အခန်း ၁၂၆
Vol. 13 Ch. 126
🌻 Chapter 126
ကမ်းချန်ချန်က ရှက်သွေးဖြာစွာ ပြုံးလျက် ပြန်ဖြေသည်။
"ကျွန်မ သိပါတယ်၊ ဒါက အတင်းအကျပ် လုပ်ယူလို့မရဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဘုရားကျောင်းကို ရောက်တဲ့အခါ အကြီးဆုံးမင်းသားအတွက် သေချာပေါက် ဆုတောင်းပေးမှာပါ၊ နောက်ဘဝမှာ နတ်ဘုရားက သူ့ကို ငြိမ်းချမ်းပြီး ကျန်းမာတဲ့ ဘဝလေး ကောင်းချီးပေးဖို့ မျှော်လင့်ပါတယ်"
ဖူကျင်း သက်ပြင်းချလျက် "နင့်လို စိတ်ထားမျိုးရှိတဲ့သူကို တွေ့ရခဲတယ်"
သူမ ကမ်းချန်ချန်၏ လက်ကို ကိုင်ကာ ညင်သာစွာ မေးသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ နည်းနည်း လွန်သွားတယ်၊ နင် စိတ်ထဲမထားပါဘူးနော်"
ကမ်းချန်ချန် အမြန် ခေါင်းခါပြလိုက်သည်။
"ဘယ်လိုလုပ် စိတ်ထဲထားရမှာလဲ၊ အဲဒီနေ့ နေ့လယ်က ကျွန်မ အဲဒီမှာ မရှိခဲ့ဘဲ အကြီးဆုံးမင်းသားကို မကယ်တင်နိုင်ခဲ့တာကိုပဲ နောင်တရနေတာပါ"
ဖူကျင်း "လိမ္မာလိုက်တဲ့ ကောင်မလေး၊ ငါက နင့်ကို ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ"
ကမ်းချန်ချန် ထွက်သွားပြီးနောက် ချွေ့မားမားက မကျေမနပ်ဖြင့် ပြောသည်။
"ဖူကျင်း... သူ့အပေါ် ဘာလို့ အဲဒီလောက် ကောင်းပြနေရတာလဲ၊ ကျွန်မတို့ရဲ့ အကြီးဆုံးမင်းသားက ဆုံးပါးသွားပြီလေ၊ ဒါပေမဲ့ လူတောမတိုးတဲ့ ဒီတောသူမလေးကတော့ စဲဖူအဖြစ် ရာထူးတိုးသွားလို့ အရမ်းကို ဂုဏ်ယူဝင့်ကြွားနေတာ"
ဖူကျင်း သူမကို စူးရှစွာ စိုက်ကြည့်သည်။
"ချွေ့မားမား၊ အခု လီစဲဖူက ငါတို့ရဲ့ နံပါတ်တစ် ရန်သူပဲ၊ ငါက သားတစ်ယောက် ဆုံးရှုံးထားရပြီးပြီ၊ နောက်ထပ် ကိုယ်ဝန်ဆောင်ချင်စိတ်လည်း မရှိတော့ဘူး၊ ဒီအချိန်မှာ ရန်သူတစ်ယောက် ပိုတိုးလာတာထက် မိတ်ဆွေတစ်ယောက် ပိုတိုးလာတာက ပိုကောင်းတယ်"
ချွေ့မားမားက "ဖူကျင်း၊ ဖူကျင်းက ငယ်ပါသေးတယ်၊ ဘာလို့ ကိုယ့်ရဲ့ နုပျိုမှုကို အသုံးချပြီး နောက်ထပ် သားတစ်ယောက် မယူရမှာလဲ၊ ဖူကျင်းသာ ဆန္ဒရှိမယ်ဆိုရင် စတုတ္ထမင်းသားက သေချာပေါက် သဘောတူမယ်လို့ ဒီအစေခံအိုကြီး ယုံကြည်ပါတယ်"
ဖူကျင်း အေးစက်စွာ ပြန်ဖြေသည်။
"ငါက ဘာလို့ နောက်ထပ် ကလေးယူရမှာလဲ၊ ငါ့မှာ ကလေးရှိရှိ၊ မရှိရှိ၊ တစ်သက်လုံး စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက် သရေ ရှိနေမှာပဲ၊ လီစဲဖူရဲ့ကလေးဖြစ်နေရင်တောင် သူတို့က ငါ့ကို မယ်တော်လို့ခေါ်ရမှာပဲ"
ကလေးတစ်ယောက်ဆုံးရှုံးရသည့် နာကျင်မှုကို တစ်ကြိမ် ခံစားခဲ့ရပြီးဖြစ်သဖြင့် သူမက နောက်ထပ် ကလေးတစ်ယောက်ထပ်ယူပြီး အမြဲတစေ စိုးရိမ်ကြောက်ရွံ့မှုများဖြင့် မနေချင်တော့ပေ။
နောက်တစ်နေ့တွင် ကမ်းချန်ချန်က စဲဖူ အဆောင်အယောင်များဖြင့် စံအိမ်မှ ထွက်ခွာခဲ့သည်။ မြင်းလှည်းပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် ကမ်းချန်ချန်မှာ ကြောက်ရွံ့မှုများ ကျန်ရစ်နေသေးသည်။
ဟွမ်ရိကျူး အဖမ်းခံလိုက်ရပြီဆိုပေမယ့် သူ့ရဲ့ညီအစ်ကိုတွေကရော ဘယ်လိုနေမလဲ၊ သူတို့ ပြဿနာလာရှာဦးမလား၊ အပြင်က အစောင့်တွေက သူတို့ကို နိုင်ပါ့မလား...
[ထားလိုက်ပါတော့လေ၊ စောစောသေသေ၊ နောက်ကျမှသေသေ သေရမှာကတော့ ရှောင်လွှဲလို့မရဘူးပဲ၊ အဲဒီ ပိုင်လျန်ဂိုဏ်းသားတွေကိုပဲ သတ်ခိုင်းလိုက်တာ ပိုကောင်းမယ်၊ စောစောသေရင် စောစောပြန်ဝင်စားရတာပေါ့၊ ဒီမှာ ဘာလို့ အချိန်ဆွဲနေတော့မှာလဲ]
ထိုအချက်ကို တွေးမိသွားပြီးနောက် ကမ်းချန်ချန်မှာ အများကြီး စိတ်သက်သာရာ ရသွားသည်။ သူမက အပြင်ဘက် ရှုခင်းများကို ခံစားရန် ကုလားကာကို မတင်လေသည်။
တောင်တက်လမ်းက ရှည်လျားသော်လည်း စိမ်းလန်းစိုပြည်နေသော သစ်ပင်များက ခရီးစဉ်အတွင်း သူမကို ကြည်နူးမှု ခံစားရစေသည်။ သူမဘေးရှိ ဟွာစန်းက ကွေဟွာပန်းမုန့် တစ်ပန်းကန်လုံးကို စားပြီးသွားကာ တိမ်ပုံစံမုန့်ကိုလက်ညှိုး ထိုးပြသည်။
"စဲဖူ... ဒါရော စားလို့ရမလား"
ကမ်းချန်ချန် "နင်ပဲ စားလိုက်ပါ"
ဟွာစန်းက ကပျာကယာ လက်လှမ်းကာ နှစ်ချပ်ယူလိုက်ပြီး ငါးခြောက်ခိုးစားထားသော ကြောင်ကြီးတစ်ကောင်လို ပြုံးလျက်ပြောသည်။
"စဲဖူက တကယ် သဘောကောင်းတာပဲ"
[ဘုရားကျောင်းက အစားအသောက်တွေက သိပ်ကောင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကံကောင်းလို့ မုန့်တွေ အလုံအလောက် ယူလာခဲ့တာ]
ဘုရားကျောင်းက နီးလှသည် မဟုတ်ပေ။ ကမ်းချန်ချန်က ပစ္စည်းများ သိမ်းဆည်းရန် မနက် ၄ နာရီလောက် ထခဲ့ရသော်လည်း သူတို့ လူထမ်းယာဉ်ဖြင့် ဘုရားကျောင်းသို့ ရောက်ချိန်တွင် နေ့လယ်စာစားချိန်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဤညထိုနေရာတွင် တည်းခိုပြီး နောက်နေ့မနက်မှ ပြန်ကြမည် ဖြစ်သည်။
ကမ်းချန်ချန်မှာ ကိုယ်လုပ်တော် တစ်ဦးသာဖြစ်ပြီး နေရာတစ်ခုလုံးကို အမိန့်ပေးရန် အာဏာမရှိသော်လည်း သူမက တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်ကာ စတုတ္ထမင်းသား၏ ဇနီးဖြစ်နေသေးသဖြင့် ဘုရားကျောင်းက သူမကို သင့်လျော်သော ကျင့်ဝတ်များဖြင့် ဆက်ဆံခဲ့သည်။
ကျောင်းထိုင်ဆရာတော်မှာ မြင့်မြတ်သော ဘုန်းတော်ကြီးတစ်ပါးနှင့် တူသည်။ သူ့ မျက်နှာမှာ ကရုဏာအပြည့်ရှိပြီး လမ်းလျှောက်ဟန်မှာ တည်ငြိမ်ကာ မုတ်ဆိတ်ဖြူများ ရှိသည်။
ကမ်းချန်ချန်မှာ အလွန်ဝမ်းသာသွားသည်။ မှန်ကန်သော လုပ်ထုံးလုပ်နည်းအတိုင်း သူမက ဒူးထောက်ကာ စံအိမ်ရှိ လူအားလုံး ဘေးကင်းစေရန်၊ ယင်ကျန်း၏ အနာဂတ်အတွက်နှင့် အကြီးဆုံးမင်းသား ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိစေရန် ဆုတောင်းခဲ့သည်။ ထို့နောက် သူမက ကျောင်းထိုင်ဆရာတော်နှင့် နှစ်ယောက်တည်း စကားပြောချင်မိသည်။
သူတို့ နှစ်ဦးမှာ တရားထိုင်ခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တံခါးအပြင်ဘက်တွင် ဟွာစန်းနှင့် ဘုရားကျောင်းမှ ကိုရင်လေးများ ရှိနေကြသည်။
ကမ်းချန်ချန် "ဆရာတော်ဟွေ့ရီ... တပည့်တော်မ မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်ဘုရား"
ဟွေ့ရီက "ဒါယိကာမလေး... မေးပါ"
ကမ်းချန်ချန် "တကယ်လို့များ တစ်ယောက်ယောက်က ဒီနေရာနဲ့ မသက်ဆိုင်ဘဲနဲ့ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်လာခဲ့ရင် သူ ဘယ်လိုများ ပြန်သွားလို့ရနိုင်မလဲ ဘုရား"
ဟွေ့ရီ စဉ်းစားဟန်ပြုပြီး "ဖြစ်တည်မှုအားလုံးက အချည်း နှီးပါပဲ၊ ဒါယိကာမက ဘာလို့များ လာခဲ့တဲ့လမ်းကြောင်းနဲ့ ပြန်ရမယ့် လမ်းကြောင်းအပေါ် ဒီလောက်တောင် တွယ်တာနေရတာလဲ"
ကမ်းချန်ချန် "ဒါပေမဲ့ ရှေးလူကြီးတွေ ပြောခဲ့သလိုပဲ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကိုမြင်ဖူးသွားတဲ့သူအတွက် တခြားရေတွေက သေးနုပ်သွားတယ်၊ ဝူရှန်းတောင်က တိမ်တွေကိုမြင်ဖူးသွားတဲ့သူအတွက် တခြားတိမ်တွေက ကြည့်ရတာ မတန်တော့ဘူးတဲ့လေ"
ထိုသည်ကိုကြားသောအခါ ဟွေ့ရီ မျက်လုံးများ လှုပ်ခတ်သွားပြီး လက်ဖက်ရည်တစ်ခွက်ငဲ့ကာ သူမရှေ့တွင် ချပေးသည်။ ကမ်းချန်ချန်က သူ့ ဆိုလိုရင်းကို နားမလည်သဖြင့် မေးသည်။
"ဆရာတော်..."
ဟွေ့ရီက ပြုံးကာ "ကျယ်ပြောလှတဲ့ သမုဒ္ဒရာဆိုတာ အခုတော့ အိပ်မက်တစ်ခု သက်သက်ပါပဲ၊ ဒီလက်ဖက်ရည်လေးပဲ သောက်လိုက်ပါလား"
ကမ်းချန်ချန် လက်ဖက်ရည်ကို သောက်လိုက်ပြီး သက်ပြင်း ချသည်။
"ဆရာတော် ပြောတာ မှန်ပါတယ်၊ တပည့်တော်မရဲ့ တွယ်တာမှုက အရမ်းနက်ရှိုင်းလွန်းနေတာပါ"
ကမ်းချန်ချန် ထွက်သွားပြီးနောက် အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ သူက ဟွမ်ရိကျူး၏သွေးသောက်ညီနောင် တိုက်ကျစ်နျန် ဖြစ်သည်။
တိုက်ကျစ်နျန်က "ခုနက မိန်းမက ယင်ကျန်းရဲ့အချစ်တော် ကိုယ်လုပ်တော် ကမ်းစဲဖူပဲ၊ ကျွန်တော်တို့ရဲ့ တတိယအစ်ကိုနဲ့ လဲလှယ်ဖို့ သူ့ကို ဖမ်းထားလိုက်ရင် ဘယ်လိုလဲ"
ဟွေ့ရီ မျက်မှောင်ကြုတ်သွားသည်။
"ခုနက သူ ပြောသွားတာကိုကြည့်ရရင် ထုတ်ပြောလို့မရတဲ့ အခက်အခဲတချို့ ရှိနေပုံရတယ်၊ သူက ငါတို့လူတွေထဲက တစ်ယောက်ယောက်များ ဖြစ်နေမလားပဲ"
တိုက်ကျစ်နျန် ခေါင်းခါလာသည်။
"သူက စကားပြောကောင်းတယ်၊ တစ်ယောက်ကို တစ်မျိုး၊ နောက်တစ်ယောက်ကို နောက်တစ်မျိုး ပြောတတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ သုံးယောက်လုံး သူ့ရဲ့ ဒီလို လှည့်စားတာကို ခံခဲ့ရလို့ အလိုက်ခံရတာပေါ့"
ဟွေ့ရီ "ဒီကိစ္စကို လုံးဝဖြစ်ကတတ်ဆန်း လုပ်လို့မရဘူး၊ ဟွမ်ရိကျူးက အခု တရားရေးဝန်ကြီးဌာနရဲ့ အကျဉ်းထောင်ထဲမှာ ရောက်နေတာ၊ အဲဒါက ယင်ကျန်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး"
တိုက်ကျစ်နျန်က သက်ပြင်းချလာသည်။
"ဒါဆိုလည်း သူ သတိမထားမိအောင် လွှတ်ပေးလိုက်ပြီး မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်ရမှာပေါ့"
ဟွေ့ရီ ခေါင်းထပ်ခါသည်။
"တကယ်လို့ ငါတို့က ကမ်းမိသားစုဝင်ကို ဖမ်းဆီးပြီး ယင်ကျန်းကို ဒီကို မျှားခေါ်ကာ ဖမ်းထားနိုင်ရင် မင်းသားတစ်ပါးက နာမည်မသိရတဲ့ အဖွဲ့ဝင်တစ်ယောက်ထက် အများကြီး ပိုကြီးမားသင့်တယ် မဟုတ်ဘူးလား"
တိုက်ကျစ်နျန်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဆရာတော်က တကယ့်ကို ဆရာတော်ပါပဲ၊ ထက်မြက်လွန်းပါပေတယ်"
ယင်ကျန်း စံအိမ်သို့ ပြန်ရောက်လာပြီး စုဖေးရှန်ကိုမြင်သည်နှင့်မေးသည်။
"သူ ဒီနေ့ ရောက်လာသေးလား"
စုဖေးရှန်က "အရှင်မင်းသား၊ ကမ်းစဲဖူက အိမ်တော်က လူအားလုံးအတွက် ဆုတောင်းပေးမယ်ဆိုပြီး ဒီမနက် အစောကြီး ရှို့ယွင်ဘုရားကျောင်းကို သွားပါတယ်"
ယင်ကျန်း အနည်းငယ် မကျေမနပ်ဖြင့် ပြောသည်။
"သူ ငါ့ကိုတောင် မပြောသွားဘူးလား"
'အရှင့်ကို ပြောပြတော့ရော ဘာထူးမှာလဲ၊ ဒီရက်ပိုင်းအတွင်း အရှင်က သူ့ကို လျစ်လျူရှုထားခဲ့တာပဲကို'
စုဖေးရှန် စိတ်ထဲမှ လှောင်ရယ်မိသော်လည်း ရိုသေစွာဖြင့် ပြန်ဖြေသည်။
"ဒီအိမ်တော်ရဲ့ကိစ္စတွေကို အမြဲတမ်း ဖူကျင်းကပဲ ဆုံးဖြတ်တာပါ"
ယင်ကျန်းက ဖူကျင်းအဆောင်သို့ သွားချိန် သူမက ဗုဒ္ဓကျမ်းစာများကို ကူးရေးနေခဲ့သည်။
ယင်ကျန်း "ဒီရက်ပိုင်း မင်း တော်တော်လေး ပိန်သွားတယ်၊ ဟွေ့ကောက...၊ အရမ်း ဝမ်းနည်းမနေပါနဲ့၊ အနာဂတ်မှာ ငါတို့ ကလေးတွေ ထပ်ရဦးမှာပါ"
ဖူကျင်းမှာ ကိုယ်လုံးလေး တောင့်တင်းသွားသည်။
"အရှင် ပြောတာ မှန်ပါတယ်"
အနီးတွင် ရပ်နေသော ချွေ့မားမားက ကျေနပ်အားရစွာ ပြုံးလိုက်သည်။ ယင်ကျန်းနှင့် သူ့ ဇနီးတို့ စားသောက်နေစဉ် သူမက လက်ဖက်ရည်အိုးထဲသို့ ဆေးလုံးတစ်လုံးကို တိတ်တ ဆိတ်ထည့်လိုက်သည်။
စားသောက်ပြီးနောက် လက်ဖက်ရည် တည်ခင်းလာရာ သူတို့နှစ်ဦးစလုံး နှစ်ငုံ၊ သုံးငုံခန့် သောက်ကြသည်။ ထို့နောက် ချွေ့မားမားက အစေခံမလေးကို ထွက်သွားခိုင်းလိုက်ပြီး လက် ဖက်ရည်အိုးထဲမှ ကျန်နေသောရေများကို သွန်ပစ်ကာ ဆေးကြောပြီး လက်ဖက်ရည်အိုးအသစ် တစ်လုံးကို တည်ခင်းပေးသည်။
ယင်ကျန်းက သူ့ စာအုပ်ကို ဖတ်နေသော်လည်း ဝမ်းဗိုက်အောက်ပိုင်းတွင် ပူလောင်သော ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့ ဇနီးကို မော့ကြည့်လိုက်ရာ သူမက ပုံမှန်ထက်ပို နူးညံ့ကာ မိန်းမဆန်နေပုံရသည်ကို သတိပြုမိသွားသည်။