← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

📗 Chapter 103

ယဲ့ရှောင်ရှောင် ထွက်သွားပြီးနောက် ဟောက်ယန်ယန်က မဝံ့မရဲဖြင့် မေးလိုက်သည်။

“ခုနက ကောင်လေးက ရှောင်ရှောင့်ရဲ့ ရည်းစားများလားဟင်”

ရှုကျမ့်ဝမ်တစ်ယောက် မျက်နှာ မှောင်မိုက်သွားရသည်။

“ရှောင်ရှောင် ပိုင်ချွမ်ရွာကို တကယ်ပြန်သွားပြီလို့ ထင်နေတာ၊ ပေကျင်းမြို့မှာ တစ်ချိန်လုံး ရှိနေတာကိုး”

ဟောက်ယန်ယန်က ထိုသို့ ယုံကြည်နေပါသည်။

သို့သော် ရှုကျမ့်ဝမ်သည် သူမကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်တော့သည်။

“ကိုယ်သေချာမသိတဲ့ အကြောင်းအရာတွေကို စိတ်ထင်တိုင်း လျှောက်မခန့်မှန်းနဲ့”

ယဲ့ရှောင်ရှောင်သည် ပိုင်ချွမ်ရွာသို့ အမှန်တကယ် ပြန်သွားခဲ့ကြောင်း ရှုကျမ့်ဝမ်သိပါသည်။

သို့သော် သူမ၏ ထူးချွန်သော အရည်အချင်းကြောင့် ပေကျင်းမြို့သို့ တကျော့ပြန် ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သူနားလည်ထားသည်။

ဟောက်ယန်ယန်က သူ့ကို တုန်လှုပ်စွာ ကြည့်ရင်း မေးလိုက်သည်။

“အစ်ကိုကျမ့်ဝမ်၊ ဘယ်သွားမလို့လဲ”

ရှုကျမ့်ဝမ်: “ငါပြန်နှင့်တော့မယ်၊ ပိုက်ဆံရှင်းထားပြီးသားမို့လို့ အေးအေးဆေးဆေးစားပါ”

ဟောက်ယန်ယန် သုတ်သုတ်ပျာပျာ မတ်တပ်ရပ်လိုက်သည်။

“အစ်ကိုကျမ့်ဝမ်၊ ကျွန်မပေးတဲ့ လက်ဆောင်လေးတော့ ယူသွားပါဦး”

ရှုကျမ့်ဝမ်က ခြေလှမ်းကို မရပ်တန့်ခဲ့ပေ။

“ငါ့အတွက် မလိုပါဘူး၊ မင်းဖာသာမင်း သိမ်းထားလိုက်၊ ခဏနေရင် ကားတစ်စီး လွှတ်ပေးလိုက်မယ်၊ စားပြီးရင် အိမ်ပြန်တော့”

ရှုကျမ့်ဝမ်သည် သွေးအေးသော်လည်း အရာအားလုံးကို စနစ်တကျ စီစဉ်ပေးခဲ့ပါသည်။

ညမိုးချုပ်နေပြီဖြစ်၍ ဟောက်ယန်ယန်ကို ဤနေရာတွင် တစ်ယောက်တည်း ထားခဲ့ရန်မှာ မသင့်တော်လှပေ။ ကံကောင်းစွာဖြင့် သူဖုန်းတစ်ချက် ခေါ်ဆိုလိုက်ရုံနှင့် ကားတစ်စီး ရောက်လာပါလိမ့်မည်။

ထွက်ခွာသွားသည့် ရှုကျမ့်ဝမ်၏ ကျောပြင်ကို ငေးကြည့်ရင်း ဟောက်ယန်ယန် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်နေမိသည်။

‘ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရလို့ မဟုတ်လား… အဲ့ဒီမိန်းမကို သူ လုံးဝ မမေ့နိုင်သေးဘူးပဲ’

သို့သော် ရှုကျမ့်ဝမ်သည် ယဲ့ရှောင်ရှောင်နောက်ကို လိုက်မမီတော့ပေ။

အခိုက်အတန့်တစ်ခုကို လွဲချော်သွားသည်နှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်တော့သကဲ့သို့ သူ ခံစားခဲ့ရပါသည်။

---- --- ---

ကျောင်းဝင်းထဲရှိ ယောက်ျားလေးအဆောင်နှင့် မိန်းကလေးအဆောင်တို့ကို ခွဲခြားထားသော လမ်းဆုံလမ်းခွသို့ ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်ကို နှုတ်ဆက်လိုက်သည်။

မသွားမီ ကျန်းခိုင်နင်က မနက်ဖြန် ဖော်မြူလာကို အချောသတ်မည်ဖြစ်ပြီး သူမကို လာပြပေးမည်ဟု ပြောခဲ့သည်။

ယဲ့ရှောင်ရှောင်က အလေးအနက် သတိပေးလိုက်သည်။

“ဖော်မြူလာကို ဘယ်သူ့ကိုမှ လွယ်လွယ်မပြနဲ့နော်”

ကျန်းခိုင်နင်က ပြန်ပြောသည်။

“နင့်ကိုတော့ ငါယုံပါတယ်”

ယဲ့ရှောင်ရှောင် ဘာမှဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြကာ လှည့်ထွက်လာခဲ့တော့သည်။

နောက်ရက်များတွင်လည်း ယဲ့ရှောင်ရှောင်နှင့် ကျန်းခိုင်နင်တို့နှစ်ယောက် ဆေးပလာစတာထုပ်လုပ်မှုကိစ္စကြောင့် အလွန်အလုပ်များခဲ့ကြသည်။

ပထမတစ်သုတ်တွင် အခု ၅၀၀ ထုတ်လုပ်ရန် စီစဉ်ထားခဲ့ပြီး ယဲ့ရှောင်ရှောင်နှင့် စုန့်ကွမ်းကျင့်တို့ နှစ်ဦးစလုံး ထုတ်ကုန် အချောထည်များကို စစ်ဆေးခဲ့ကြသည်။

အာနိသင်မှာ ကောင်း မွန်ပြီး သူတို့မျှော်မှန်းထားသည့် စံနှုန်းနှင့် ကိုက်ညီနေခဲ့ပါသည်။

ဤအသုတ်အာား ‘ကျန်းမိသားစု ဆေးပလာစတာ’ဟု အမည်ပေးထားသည်။

ပလာစတာတစ်ခုချင်းစီကို အမှတ်တံဆိပ်အမည် ရိုက်နှက်ထားသော ပလတ်စတစ်အိတ်လေးများဖြင့် သီးသန့် ထုပ်ပိုးထားသဖြင့် အဆင့်မြင့်ထုတ်ကုန်တစ်ခုနှင့် တူစေပါသည်။

ရမ်သဲ့ထန်ဆေးဆိုင်တွင်လည်း ရောင်းအား အလွန်ကောင်းခဲ့သည်။

ဈေးကြီးသဖြင့် လူအချို့က ဝယ်ယူရန် တွန့်ဆုတ်နေကြသော်လည်း နာကျင်မှုကို ကြိတ်မှိတ်ခံမည့်အစား ငွေသာသုံးလိုက်မည်ဟူသည့် ငွေကြေးမရှားပါးသူများနှင့် ဝေဒနာ ပြင်းထန်စွာ ခံစားနေရသူများမှာမူ ငွေကုန်ခံ၍ ဝယ်ယူကြသည်။

ဆရာဝန်များ၏ ထောက်ခံချက်ကြောင့် ကျန်းမိသားစု ဆေးပလာစတာ၏ ဂုဏ်သတင်းမှာ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပါသည်။

ပထမအသုတ် အခု ၅၀၀ သည် တစ်ပတ်အတွင်းမှာပင် ရောင်းကုန်သွားခဲ့သည်။

ထို့နောက် ဒုတိယအသုတ်ကို ချက်ချင်း ထပ်မံ ထုတ်လုပ်ခဲ့ပါသည်။

စုန့်ကွမ်းကျင့်သည် ကျန်းခိုင်နင်အား ဖော်မြူလာ၏ အချိုးအစား ပိုမိုညီမျှစေရန်နှင့် အခြားသူများ ဖော်မြူလာ ခိုးမထုတ်နိုင်စေရန် ကူညီပေးခဲ့သည်။

ဒုတိယအသုတ်တွင် အခု ၂,၀၀၀ ထုတ်လုပ်ခဲ့ရာ ၃ ရက်အတွင်းမှာပင် တစ်ဝက်ခန့် ရောင်းကုန်သွားခဲ့ပါသည်။ ဤလုပ်ငန်းမှာ လုံးဝ အရှုံးမရှိနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် ပေကျင်းမြို့ရှိ အခြားသော ဆေးဆိုင်များကလည်း ကျန်းမိသားစု ဆေးပလာစတာများကို ဝယ်ယူချင်သဖြင့် ရမ်သဲ့ထန်ကို ဆက်သွယ်လာကြသည်။

ရမ်သဲ့ထန်၏ မန်နေဂျာသည် ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အရောင်းလမ်းကြောင်းများ တိုးချဲ့ရန်အတွက် စုန့်ကွမ်းကျင့်နှင့် ဆွေးနွေးခဲ့သည်။

စုန့်ကွမ်းကျင့်ကမူ ယဲ့ရှောင်ရှောင်နှင့်သာ သွားဆွေးနွေးဖို့ မန်နေဂျာကို ပြောခဲ့ပါသည်။

ဆရာကြီးစုန့်သည် သူ့တပည့်လေးအပေါ် အလွန်တန်ဖိုးထားပြီး ဆက်ခံသူတစ်ယောက်ပမာ ပျိုးထောင်နေခြင်းဖြစ်မှန်း မန်နေဂျာက မြင်နိုင်သဖြင့် ယဲ့ရှောင်ရှောင်ကို အထင်မသေးရဲခဲ့ပေ။

မန်နေဂျာ၏ အစီအစဉ်ကို ကြားပြီဂနောက် ယဲ့ရှောင်ရှောင်သည် ကျန်းမိသားစု ဆေးပလာစတာများကို ပေကျင်းမြို့တွင် အရင်ဆုံး ရောင်းချသင့်သည်ဟု ခံစားလိုက်ရသည်။

ရလဒ်များ ကောင်းမွန်ခါမှ အနာဂတ်တွင် တစ်နိုင်ငံလုံးကို ဖြန့်ချိ ရောင်းချသင့်သည်ဟု ထင်မိပါသည်။

ထို့နောက် ထုတ်လုပ်ရေးနှင့် အရောင်းပိုင်းအတွက် မန်နေဂျာနှင့် ယဲ့ရှောင်ရှောင်တို့ ဆွေးနွေးတိုင်ပင်ခဲ့သည်။

နောက်ဆုံးတွင် ယဲ့ရှောင်ရှောင်သည် ဝယ်သူများကို အရင်ဆုံး ဆက်သွယ်ပြီး စရန်ငွေ ပေးချေပြီးမှသာ ရမ်သဲ့ထန်တွင် ထုတ်လုပ်မှု စတင်ရမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ဤသို့ဖြင့် ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်သည်။ မန်နေဂျာကလည်း သူမ၏ ဆုံးဖြတ်ချက်ကို သဘောတူသဖြင့် အရာအားလုံးကို စနစ်တကျ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

--- --- ---

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်လက်ထဲသို့ ဆေးပလာစတာတစ်ထုပ် ထည့်ပေးလိုက်သည်။

“အရင်က ပြောထားတဲ့ဟာတွေလေ”

လုဟန်ချွမ်သည် အိတ်ထဲရှိ ပစ္စည်းများကို ဖွင့်ကြည့်လိုက်သောအခါ ထုပ်ပိုးမှု ပုံစံ ပြောင်းလဲသွားသည်ကို သတိပြုမိသွားပါသည်။ ယခင်ကထက် ပိုမို လှပသေသပ်သွားသည်ဟု ဆိုရမည်။

လုဟန်ချွမ်က ကျီစယ်စွာ မေးလိုက်သည်။

“ကိုယ်တို့ ခုမှ ပြန်တွေ့ရတာကို မင်းက ဒီပစ္စည်းတွေ လက်ထဲလာထိုးထည့်ပေးနေတာလား”

ယဲ့ရှောင်ရှောင်က ခေါင်းလေးစောင်းကာ ပြန်ဖြေသည်။

“ဒါ ကျွန်မ ချမ်းသာလာဖို့ အားကိုးအားထားပြုနေရတဲ့ ရတနာတွေနော်၊ ရှင့်အတွက်ပဲ အခမဲ့ပေးတာ၊ ကျန်တဲ့သူတွေအတွက် အရမ်းဈေးကြီးတယ်”

အဘိုးမြောင်ထံသို့ အနည်းငယ် ပို့ဆောင်ပေးခြင်းမှအပ ဤအကျိုးခံစားခွင့်ကို ရရှိသူဟူ၍ လုဟန်ချွမ် တစ်ဦးတည်းသာ ရှိပါသည်။

ဤလူမှာ ကံကောင်းလှသော်လည်း သူ့ကိုယ်သူ ကံကောင်းမှန်းပင် နားလည်ပုံမရပါ။

လုဟန်ချွမ်က ပစ္စည်းများကို ကားနောက်ခန်းထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ပြီး ယဲ့ရှောင်ရှောင်ကို သူ့အနားသို့ ဆွဲခေါ်လိုက်သည်။

“အဲ့တာဆို ရှောင်ရှောင့်ကို ဘယ်လိုများ ကျေးဇူးတင်ရမလဲ”

ယဲ့ရှောင်ရှောင် အနောက်သို့ အနည်းငယ်ပြန်ဆုတ်ဖို့ ကြိုးစားသော်လည်း လက်တစ်ဖက်က သူမ၏ ခေါင်းကို အသာအယာ ထိန်းကိုင်ကာ တားဆီးလိုက်ပါသည်။

အလုံပိတ်ကားထဲတွင် သူတို့နှစ်ဦး၏ အသက်ရှူသံများ ရောယှက်သွားခဲ့သည်။ လုဟန်ချွမ်က ခေါင်းငုံ့ကာ သူမကို နမ်းရှိုက်လိုက်ပါသည်။

အချိန်အတော်ကြာမှ သူတို့နှစ်ယောက် ပြန်ခွာနိုင်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင်၏ မျက်ဝန်းများမှာ လမ်းပျောက်နေသည့် သမင်ပေါက်လေးပမာ စိုစွတ်နေခဲ့သည်။

လုဟန်ချွမ်က သူမ၏ ခေါင်းလေးကို ခဏလောက် ပွတ်သပ်ပေးပြီးမှ ပြန်လွှတ်ပေးလိုက်ပါသည်။

“ကိုယ်မင်းကို တစ်နေရာရာ ခေါ်သွားမလို့”

လုဟန်ချွမ်သည် သူမကို ကျင့်ဟွာတက္ကသိုလ်အနီးရှိ အိမ်ရာဝင်းကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ဤနေရာမှာ တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် မိသားစုအိမ်ရာများဖြစ်ကြပြီး ကျောင်းနှင့်လည်း အလွန်နီးကပ်သည်။

နောက်ပိုင်း ဆယ်စုနှစ်များစွာ ကြာလျှင် ဤအိမ်များသည် ဟောင်းနွမ်းပျက်စီးသွားမည်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် မှတ်မိနေပါသည်။

သို့သော် ယခုခေတ်အခါတွင်မူ ငါးထပ်၊ ခြောက်ထပ် တိုက်ကြီးများနှင့် အောက်ထပ်တွင် စီတန်းထားသော စက်ဘီးများက ဤနေရာ၏ ချမ်းသာကြွယ်ဝမှုကို ဖော်ပြနေပါသည်။

“ကိုယ်ဒီနေရာမှာ တိုက်ခန်းတစ်ခန်းဝယ်ထားတယ်၊ ကျောင်းနဲ့လည်း နီးတယ်လေ၊ အဆောင်မှာ နေရတာ ငြီးငွေ့လာရင် ဒီမှာ ပြောင်းနေလို့ရတယ်”

လုဟန်ချွမ်က ပျင်းရိပျင်းတွဲဖြင့် ရှင်းပြလိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း အသိစိတ်ပြန်ဝင်လာပြီးဖြစ်ပြီး သူ့လက်မောင်းကို ကိုင်ကာ မေးမြန်းလိုက်သည်။

“ဘယ်လိုဝယ်လိုက်တာလဲ၊ ဒီအိမ်ရာက ဆရာဆရာမတွေပဲ လျှောက်ထားလို့ရတာ မဟုတ်ဘူးလား”

လုဟန်ချွမ်: “အဲ့တာတွေ ဘာမှ စိတ်ပူစရာမလိုဘူး၊ အဲ့ဒီအိမ်က မင်းအပိုင် ဖြစ်သွားပြီ၊ ပြောင်းလာချင်တဲ့အချိန် ပြောင်းလာလို့ရတယ်၊ ဘယ်သူမှ ကန်မထုတ်စေရဘူး”

ထို့နောက် သူမလက်ထဲ သော့တစ်ချောင်း ထိုးထည့်ပေးလိုက်သည်။

“သော့ခလောက်ကို လဲထားပြီးပြီ၊ ဒီသော့နဲ့ပဲ ဖွင့်လို့ရတယ်”

ယဲ့ရှောင်ရှောင်: “အရင်တစ်ခေါက်ကလည်း ရှင်ကျွန်မကို သော့တစ်ချောင်း ပေးခဲ့သေးတယ်မလား”

လုဟန်ချွမ်က ရှင်းပြသည်။

“အဲ့ဒီအိမ်က ကျောင်းနဲ့ဝေးတယ်လေ၊ ကိုယ့်ကိုတွေ့ဖို့ စစ်တပ်ဆီလာလည်တဲ့အခါကျမှ အဲ့မှာ တည်းပေါ့”

လုဟန်ချွမ်သည် ကားပါကင်ထိုးပြီးနောက် ယဲ့ရှောင်ရှောင်ကို တိုက်နံပါတ်(၃) အခန်းနံပါတ်(၃၀၁) သို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ဤခေတ်က အိမ်များမှာ ဧရိယာတွက်ချက်မှုများ မရှိသေးသဖြင့် အိပ်ခန်းနှစ်ခန်းပါ အခန်းဖြစ်သော်လည်း အတွင်းခန်းမှာ ကျယ်ဝန်းပြီး မျက်နှာကျက်မှာလည်း မြင့်မားလှသည်။

ထို့အပြင် ဆောက်လုပ်ထားသည်မှာလည်း မကြာသေးသဖြင့် အလွန်သစ်လွင်နေပါသည်။

ပရိဘောဂများမှာလည်း အစုံအလင်ရှိပြီး ပရိဘောဂများ၏ စတိုင်မှာ လုဟန်ချွမ်၏ လက်ရာဖြစ်မှန်း သိသာပေသည်။

“ရှင် ဘယ်တုန်းကတည်းက ပြင်ဆင်ထားတာလဲ၊ အခုတောင်ပြောင်းလာလို့ ရတဲ့ အခြေအနေဖြစ်နေပြီ”

လုဟန်ချွမ်: “မင်းက ဟောက်မိသားစုကို မပြန်တော့ဘူးမလား၊ အဲ့တာဆို ပေကျင်းမှာနေဖို့ အိမ်တစ်လုံးတော့ လိုတယ်လေ”

ယဲ့ရှောင်ရှောင်: “…”

လုဟန်ချွမ်က အိမ်အကြောင်း ဆက်ရှင်းပြသည်။

“ဒုတိယ အိပ်ခန်းကို စာကြည့်ခန်းအဖြစ် ပြောင်းလိုက်လို့ရတယ်၊ ပြူတင်းပေါက်ကနေ မြင်ရတဲ့ ရှုခင်းကလည်း အရမ်းလှတယ်”

ယဲ့ရှောင်ရှောင်က မေးသည်။

“ဒုတိယအိပ်ခန်းကို စာကြည့်ခန်းအဖြစ် ပြောင်းလိုက်ရင် ရှင်က ဘယ်မှာနေမှာလဲ”

လုဟန်ချွမ် ခေတ္တတိတ်ဆိတ်သွားပြီး အသံပျော့ပျော့ဖြင့် မေးသည်။

“ကျန်တဲ့အိပ်ခန်းမှာပဲ အိပ်လို့မရဘူးလား”

ယဲ့ရှောင်ရှောင်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လျက် ငြင်းဆန်လိုက်သည်။

“ရှင်ပိုက်ဆံပေးထားတာ ဆိုရင်တောင် မရဘူး”

လုဟန်ချွမ် အတွေးများသွားခဲ့သည်။

“ဒီနေရာကို ကိုယ်တို့လက်ထပ်ပြီးရင် နေမယ့်အိမ်လေးလို့ တွေးထားခဲ့တာ၊ အရမ်းသေးတယ်လို့ ထင်လား၊ ဟန်ရှင်းမှာ မြေကွက်တချို့ ရှိသေးတယ်၊ ကိုယ်တို့နှစ်ယောက်အတွက် ဗီလာတစ်လုံးလောက် ကြိုစီစဉ်ခိုင်းထားလိုက်ရင် ကောင်းမယ် ထင်တယ်”

ယဲ့ရှောင်ရှောင်မှာ သူ့ပါးစပ်ကို လှမ်းအုပ်ချင်စိတ်ပင် ပေါက်သွားသည်။

‘ဘာကို လက်ထပ်ပြီးရင် နေမယ့် အိမ်လေးလဲ၊ တွဲနေကြတာ တစ်လလောက်ပဲရှိသေးတယ် မဟုတ်ဘူးလား၊ အခုကလည်း တွေ့တာ ဒုတိယအကြိမ်မြောက်ပဲ ရှိသေးတယ်!’

ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

“ရှင်ကတော့ အဝေးကြီးကို ကြိုတွေးနေတာပဲနော်”

All Chapters