အခန်း ၁၂၈
Vol. 13 Ch. 128
🌻 Chapter 128
အနက်ရောင်ဝတ်လူက အစောင့်များ၏ခေါင်းကို အထောက် အကူပြုကာ သူ့ခြေဖော့သိုင်းပညာကို အသုံးပြု၍ ကမ်းချန်ချန်နှင့်အတူ လေထဲသို့ ပျံထွက်သွားသည်။ သူမမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပြီး မျက်နှာကို တိုက်ခတ်နေသော လေပြင်းကြောင့် စကားမပြောနိုင်သော်လည်း အနည်းဆုံးတော့ သူမ ပျံသန်းနေရသည်။ ကမ်းချန်ချန်မှာ ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ မျက်လုံးလေးမှေးကာ စပ်စုချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေတော့သည်။
သူတို့က လမ်းခရီးတွင် ခဏတစ်ဖြုတ် ရပ်နားရင်း နှစ်နာရီခန့် ပျံသန်းသွားပြီးနောက် အဆုံးတွင် မထင်မရှားလယ် သမားအိမ်လေး တစ်လုံးရှေ့သို့ ဆင်းသက်ကြသည်။
ကမ်းချန်ချန် ကောင်းကင်ကို မော့ကြည့်လာသည်။ ဟူး... မိုးတောင်လင်းနေပြီပဲ
သူမ ရင်ဘတ်ကိုဖိကာ အမောဖြေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ထိုအမျိုးသားကမျက်နှာဖုံးကို ချွတ်လာသည်။
"မင်း ငါ့ကို မှတ်မိနေမှတော့ ငါ ဘာလုပ်မယ်ဆိုတာ မင်း နားလည်မှာပါ"
ကမ်းချန်ချန် ကြည့်လိုက်ရာ အမှန်ပင် ဟွမ်ရိကျူး၏ ဒုတိယအစ်ကို ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမက မေးသည်။
"သိုင်းလောကက လူတွေက သစ္စာတရားကို တန်ဖိုးထားကြတာ သဘာဝပါပဲ၊ ဟွမ်ရိကျူး အဖမ်းခံထားရတော့ ရှင်က သူ့ကို ကယ်ချင်နေတာ မဟုတ်လား"
တိုက်ကျစ်နျန် ခေါင်းညိတ်ကာ တံခါးကို ဖွင့်လိုက်ပြီး အထဲဝင်သွားသည်။
"မင်း တော်တော် ပါးနပ်တာပဲ"
ကမ်းချန်ချန်က သူ့ ဘယ်ဘက်မှ လိုက်ပါသွားရင်း ပြုံးလေသည်။
"ကျွန်မ အသက်ကို အသုံးချပြီး ယင်ကျန်းကိုခြိမ်းခြောက်ချင်နေတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက မင်းသားတစ်ပါးလေ၊ သူ့ကိုယ်ပိုင် လုံခြုံရေးကို ပိုပြီး ဂရုစိုက်မှာပေါ့"
တိုက်ကျစ်နျန် တည်ငြိမ်စွာဖြင့် ပြောသည်။
"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါ ဘာမှ ဆုံးရှုံးသွားမှာမှ မဟုတ်တာ"
ကမ်းချန်ချန် "ရှင် ပြောတာ မှန်ပါတယ်၊ တကယ်လို့ သူသာ မလာခဲ့ရင် ရှင်က ကျွန်မကို သတ်ပစ်မှာလား"
တိုက်ကျစ်နျန် မျက်လုံးများ လှုပ်ခတ်သွားသည်။ သူ အိမ်ထဲသို့ဝင်ကာ ထိုင်လိုက်ပြီး သူတို့နှစ်ယောက်အတွက် လက်ဖက် ရည်တစ်ခွက်စီ ငဲ့လိုက်ရင်း ပြောသည်။
"မင်းကို အသက်ရှင်ခွင့်ပေးထားရင် ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခု ဖြစ်နေမှာပဲ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါ့မျက်နှာကို မြင်ဖူးသွားပြီ၊ ပြီးတော့ ငါ ဘယ်မှာ ပုန်းနေလဲဆိုတာကိုလည်း သိသွားပြီ၊ တကယ်လို့ ငါ မင်းကို မသတ်ဘူးဆိုရင်တောင် မင်း အ,သွားပြီး မျက်ကန်းဖြစ်သွားတဲ့အထိ အဆိပ်ခတ်ထားမယ်၊ ပြီးတော့ ငါ့ရဲ့ အချက်အလက်တွေကို ချရေးမပြနိုင်အောင် မင်း လက်တွေကို ဖြတ်ပစ်ရလိမ့်မယ်၊ ပြောစမ်းပါဦး... ဒါက ပိုနာကျင်ရမှာလား၊ ဒါမှမဟုတ် တခါတည်းသေလိုက်ရတာက ပိုနာကျင်ရမှာလား"
ကမ်းချန်ချန် ခြေဖျားလက်ဖျားများပင် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး နှုတ်ခမ်းကိုကိုက်ကာ မေးသည်။
"ရှင်က အဲဒီလောက်တောင် ရက်စက်ရမယ်ဆိုရင် ကျွန်မကို ဓားနဲ့ပဲ ထိုးသတ်လိုက်ပါတော့၊ ဒါပေမဲ့ ရှင်သာ ကြင်နာနိုင်မယ်ဆိုရင် ကျွန်မကို တတိယမြောက် လမ်းရွေးချယ်ခွင့်လေးပေးလို့ရမလား"
တိုက်ကျစ်နျန်က ပြန်မဖြေဘဲ လက်ဖက်ရည် သောက်ပြီး တစ်ခွက်ထပ်ငဲ့သည်။ ကမ်းချန်ချန်၏မျက်လုံးများ တောက်ပသွားရသည်။
"ကျွန်မကို သိုင်းပညာ သင်ပေးပါ၊ ကျွန်မ ရှင့်နောက်ကို လိုက်ပါ့မယ်၊ အို... ရှင့်ရဲ့ စရိုက်နဲ့ သိုင်းပညာက ကျွန်မ အလေးစားဆုံးအရာတွေပါပဲ၊ ဒီနေ့ကစပြီး ရှင် မီးရှို့မယ်ဆိုရင် ကျွန်မ ကင်းစောင့်ပေးမယ်၊ ရှင် ရန်ဖြစ်မယ်ဆိုရင် ကျွန်မ အားပေးမယ်၊ ရှင် ပုန်ကန်မယ်ဆိုရင် ကျွန်မ လက်ခုပ်တီးပေးပါ့မယ်"
တိုက်ကျစ်နျန် အော်လာသည်။
"ရပ်လိုက်စမ်း"
ကမ်းချန်ချန် သူမ ပါးစပ်ကို အုပ်ကာ လိမ္မာစွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသည်။
လေထုမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ တိုက်ကျစ်နျန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး အဆုံးတွင် မရယ်ဘဲမနေနိုင်တော့ချေ။
"မင်းက ဘယ်လိုဖြစ်လို့ မာနလေး တစ်စက်တောင် မရှိရတာလဲ၊ ဟို မင်းသားက မင်းကိုလာကယ်တဲ့အချိန် ဒါတွေအကုန် လုံး ကြားသွားရင် ဘယ်လိုလုပ်မလဲ"
"ဒါပေမဲ့ သူမှ ဘာမှမကြားတာပဲ၊ ဒီမှာ ကျွန်မတို့ နှစ်ယောက်တည်း ရှိတာကို"
"မင်းက အရာအားလုံးကို သိနေပုံရတယ်၊ ဟိုမင်းသားက မင်းကို အလိုအလိုက်ဆုံးဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး"
ကမ်းချန်ချန် သူ့ကို စူးရှစွာ ကြည့်လာသည်။
"အလိုလိုက်တယ် ဟုတ်လား အဲဒီ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရှင် ဘယ်ကကြားလာလဲ မသိဘူး၊ လုံးဝ ယုတ္တိမရှိဘူး၊ ဟူး... ဒီတစ်ခါ သူသာ ကျွန်မကို လာမကယ်ခဲ့ရင် ကျွန်မကို အလိုလိုက်မှာ မဟုတ်ဘူး၊ ကျွန်မလည်း သူ့အပေါ် မျှော်လင့်ချက်ဖြတ်လိုက်မှာ ပြီးတော့ သူကလည်း ကျွန်မကို သေပြီလို့ သတ်မှတ်မှာပဲ၊ ကျွန်မမှာ တခြားထွက်ပေါက် မရှိတော့ပါဘူးဆိုမှ ရှင်က ကျွန်မကို သတ်ချင်နေသေးတယ်၊ ကျွန်မ တကယ်ကို သနားစရာကောင်းတာပဲ"
ဤအချိန်တွင် ရှန်ထျန်းအောက်က တောကြက် နှစ်ကောင်နှင့် ကြက်သွန်မြိတ် တစ်စည်းကိုယူကာ ပြန်ရောက်လာသည်။ သူက ကမ်းချန်ချန်ကို မြင်သောအခါ သူ့မျက်လုံးများ ပြူးကျယ်လာတော့သည်။
ကမ်းချန်ချန် ပြုံးကာ "အစ်ကိုကြီး မင်္ဂလာပါ၊ အင်း... ကျွန်မတို့ ထပ်ဆုံကြပြန်ပြီနော်၊ အစ်ကိုကြီးရဲ့ ဒဏ်ရာကော ဘယ် လိုနေသေးလဲဟင်"
ရှန်ထျန်းအောက်က တောကြက်များနှင့် ကြက်သွန်မြိတ်များကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူမဆီသို့ လျှောက်လာသည်။
မုတ်ဆိတ်မွေးအပြည့်နှင့် အမျိုးသား၏ကြမ်းကြုတ်သော မျက်နှာက အနည်းငယ် ခြိမ်းခြောက်နေသလိုရှိသဖြင့် ကမ်းချန်ချန် တိုက်ကျစ်နျန် နောက်တွင် အမြန်ပုန်းလိုက်သည်။ တိုက်ကျစ်နျန်က မတ်တပ်ရပ်ကာ သူ့ကို တားဆီးရန် လက်တစ်ဖက် ဆန့်ထုတ်လာသည်။
"အစ်ကိုကြီး"
ရှန်ထျန်းအောက်က "ဒုတိယညီ... ဖယ်စမ်း၊ ဒီခွေးမကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်"
[ဟွန်း... ရိုင်းစိုင်းလိုက်တာ]
ကမ်းချန်ချန်က တိုက်ကျစ်နျန်နောက်ကွယ်မှ ချောင်းကြည့်ကာ ရိုးသားဟန်ဖြင့် ပြောသည်။
"အစ်ကိုကြီး... ကျွန်မတို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေတာ သေချာတယ်၊ ကျွန်မ ရှင့်ကို သစ္စာမဖောက်ခဲ့ပါဘူးလို့ ကျိန်ရဲပါတယ်၊ ပြီးတော့ ဟွမ်ရိကျူး အဖမ်းခံရတာကလည်း ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မက အဲ့သူရဲကောင်းကြီးကိုလေးစားတာပါ၊ သူ အဖမ်းခံလိုက်ရတာ တကယ် နှမြောစရာပါပဲ"
ရှန်ထျန်းအောက်က စူးရဲစွာ ကြည့်ကာ "ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့"
"အိုး..."
ကမ်းချန်ချန် "ဟွမ်ရိကျူးရဲ့ အစ်ကိုကြီး... ကျွန်မက အခု အစ်ကိုကြီးတို့ရဲ့ဓားစာခံလေ၊ ကျွန်မကို မသတ်ပါနဲ့၊ ကျွန်မက တော်တော်လေး အသုံးဝင်ပါတယ်"
ရှန်ထျန်းအောက် စူးရဲစွာ ကြည့်ကာ ပြောသည်။
"ဘာ"
တိုက်ကျစ်နျန် "ဟုတ်တယ်၊ သူ့ကို အသုံးချပြီး ယင်ကျန်းကို မျှားခေါ်မယ်၊ ပြီးရင် ငါတို့ရဲ့ တတိယညီနဲ့ လဲလှယ်ဖို့ ငါ စီစဉ်ထားတာ"
တိုက်ကျစ်နျန် အစီအစဉ်ကို နားလည်သွားသောအခါ ရှန်ထျန်းအောက်က ပြောသည်။
"ဒါဆိုလည်း သူ ထွက်မပြေးနိုင်အောင် ခြေထောက် တစ်ဖက်ကို အရင် ရိုက်ချိုးပစ်မယ်"
ကမ်းချန်ချန်မှာ သွေးများပင် အေးခဲသွားသလို ခံစားလိုက်ရသည်။
"အစ်ကိုကြီး ကျွန်မကို အရိုးထဲကနေ နာကြည်းမုန်းတီးနေရင်တောင် ဒုတိယအစ်ကို့မျက်နှာကို ထောက်ပြီး ကျွန်မကို အခွင့်အရေး တစ်ခုတော့ ပေးသင့်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မက သူ့ရဲ့တပည့် ဖြစ်နေပြီလေ"
ရှန်ထျန်းအောက်က တိုက်ကျစ်နျန်ကို နားမလည်နိုင်စွာဖြင့် ကြည့်လာသည်။
"လျှောက်မပြောနဲ့"
တိုက်ကျစ်နျန် ကပြောလာသည်။
"အစ်ကိုကြီး... သူက ကောင်မလေး တစ်ယောက် သက်သက်ပါ"
ကမ်းချန်ချန် ပခုံးတွန့်ပြကာ "ကျွန်မမှာ ထူးခြားတဲ့ ပါရမီရှိတယ်၊ ပြီးတော့ ကျွန်မတို့က ရေစက်ဆုံဖို့ ဖန်လာတာလေ၊ အခုမဟုတ်ရင်တောင် နောက်ကျရင် ကျွန်မကို တပည့်အဖြစ် လက်ခံရမှာပါပဲ"
ထို့နောက် သူမက အခြားတစ်ဖက်သို့ ပြေးသွားပြီးတော ကြက်များကို ယူသည်။
"ကျွန်မ ကြက်သားစွပ်ပြုတ် ချက်တတ်ပါတယ်၊ ဒီခြေ ထောက်တွေက အသုံးဝင်သေးတယ်"
ထိုသို့ပြောပြီးနောက် သူမက ရေနွေးတည်ရန်နှင့် ကြက်မွေးနှုတ်ရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည်။ အိမ်ထဲတွင်တော့ တိုက်ကျစ်နျန်နှင့် ရှန်ထျန်းအောက်တို့ ကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည်။
တစ်နာရီခန့် အလုပ်လုပ်ပြီးနောက် ကမ်းချန်ချန်က အစားအ သောက်များကို စားပွဲပေါ်သို့ ယူလာသည်။
"စားကြပါဦး... ကျွန်မရဲ့ သူရဲကောင်းကြီး နှစ်ယောက်"
သူမက အစေခံမလေး တစ်ယောက်လို သူတို့ကို အလုပ်အ ကျွေးပြုရန် ဘေးတွင်ရပ်နေသည်။ တိုက်ကျစ်နျန်က မျက်ခုံးပင့်ကာ မေးသည်။
"မင်းက ဘာလို့ ဝင်မထိုင်ဘဲ မစားတာလဲ၊ ဒီထဲကို တစ်ခုခုများ ထည့်ထားလို့လား"
ကမ်းချန်ချန်က ရိုကျိုးစွာ ခေါင်းငုံ့လျက် "ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ၊ ကျွန်မက အကျဉ်းသား တစ်ယောက်ပဲလေ၊ ရှင်တို့က ကျွန်မကို ဒဏ်ရာမရအောင် ထားပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ၊ အစားအသောက်ကို ဘယ်လိုလုပ် တောင်းရဲမှာလဲ"
ထိုသို့ပြောပြီးနောက် သူမ မျက်လုံးများ နီရဲနေပြီဖြစ်ကာ သူတို့နှစ်ယောက်ကို ကျောခိုင်းလျက် သူမ မျက်ရည်များကို သုတ်သည်။
[ငါလေး ဘုရားကျောင်းကို မလာခဲ့သင့်ဘူး၊ ငါရဲ့ ကံကိုက အမြဲတမ်း ဆိုးနေတာပဲ၊ စံအိမ်ကနေ ထွက်လာတာနဲ့ ပြဿနာတွေက အမြဲတမ်း ဝင်ဝင်လာတယ်၊ ပြီးတော့ ယင်ကျန်းကိုပါ အမူပတ်သွားသေးတယ်]
[ယင်ကျန်း မလာဖို့ကိုပဲ မျှော်လင့်မိတယ်၊ ငါ့ကြောင့် သူ တစ်ခုခုများ ဖြစ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ]
ရှန်ထျန်းအောက်က လည်ချောင်းဟန့်ကာ "စိတ်မပူပါနဲ့၊ ထိုင်ပြီး စားပါ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လောက်တဲ့အထိ ငါက အောက်တန်းမကျပါဘူး"
ကမ်းချန်ချန် သက်ပြင်းတစ်ချက်ချလိုက်ပြီး အမြန်ဝင်ထိုင်ကာ ကြက်သားတစ်တုံးကိုယူ၍ ထမင်းနှင့်အတူ မြိန်ယှက်စွာ စတင်စားသောက်တော့သည်။
သူမ ဟင်းချက်လက်ရာက ထူးထူးခြားခြား အရသာရှိလှသည် မဟုတ်သော်လည်း ဝူကော်ကော်၏ဟင်းချက်လက်ရာနှင့် ယှဉ်လိုက်ပါက အမှန်ကို နတ်သုဒ္ဓါပင်။
စားသောက်ပြီးနောက် ကမ်းချန်ချန် စားပွဲကို ရှင်းလင်းကာ ပန်းကန်များ ဆေးကြောရန် တာ၀န်ယူသည်။
သူမ ပင်မခန်းမဆောင်သို့ ပြန်ရောက်သောအခါ ရှန်ထျန်းအောက်မှာ ထွက်သွားနှင့်ပြီ ဖြစ်သည်။ တိုက်ကျစ်နျန်က အတွင်းဘက်အကျဆုံးအခန်းကို လက်ညှိုးထိုးပြကာပြောသည်။
"သွားပြီး ခဏလောက် နားလိုက်ဦး ဒီနေရာက တောင်တွေ ဝိုင်းရံထားတာဆိုတော့ ထွက်ပြေးဖို့ တွေးတောင်မတွေးနဲ့"
ကမ်းချန်ချန် ရိုးသားစွာဖြင့် "ကျွန်မ မပြေးရဲပါဘူး"
အခန်းထဲသို့ရောက်သောအခါ သူမ ခြေထောက်များတုန်ယင် နေဆဲဖြစ်ပြီး လက်နှစ်ဖက်ကြားတွင် ခေါင်းကို ဝှက်ကာ တိတ်တဆိတ် ငိုကြွေးနေမိသည်။
"ဘယ်လိုလုပ်ရပါ့မလဲ"