အခန်း ၁၃၁
Vol. 14 Ch. 131
🌻 Chapter 131
ခဏအကြာတွင် ဟွာယွီ ပြန်ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
"လီစဲဖူက အရှေ့ဘက် ဥယျာဉ်ထဲမှာ ပေါက်စီစားပြိုင်ပွဲ လုပ်နေတယ်၊ စဲဖူ သွားကြည့်ချင်လားဟင်"
ယွင်ကျွမ်း အံ့အားသင့်စွာဖြင့် "အဲဒီလို ပြိုင်ပွဲမျိုး ရှိလို့လား"
ကမ်းချန်ချန် နှုတ်ခမ်းစူကာ ပြောလာသည်။
"သူက ဘာလို့ ဒါကို စဉ်းစားမိရတာလဲ၊ သူ့မိသားစုက ပေါက်စီရောင်းတဲ့ အလုပ်ကို ပြောင်းလုပ်တော့မလို့လား"
ဟွာယွီ "မဟုတ်ပါဘူး၊ ဒီရက်ပိုင်း စံအိမ်ထဲမှာ တော်တော်လေး ပျင်းစရာကောင်းနေလို့ ပျော်စရာတစ်ခုခု ရှာချင်တာလို့ လီစဲဖူက ပြောပါတယ်၊ ဒီပြိုင်ပွဲရဲ့ ဆုကြေးက ငွေစနှစ်ဆယ်တဲ့"
ဟုတ်ပါသည်။ သူမ၏ တတိယအဆင့် အစေခံများက ယခင်က တစ်လလျှင် ကြေးပြား ၅၀၀ ရရှိခဲ့သော်လည်း အခု သူမက စဲဖူအဖြစ် ရာထူးတိုးသွားသဖြင့် သူတို့၏ လုပ်အားခများက တစ်လလျှင် ကြေးပြားတစ်ကုံးအထိ တိုးလာခဲ့သည်။ ဆိုလိုသည်မှာ ၎င်းသည် သူတို့ အလုပ်ချိန် လ ၂၀ စာနှင့် ညီမျှနေခြင်းဖြစ်သည်။
ကမ်းချန်ချန် "သူမက တော်တော်လေး လက်ဖွာတာပဲ၊ သွားချင်တဲ့သူ အရင်သွားနှင့်ကြ၊ ငါ စားပြီးရင် အစာကြေအောင် လာကြည့်ဦးမယ်"
ယွင်ရှုက မေးသည်။
"ဟွာစန်း... နင် စာရင်းသွားသွင်းချင်လား"
ဟွာစန်း အပြင်ဘက်ကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းငုံ့ကာ ပြန်ဖြေသည်။
"ဟင့်အင်း... မဟုတ်ဘူး... ကျွန်မ ကြောက်တယ်"
ဟွာယွီ "နင်က ဘာကို ကြောက်နေတာလဲ၊ လာ... ငါ နင့်ကို စာရင်းသွားသွင်းပေးမယ်၊ ငါတို့ ဟွာစန်းရဲ့ အစာစားနိုင်စွမ်းနဲ့ဆိုရင် အဲဒီ အဘွားကြီးတွေကို မယှဉ်နိုင်စရာ အကြောင်းရှိလို့လား"
ကမ်းချန်ချန်လည်း ထမင်းစားပြီးနောက် ယွင်ကျွမ်းနှင့်အတူ သွားကြည့်ခဲ့ပြီး ယွင်ရှုကတော့ အိမ်စောင့်ရန်ကျန်ရစ်ခဲ့သည်။ ထိုနေရာတွင် လူများသုံးထပ်လောက် ဝိုင်းရံနေပြီး ရယ်မောသံများ လွှမ်းခြုံထားသည်။ ဗိုက်ပူကြီးဖြင့် လီစဲဖူက နောက်ဆုံးတွင် ထိုင်နေပြီး ယင်းလော့က သူမကို ယပ်ခတ်ပေးနေသည်။
သူမပတ်လည်ရှိ လူများက ပေါက်စီများကို ပါးစပ်ထဲ အတင်းထိုးထည့်နေကြပြီး တချို့ဆိုလျှင် စားရင်းနှင့်ပင် ပျို့အန်ချင်နေကြသည်။ ထိုသည်ကိုမြင်သောအခါ လီစဲဖူက အားရပါးရ ရယ်မောလေသည်။
[ပေါက်စီတွေက တကယ်ပဲ အဲဒီလောက် ဆိုးနေတာလား ဒါမှမဟုတ် သူတို့က အတင်းစားနေကြလို့လား]
ကမ်းချန်ချန်က သံသယဖြင့် ကြည့်နေစဉ် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသည်။ အစာသွတ်ထားတာ အကုန် လုံးက အဆီတွေချည်းပဲ...
အဲဒီအဖြူရောင် စေးကပ်ကပ် အတုံးကြီးကို ကြည့်ရတာ လုံးဝစားချင်စရာ မကောင်းဘူး၊ လူတွေက ဘယ်လိုလုပ် စားနိုင်ကြတာလဲ...
သူမ အမြန် ဝေ့ကြည့်လိုက်ရာ ဟွာစန်းကို တွေ့လိုက်ရသည်။ သူမက တစ်ကိုက်ကြီး ကိုက်လိုက်ပြီးနောက် ချက်ချင်း ပြန်ထွေးထုတ်သည်။
"ဝေါ့"
"အများဆုံး စားနိုင်တဲ့သူက ဆုရမှာနော်၊ အမွှေးတိုင် တစ်တိုင်စာ အချိန်ပဲ ကျန်တော့တယ်၊ အားလုံး ကြိုးစားကြ"
သို့သော် လူအများစုမှာ နှစ်လုံး သုံးလုံးခန့်သာစားပြီး ထွက်သွားကြကာ တချို့က ငါးလုံး ခြောက်လုံးခန့်သာ စားနိုင်ကြသည်။ ဟွာစန်းက ပေါက်စီများ မကောင်းဘူးဟု ထင်သဖြင့် နှုတ်ခမ်းစူကာ ထွက်လာသည်။
ယင်းလော့ "စဲဖူ... ဟိုအဘွားကြီးကို ကြည့်ပါဦး၊ အို... သူ့လည်ပင်းမှာ အဆီတွေ အပြည့်နဲ့၊ ဝက်တစ်ကောင်နဲ့ တူနေတာပဲ"
လီစဲဖူမှာ လဲကျမတတ် ရယ်မောနေသည်။
"ဟားဟားဟား... အရမ်းရယ်ရတာပဲ၊ နင့် အကြံကတော် တော်ကောင်းတာပဲ"
ဝူကော်ကော် ခေါင်းပြူထွက်လာပြီး အထင်သေးဟန်ဖြင့် ပြောသည်။
"ဒီပေါက်စီတွေက ငါ လုပ်တာလောက်တောင် မကောင်းဘူး၊ သူတို့တွေက တကယ်ကို အစားမရွေးတာပဲ"
[ဒါက အစားအစာကို ဖြုန်းတီးနေတာလား၊ ညှဉ်းပန်းနှိပ်စက်နေတာလား]
ကမ်းချန်ချန်မှာ ရောထွေးနေသော ခံစားချက်များဖြစ်ပေါ်နေပြီး ဝင်စွက်ဖက်ရန် အခွင့်အရေးမရှိမှန်းလည်း သိသည်။ ပြဿနာကို ရှောင်လွှဲရန် သူမ ခြံဝင်းထဲရှိ လူများနှင့်အတူ ထွက်သွားတော့မည့်ဆဲဆဲတွင် သူမအနောက်မှ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
"အား... ငါ့ဗိုက်"
"ဒုက္ခပါပဲ၊ လီစဲဖူ မီးဖွားတော့မယ်"
ကမ်းချန်ချန် ရပ်တန့်သွားပြီး သက်ပြင်းချကာ ဖူကျင်းထံ အကြောင်းကြားရန် လူလွှတ်သည်။ လီစဲဖူမှာ လမစေ့ဘဲ မီးဖွားခြင်းဖြစ်သည်။ ရှစ်လအရွယ် သူမ ဗိုက်မှာ အခြားသူများ ကိုးလအရွယ် ဗိုက်ထက်ပိုကြီးနေသည်။
သူမက နေ့လယ်ပိုင်းမှ ညနေပိုင်းအထိ နာကျင်မှုကို ကြံ့ကြံ့ခံနေရပြီး ယင်ကျန်းပြန်ရောက်လာသည့်အချိန်ထိ ကလေးက မမွေးသေးပေ။ အစပိုင်းက စူးရှကျယ်လောင်သော လီစဲဖူ အသံမှာလည်း အားနည်းသွားပြီ ဖြစ်သည်။
လက်သည်လေးဦးနှင့် သမားတော်နှစ်ဦးတို့အားလုံး မျက်မှောင်ကြုတ်နေကြသည်။
ကမ်းချန်ချန်နှင့် အခြားလူများက ဘေးအခန်းတွင် စောင့်နေကြပြီး သူတို့မျက်နှာများတွင် စိုးရိမ်ပူပန်မှု အမျိုးမျိုးကိုမြင်နေရသည်။
ယင်ကျန်း "ဘာဖြစ်တာလဲ၊ ကလေးက ပုံမှန် အနေအထားမှာ ရှိနေတာ မဟုတ်ဘူးလား၊ ငါ သွေးခုန်နှုန်း စမ်းကြည့်တိုင်း အဆင်ပြေနေတာပဲ"
ယင်းလော့နှင့် လီစဲဖူ ခြံဝင်းထဲမှ အခြားအစေခံများမှာ ဖြူရော်နေသော မျက်နှာများဖြင့် ဒူးထောက်နေကြသည်။ ဖူကျင်းက ပြောလာသည်။
"သူ ရယ်ရင်းနဲ့ တစ်ခုခုဖြစ်သွားတာ နေမှာပါ"
ယင်ကျန်း နားမလည်နိုင်စွာဖြင့် မေးသည်။
"ဘယ်လို"
ဝူကော်ကော် သူမ အပြုံးကို အတင်းထိန်းထားကာဖြေလေသည်။
"ဒီနေ့ နေ့လယ်က လီစဲဖူက ပေါက်စီစားပြိုင်ပွဲလုပ်ဖို့ အတင်း ပြောတယ်လေ၊ ပေါက်စီတွေထဲမှာ ဆားမပါတဲ့ အဆီတွေ ထည့်ထားတာ၊ ပေါက်စီစားနေရင်းနဲ့ တခြားလူတွေရဲ့ အရုပ်ဆိုးတဲ့ မျက်နှာတွေကို ကြည့်ပြီး သူက အရမ်းကိုပျော်ပျော်ကြီး ရယ်နေတာ၊ သေမလောက်ကို ရယ်နေတာပဲ"
[ဟူး... ခန့်မှန်းရ ခက်လိုက်တာ၊ ကိုယ်တိုင်မျက်စိနဲ့ မမြင်ရရင် ဘယ်သူက ယုံနိုင်မှာလဲ]
ယင်းလော့က ကပျာကယာ ဝင်ရှင်းပြသည်။
"အဲဒါက လီစဲဖူက ဒီရက်ပိုင်း ဘာမှမစားနိုင်လို့ပါ၊ သူက ဆားမပါတဲ့ အဆီတွေကိုပဲ စားချင်နေတာ၊ ဒါပေမဲ့ သူ့ဗိုက်က အရမ်းကြီးနေပြီဆိုတော့ ကျန်းမာရေးအတွက် စိတ်ပူလို့ ဒီပြိုင်ပွဲကို လုပ်လိုက်တာပါ၊ တခြားလူတွေ စားနေတာကို ကြည့်ရတာက သူ့ကို ကျေနပ်မှုတစ်ခုပေးစွမ်းနိုင်ပြီး သူ့ရဲ့ ခံတွင်းပျက်တာကို သက်သာစေလို့ပါ"
[ဟုတ်လို့လား၊ အဆီကိုစားချင်တာက ထူးဆန်းလိုက်တာ]
ယင်ကျန်းက တင်းမာသော မျက်နှာထားဖြင့် ခေါက်တုံ့ခေါက် ပြန် လမ်းလျှောက်နေသည်။
"သမားတော်ကျန်း... အားလုံးအဆင်ပြေပါ့မလား"
သမားတော်ကျန်း သက်ပြင်းချလာသည်။
"စဲဖူရဲ့ ဗိုက်က အစကတည်းက ကြီးနေတာ၊ ပြီးတော့ ဒီတစ်ခါက သူ အရမ်းရယ်လိုက်လို့ သီးသွားတော့ မီးဖွားချိန်မှာ ကလေးက ပြောင်းပြန်ဖြစ်သွားလို့ ပိုခက်ခဲသွားတာပါ၊ တကယ်လို့... ဒီညမှာ မမွေးရင်... အသက်ရှင်ဖို့ အခွင့်အလမ်း နည်းပါတယ်"
[သေချာတွေးကြည့်ရင် လီစဲဖူက မီးဖွားရင်းနဲ့ သေမသွားသင့်ပါဘူး၊ လိပ်ပြာအကျိုးသက်ရောက်မှုများ ဖြစ်နေမလား]
ကမ်းချန်ချန် ၀င်ပြောသည်။
"ရိုးရိုးမွေးဖို့ ခက်ခဲရင် ခွဲမွေးကြည့်လို့ မရဘူးလား"
[ဒီခေတ်က သမားတော်တွေက ခွဲမွေးတယ်ဆိုတာကိုရော နားလည်ပါ့မလား မသိဘူး]
ထိုမေးခွန်းက လူအားလုံးကို ထိတ်လန့်သွားစေသည်။ ဝူကော်ကော်က ချက်ချင်းပင် သူမကို စွပ်စွဲတော့သည်။
"ပုံမှန်ဆိုရင် မိခင်သေဆုံးသွားမှသာ ခွဲမွေးတာ မဟုတ်ဘူးလား၊ ရှင် တော်တော်အရဲစွန့်တာပဲ၊ လီစဲဖူကိုတောင် ကျိန်ဆဲရဲတယ်"
ကမ်းချန်ချန် ပြန်ဖြေသည်။
"အဲဒီလိုချည်းတော့ မဟုတ်ပါဘူး၊ တစ်ခါက ကြောင်တစ်ကောင်ကို ခွဲမွေးပေးတာ ကျွန်မ ကိုယ်တိုင်မြင်ဖူးတယ်၊ မိခင်ရော ကလေးပါ ဘေးကင်းကြတယ်"
[ပန်ဒါလို့ခေါ်တာက ငါ့ရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီလို့ ကြောင်လို့ပဲ ပြောလိုက်ရတာ]
ချန်ကော်ကော် ယဉ်ကျေးစွာဖြင့် ပြောသည်။
"ကြောင်က ကြောင်ပဲလေ၊ လူက လူလေ၊ လီစဲဖူကို ကြောင်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ၊ ဒါက တကယ်ကို မလေးမစား လုပ်တာပဲ"
ယင်ကျန်းက သမားတော်ကျန်းကို ကြည့်လိုက်ရာ သူက ခေါင်းခါပြသည်။
"ဒီနည်းလမ်းက အရမ်းအန္တရာယ်များတယ်၊ ရှေးဟောင်း စာအုပ်တွေထဲမှာတော့ မှတ်တမ်းတင်ထားတာ ရှိတယ်၊ ဒါပေမဲ့ ဘယ်သူမှ အောင်မြင်တယ်လို့ ကျွန်တော် မကြားဖူးဘူး"
ကမ်းချန်ချန် ခေါင်းညိတ်လာသည်။
"အောင်မြင်နိုင်ခြေက နည်းတာ အမှန်ပါပဲ၊ ကျွန်မ ပြောချင်တာက နောက်ဆုံး ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် စမ်းကြည့်လို့ရတယ်လို့ ပြောတာပါ၊ စတုတ္ထမင်းသား... ကျွန်မ သမားတော်ကျန်းနဲ့ နှစ်ယောက်တည်း စကားပြောလို့ ရမလား"
ယင်ကျန်း သဘောတူကြောင်း ခေါင်းညိတ်ပြလညသည်။ ဖူကျင်းက စိတ်ထဲမှ တွေးနေမိသည်။ ဒီ အသစ်ခန့်အပ်ခံရတဲ့ ကမ်းစဲဖူက သိပ်တော့ မပါးနပ်ဘူးပဲ၊ ဒီလိုအချိန်မျိုးမှာ စွမ်းရည်ပြဖို့ အရမ်းလောနေတယ်၊ တခြား ကိုယ်လုပ်တော်တွေရဲ့ထောက်ခံမှုကိုရဖို့ ကြိုးစားနေတာလား...
ချန်ကော်ကော်မှာ ဝမ်းသာသွားသည်။ တကယ်လို့ သူကသာ လီစဲဖူ သေဆုံးသွားစေမယ့် အစီအစဉ်တစ်ခုကို အကြံပေးလိုက်ရင် ပြဿနာ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာ မဟုတ်ဘူးလား...
စုန့်ကော်ကော်က ကမ်းချန်ချန်ကို စိုးရိမ်တကြီးကြည့်နေ သည်။ သူမမှာ ဆေးပညာ ဗဟုသုတရှိသည်ဟု ယခင်က တစ်ခါမှ မကြားဖူးပေ။ ကမ်းချန်ချန်က အခန်းထဲမှ ထွက်သွားပြီးနောက် ရှင်းပြသည်။
"ဒီနည်းလမ်းအတွက် အဓိကစိုးရိမ်ရတာက ပိုးမွှားဝင်ရောက်ကူးစက်တာပဲ၊ ဒီလို မလုပ်ခင်မှာ ကတ်ကြေးတွေ၊ ပတ်တီးစတွေနဲ့ တခြား ကိရိယာတွေကို ရေနွေးဆူဆူထဲမှာ အမွှေးတိုင် နှစ်တိုင်စာလောက် ကြာအောင် ပြုတ်ဖို့လိုတယ်၊ ပြီးတော့ အဆိပ်ကင်းတဲ့ အထူးလက်အိတ်တွေကိုလည်း ဝတ်ဆင်ဖို့ လိုတယ်"
ထို့နောက် သူမက အခန်းထဲ ပြန်ဝင်သွားပြီး ယွင်ကျွမ်းကို အမိန့်ပေးသည်။
"သွား... ငါ့အတွက် လက်အိတ်တွေနဲ့ အင်္ကျီဖြူ သွားယူခဲ့"
ယွင်ကျွမ်းက ကမ်းချန်ချန် လိုအပ်ချက်များအတိုင်း ပိုးသတ်ထားသော လက်အိတ်များနှင့် အင်္ကျီဖြူကိုပြုလုပ်ပေးသည်။ သမားတော်ကျန်းက ပိုးသတ်ရန် ပြုတ်သည့် အလုပ်မျိုးကို မလုပ်ဖူးသော်လည်း နားလည်နိုင်ပါသည်။ သို့သော် သူ အနားလည်နိုင်ဆုံးအရာရှိနေသည်။