← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

🌻 Chapter 137

ဝူကော်ကော် မျက်လုံးလှန်လိုက်ရာ ယန်လင်း ထွက်သွားလေသည်။ ကမ်းချန်ချန်က သူမနားနား ကပ်ကာ ခပ်တိုးတိုးလေးပြောသည်။

"စတုတ္ထမင်းသားနဲ့ ငါက အလောင်းအစားလုပ်ထားတာ ရှိတယ်၊ တကယ်လို့ ငါ တစ်လအတွင်း သူ့ကို တစ်ကြိမ်လောက်နိုင်ခဲ့ရင် ငါ့ရဲ့ တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးမယ်တဲ့"

ဤစကားကို ကြားသောအခါ ဝူကော်ကော်၏ နှလုံးသားထဲတွင် ခါးသီးမှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားလိုက်ရသည်။ သူမ နောက်ဆုံး မျှော်လင့်ချက်လေးပင်လျှင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားကာ လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားရသည်။

ကမ်းချန်ချန်က ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

"တကယ်လို့ နင်က ငါနဲ့အတူတူ လေ့ကျင့်ပေးပြီး သူ့ကိုအနိုင်ရအောင် ကူညီပေးနိုင်ရင် နင့်ကို လွှတ်ပေးဖို့အတွက် ယင်ကျန်းနဲ့ ငါ သဘောတူညီချက် လုပ်ပေးနိုင်တယ်၊ ဘယ်လိုသဘောရလဲ"

ဝူကော်ကော် သံသယဖြင့် မေးသည်။

"နင် ငါ့ကို လိမ်နေတာ မဟုတ်ပါဘူးနော်"

ကမ်းချန်ချန် "ငါ နင့်ကို လိမ်ခဲ့ရင်တောင် နင့်မှာ ဘာဆုံးရှုံးသွားမှာမို့လို့လဲ"

ဝူကော်ကော်က သူမ မူလအစီအစဉ်ကို တွေးမိသည်။ သူမ မိသားစုကို လုပ်ကြံသူများအဖြစ် ဟန်ဆောင်စေကာ သူမကို ပြန်ပေးဆွဲရန်ဖြစ်သည်။ သို့သော် မင်းသားစံအိမ်ရှိ အစောင့်များမှာ အထင်သေး၍ရသူများ မဟုတ်ဘဲ အလွယ်တကူ ပေါ်သွားနိုင်သဖြင့် သူမ တွန့်ဆုတ်နေဆဲပင်။

ကမ်းချန်ချန် အကြံပြုချက်က ပိုဖြစ်နိုင်ချေရှိပုံရသည်။ မည်သို့ပင်ဆိုစေကာမူ စတုတ္ထမင်းသားနှင့် စဲဖူတို့က သူမကို ငြီးငွေ့နေကြပြီဖြစ်ရာ သူမ မြန်မြန်ထွက်သွားရန် နည်းလမ်းမရှာပါက သူမ ကံကြမ္မာလည်း ကောင်းလှမည် မဟုတ်ချေ။ ထို့ကြောင့် ဝူကော်ကော်က သူမလက်ကို ဆုပ်ကိုင်လာသည်။

"လာ... အခုပဲ သွားလေ့ကျင့်ကြရအောင်"

ဝူကော်ကော်ကို လေ့ကျင့်ဖော်အဖြစ် ရရှိထားသဖြင့် ကမ်းချန်ချန် တိုးတက်မှုမှာ အတော်လေးလျင်မြန်လာသည်။ သို့သော် တစ်လမျှ ကြိုးစားရုံဖြင့် နှစ်နှစ်ဆယ်ရှိသော ယင်ကျန်း အတွေ့အကြုံကို ကျော်လွန်နိုင်မည်ဟု သူမ မယုံကြည်ခဲ့ပေ။

သူတို့နှစ်ဦး မြေကြီးပေါ်တွင် ချွေးသံရွှဲရွှဲဖြင့် လဲလျောင်းနေစဉ် ဝူကော်ကော်က အမောတကောဖြင့် ပြောသည်။

"မရတော့ဘူး၊ ငါ ဆက်မလုပ်နိုင်တော့ဘူး၊ ငါတို့နှစ်ယောက် ပေါင်းပြီးတိုက်ရင်တောင် သူ့ကို နိုင်မှာမဟုတ်ဘူး၊ လက် လျှော့လိုက်ပါတော့"

ကမ်းချန်ချန် "မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်နဲ့ လက်လျှော့နိုင်မှာလဲ"

ဝူကော်ကော် ရယ်မောလျက် ပြောသည်။

"နင်က ငါ့ထက်တောင် သန်မာသေးတယ်၊ နင့်ကို ငါ လေးစားသွားပြီ"

ကမ်းချန်ချန်လည်း ရယ်မောကာ ပြန်ပြောသည်။

"ငါ့ရဲ့ သိုင်းပညာက နင့်လောက် မကောင်းသေးပါဘူး၊ ငါက စကားပြောပဲ တတ်တာပါ"

လေ့ကျင့်ခန်းလုပ်၍ ချွေးထွက်ခြင်းသည် ဟော်မုန်းများ အကျိုးသက်ရောက်မှုနှင့် ပေါင်းစပ်သွားသောအခါ လူတိုင်းကို ပျော်ရွှင်မှုအား အလွယ်တကူ ခံစားရစေသည်။ ဝူကော်ကော်က ပြန်ပြောသည်။

"နင် ပိုပိုပြီး ကြည့်ကောင်းလာတယ်လို့တောင် ငါ ထင်လာပြီ"

ကမ်းချန်ချန် လက်ကို ဆန့်ထုတ်ကာ "ငါလည်း အတူတူပဲ၊ နောက်တစ်ခေါက် ထပ်လုပ်ကြရအောင်"

သူတို့နှစ်ယောက် နောက်ထပ် သုံးပွဲ ထပ်ချကြပြီး အနိုင်အရှုံး အသီးသီး ရှိခဲ့ကြသည်။ ဝူကော်ကော်က ပြောလေသည်။

"ငါ ဆက်မကစားတော့ဘူး၊ ဒီနေ့က နင့်မွေးနေ့ဆိုတော့ ငါ့မှာ နင့်အတွက် လက်ဆောင်တစ်ခု ရှိတယ်"

[ငါ့မွေးနေ့ဟုတ်လား၊ သူမက ဒါကို တကယ်ပဲ မှတ်မိနေတာလား၊ ငါ့အပေါ် တခြားခံစားချက်တွေ ရှိလာတာများလား]

ကမ်းချန်ချန် သံသယဖြင့်မေးသည်။

"နင် ငါ့ကို ဘာပေးမလို့လဲ"

ဝူကော်ကော် သေတ္တာတစ်လုံးကို ထုတ်ယူလာသည်။

"ဖွင့်ကြည့်လိုက်လေ"

[ဟက်... တော်တော် လျှို့ဝှက်နေပါလား]

"အာ"

ကမ်းချန်ချန် သေတ္တာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အော်ဟစ်လာပြီး သေတ္တာကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။ ဝူကော်ကော်က သေတ္တာနှင့် ပင့်ကူကို ကောက်ယူကာ ပြောသည်။

"မပစ်ချနဲ့လေ၊ တကယ်လို့ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ"

ကမ်းချန်ချန်က ထိတ်လန့်စွာဖြင့် ပြောလေသည်။

"ပျက်စီးသွားရင် ဟုတ်လား၊ ငါ လန့်သေတော့မှာပဲ၊ ငါက ပင့်ကူတစ်ထောင် အဆိပ်လက်ဝါးသိုင်းပညာကို လေ့ကျင့်နေတာလည်း မဟုတ်ဘူးလေ၊ ပင့်ကူတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်တာလည်း မဟုတ်ဘူး၊ နင်က ဘာလို့ ဒါကို ငါ့ကို ပေးရတာလဲ၊ တမင်သက်သက် လုပ်နေတာလား"

[ငါက တိရစ္ဆာန်တွေကို သဘောကျပေမယ့် သူတို့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး စံနှုန်းလေးတော့ ရှိတယ်လေ ဟုတ်ပြီလား]

ဤတစ်ကြိမ်တွင်မူ ဝူကော်ကော်မှာ ဒေါသမထွက်ခဲ့ပေ။ သူမက ရိုးရှင်းစွာပင်ပြန်ပြောလာသည်။

"ဒါက ပင့်ကူအစစ် မဟုတ်ပါဘူးဟာ... ကြည့်လိုက်"

သူမက ပင့်ကူကို ကောက်ယူကာ အကြည်ရောင် ပိုးကြိုးကို သူမ လက်ညှိုးတွင် ရစ်ပတ်လိုက်ပြီး အဝေးသို့ ပစ်လေသည်။

ထိုအခါ ကြီးမားလှသော ပင့်ကူနက်ကြီးတစ်ကောင်က သူတို့နှစ်ယောက်ထံသို့ ဖြည်းညင်းစွာ တွားသွားလာသည့် အံ့မခန်း မြင်ကွင်းကို ကမ်းချန်ချန် မြင်တွေ့လိုက်ရလေသည်။ ဝူကော်ကော်က အောင်ပွဲခံသည့်ဟန်ဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောသည်။

"ဘယ်လိုလဲ၊ ဒါကိုသုံးပြီး တခြားလူတွေကို လှည့်စားတာ အလုပ်ဖြစ်မှာ သေချာတယ်"

ကမ်းချန်ချန် သူမကို စကားပြန်မပြောဘဲ ကြည့်သာကြည့်နေမိသည်။ သူမ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုက ဝူကော်ကော်ထက်အများကြီး ပိုကြီးရင့်နေသည်မှာ သေချာလှသည်။

[နေပါဦး၊ ပင့်ကူ ဟုတ်လား၊ တစ်ယောက်ယောက်ကိုစနောက်ဖို့တဲ့လား]

ယင်ကျန်းက ခြေထောက်တစ်ထောင်ပါသော အကောင်ကို အကြောက်ဆုံးဖြစ်ကြောင်း ကမ်းချန်ချန် ရုတ်တရက် သတိရသွားသည်။

တစ်ခါက သူတို့နှစ်ဦး အုတ်ကုတင်ပေါ်တွင် စကားပြောနေကြစဉ် နံရံမှ ကင်းခြေများတစ်ကောင် ရုတ်တရက် တွားသွားထွက်လာခဲ့သည်ကို သူမ မှတ်မိနေသည်။ သူက ချက်ချင်းပင် တောင့်တင်းသွားကာ အလွန်အမင်းနေရခက်သွားခဲ့သည်။

သူမက ဖိနပ်ခွာကိုသုံးပြီး ထိုကင်းခြေများကို သတ်ပြီးသည့်တိုင်အောင် သူ့ခြေထောက်များမှာ တုန်ယင်နေဆဲဖြစ်သည်။ ကမ်းချန်ချန် သူ့မျက်နှာကိုကြည့်ကာ ရယ်ချင်မိသော်လည်း သူမ တွေးနေသမျှကို သူက ကြားနေရသဖြင့် ထိုညက သူ မျက်နှာပျက်ပျက်ဖြင့် ထွက်သွားခဲ့ရသည်။

[အဲ့အမျိုးသားကလေ... တစ်ခါတလေကျရင် တကယ့်ကို ဂုဏ်မောက်လွန်းတယ်]

ထိုအကြောင်းကို တွေးမိကာ ကမ်းချန်ချန်သည် အသက်ဝင်လုနီးပါးတူလှသော ပင့်ကူကို စူးစိုက်ကြည့်ရင်း မေးသည်။

"ဒါကို နင် ဘယ်မှာ လုပ်ခဲ့တာလဲ"

ဝူကော်ကော်က ခါးထောက်ကာ မာနတခွဲသားဖြင့်ဖြေသည်။

"ဘာဖြစ်လို့လဲ၊ ခုနကတော့ နင် သိပ်မကြိုက်ဘူးဆို၊ အခုကျမှ စိတ်ဝင်စားသွားပြီလား"

ကမ်းချန်ချန် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောသည်။

"ယုံနိုင်စရာမရှိလောက်အောင် အစစ်နဲ့တူတဲ့ ကင်းခြေများ တစ်ကောင်လောက်ကို ဒီလိုမျိုး သီးသန့်လုပ်ပေးဖို့ လူရှာပေးလို့ရမလား"

ဝူကော်ကော် "ကင်းခြေများ ဟုတ်လား။ အဲဒါ မခက်ပါဘူး၊ တစ်ကောင်တည်း မပြောနဲ့၊ ငါ့ရဲ့ ဦးလေးသုံးက ဆယ်ကောင်တောင် လုပ်ပေးနိုင်တယ်၊ ဒါပေမဲ့ အဲဒါတွေကို နင်က ဘာလုပ်မလို့လဲ၊ တိုက်ခိုက်တဲ့အချိန် စတုတ္ထမင်းသားကို ခြောက် လှန့်မလို့လား၊ ဒါပေမဲ့ စတုတ္ထမင်းသားလို လူကြီးတစ်ယောက်က ဘာလို့ ဒါကို ကြောက်ရမှာလဲ"

ကမ်းချန်ချန် စိတ်ထဲမှ တွေးမိသည်။

[ဝူချီအာရဲ့ ဉာဏ်ရည်က ဘာလို့ ဒီလောက်မတည်မငြိမ်ဖြစ်နေရတာလဲ၊ သူမက ငါတွေးနေတာကိုတောင် ခန့်မှန်းနိုင်တယ်ပေါ့]

သူမက ယင်ကျန်း အားနည်းချက်ကို မတော်တဆ ဖွင့်ချမိသွားပြီဖြစ်ကြောင်း သတိပြုမိသည်။ ထိုသို့ဆို မဖြစ်သေးပေ။

ထို့ကြောင့် သူမက ထပ်ပြောသည်။

"ငါ စကားပြောလို့မှ မဆုံးသေးတာ၊ နင်က ဘာလို့ ဒီလောက် လောနေရတာလဲ၊ ကင်းခြေများမှ မဟုတ်ဘူး၊ ကြွက်တွေ၊ ပိုးတောင်မာတွေ၊ ပိုးဟပ်တွေ၊ ပိုးကောင်တွေ၊ ယင်ကောင်တွေလည်း ပါသေးတယ်၊ စတုတ္ထမင်းသားက အကောင်တွေကို ကြောက်တာ မဟုတ်ဘူး၊ သူက သန့်ရှင်းရေးကို နည်းနည်း ဂရုစိုက်တတ်တယ်လေ၊ နင် သဘောပေါက်လား"

ဝူကော်ကော် ခေါင်းညိတ်ကာ ပြုံးရွှင်လျက်ပြောသည်။

"ငါ နားလည်ပြီ၊ ဒါဆို ဦးလေးသုံးကို နောက်ထပ် နည်းနည်းလောက် ထပ်လုပ်ခိုင်းလိုက်မယ်၊ ဟီးဟီး... ဒီအစီအစဉ်သာ အောင်မြင်သွားရင် ငါ့ဦးလေးသုံးက တကယ့်ကို ကျေးဇူးရှင်ကြီးဖြစ်သွားမှာပဲ"

ကမ်းချန်ချန် လေးနက်စွာဖြင့် ပြောသည်။

"နင့်ဦးလေးသုံးကို လုံးဝမပြောပြရဘူးနော်၊ ဒီကိစ္စကိုလျှို့ ဝှက်ထားရမယ်၊ နောက်ထပ် လူတစ်ယောက် သိသွားရင် တောင် ငါတို့ ပေါ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်၊ စတုတ္ထမင်းသားကို စနောက်တယ်ဆိုတာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး၊ ပြီးတော့ သူက ဒေါသလည်းကြီးတယ်၊ တကယ်လို့များ..."

ဝူကော်ကော် ဤအချက်ကို ကောင်းစွာ သဘောပေါက်သဖြင့် ချက်ချင်းပြောလေသည်။

"ငါ နားလည်ပါတယ်"

ကမ်းချန်ချန် သက်ပြင်းချပြီး သူမ ပခုံးကိုပုတ်ကာပြော သည်။

"နင့်ဆီက သတင်းကောင်းကို ငါ စောင့်နေမယ်နော်"

သူမက နာကျင်နေသော ခြေထောက်များကို တရွတ်တိုက်ဆွဲကာ ခြံဝင်းထဲသို့ ပြန်လာခဲ့ရာ ဟွာယွီက စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့လာသည်။

"တခြားခြံဝင်းတွေက လူတွေ လက်ဆောင်တွေလာပို့ကြတယ်၊ ကော်ကော်က တကယ့်ကို လူချစ်လူခင်များတာပဲ"

ကမ်းချန်ချန် "ချီးမွမ်းစကားတွေအတွက် ကျေးဇူးပဲ"

ညစာစားပြီးနောက် ကမ်းချန်ချန်တစ်ယောက် လက်ဆောင်များကို ပျော်ရွှင်စွာ ဖြေကြည့်နေစဉ် ယင်ကျန်း ရောက်လာကာ သူမအား သေတ္တာတစ်လုံး ကမ်းပေးသည်။ ကမ်းချန်ချန် ထိုသေတ္တာကို မြင်သောအခါ ဝူကော်ကော် ပင့်ကူကို သတိရသွားကာ အနည်းငယ်စိုးရိမ်ထိတ်လန့်သွားရသည်။

သို့သော် ယင်ကျန်းက ထိုမျှလောက် အလုပ်အားမည်မဟုတ်ကြောင်း သူမ သိထားသဖြင့် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အံ့သြဖွယ်ကောင်းလောက်အောင် ပန်းချီဆွဲထားသည့် ဘီဂိုနီယာပန်း ဆံထိုးလေးတစ်ခု ဖြစ်နေလေသည်။

ကမ်းချန်ချန်က မေးသည်။

"အရမ်းလှတာပဲ၊ ရှင် ကိုယ်တိုင် လုပ်ထားတာလား"

ယင်ကျန်း ခေါင်းညိတ်လျက် ပြုံးရွှင်စွာပြောသည်။

"မင်းကို ကိုယ်ပန်ပေးမယ်လေ"

All Chapters