အခန်း ၁၃၃
Vol. 14 Ch. 133
🌻 Chapter 133
နောက်တစ်နေ့တွင် ကမ်းချန်ချန်က လီစဲဖူထံသွားရောက် ကြည့်ရှုသည်။ လီစဲဖူ မျက်နှာအဆင်းနှင့် ကိုယ်လုံးမှာ ဆိုးရွားနေဆဲဖြစ်သည်။ တစ်ချိန်က တောက်ပခဲ့သော သူမ ရုပ်ဆင်းသွင်ပြင်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများအဖြစ် ပြောင်းလဲသွားသည်။ သူမ မျက်နှာမှာ ဖြူရော်နေပြီး တစ်ကိုယ်လုံးရှိ အသားအရေများ လျော့ရဲကာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် အဆီများ စုပုံနေသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်ခန့် ပိုအိုမင်းသွားသလိုပင်။
[သူမက ကလေးမွေးတိုင်း ဒီလိုပဲလား၊ မိန်းမတွေ အားလုံးက ကလေးမွေးပြီးပြီးချင်း ဒီလိုပဲ ခံစားရတာလား]
ကမ်းချန်ချန် စတင် စိုးရိမ်လာမိသည်။ ကရုဏာသက်နေသော သူမ မျက်လုံးများကို ကြည့်ရင်း လီစဲဖူက ယလင်ကဆိုလျှင် ဒေါသထွက်မိသလို မုန်းလည်းမုန်းနိုင်သော်လည်း ယခုအခါတွင်မူ သက်ပြင်းချလာသည်။
"သေရေးရှင်ရေး အကျပ်အတည်းကို ဖြတ်သန်းပြီးသွားမှပဲ ငါ မှားခဲ့တယ်ဆိုတာကို နောက်ဆုံးတော့ နားလည်သွားတယ်၊ နင်က ဒီလောက် သဘောကောင်းတဲ့သူမှန်း ငါ မသိခဲ့ဘူး"
ကမ်းချန်ချန် "ကျွန်မက လူကောင်းကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုယ်ကျင့်တရားနဲ့ မညီတာတွေကိုတော့ မလုပ်ချင်ဘူးလေ၊ သေးငယ်တဲ့ ကောင်းမှုလေးတွေလုပ်ရတာကို သဘောကျတယ်၊ အဲဒီနေ့က မီးဖွားခန်း အပြင်ဘက်ကနေ ရှင် ခက်ခက်ခဲခဲ မီးဖွားနေရတဲ့ အသံကိုကြားပြီး ကျွန်မ ရင်ကွဲမတတ် ခံစားခဲ့ရတယ်"
လီစဲဖူ ပွင့်ပွင့်လင်းလင်းပင် ပြောလာသည်။
"နင်က အရင်က ကလေးတစ်ခါမှ မမွေးဖူးတော့ အရမ်း ကြောက်သွားမှာပေါ့၊ တကယ်တော့ ကြောက်စရာမလိုပါဘူး၊ ကလေးမွေးတာက နာကျင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ လအနည်းငယ်ကြာလို့ ဒဏ်ရာတွေကျက်သွားရင် ကျေနပ်ပြည့်စုံမှု တစ်ခုကို ခံစားရလိမ့်မယ်၊ ရှည်လျားတဲ့ ညတွေမှာ စတုတ္ထမင်းသား မလာတဲ့အခါ ငါ့ကလေးက ငါ့ရဲ့ နှစ်သိမ့်မှုနဲ့ ပျော်ရွှင်မှုပဲ"
ကမ်းချန်ချန် တီးတိုး ပြောလိုက်သည်။
"သားသမီးနဲ့ မိခင်ကြားက ချစ်ခြင်းမေတ္တာက တကယ်ကို လူသားတွေရဲ့အဖိုးတန်ဆုံး စိတ်ခံစားမှုပါပဲ"
ကလေးလေးက သူတို့ဘေးတွင် အိပ်ပျော်နေသည်။မွေးကင်းစကလေးလေးက အရမ်းကြီး ချစ်စရာမကောင်းလှဘဲ အသားအရေမှာ နီရဲနေသည်။ သို့သော် လီစဲဖူက ချစ်ခင်ယုယသော မျက်နှာထားဖြင့် ပြောသည်။
"ဒီကလေးက အချိန်ကိုက်လေး ရောက်လာတာပဲ၊ စတုတ္ထမင်းသားက သူ့ကို အချိန်ကိုက်မွေးဖွားလာတယ်လို့ မျှော်လင့်တဲ့အနေနဲ့ ဟုန်ရှီလို့ နာမည်ပေးထားတယ်"
[အချိန်ကိုက် မွေးဖွားတယ် ဟုတ်လား]
[ဟူး... သူက တော်ဝင်မျိုးနွယ်ကနေ ရုပ်သိမ်းခံရပြီး အဋ္ဌမမင်းသားရဲ့သားအဖြစ် ပေးအပ်ခံခဲ့ရတဲ့ လူဆိုးလေး မဟုတ်ဘူးလား]
[ကံကောင်းလို့ သူက ဘေးကင်းကင်း ကြီးပြင်းလာခဲ့တာပဲ၊ တော်ဝင်မိသားစုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတဲ့ တခြားမင်းသားတွေထက်တော့ ပိုကောင်းပါတယ်]
[ဒါပေမဲ့ ဒီခေတ်မှာ ဆေးပညာက မဖွံ့ဖြိုးသေးဘူးလေ၊ ပြီးတော့ သာမန်ပြည်သူတွေရဲ့ကလေး သေဆုံးနှုန်းကလည်း မနိမ့်ဘူး]
ကမ်းချန်ချန်က ပြောသည်။
"ဒီကလေးကြည့်ရတာ အရမ်းကျန်းမာတဲ့ပုံပဲ၊ တောင့်တောင့်တင်းတင်းနဲ့ ပါးဖောင်းဖောင်းလေး"
[ဟူး... ယင်ကျန်း ဒီလောက်တောင် ဒေါသထွက်သွားအောင် နောက်ပိုင်းကျရင် ဟုန်ရှီက ဘာတွေများလုပ်ခဲ့လို့လဲ မသိဘူး]
တဲ့ဖေးကိုယ်လုပ်တော်ကြီး နန်းဆောင်တွင် ယင်ကျန်းက သူမနှင့်အတူ စစ်တုရင် ကစားနေသည်။ တဲ့ဖေးက ပြောလာသည်။
"မင်းမှာ နောက်ထပ် သားတစ်ယောက်ရလာပြန်ပြီပဲ၊ ဒီ အရုပ်ဆိုးတဲ့ အဘွားကြီးကို လာအဖော်လုပ်ပေးနေမယ့်အစား မင်းသားစံအိမ်မှာ သူ့အတွက် အချိန်ပိုပေးပါလား"
ယင်ကျန်း "မယ်တော်... နောက်နေပြန်ပြီ၊ မယ်တော်က နုပျိုလှပနေတုန်းပါပဲ၊ တကယ်လို့ မယ်တော်ကသာ အရုပ်ဆိုးတယ်ဆိုရင် သားတော်နဲ့ ဆယ့်လေးပါးမြောက် ညီတော်ကရော ရုပ်ဆိုးနေလို့လား"
ထိုအချိန်တွင် ဆယ့်လေးပါးမြောက် မင်းသားက အေးစက်သော မျက်နှာထားဖြင့် ဝင်လာသည်။
"စတုတ္ထအစ်ကိုတော်... ကျွန်တော့်ကွယ်ရာမှာ ဘာတွေ ပြောနေပြန်တာလဲ"
ယင်ကျန်း အမူအရာ ကင်းမဲ့စွာဖြင့် ဖြေသည်။
"မင်း ရုပ်ဆိုးတယ်လို့ ပြောနေတာ"
ဆယ့်လေးပါးမြောက် မင်းသားက ချက်ချင်းဒေါသတကြီး ပြန်အော်လေသည်။
"အစ်ကိုတော်"
တဲ့ဖေး မျက်မှောင်ကြုတ်သွားပြီး ဆူပူသည်။
"ကဲပါ... နင်တို့ ညီအစ်ကို နှစ်ယောက်ကတော့ တွေ့တာနဲ့ ရန်ဖြစ်တော့တာပဲ၊ ယင်ကျန်း... နင့်စကားတွေက အရမ်း ရိုင်းလွန်းတယ်၊ သူက သားရဲ့ ညီလေ၊ သူ့အကြောင်း ဘယ်လိုလုပ် အဲဒီလို ပြောရတာလဲ"
ယင်ကျန်း အလိုမကျစွာဖြင့် ပြောသည်။
"မယ်တော် ပြောတာ မှန်ပါတယ်"
ဆယ့်လေးပါးမြောက် မင်းသားက လှောင်ပြောင်လျက် "ပြီးခဲ့တဲ့ ရက်အနည်းငယ်က စတုတ္ထအစ်ကိုတော်က ဘုရားကျောင်းသွားမလို့ဆိုပြီး ညီလာခံကနေ ခွင့်ယူခဲ့တယ်၊ ဒါပေမဲ့ ဒီဘုရားသွားတာက အရမ်းကိုအပေါ်ယံဆန်ပြီး ဟန်ပြသက် သက်ပဲ၊ သူ ပြန်လာတော့ လမ်းပေါ်မှာ သူ့ကိုယ်လုပ်တော်နဲ့ မြင်းအတူတူစီးလာတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ"
တဲ့ဖေးလေသံတွင် မကျေနပ်မှုများ စွက်ဖက်လာသည်။
"ဘယ်ကိုယ်လုပ်တော်က အဲဒီလောက် ကျင့်ဝတ်စည်းကမ်း နားမလည်ရတာလဲ ဒါက တော်ဝင်မိသားစုကို အရှက်ခွဲတာ မဟုတ်ဘူးလား"
ယင်ကျန်း "မယ်တော်... သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊ သားတော်က တာဝန်တွေရှိလို့ မြန်မြန်ပြန်လာချင်လို့ပါ၊ အဲဒီလမ်းမှာ ဓားပြတွေ အများကြီး ရှိတယ်လေ၊ သူမ တစ်ယောက်တည်း လူထမ်းယာဉ်နဲ့ လာဖို့က ဘေးမကင်းလို့ပါ"
"ဆယ့်လေးပါးမြောက် ညီတော်... မင်းက တခြားလူတွေ ကွယ်ရာမှာ အတင်းအဖျင်းပြောနေမယ့်အစား မယ်တော် ချီပိုးဖို့အတွက် သားတွေ ပိုများများမွေးသင့်တယ်"
ဆယ့်လေးပါးမြောက် မင်းသားက အထင်သေးစွာဖြင့် ပြန်ပြောသည်။
"ကျွန်တော်က ကွယ်ရာမှာ အတင်းပြောနေတာ မဟုတ်ဘူး၊ အစ်ကိုတော့် မျက်နှာရှေ့မှာ ပြောနေတာ၊ ပြီးတော့ သားတွေရှိတယ်ဆိုတာက ဂုဏ်ယူစရာတစ်ခုရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါပေမယ့် အဲဒါက အစ်ကိုတော့် ကလေးမှ မဟုတ်တာ၊ ဘာလို့ ဂုဏ်ယူနေရတာလဲ"
တဲ့ဖေး ညီအစ်ကို နှစ်ယောက်စလုံးကို တစ်ချက်စီ ကြည့်ပြီးနောက် သူမ ပုတီးစေ့များကိုမြှောက်ကာ ပြောသည်။
"အော်မီတော်ဖော်... ငါ ခေါင်းရှုပ်သွားပြီ၊ နင်တို့ ကိစ္စတွေမှာ ငါ ဝင်မစွက်ဖက်နိုင်တော့ဘူး၊ မကြာသေးခင်ကမှ ကတိုးနံ့သာ စေ့အနီရောင် လက်ကောက်တချို့ ငါ ရထားတယ်၊ ယင်ကျန်း... ဒါတွေကို ယူသွားပြီး နင့်ခြံဝင်းထဲက မိန်းမတွေကို ပေးလိုက်ပါ"
ယင်ကျန်းမှာ အံ့အားသင့်သွားပြီး ပြန်ပြောသည်။
"ကျေးဇူးတင်ပါတယ် မယ်တော်၊ ဒါဆို သားတော် ပြန်ခွင့်ပြုပါဦး"
ထိုညနေတွင် ယင်ကျန်းက ကမ်းချန်ချန်ထံ ထပ်မံလာရောက်ခဲ့ရာ ကမ်းချန်ချန်မှာ အနည်းငယ် အနေရခက်နေသည်။ ကမ်းချန်ချန်က ညင်သာစွာ အကြံပြုသည်။
"အရှင်မင်းသား... လီစဲဖူက သေမလောက် ခက်ခက်ခဲခဲနဲ့ အခုမှ ကလေးမွေးထားတာလေ၊ သူ့ကို သွားပြီး အဖော်လုပ်ပေးပါလား"
ယင်ကျန်းက မေးသည်။
"မင်း သဝန်မတိုဘူးလား"
ကမ်းချန်ချန် "အရာရာတိုင်းမှာ ဖြစ်သင့်တယ်ဆိုတာ ရှိပါတယ်၊ သူလည်း အရှင့်ရဲ့ အမျိုးသမီးပဲလေ၊ ပြီးတော့ အရှင့် ကလေးကို အခုလေးတင် မွေးထားပေးတာ၊ ဒီကိစ္စအတွက် ကျွန်မ သ၀န်တိုနေမယ်ဆိုရင် ဘယ်လိုလူစားမျိုး ဖြစ်နေမလဲ"
ယင်ကျန်း မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
"ကိုယ်က သူ့ကို ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေမှာလဲ၊ ဒါပေမဲ့ ဖူအာက ကလေးမွေးပြီးကတည်းက လုံးဝအတွေ့မခံချင်ဘူး ဖြစ်နေတာ၊ အဲဒီလို ဖြစ်နေမှတော့ သူ့ဆန္ဒကို ကိုယ်ကဘယ် လိုလုပ် ဆန့်ကျင်ရမှာလဲ"
[ဪ ဒါကြောင့်ကိုး၊ ဟန်မင်းဆက်က ဝူဧကရာဇ်ကို သေခါနီးအချိန်မှာ မတွေ့ချင်ခဲ့တဲ့ သခင်မလီလိုမျိုးပေါ့၊ သူမရဲ့အိုမင်းရင့်ရော်နေတဲ့ပုံစံကို သူ့ကို မမြင်စေချင်လို့၊ ဒါမှ သူသေပြီးတဲ့နောက်မှာတောင် သူမကို အမှတ်ရနေအောင်လို့လေ၊ ပြောရမယ်ဆိုရင် လီစဲဖူက တချို့အချိန်တွေမှာ တော် တော်လေး ပါးနပ်တာပဲ]
ယင်ကျန်း "သူက ကိုယ့်ကို အထင်သေးနေတာပဲ၊ ကိုယ်တို့ သိလာတာ ဒီလောက်ကြာနေပြီကို၊ သူ့ရဲ့ ရုပ်ဆိုးတဲ့အခြမ်းကို မြင်ရုံနဲ့တင် သူ့ကို ရွံရှာသွားမယ်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကမ်းချန်ချန်က ပြန်ဖြေသည်။
"အဲဒီလိုချည်းတော့ မဟုတ်ပါဘူး"
ယင်ကျန်း သူမကို စူးရဲစွာ ကြည့်ကာ မေးသည်။
"မင်း ဘာပြောလိုက်တယ်"
ကမ်းချန်ချန် မျက်နှာကို ကပျာကယာအုပ်ပြီး ခေါင်းခါလျက် "ဘုရားရေ၊ ကျွန်မ အဲဒီလို မပြောပါဘူး"
"မင်း အဲဒီလို တွေးနေတာလေ၊ မင်း ပြောချင်တာက ငါ့ကို အဲဒီလိုလူလို့ မြင်နေတာပေါ့"
ယင်ကျန်း ထိုနေရာတွင် ထိုင်လျက် အလွန်မတရားခံရသလို ခံစားနေရသည်။
"စတုတ္ထမင်းသား... ကျွန်မ မှားသွားပါတယ်၊ ဒီနေ့ကစပြီး အရှင့်ကို နတ်ဘုရားတစ်ပါးလို ဆက်ဆံပါ့မယ်၊ ဟုတ်ပြီလား"
ကမ်းချန်ချန် တောင်းပန်သော်လည်း ယင်ကျန်းသည် သူမကို လျစ်လျူရှုကာ ဆက်လက် ကောက်နေဆဲဖြစ်သည်။
ကမ်းချန်ချန် သက်ပြင်းချမိပြီး လည်ချောင်းခြောက်နေသဖြင့် အောက်ဆင်းကာ လက်ဖက်ရည် တစ်ခွက်သောက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ အလောင်းကောင် တစ်ကောင်အလား ပြန်လှဲချကာ သီချင်းလေး တစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုသည်။
ယင်ကျန်း အကြည့်က သူမ၏ ပေါ်နေသော ခြေသလုံးများပေါ်သို့ ကျရောက်သွားသည်။
"ဒီရက်ပိုင်းအတွင်း မင်း ခြေသလုံးတွေက တော်တော်လေး တောင့်တင်းလာတာပဲ၊ ဘာဖြစ်လို့လဲ"
ကမ်းချန်ချန်က ပြောသည်။
"ကျွန်မ ပြောပြလိုက်ရင် အရှင် ဒေါသထွက်မှာ စိုးတယ်၊ အရင်ဆုံး ကျွန်မ အသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးရမယ်"
"ကောင်းပြီ၊ ကိုယ် မင်းကို ချမ်းသာပေးမယ်"
ကမ်းချန်ချန်က ပါးစပ်ဟလိုက်သော်လည်း ရပ်သွားသည်။
[အရှင် ကျွန်မကို ချမ်းသာပေးမယ်ဆိုရင်တောင် ကျွန်မ မပြောရဲသေးဘူး]
ယင်ကျန်း စမ်းသပ်သည့်အနေဖြင့် မေးသည်။
"မင်းက ဟို သူပုန်တွေနဲ့..."
သူ ဆက်မပြောတော့ပေ။ ထိုအကြောင်းကို တွေးဖို့တောင် ကြောက်နေပုံရသည်။
တကယ်တော့ သူ ဒီစိုးရိမ်ပူပန်မှုကို လွန်ခဲ့တဲ့ ရက်အနည်း ငယ်ကတည်းက ရင်ထဲမှာ သိမ်းထားခဲ့တာ ဖြစ်ပေမယ့် ဘယ်လို ဖွင့်ပြောရမှန်း မသိဖြစ်နေခဲ့တာ၊ သံသယဝင်ခြင်းက အဆိုးဆုံးအရာပင်။ သူ ဖွင့်ပြောလိုက်လျှင်လည်း သူ့နှလုံးသား နာကျင်ရလိမ့်မည်။
သို့သော် ကမ်းချန်ချန်က သူ့ ဆိုလိုရင်းကို နားလည်သွားပြီးဖြစ်သည်။ သူမ နားမလည်ချင်ပေ။ ယခုအချိန်တွင် သူမမှာ သမင်လေး တစ်ကောင်အလား ဒေါသထွက်သွားရသည်။
"ရုတ်တရက်ကြီး အဲဒီလိုကိစ္စမျိုးကို အရှင်က ဘယ်လိုလုပ် တွေးနိုင်ရတာလဲ"
ယင်ကျန်း လက်သီးကို ဆုပ်ထားပြီး မနေနိုင်တော့ဘဲ ပြန်ပြောသည်။
"နှစ်ရက်နဲ့ နှစ်ညတောင်လေ၊ မင်းက... အတင်းအကျပ်ခံခဲ့ရတယ် ဆိုရင်တောင် ကိုယ့်ကို အမှန်အတိုင်း ပြောပြသရွေ့ အပြစ်မယူပါဘူး"