← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

🌻 Chapter 136

[ဘယ်သူက ပြောတာလဲ၊ ဟင့်အင်း၊ ကျွန်မ မကြိုက်ပါဘူး၊ ရပ်...ရပ်တော့လို့]

[ကျွန်မ အရှင့်ကို အနိုင်ယူဖို့ နီးစပ်နေပြီကို၊ အရှင်က အရှင့်ရဲ့ ယောကျ်ားပီသတဲ့ အလှအပကို သုံးပြီး ကျွန်မရဲ့ သိုင်းကျင့် ကြံတဲ့ နှလုံးသားကို အာရုံလွဲအောင် လုပ်ခဲ့တာပဲ၊ အရှင် အရမ်းလူလည်ကျတယ်]

ယင်ကျန်းက ပြောလေသည်။

"မင်း ကိုယ့်ကို ဘယ်လိုမှ နိုင်မှာမဟုတ်ပါဘူး"

ကမ်းချန်ချန် မေးစေ့ကို မော့ကာ ‌ပြန်ပြောသည်။

"တကယ်လို့ ကျွန်မ ရှင့်ကို တကယ်ပဲ လှဲချနိုင်ခဲ့ရင်ကော"

ယင်ကျန်း "ကောင်းပြီလေ၊ ဒီလိုလုပ်၊ တကယ်လို့ မင်း တစ်လအတွင်း ကိုယ့်ကို တစ်ကြိမ်လောက် လှဲချနိုင်ခဲ့ရင် မင်းရဲ့ တောင်းဆိုချက်တစ်ခုကို ကိုယ် ဖြည့်ဆည်းပေးမယ်"

လေပြေတစ်သိုက် တိုက်ခတ်လာပြီး ပိုးသားကဲ့သို့ နက်မှောင်လှသော သူမ ဆံကေသာကို လွင့်လူးသွားစေသည်။

ကမ်းချန်ချန် "ရှင် ကတိတည်ရမယ်နော်"

အလင်းရောင်အောက်တွင် ယင်ကျန်းက ပြုံးလျက်ပြော သည်။

"ကိုယ် ကတိမဖျက်ပါဘူး"

ကမ်းချန်ချန်က သူမ အားလပ်ချိန်များတွင် ဟွာစန်းနှင့်အတူ လေ့ကျင့်လျှင် ယင်ကျန်းကို တိတ်တဆိတ် အံ့အားသင့်သွားစေမည်ဟု တွေးထားခဲ့သည်။

ဟွာစန်းမှာ အနည်းငယ် ရိုးအသော်ငြား သူမ တုံ့ပြန်မှုအမြန်နှုန်းမှာ အလွန်လျင်မြန်ပြီး ခွန်အားလည်း အလွန်ကြီးမားကာ လုံးဝအလျှော့မပေးတတ်သဖြင့် ကမ်းချန်ချန် ကျောကို နာကျင်စေခဲ့သည်။

"ရပ်တော့၊ နင်နဲ့ ဆက်မကျင့်တော့ဘူး၊ အိုးဘုရားရေ... စတုတ္ထမင်းသားနဲ့ နေရတာထက်တောင် ပိုပင်ပန်းသေးတယ်"

ဟွာစန်း သူမကို တွဲထူပေးကာ တောင်းပန်စွာ ပြောလာသည်။

"ကျွန်မ မှားသွားပါတယ်... တောင်းပန်ပါတယ်..."

ကမ်းချန်ချန်က စိုးရိမ်တကြီးဖြစ်နေသော သူမပုံစံကို ကြည့်ကာ သက်ပြင်းချမိသည်။

[ဒီကောင်မလေးက စကားပြောရတာတောင် ဒီလောက်ခက် ခဲနေတာ၊ သူမ တစ်သက်လုံး ဒီအတိုင်းပဲ ဖြစ်နေတော့မှာလား]

ဟွာစန်းမှာ အိမ်တော်၌ မွေးဖွားလာသော အစေခံတစ်ဦးဖြစ်ပြီး မွေးရာပါ ရိုးအလေသည်။ သမားတော်ကျန်း သူမကို ယခင်က စမ်းသပ်ကြည့်ဖူးပြီး ခေါင်းရမ်းခဲ့ရသည်။

ဟွာစန်း မိဘများမှာ မောင်နှမဝမ်းကွဲများဖြစ်ကြပြီး ဟွာစန်းမိခင်ဘက်မှ မိဘများမှာလည်း မောင်နှမဝမ်းကွဲများ ဖြစ်ကြကြောင်း ဟွာယွီ ပြောပြသည်ကို ကြားလိုက်ရမှသာ ကမ်းချန်ချန် သဘောပေါက်သွားမိသည်။

[ဟူး... ဒီလို မျိုးရိုးဗီဇ ရောဂါမျိုးက ခေတ်သစ် ဆေးပညာနဲ့တောင် ကုသဖို့ ခက်ခဲတယ်]

သူတို့နှစ်ယောက် အိမ်ငယ်လေးသို့ ပြန်လာကာ အဝတ်အစား တစ်စုံလဲလှယ်ပြီးနောက် ကိတ်မုန့်များကိုစားကြသည်။ ကံကောင်းထောက်မစွာဖြင့် ဟွာစန်းမှာ အစားအသောက်များကို မြင်သည်နှင့် တစ်ပြိုင်နက် ကလေးတစ်ယောက်ပမာ အပြစ်ကင်းစင်စွာဖြင့် ပျော်ရွှင်မြူးထူးသွားရသည်။

ဟွာယွီက ပြုံးလျက် ပြောလေသည်။

"ဟွာစန်းက တခြားအလုပ်တွေ လုပ်တဲ့အခါ နည်းနည်းနှေးကွေးပေမယ့် သိုင်းပညာနဲ့ ပတ်သက်လာရင် ဝူကော်ကော်ထက်တောင် ပိုပြီးသွက်လက်သေးတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က နှင်းလုံးလေးကို ဝူကော်ကော်က အကွက်ဆင်တုန်းက သူမရဲ့ ကျွမ်းကျင်မှုက စဲဖူကို တကယ်ဂုဏ်ယူစေခဲ့တာလေ၊ အခု စဲဖူလည်း သိုင်းပညာ သင်ထားပြီဆိုတော့ ဝူကော်ကော်ကို နိုင်နိုင်မလား မသိဘူးနော်"

ထိုစကားကို ကြားသောအခါ ဝူကော်ကော်မှာ ပြဿနာရှာတတ်သူဖြစ်ကြောင်း ကမ်းချန်ချန် သတိရသွားသည်။ သူမက ကမ်းချန်ချန်ကို ရန်စသောအခါ ဝါဂွမ်းကို ရန်စရသကဲ့သို့ လီစဲ့ဖူကို ရန်စသောအခါ သံပြားကိုရန်စရသကဲ့သို့ ဖြစ်လေသည်။

ဝူကော်ကော်သည် လီစဲ့ဖူ ကလေးမွေး‌နေချိန် စွပ်ပြုတ်ယူ လာဖြင့် ယင်ကျန်းကို ဒေါသထွက်စေခဲ့ပြီးကတည်းက လီစဲ့ဖူထံမှ အထူးအာရုံစိုက်မှုကို ရရှိခဲ့သဖြင့် သူမ အခြေအနေမကောင်းလှဟု ဆိုကြသည်။

ကမ်းချန်ချန်က သူမ မေးစေ့ကို လက်ဖြင့်ထောက်ထားလျက် ပြောသည်။

"သူမ ပြဿနာမရှာရင် ငါတို့လည်း သူမကို သွားမရန်စဘူး၊ ကိုယ့်ဘာသာ ကိုယ်ပဲ နေကြမယ်"

ရက်အနည်းငယ်ကြာပြီးနောက် နေ့လယ်ခင်းတစ်ခုတွင် ကမ်းချန်ချန်သည် သူမခြေထောက်များ၌ သဲအိတ်များချည်ကာ ဥယျာဉ်ထဲတွင် ကိုယ်ဖော့ပညာကို လေ့ကျင့်နေသည်။ သူမ ကျောက်တုံးကြီးတစ်ခုပေါ်တွင် အနားယူနေစဉ် လူနှစ်ယောက် စကားပြောနေသံကို ကြားလိုက်ရသည်။

ယန်လင်းက စိုးရိမ်တကြီးဖြင့် မေးလေသည်။

"ကော်ကော်... ဒီလိုလုပ်ဖို့ တကယ် လိုအပ်လို့လား"

ဝူကော်ကော် မခံချင်စိတ်ဖြင့် ပြောသည်။

"ငါ ဒီမှာ ခဏတောင် ဆက်မနေနိုင်တော့ဘူး၊ ဟိုလီစဲ့ဖူက စဲ့ဖူဆိုတဲ့ အဆင့်အတန်းကို အားကိုးပြီး ငါ့ကို တမင်ညှဉ်းပန်းနေတာ၊ သူမက တကယ်ပဲ ငါ့ကို သူမအခန်းထဲမှာ ငှက်သိုက်နဲ့ ဘဲစွပ်ပြုတ်ကို လဝက်လောက် ဆက်တိုက်ချက်ခိုင်းခဲ့တာ၊ တကယ့်ကို ဆိုးရွားလွန်းတယ်၊ အဲဒီ ဘဲမွှေးနံ့ကို တွေးမိတာနဲ့တင် ငါ ရွံလွန်းလို့အန်ချင်လာပြီ၊ အဲဒါတွေကို နှုတ်ရလွန်းလို့ ငါ့လက်သည်းတွေလည်း ပျက်စီးကုန်ပြီ"

ယန်လင်းက ပြောသည်။

"ကော်ကော် ဘယ်လောက် ခံစားနေရလဲဆိုတာ ဒီအစေခံ သိပါတယ်၊ အဲဒီ ဘဲစွပ်ပြုတ်ကို ကော်ကော်အစား ကျွန်မကိုယ် တိုင် ချက်ပေးချင်ပေမယ့် စတုတ္ထမင်းသားရဲ့အာဏာကြောင့် ကျွန်မတို့ ကာကွယ်ရေးအဖွဲ့အစည်းက ဘယ်လိုလုပ်ရဲပါ့မလဲ"

ဝူကော်ကော် အသံမှာ ပိုကျယ်လောင်လာကာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။

"သူ့အကြောင်း မပြောနဲ့၊ စတုတ္ထမင်းသားရဲ့အပြုအမူက ငါ့ကိုပိုပြီး စိတ်ပျက်အားငယ်စေတယ်၊ သူက ငါပထမဆုံးတွေ့ခဲ့ဖူးတဲ့ နူးညံ့ကြင်နာတတ်တဲ့ ယောက်ျားမျိုး မဟုတ်တော့ဘူး၊ ငါလည်း သဘောပေါက်သွားပြီ၊ လောကကြီးမှာ ချော မောတဲ့ ယောက်ျားတွေ မရေမတွက်နိုင်အောင် ရှိနေတာပဲ၊ ငါ့လို သူရဲကောင်းမလေးက ဘာလို့ သစ်ပင်တစ်ပင်တည်းမှာ ကြိုးဆွဲချသေရမှာလဲ"

ယန်လင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ပြောသည်။

"ရှူး... ကော်ကော်၊ ကျွန်မတို့ အခန်းပြန်မှပဲ ပြောကြတာပေါ့"

ဝူကော်ကော် "ငါ မပြန်ဘူး၊ ခြံဝင်းထဲမှာ ငါ့ကို သစ္စာဖောက်မယ့် သစ္စာဖောက်တစ်ယောက် ရှိနေတယ်လို့ ငါ အမြဲ ခံစားနေရတယ်၊ ဒါပေမဲ့..."

ဤဝူကော်ကော်မှာ အနည်းငယ် ပိုပါးနပ်သော်ငြား သိပ်တော့မထူးခြားလှပေ။

[ခြံဝင်းထဲမှာ သစ္စာဖောက် ရှိနေတယ်ဆိုရင် ဥယျာဉ်ထဲက ကျောက်တောင်တုနောက်မှာ ခိုးနားထောင်နေတဲ့သူ ရှိမနေနိုင်ဘူးလား]

[ဒါပေမဲ့ သူမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ စတုတ္ထမင်း သားရဲ့ စံအိမ်ကနေ ထွက်ပြေးမလို့လား၊ ဘယ်လိုနည်းနဲ့လဲ]

[တကယ်လို့ သူမ အောင်မြင်သွားရင်တော့ ငါ သူမဆီကနေ သင်ယူရမယ်]

ကမ်းချန်ချန် နားထောင်လို့ပင် မဝသေးခင် တစ်စုံတစ် ယောက်က သူမကို အပေါ်စီးမှ စိုက်ကြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ မော့ကြည့်လိုက်ရာ စူးရှလှသော ဝူကော်ကော် အကြည့်များနှင့် သွားဆုံသည်။

"အာ"

ကမ်းချန်ချန် ပါးစပ်ကို ပိတ်လိုက်ရသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေကြပြီး လေထုမှာ အနေရခက်ဖွယ် ဖြစ်နေသည်။ ဝူကော်ကော်က မျက်လုံးပြူးကျယ်စွာဖြင့် သူမကို စူးရဲစွာ စိုက်ကြည့်နေသည်။

"ကမ်းချန်ချန်... နင် ဒီမှာ ဘာလုပ်နေတာလဲ၊ ငါ့ စကားတွေကို ခိုးနားထောင်နေတာလား"

ကမ်းချန်ချန်လည်း နားမလည်နိုင်ဖြစ်ကာ မေးသည်။

"နင်က ဘာလို့ ရုတ်တရက်ကြီး အပေါ်ရောက်လာတာလဲ"

ဝူကော်ကော် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြန်ဖြေသည်။

"သိုင်းပညာရှင်တစ်ယောက်က ဆယ်မိုင်ပတ်လည်အတွင်းမှာ တခြားလူတွေ ရှိမရှိဆိုတာ ခွဲခြားသိနိုင်တယ်၊ နင် မကြာသေးခင်ကမှ သိုင်းပညာ လေ့ကျင့်နေတယ်လို့ ကြားတယ်၊ ဘာလို့ ဒါလေးတောင် မသိရတာလဲ"

ကမ်းချန်ချန် "သိုင်းပညာ လေ့ကျင့်တာ ဟုတ်လား၊ ငါက အပျော်ရှာရုံသက်သက် သင်နေတာပါ၊ နင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

ဝူကော်ကော် အောက်သို့ပြန်ခုန်ချကာ သူမအနားသို့ ရောက် လာပြီး ယန်လင်းက ကျောက်တောင်တုမှနေ၍ ဝိုက်ပတ်ရောက်လာသည်။ ဝူကော်ကော်သည် ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ကာ ကမ်းချန်ချန်ထံသို့ ချိန်ရွယ်လေသည်။

"နင် ခုနက မကြားသင့်တာတွေကို ကြားသွားတယ်၊ နှုတ်ပိတ်တဲ့အနေနဲ့ နင့်ကို သတ်ပစ်ရမလားလို့ ငါ စဉ်းစားနေတာ"

[ငါတို့ နှစ်ယောက်လုံးက စဲ့ဖူတွေကို ဝူချီအာက လီစဲ့ဖူရဲ့ ညှဉ်းပန်းမှုကိုတော့ သည်းခံပြီး ငါ့ကိုကျတော့ မကြောက်တဲ့အပြင် ဓားမြှောင်နဲ့တောင် ခြိမ်းခြောက်ရဲသေးတယ်၊ ဟူး... ငါ့မှာ တကယ့်ကို ဂုဏ်သိက္ခာရော၊ အရှိန်အဝါဆိုတာရော လုံးဝမရှိတာပဲ]

သူမက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောသည်။

"ငါ့ကို သတ်တာက နင့်အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ်၊ နင်က ယင်ကျန်းအပေါ် စိတ်ပျက်နေပြီဆိုတော့ ငါ့ကို ရန်သူလို သဘောထားဖို့ အကြောင်းပြချက်ပိုတောင် မရှိသင့်ဘူး"

ဝူကော်ကော် သူမ ဓားမြှောင်ကို လှည့်ကစားကာ ဘေးတွင် ထိုင်လာသည်။

"အင်း... ငါ သူ့ကို မကြိုက်တော့တာ မှန်ပေမယ့် အဲဒါက နင့်ကို မုန်းတီးဖို့တော့ အဟန့်အတား မဖြစ်စေဘူးလေ ကမ်းချန်ချန်... နင်က ငါ့အတွက် တကယ့်ကို ရွံစရာကောင်းတယ်"

ကမ်းချန်ချန် မျက်လုံးလန်ပြလာပြီး စိတ်ထဲမှ တွေးနေသည်။

[ငါလည်း နင့်ကို ရွံတာပါပဲဟာ]

သို့သော် သူမ အသက်ရှင်သန်လိုစိတ်က အလွန်ပြင်းထန်နေသဖြင့် ပြန်ခုခံသည်။

"ငါ နင့်ကို ကူညီပေးနိုင်တယ်၊ နင် ငါ့ကို နှုတ်ပိတ်ချင်သေး တာလား၊ နင် ငါ့ကို နှုတ်ပိတ်မှာကို ကြောက်နေတာမျိုးတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့လိုလူ စံအိမ်ထဲကနေ ပျောက်သွားရင် သေချာပေါက် အာရုံစိုက်ခံရမှာပဲလေ၊ ပြီးတော့ ငါတို့ စံအိမ်ရဲ့ စုံစမ်းစစ်ဆေးမှု စွမ်းရည်က အမြဲတမ်း မြင့်မားနေတာ၊ အဲဒီအချိန်ကျရင် စတုတ္ထမင်းသားက ငါ့ကို ဘယ် လောက် အလိုလိုက်လဲဆိုတာနဲ့ ယှဉ်ကြည့်ရင် နင် သေရုံတင်မကဘူး နင့်ရဲ့ ကာကွယ်ရေး အဖွဲ့အစည်းပါ မျိုးဖြုတ်သတ် ဖြတ်ခံရမယ့် ဘေးဆိုးနဲ့ ကြုံရလိမ့်မယ်"

ဝူကော်ကော်က မေးသည်။

"ပြောစမ်းပါဦး၊ နင်က ငါ့ကို ဘယ်လို ကူညီပေးနိုင်မှာလဲ"

ကမ်းချန်ချန် "နင်က မနေချင်ဘူး၊ ငါကလည်း နင့်ကို မနေစေချင်ဘူးဆိုတော့ ငါတို့မှာ တူညီတဲ့ ပန်းတိုင်တစ်ခုရှိနေတယ်၊ ဒါပေမဲ့ နင့်မှာ အစီအစဉ်ရှိနေပြီးသားဆိုတာ သိသာတယ်၊ ဒါကြောင့် နင် ဘာလို့ ငါ့ကို မပြောပြရမှာလဲ၊ ငါက နင့်ကို အကြံဉာဏ်တွေ ပေးပြီး ကူညီပေးမယ်လေ၊ ငါက အရမ်းဉာဏ်ကြီးတဲ့သူ မဟုတ်ပေမယ့် အနည်းဆုံးတော့ နင့်ထက် အများကြီး သာတယ်"

ဝူကော်ကော် ပြန်ပြောသည်။

"နင်က ငါ့ကို တုံးတယ်လို့ ထင်နေတာလား၊ ငါသာ နင့်ကို ပြောပြရင် အဲဒါက နင့်အတွက် ငါ့ကို ချုပ်ကိုင်စရာ ဖြစ်သွားမှာပေါ့"

ကမ်းချန်ချန် ပြုံးလျက်ပင် "နင့်ရဲ့အစေခံကို ဟိုဘက်မှာ အရင်သွားစောင့်ခိုင်းလိုက်၊ ပြီးရင် ငါ ပြောပြမယ်"

All Chapters