← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

📗 Chapter 101

“အရင်းက ၁.၂ ယွမ်နဲ့ ၁.၅ ယွမ်ကြားမှာ ရှိတယ်၊ အဲ့တော့ ရောင်းဈေးက အနည်းဆုံး ၂.၅ ယွမ်လောက် ရှိသင့်တယ်”

ကျန်းခိုင်နင်က သူ၏ ပြည့်ပြည့်ဖြိုးဖြိုး လက်ချောင်းများကို ထောင်ကာ ရှင်းပြလိုက်သည်။

ထိုဈေးနှုန်းနှင့်သာဆိုလျှင် အဆင့်မြင့် ထုတ်ကုန်တစ်ခု ဖြစ်နေမည်မှာ အသေအချာပင်။

သာမန်မိသားစုတစ်စုအနေဖြင့် ဆေးပလာစတာတစ်ခုကို ၂ ယွမ်ကျော်ပေး၍ မည်သည်က ဝယ်ယူပါမည်နည်း။

ယဲ့ရှောင်ရှောင်က မေးသည်။

“လောလောဆယ် လက်ထဲမှာ ဘယ်လောက်ရှိလဲ၊ အဆစ်အမြစ်ရောဂါအတွက် ၁၀ ချပ်နဲ့ ထိခိုက်ဒဏ်ရာအတွက် ၁၀ ချပ်စီ ငါ့ကိုပေးလိုက်၊ တကယ် အစွမ်းထက်မထက် အရင်စမ်းကြည့်ချင်လို့”

ကျန်းခိုင်နင်: “…”

ယဲ့ရှောင်ရှောင်သည် အိတ်ကပ်ထဲမှ ယွမ် ၅၀ ထုတ်ယူကာ ကျန်းခိုင်နင်ရှေ့တွင် ချပေးလိုက်သည်။

“ငါ့ကို ဝယ်သူလို့ပဲ သဘောထားလိုက်ပေါ့”

ထိုအခါမှ ကျန်းခိုင်နင်မှာ သွားဖြီးလိုက်တော့သည်။၊

“ရတယ် ရတယ်! အတန်းပြီးတာနဲ့ ငါအဆောင်ကိုပြန်ပြီး သွားယူပေးမယ်”

သူတို့စကားပြောနေသည်ကို နားထောင်ရင်း ယဲ့ရှောင်ရှောင် လက်ဖွာနေပုံကိုမြင်သောအခါ ချူးယွင်ရှောင်တစ်ယောက် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိပါသည်။

ယဲ့ရှောင်ရှောင်ကို သူ မဖျောင်းဖျနိုင်ခဲ့ပေ။

မကြာမီမှာပင် ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်၏ လက်ထဲသို့ အဝတ်အိတ်တစ်အိတ် ထည့်ပေးလိုက်ပါသည်။

“ဒီထဲက ပလာစတာတွေကို ငါ့အဖေကိုယ်တိုင်လုပ်ထားတာ၊ ဒါပေမယ့် ငါ့မိသားစုရဲ့ လုပ်ငန်းကို ဆက်ခံဖို့အတွက် ဒီ့ထက်အာနိသင် ပိုရှိတဲ့ ဆေးပလာစတာတွေ ငါလုပ်နိုင်မယ်လို့ ယုံကြည်တယ်”

ယဲ့ရှောင်ရှောင်က ပစ္စည်းများကို လက်ခံလိုက်သည်။

“ငါစမ်းသပ်ပြီးတဲ့အထိ စောင့်ပါဦး၊ အဲ့တာမှ တကယ်အစွမ်းထက်၊ မထက် သိနိုင်မှာပေါ့”

ယဲ့ရှောင်ရှောင်သည် ထိုဆေးပလာစတာများကို နှစ်စုခွဲလိုက်သည်။

တစ်စုကို သူမယူထားလိုက်ပြီး ကျန်တစ်စုကိုမူ စာတစ်စောင်နှင့်အတူ လုဟန်ချွမ်ထံသို့ ပို့ပေးလိုက်ပါသည်။

စစ်တပ်ထဲတွင် ဒဏ်ရာဟောင်းများကြောင့် နာကျင်ကိုက်ခဲနေသူများနှင့် အေးမြသော ရာသီဥတုကြောင့် ဖြစ်ပွားသည့် ရောဂါဝေဒနာ ခံစားနေရသူများစွာ ရှိသောကြောင့် ထိုဆေးပလာစတာများကို စမ်းသပ်ဖို့အတွက် လူအချို့ရှာဖွေပေးရန် ယဲ့ရှောင်ရှောင် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ကျန်ဆေးပလာစတာများကို ယူဆောင်ပြီး စုန့်ကွမ်းကျင့်ထံသို့ သူမ ရောက်လာခဲ့ပါသည်။

ဆေးပလာစတာများကို မြင်လိုက်ရသည်နှင့် အရည်အသွေးကောင်းမွန်မှန်း စုန့်ကွမ်းကျင့် တန်းသိလိုက်သည်။

“နည်းနည်းလောက် ထပ်စမ်းကြည့်ပါဦး၊ ငါတို့ဖော်မြူလာကို ဖော်ထုတ်နိုင်လောက်တယ်”

ယဲ့ရှောင်ရှောင်က ပစ္စည်းများကို အမြန်ပြန်သိမ်းလိုက်သည်။

“ဆရာကြီး၊ ဒါသမီးအတန်းဖော်ရဲ့ ပစ္စည်းတွေပါ၊ ဖော်မြူလာကို ခိုးထုတ်တာက ဂုဏ်သိက္ခာမရှိရာ ကျမှာပေါ့”

စုန့်ကွမ်းကျင့်ကမူ စိတ်အားထက်သန်နေဆဲပင်။

“ဘယ်ပြောလို့ရမလဲ၊ သူ့ထက် အာနိသင်ပိုရှိလာအောင် ငါတို့လုပ်နိုင်လောက်တယ်လေ”

ယဲ့ရှောင်ရှောင်က သူ့လက်မောင်းကို လှုပ်ခါပစ်လိုက်သည်။

“ဆရာကြီး၊ စိတ်အေးအေးထားပါဦး ဆရာကြီးရဲ့!”

စုန့်ကွမ်းကျင့်မှာ တစ်ကိုယ်လုံး ယမ်းခါသွားသဖြင့် ခေါင်းပင် မူးသွားရသည်။

“အေးပါ အေးပါ! ဖော်မြူလာကို ခိုးမထုတ်တော့ပါဘူး၊ ဒီနေ့ ဘာကိစ္စနဲ့ လာခဲ့တာလဲဆိုတာသာ ပြောတော့”

ယဲ့ရှောင်ရှောင်: “ဒီဆေးပလာစတာတွေက အရည်အသွေးကောင်းတယ်ဆိုရင် သမီးတို့ ဆေးဆိုင်မှာ တင်ရောင်းသင့်တယ်လို့ ခံစားရလို့၊ သမီးအတန်းဖော်က အောက်ခြေကစရမှာမို့လို့ အရင်းအနှီးများများစားစား မရှိဘူး၊ ဆေးဆိုင်မှာတင်ရောင်းတာက လမ်းဘေးမှာ ဆိုင်ခန်းထောင်ပြီး ရောင်းတာထက် အများကြီး ပိုကောင်းမလားလို့လေ”

စုန့်ကွမ်းကျင့်က မုတ်ဆိတ်များကို ပွတ်သပ်လျက်ဆိုလိုက်သည်။

“ကလေးမ၊ နင်သူများအရှိန်အဝါကို အသုံးချဖို့ ကြိုးစားနေတာမလား၊ ဆေးပင်တွေကို ဆေးဆိုင်ကပေးရမယ်၊ နင့်အတန်းဖော်ကတော့ ဖော်မြူလာပဲ ထုတ်ပေးရမယ်ပေါ့ ဟုတ်လား”

ယဲ့ရှောင်ရှောင်က ချွဲနွဲ့ကာ မေးလိုက်သည်။

“သဘောမတူဘူးလား ဆရာကြီးရဲ့”

စုန့်ကွမ်းကျင့်ကလည်း တပည့်ဖြစ်သူကို မလွန်ဆန်နိုင်ပေ။

“ဆေးဆိုင်မှာ တင်ရောင်းပေးလို့တော့ရပါတယ်၊ အရင်းငွေကို နုတ်ပြီးရင် အသားတင်အမြတ်ကို ဆေးဆိုင်ရယ်၊ နင်ရယ် နင့်အတန်းဖော်ရယ်ကြားထဲမှာ ၃:၃:၄ အချိုးနဲ့ ခွဲမယ်”

ယဲ့ရှောင်ရှောင်: “ဆရာကြီး၊ သမီးက ဘာမှမလုပ်ပေးရဘဲနဲ့ အမြတ်ဝေစု မယူချင်ပါဘူး”

စုန့်ကွမ်းကျင့်ကမူ ထိုကဲ့သို့သော ပမာဏလောက်ကို ဂရုမစိုက်ပေ။

“နောက်ပိုင်းကျရင် ထုတ်လုပ်မှုနဲ့ အရောင်းပိုင်းကို နင်ပဲ ကြီးကြပ်ပေးရမှာ၊ နင့်ရဲ့ ပင်ပန်းကြေးလို့ပဲ သဘောထားလိုက်ပေါ့”

ထိုဆေးပလာစတာများမှာ နောင်တစ်ချိန်တွင် အရောင်းရဆုံး ထုတ်ကုန်ဖြစ်လာပြီး ရမ်သဲ့ထန်ဆေးဆိုင်၏ အမှတ်အသားထုတ်ကုန်တစ်ခု ဖြစ်လာလိမ့်မည်ဟူသည်ကို ဤအချိန်တွင် စုန့်ကွမ်းကျင့် မသိရှိသေးပေ။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

စုန့်ကွမ်းကျင့်၏ သဘောတူညီချက်ကို ရရှိပြီးနောက် ယဲ့ရှောင်ရှောင်သည် ကျန်းမိသားစု၏ ဆေးပလာစတာများကို မည်သို့ ထုပ်ပိုးရမည်၊ မည်သို့ ရောင်းချရမည်ကို စတင်စီစဉ်လေတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် လုဟန်ချွမ်ထံမှ စမ်းသပ်မှုရလဒ်များလည်း ရောက်ရှိလာခဲ့ပါသည်။

ဒဏ်ရာဟောင်းများ ရရှိထားသူတို့အတွက် ထိုဆေးပလာစတာများ၏ အာနိသင်သည် အံ့မခန်းရှိလှသည်ဟု ဆိုသည်။

ထိုဆေးပလာစတာများကို မည်သည့်နေရာတွင် ဝယ်ယူနိုင်ကြောင်းကိုလည်း တပ်သားများက မေးမြန်းနေသည်ဟု လုဟန်ချွမ် ပြောခဲ့သည်။

ယဲ့ရှောင်ရှောင်ကမူ ဆေးပလာစတာအသစ်များ အမြောက်အများ မထုတ်လုပ်ရသေးသဖြင့် ခဏစောင့်ရန်သာ ပြန်ပြောလိုက်ရသည်။

--- --- ---

“ကျန်းခိုင်နင်၊ နင်ဘယ်တော့အားမလဲ၊ ငါနင့်ကို နေရာတစ်ခုဆီ ခေါ်သွားချင်လို့”

ယဲ့ရှောင်ရှောင် ဆေးပလာစတာများကို ယူဆောင်သွားပြီးနောက် ရက်အတော်ကြာသည်အထိ အကြောင်းမပြန်ခဲ့ပေ။

ထို့ကြောင့် သူမ မေ့လျော့နေခြင်း ဖြစ်မည်ဟုပင် ကျန်းခိုင်နင် ယူဆခဲ့သည်။ မေးမြန်းဖို့ကလည်း အားနာစရာကောင်းသဖြင့် မမေးဖြစ်ခဲ့ပေ။

ယခု သူမဘက်က ထိုသို့ပြောလာသောအခါ သူ့မျှော်လင့်ချက်များ ပြန်လည်တောက်ပလာခဲ့ရပါသည်။

“အတန်းမရှိတဲ့ ဘယ်အချိန်မဆို ငါအားတယ်”

ယဲ့ရှောင်ရှောင်: “ဒါဆို ဗုဒ္ဓဟူးနေ့ နေ့လယ်ကျရင် သွားကြရအောင်”

ကျန်းခိုင်နင်: “ဟုတ်ပြီ”

ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်း အတန်းချိန်များ ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်နှင့်အတူ ကျောင်းအဝင်ဝသို့ ထွက်လာခဲ့ပါသည်။

ကျန်းခိုင်နင်: “ငါတို့ ဘယ်ဘတ်စ်ကား စီးသွားကြမှာလဲ”

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ငါတို့ကို လာကြိုမယ့်သူရှိတယ်”

ကျောင်းအဝင်ဝတွင် ကားတစ်စီးကို ရပ်တန့်ထားပါသည်။ ယဲ့ရှောင်ရှောင်ထွက်လာသည်ကို မြင်သောအခါ ဒရိုင်ဘာက ကားဟွန်းလှမ်းတီးခဲ့သည်။

ယဲ့ရှောင်ရှောင် အနားသို့ လျှောက်သွားကြည့်လိုက်ရာ ဒရိုင်ဘာမှာ စုန့်ရှောင်းကွမ် ဖြစ်နေမှန်း မြင်လိုက်ရပါသည်။

စုန့်ရှောင်းကွမ်က ရှင်းပြသည်။

“ဆရာကြီးက လာကြိုခိုင်းလိုက်လို့ပါ”

ယဲ့ရှောင်ရှောင်က ကျန်းခိုင်နင်ကို ကားထဲဝင်ဖို့ အချက်ပြလိုက်ပြီး စုန့်ရှောင်းကွမ်ကိုလည်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ကားထဲသို့ ရောက်ရှိပြီးနောက် ကျန်းခိုင်နင်မှာ ကြိတ်ပျော်ရွှင်နေရသည်။

သူ လူရွေးမမှားခဲ့ပေ။ ယဲ့ရှောင်ရှောင်မှာ အမှန်တကယ် အရှိန်အဝါရှိသူ တစ်ဦးပင်။

ဤသည်မှာ ကျန်းခိုင်နင် ကားစီးဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပါသည်။

သူတို့ ဦးတည်ရာသို့ ရောက်ရှိသွားသောအခါ ကျန်းခိုင်နင်မှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရသည်။

‘ဆေးဆိုင်အကြီးကြီးပါလား!’

စုန့်ရှောင်းကွမ်သည် သူတို့ကို ရမ်သဲ့ထန်သို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ခြင်းပင် ဖြစ်သည်။

“ဆရာကြီးက မင်းတို့ကို တတိယထပ်မှာ စောင့်နေတယ်”

ယဲ့ရှောင်ရှောင်က ကျန်းခိုင်နင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ဝင်မယ်လေ၊ ရမ်သဲ့ထန်မှာ သီးသန့် ဆေးဝါးထုတ်လုပ်ရေးလမ်းကြောင်းရှိတယ်၊ နင်သာ သဘောတူမယ်ဆိုရင် ဒီနေ့ပဲ လုပ်ငန်းလက်တွဲဖို့ ဆွေးနွေးလို့ရတယ်”

ကျန်းခိုင်နင်အတွက်မူ ကောင်းကင်ဘုံသို့ ချက်ချင်း ရောက်ရှိသွားသလိုပင် ခံစားလိုက်ရသည်။

သူအနည်းငယ် ရင်တုန်နေပါသည်။

“နင်ဘာကို ဆိုလိုတာလဲ ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“လောလောဆယ် ငါတို့မှာ အရင်းအနှီးလည်း မရှိဘူး၊ ရောင်းဖို့ လမ်းကြောင်းလည်း မရှိဘူး၊ ရမ်သဲ့ထန်လို ဆေးဆိုင်ကြီးနဲ့ ပူးပေါင်းလိုက်တာက ပိုကောင်းတယ်၊ သူတို့က ကုန်ကြမ်းတွေနဲ့ အရောင်းပိုင်းကို တာဝန်ယူပေးလိမ့်မယ်၊ နင့်ဘက်ကတော့ ထုတ်လုပ်မယ့် ဖော်မြူလာကို ပေးလိုက်ရုံပဲ”

ကျန်းခိုင်နင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“သူတို့က ငါတို့နဲ့ တကယ်လက်တွဲပါ့မလား”

ယဲ့ရှောင်ရှောင်: “စိတ်မပူပါနဲ့၊ တာဝန်ရှိသူနဲ့ ငါဆွေးနွေးပြီးသွားပြီ”

ထိုအခါမှသာ ကျန်းခိုင်နင် ရှေ့သို့ ဆက်လှမ်းဖို့ သတ္တိရှိသွားတော့သည်။

သူတို့နှစ်ဦးသည် ခန်းမဆောင်ကြီးကို ဖြတ်ကျော်ကာ တတိယထပ်သို့ တက်ခဲ့ကြပြီး စုန့်ကွမ်းကျင့်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့ကြသည်။

ယဲ့ရှောင်ရှောင်လည်း ထိုရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်းပင်။ သူမတို့ နေထိုင်နေကျ အိမ်ဝင်းနှင့် ယှဉ်လိုက်လျှင် ဤနေရာမှာ ပိုမို တည်ကြည်လေးနက်သော ခံစားချက်ကို ပေးစွမ်းနေသည်။

“ဆရာကြီး၊ သမီးတို့ ရောက်ပါပြီ”

စုန့်ကွမ်းကျင့်: “ထိုင်ပါဦး”

ဧည့်သည်များအတွက် လက်ဖက်ရည်ငှဲ့ပေးဖို့ လက်ထောက်ဖြစ်သူအား စုန့်ကွမ်းကျင့် ညွှန်ကြားလိုက်သည်။

ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ထဲမှ သူမ အသေးစိတ် ရေးဆွဲထားသော လုပ်ငန်းပလန် ၂ ရွက်ကို ထုတ်ယူလိုက်ပြီး ကျန်းခိုင်နင်နှင့် စုန့်ကွမ်းကျင့်တို့အား တစ်ရွက်စီ ပေးလိုက်ပါသည်။

“ဒီလုပ်ငန်းလက်တွဲမှုအတွက် သမီးရေးဆွဲထားတဲ့ အစီအစဉ်တွေပါ၊ ဝင်ငွေ ခွဲဝေမှုအပြင် နောက်ပိုင်းကျရင် ‘ကျန်းမိသားစု ဆေးပလာစတာ’တွေကို ဈေးကွက်တင်မယ့် ပုံစံတွေပါ ထည့်သွင်းထားပါတယ်၊ ဖတ်ကြည့်ပေးကြပါဦး”

ဤသည်မှာ ယဲ့ရှောင်ရှောင် အနာဂတ်မှအတွေ့အကြုံများကို အသုံးချလျက် အကျဉ်းချုန်း ရေးသားထားသော အစီအစဉ်များပင် ဖြစ်သည်။

အစီအစဉ်တွင် ပြစ်ချက်အနည်းငယ် ရှိနေသေးသော်လည်း ကျန်းခိုင်နင်နှင့် စုန့်ကွမ်းကျင့်တို့၏ အမြင်တွင်မူ အလွန်ပင် ပြီးပြည့်စုံလွန်းပါသည်။

တပည့်ဖြစ်သူ ပြင်ဆင်ထားသည့် အရာများကို ကြည့်ရင်း စုန့်ကွမ်းကျင့်သည် ဤလုပ်ငန်း အရှုံးပေါ်လျှင်ပင် သူမကို အားပေးသည့်အနေဖြင့် အဆုံးထိ လုပ်ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ဤသည်မှာ ကလေးမလေး၏ ပထမဆုံးသော စီးပွားရေၕးခြေလှမ်းပင် မဟုတ်ပါလား”

ကျန်းခိုင်နင်ကမူ ယဲ့ရှောင်ရှောင် ဤမျှ ပြင်ဆင်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အစီအစဉ်ကို ဖတ်ရှုပြီးနောက် သူက အမြတ်အစွန်း ပိုရရှိနေသည်ဟု ခံစားလိုက်ရသည်။ သူ့ဘက်မှ ဖော်မြူလာ ပေးရုံသာ ဖြစ်ပြီး ရမ်သဲ့ထန်က ထုတ်လုပ်ရေးအပိုင်းနှင့် ရောင်းချမှုအပိုင်းတို့ကို တာဝန်ယူပေးသွားမည်ဖြစ်၍ သူ့အတွက် အလွန်ပင် အဆင်ပြေလှပါသည်။

ယဲ့ရှောင်ရှောင်သည် အမှတ်တံဆိပ်အမည်နှင့် ထုပ်ပိုးမှုပုံစံကိုပင် စဉ်းစားထားသေးသည်။

လမ်းဘေးမှာ ဆိုင်ခန်းထောင်ရောင်းမည့် သူ့ မူလအစီအစဉ်ထက် မြောက်များစွာ ပိုသာလွန်ပါသည်။

ကျန်းခိုင်နင်: “ကျွန်တော့်ဘက်ကတော့ ကန့်ကွက်စရာမရှိပါဘူး”

စုန့်ကွမ်းကျင့်: “ကျောင်းသားကျန်းက ကန့်ကွက်စရာမရှိဘူးဆိုရင် ဒီနေ့ပဲ စာချုပ်ချုပ်ကြရအောင်၊ ပြီးရင် မင်းကို စက်ရုံဆီ ခေါ်သွားပေးမယ်၊ အဲ့ဒီမှာ မင်းတို့အတွက် သီးသန့် ထုတ်လုပ်ရေးလိုင်းတစ်ခု သတ်မှတ်ပေးမယ်၊ ဒါပေမယ့် အမြောက်အများ ထုတ်လုပ်တဲ့အခါ ဆေးပလာစတာတွေရဲ့ ပါဝင်ပစ္စည်းပမာဏကိုတော့ ပြန်ညှိရလိမ့်မယ်၊ အဲ့တာကတော့ မင်းတို့နှစ်ယောက် စီမံမှ ဖြစ်မှာ”

ယဲ့ရှောင်ရှောင်က ကျန်းခိုင်နင်ကို လှည့်ကြည့်လိုက်သည်။

“အဲ့ဒီကိစ္စ နင်ကြီးကြပ်ပေးရလိမ့်မယ်နော်”

ကျန်းခိုင်နင်က လက်သီးကို အားကြိုးမာန်တက် ဆုပ်ကာ ပြောလိုက်သည်။

“ပြဿနာမရှိဘူး!”

All Chapters