက်လာတာ မဟုတ်ဘူးလား"
ကမ်းချန်ချန် နှုတ်ခမ်းစူကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဖြေသည်။
"သူနဲ့ မြင်းလှည်း တစ်စီးတည်း အတူတူမစီးခဲ့ရင် ပိုကောင်းမှာပဲ"
ရုတ်တရက် အတွေးတစ်ခု သူမ စိတ်ထဲဖြတ်ပြေးသွားသည်။ ပန်းချီကားထဲမှာ ဟုန်ဟွေ့ကိုပါ ထည့်ဆွဲသင့်သည်ဟု သူမ တွေးမိလိုက်သည်။ သူမ စိတ်ကူးထားသည့် မြင်ကွင်းက မနက်ခင်း နေရောင်အောက်တွင် ယင်ကျန်းက စာလိပ်တစ်ခုကို ကိုင်ထားပြီး ဟုန်ဟွေ့က သူ့ဘေးတွင် ရပ်ကာ သူ့အား မြတ်နိုးကြည်ညိုသော အကြည့်ဖြင့် မော့ကြည့်နေသည့် ပုံဖြစ်သည်။
"စဲဖူ... အချိန်နှောင်းနေပြီ၊ မနက်ဖြန်မှ ဆက်ဆွဲပါတော့လား"
ယွင်ကျွမ်း ဘေးမှနေ၍ သတိပေးလာသည်။ ကမ်းချန်ချန်က ဘေးရှိ ယွင်ကျွမ်းနှင့် ယွင်ရှုတို့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးမိသည်။ ငါကျတော့ ပန်းချီဆွဲရတာပျော်နေပေမယ့် သူတို့ခမျာ ငါနဲ့အတူ တစ်ညလုံး မအိပ်ဘဲ နေပေးရတာ သနားစရာပဲ...
ထို့ကြောင့် သူမက အဝတ်အစားများချွတ်ပြီး အိပ်ရာဝင်သည်။ နောက်နေ့ မနက်တွင် သူမ စုတ်တံကိုပြန်ယူကာ ပန်းချီဆက်ဆွဲခဲ့ပြီး ညနေပိုင်းတွင်တော့ ကျေနပ်အားရစွာဖြင့် အပြီးသတ်နိုင်ခဲ့သည်။
"ယွင်ကျွမ်း... ငါနဲ့ စာကြည့်ဆောင်ကို လိုက်ခဲ့"
ကမ်းချန်ချန်က ပန်းချီကားနှင့် မုန့်သေတ္တာတစ်လုံးကို ယင်ကျန်း၏စာကြည့်ဆောင်သို့ ကိုယ်တိုင် ယူလာသည်။
စုဖေးရှန်က အစီရင်ခံလေသည်။
"စဲဖူကို တင်ပြပါတယ်၊ စတုတ္ထမင်းသားက ညစာစားဖို့ လီစဲဖူဆီ သွားပါတယ်"
ကမ်းချန်ချန်၏တက်ကြွနေသော နှလုံးသားမှာ ရေခဲရေဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ချက်ချင်း အေးစက်သွားသည်။
"ကောင်းပြီ၊ ကျွန်မ နားလည်ပြီ"
အပြန်လမ်းတွင် ယွင်ကျွမ်းက ပြောသည်။
"စဲဖူ... ဝမ်းနည်းမနေပါနဲ့၊ စတုတ္ထမင်းသားမှာ အမျိုးသမီးတွေ အများကြီး ရှိတာပဲလေ၊ သူက စဲဖူကို အချစ်ဆုံးဆိုတာ လုံလောက်ပြီ မဟုတ်ဘူးလား၊ ကျွန်မကတော့ စဲဖူနဲ့ အမြဲ တမ်းအတူတူ ရှိနေမှာပါ"
ကမ်းချန်ချန်မှာ အန္တရာယ်ရှိနေသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။
"ဒါပေမဲ့ မတူဘူးလေ၊ သူက ငါ့ကို အမြဲတမ်း သည်းခံနိုင်ချင်မှ သည်းခံနိုင်မှာ"
[သူက ငါ့ရဲ့ စိတ်တွင်းအတွေးတွေကို ကြားနိုင်တယ်လေ၊ ဒါက အမြဲတမ်းပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခုပဲ၊ တစ်ကြိမ် နှစ်ကြိမ်လောက်ကတော့ သူ ဆန်းသစ်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အချိန်ကြာလာရင် အသေးအမွှား မကျေနပ်ချက်လေးတွေကိုတောင် သူ သတိထားမိလာလိမ့်မယ်]
[အခုတစ်ခေါက်လိုမျိုးပဲ၊ သူက အမြဲတမ်း ဒေါသထွက်နေတော့မှာ]
[ပြီးတော့ ယင်ကျန်းက တော်တော်လေး သံသယများတဲ့သူလေ၊ တစ်ခါတလေကျရင် ငါက ရည်ရွယ်ပြီးပြောတာ မဟုတ်ရင်တောင် သူက သူ့ဘာသာ ကောက်ချက်ချချင် ချနေမှာပဲ]
[တကယ်လို့ ထီးနန်းလုပွဲ ဒါမှမဟုတ် ထီးနန်းတက်ပြီးသွားတဲ့ အချိန်တွေမှာ သူ ဖိအားတွေ အများကြီးရင်ဆိုင်နေရရင် အခုလိုမျိုး သည်းခံနိုင်ပါဦးမလား]
[တကယ်လို့ ငါ သူ့ကို ရှောင်နေမယ်ဆိုရင်လည်း မေးခွန်း ထုတ်ခံရတာတွေ၊ အပြစ်ပေးခံရတာတွေကနေ ရှောင်လွှဲနိုင်ပေမယ့် မျက်နှာသာပေးခံရမှုတွေ ဆုံးရှုံးသွားပြီး အဆောင်တော်တွင်းမှာ အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူး]
[ဒါက တကယ်ကို ခက်ခဲလွန်းတယ်]
ယွင်ကျွမ်း အပြစ်ရှိသလိုဖြင့် ထပ်ပြောသည်။
"အကုန်လုံး ကျွန်မ အပြစ်တွေပါ၊ ကျွန်မသာ ကတိုးနံ့သာကို မသုံးခဲ့ဘူးဆိုရင်..."
ကမ်းချန်ချန်က ချက်ချင်းပင် ဝင်ဟန့်တားလာသည်။
"ဒီလိုကိစ္စတွေကို နောက် ဘယ်တော့မှ ထပ်မပြောနဲ့၊ ပြောစရာရှိရင်တောင် ပြန်ရောက်မှ တိတ်တိတ်လေးပြောကြမယ်"
ယွင်ကျွမ်းက ပြန်ဖြေသည်။
"...ဟုတ်ကဲ့ပါ"
အိမ်ပြန်ရောက်သောအခါ ကမ်းချန်ချန် စိတ်ကူးတစ်ခု ရလာသည်။ သူမ ဘုရားကျောင်း သွားမည်။ သူမက အယူသည်းတတ်သူ မဟုတ်သော်လည်း ထိရောက်ကောင်း ထိရောက်နိုင်သည်။
နောက်ထပ် တစ်ရက် ကုန်လွန်သွားပြီး ညနေပိုင်းတွင် ကမ်းချန်ချန်က ကြာစေ့ မှိုဖြူစွပ်ပြုတ်နှင့် ပန်းချီကားတစ်ချပ်ကို ယူကာ စာကြည့်ဆောင်သို့ သွားခဲ့သည်။ သို့သော် စုဖေးရှန်က တံခါးဝတွင် ခေါင်းခါပြဆဲဖြစ်သည်။
"စတုတ္ထမင်းသားက စုန့်ကော်ကော်ဆီ သွားပါတယ်၊ ဒီရက် ပိုင်း စုန့်ကော်ကော် နေသိပ်မကောင်းဘူး ကြားလို့ ဂျင်းစွမ်းအင် ဆေးလုံးတွေ သွားပို့ပေးတာပါတဲ့"
ကမ်းချန်ချန် "...ကောင်းပါပြီ၊ ဒါဆိုရင် ဒီစွပ်ပြုတ်ကို နင်ပဲ သောက်လိုက်တော့"
ထို့နောက် သူမက ကြာစေ့ မှိုဖြူစွပ်ပြုတ်ကို စုဖေးရှန်ထံ ကမ်းပေးသည်။ သူ စုန့်ကော်ကော်ဆီ သွားသည်ဆိုသဖြင့် သူမ ဝမ်းသာမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ငယ်ချစ်ဦးတွေလေ၊ သူတို့ရဲ့ ဆက်ဆံရေးက ဒီလိုအခြေအနေမျိုး ရောက်သွားတာ နှမြောစရာပါပဲ...
နောက်ထပ် တစ်ရက် ထပ်စောင့်ပြီးနောက် ယင်ကျန်း ပြန်ရောက်လောက်ပြီဟု ခန့်မှန်းကာ ကမ်းချန်ချန်က ကျောက်သကြား သစ်တော်သီးစွပ်ပြုတ်နှင့် ပန်းချီကားကို ယူ၍ ယင်ကျန်းထံ သွားခဲ့ပြန်သည်။
စုဖေးရှန်က အနေရခက်စွာဖြင့် ပြောလာပြန်သည်။
"စတုတ္ထမင်းသားက အသစ်ရောက်လာတဲ့ နွီဟူလုဆီကို သွားလည်ပါတယ်၊ ပြီးတော့ စဲဖူလာခဲ့ရင် ပစ္စည်းတွေ ထားခဲ့လို့ရတယ်လို့ မှာသွားပါတယ်"
ကမ်းချန်ချန် အံ့ကြိတ်လျက် ပြောလိုက်သည်။
"ဘာမှ ယူမလာဘူးလို့သာ ပြောလိုက်ပါ"
ထိုသို့ပြောပြီးနောက် သူမက ဖူကျင်းထံသို့ လှည့်သွားပြီး ကျောက်သကြား သစ်တော်သီးစွပ်ပြုတ်ကို ကမ်းပေးရင်း ခွင့်တောင်းသည်။
"ဖူကျင်း... ကျွန်မ ရှို့ယွင်ဘုရားကျောင်းကို သွားချင်လို့ပါ၊ အဲဒီက နတ်ဘုရားတွေက အစွမ်းအထက်ဆုံးလို့ ကြားဖူးပါတယ်၊ ကျွန်မတို့အိမ်တော်ငြိမ်းချမ်းပြီး ကြီးပွားတိုးတက်ဖို့ နတ်ဘုရားတွေ၊ ဘုရားတွေဆီ ဆုတောင်းချင်လို့ပါ"
ဖူကျင်းမှာ ယခုအချိန်တွင် စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး အကြီးဆုံးမင်းသား ဆုံးပါးသွားပြီးပြီးချင်း ရက်များကဲ့သို့ ကယောင်ကတမ်း မဖြစ်တော့ပေ။ သူမက ပြုံးကာပြော သည်။
"သွားပြီး ဆုတောင်းတာ ကောင်းတာပေါ့၊ နင် စတုတ္ထမင်းသားကို အလုပ်အကျွေးပြုနေတာ လအတော်ကြာပေမယ့် ကိုယ်ဝန်ရှိမယ့် အရိပ်အယောင် မတွေ့သေးဘူးလေ၊ ဟွေ့ကောလည်း ဆုံးပါးသွားပြီဆိုတော့ အိမ်တော်ထဲမှာ တစ်ဦးတည်းသော ယောက်ျားလေးအမွေခံအဖြစ် ဒုတိယမင်းသားပဲ ကျန်တော့တာ၊ မိသားစုထဲကို ယောက်ျားလေး တစ်ယောက်ထပ်တိုးဖို့ အချိန်တန်ပြီ"