← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

📗 Chapter 105

ရှုကျမ့်ဝမ်သည် အိမ်မှ ထွက်ခွာပြီး တောင်ပိုင်းရှိ နင်အန်းကောင်တီသို့ သွားရောက်ရပါမည်။

ပေကျင်းြမို့နှင့် သိပ်မဝေးလှသော်လည်း ပြည်နယ်နယ်နိမိတ်ကို ကျော်ဖြတ်ရသည့် ခရီးတစ်ခုဖြစ်သည်။

ရှုကျမ့်လီသည် ပုံမှန်အားဖြင့် အစ်ကိုဖြစ်သူနှင့် မတည့်သော်လည်း ထိုနေ့တွင်တော့ ဘူတာရုံသို့ လိုက်ပို့ပေးခဲ့ပါသည်။

ထိုအချိန်တွင် တောင်ပိုင်းသို့ ထွက်ခွာမည့် ရထားပေါ်တွင် ဟောက်ယန်ယန်လည်း ရှိနေသည်ကို ညီအစ်ကိုနှစ်ယောက် မသိခဲ့ကြပေ။

“မင်းကျောင်းက ဘာလို့အဲ့လောက်ဝေးတဲ့နေရာမှာ အလုပ်သင်ဆင်းခိုင်းရတာလဲ”

ကျင့်ဟွာတက္ကသိုလ်သည် ထင်သလောက် မကောင်းမွန်ဟု ရှုကျမ့်လီ ရုတ်တရက် ခံစားလိုက်ရသည်။

ရှုကျမ့်ဝမ်: “ဝိဇ္ဇာဘာသာရပ် ယူထားတဲ့ ကျောင်းသားတွေအတွက်က ဒီလိုပါပဲ၊ သွားရမှာက ငါလေ၊ မင်းမှ မဟုတ်တာ၊ ဘာလို့ ဆူပုတ်နေတာလဲ”

ရှုကျမ့်လီ ရုတ်တရက် ပြုံးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ မင်းမရှိရင် ငါပိုတောင် လွတ်လပ်သွားဦးမယ်၊ ဘာလို့ မပျော်ရမှာလဲ”

ရှုကျမ့်ဝမ်လည်း ညီဖြစ်သူနှင့် စကားမများချင်တော့သဖြင့် အိမ်တွင် မိဘစကား နားထောင်ဖို့သာ မှာကြားလိုက်သည်။

မှာကြားပြီးနောက် ရထားပေါ်တက်ရမည့်အချိန်သို့ ရောက်ရှိလာပါသည်။

ရထားပေါ်တက်ခါနီးတွင် ရှုကျမ့်ဝမ်က မနေနိုင်ဘဲ လှည့်မေးလိုက်သည်။

“ခုတလော ယဲ့ရှောင်ရှောင် အခြေအနေဘယ်လိုရှိလဲ မင်းသိလား”

မူလက ယဲ့ရှောင်ရှောင်တွင် ရည်းစားနေရှိနေသလားဟု မေးမြန်ချင်ခြင်း ဖြစ်သော်လည်း ထိုစကားလုံးများ သူ့နှုတ်ဖျားသို့ ရောက်သောအခါ အလိုလို ပြောင်းလဲသွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်ကို သူ ယုံကြည်နေပါသေးသည်။ ယခင်က အမူအကျင့်များ မပြောင်းလဲသေးလျှင် သူမသည် ရုပ်ရည်ကို အလွန် အလေးထားသူဖြစ်သည်။

သူမသာ လက်တွဲဖော်ရွေးချယ်မည်ဆိုလျှင် ထိုနေ့က သူတွေ့ခဲ့သည့် ဝတုတ်လေးကဲ့သို့ လူမျိုး ကျိန်းသေပေါက် မဖြစ်နိုင်ဟု ယူဆမိပါသည်။

ရှုကျမ့်လီက အစ်ကိုဖြစ်သူကို သံသယမျက်လုံးဖြင့် အကဲခတ်ကာ မေးလိုက်သည်။

“ကျောင်းမှာ အစ်မရှောင်ရှောင်နဲ့ တွေ့ပြီးပြီလား”

ရှုကျမ့်ဝမ်: “ဒါဆို မင်းလည်း သိတယ်ပေါ့”

“ငါက မင်းလိုငတုံးမှ မဟုတ်တာ၊ အစ်မရှောင်ရှောင် ကျိန်းသေပေါက် အဆင်ပြေနေလိမ့်မယ်၊ မင်းလို ရည်းစားဟောင်းက ဘာမှစိတ်ပူစရာမလိုဘူး”

“…”

ရှုကျမ့်ဝမ်မှာ လိုချင်သည့် အဖြေကို မရလိုက်သည့်အပြင် ရင်ပါ နာသွားရသည်။

ညီဖြစ်သူကို အရေးမစိုက်တော့ဘဲ ရထားပေါ် တက်သွားခဲ့တော့သည်။

ရှုကျမ့်လီကလည်း ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။ အသုံးမကျသည့် သူ့အစ်ကိုသည် သူ့ရွေးချယ်မှုများကို နောင်တရနေလောက်ပါပြီ။

‘နည်းတောင် နည်းသေးတယ်’

--- --- ---

အဆောင်တွင် ယဲ့ရှောင်ရှောင် စာအုပ်ဖတ်နေစဉ် အဆောင်မှူးရောက်လာပြီး သူမကို တွေ့ဖို့ တစ်စုံတစ်ယောက် ရောက်နေသည်ဟု အကြောင်းကြားခဲ့ပါသည်။

ပထမတော့ လုဟန်ချွမ် ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ထင်ထားခဲ့သော်လည်း ကျောင်းအဝင်ဝသို့ ရောက်ပြီး ပန်းခင်းဘေးတွင် မတ်တပ်ရပ်နေသည့် အမျိုးသမီးကို မြင်လိုက်ရသောအခါ မှင်သက်သွားခဲ့ရသည်။

သူမကို တွေ့ဖို့ ဟယ်ချောင်းရှန့် ကျောင်းအထိ လိုက်လာလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားခဲ့ပါ။ ထို့အပြင် သူမ၏ မေဂျာနှင့် အဆောင်ကိုပါ ဤမျှမြန်မြန် ရှာတွေ့လိမ့်မည်ဟုလည်း တွေးမထားခဲ့ပေ။

အမြဲတမ်း ဖက်ရှင်ကျကျ ဝတ်စားတတ်သော ဟယ်ချောင်းရှန့်သည် အနီရောင်သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ် စီးထားကာ ဆံပင်ကို ကောက်ထားသည်။

အသက် ၄၀ ဝန်းကျင်ရှိပြီဖြစ်သော်လည်း အသားအရေထိန်းသိမ်းမှု ကောင်းမွန်လွန်းသဖြင့် ကျောင်းအဝင်ဝတွင် ရပ်နေသည့်အခါ ဆွဲဆောင်မှုရှိသေးသည့် အပျိုတစ်ယောက်နှင့်ပင် တူလှပါသည်။

ယဲ့ရှောင်ရှောင်က သူမအနားသို့ လျှောက်သွားကာ မေးလိုက်သည်။

“အမေ သမီးကို ဘာလို့လာတွေ့တာလဲ”

ယခင်တစ်ခေါက် ဟောက်အိမ်တော်သို့ ယဲ့ရှောင်ရှောင် သွားရောက်စဉ်က ဟယ်ချောင်းရှန့်၏ အမူအရာနှင့် ဆက်ဆံပုံများမှာ အလွန်ပင် အေးစက်ခဲ့သည်။ သူမကို အဆက်အသွယ် လုံးဝ ဖြတ်လိုက်ပြီဟုပင် ယဲ့ရှောင်ရှောင် ယူဆထားခဲ့ပါသည်။

ယခုအချိန်မှ မည်သည့်အကြောင်းအရင်းကြောင့် သူမကို လာရှာရခြင်းကို ယဲ့ရှောင်ရှောင် နားမလည်နိုင်ပေ။

ဟယ်ချောင်းရှန့်က ဆိုသည်။

“ဒီမှာ စကားပြောဖို့ အဆင်မပြေဘူး၊ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ နေရာတစ်ခုကို သွားကြရအောင်”

ယဲ့ရှောင်ရှောင်လည်း ခေါင်းသာညိတ်နိုင်သည်။

ဟယ်ချောင်းရှန့်က သူမကို ကျောင်းထဲမှ ခေါ်ထုတ်လာပြီး တက္ကသိုလ်နှင့် ဝေးကွာသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ကျောင်းသားများ မြင်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် တွေးမိသည်။ ဤမျှ လျှို့ဝှက်နေပုံကို ကြည့်ခြင်းအားဖြင့် ကျိန်းသေပေါက် ကောင်းသောကိစ္စ မဖြစ်နိုင်ပေ။

ထင်မှတ်ထားသည့်အတိုင်းပင် သီးသန့်အခန်းထဲသို့ ရောက်သည်နှင့် ဟယ်ချောင်းရှန့်က အိတ်ထဲမှ စာအိတ်တစ်လုံး ထုတ်ပေးလိုက်ပါသည်။

စာအိတ်၏ အထူကို အကဲခတ်ကြည့်ခြင်းအားဖြင့် ငွေအမြောက်အများ ပါဝင်ပုံရသည်။

“ရှောင်ရှောင်၊ နင့်ကို ချန်းပင်နဲ့ငါ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာ၊ ငါတို့ရင်ထဲမှာ သံယောဇဉ်မရှိဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မယ်၊ ဒါပေမယ့် အခု ယန်ယန်ပြန်ရောက်လာပြီလေ၊ သူစိတ်မထိခိုက်စေဖို့အတွက် နင့်ဘက်က နည်းနည်း အနစ်နာခံပေးရမှာာပေါ့”

ဟယ်ချောင်းရှန့်၏ ယနေ့ခရီးစဉ်သည် အကွက်ကျကျ စီစဉ်ထားသော ခရီးစဉ်တစ်ခုပင် ဖြစ်သည်။

ဤငွေကို ယဲ့ရှောင်ရှောင် လက်ခံအောင် သူမ လုပ်ရမည်။ ထိုအခါ စစ်တပ်ဝင်းထဲမှ လူများက သူမတို့ကို သွေးအေးရက်စက်သည်ဟု စွပ်စွဲနိုင်တော့မည် မဟုတ်သလို နောက်နောင်တွင် အခြေအနေများကို ထိန်းချုပ်ဖို့လည်း ပိုမို လွယ်ကူသွားပါလိမ့်မည်။

“ဒီငွေကို ယူလိုက်ပါ၊ ငါတို့ကြားက နှစ်ရှည်လများ သံယောဇဉ်ကို အဆုံးသတ်လိုက်ပြီလို့ပဲ သဘောထားလိုက်ပေါ့”

ယဲ့ရှောင်ရှောင် ချက်ချင်းပင် နားလည်သွားခဲ့သည်။

ဖြစ်ချင်တော့ ယခင်တစ်ခေါက်က သူမ၏ လာရောက်လည်ပတ်မှုကြောင့် သခင်မဟောက် အလွန်ထိတ်လန့်သွားပုံ ရသည်။

ဟယ်ချောင်းရှန့် ဤသို့လုပ်ရခြင်းမှာ ဟောက်မိသားစု၏ ပျော်ရွှင်စရာဘဝလေးအား ယဲ့ရှောင်ရှောင် လာရောက်ဖျက်ဆီးပစ်မှာကို စိုးရိမ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။

“အမေ… ဒါမှမဟုတ် ဒေါ်လေးဟယ်လို့ ခေါ်ရမလား၊ ဒီပိုက်ဆံကို သမီး လက်မခံနိုင်ပါဘူး၊ ဒေါ်လေးနဲ့ ဦးလေးဟောက်တို့ သမီးကို ဒီအရွယ်ထိ ရောက်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်နေမိတာ၊ ဖြစ်နိုင်ရင် သမီးအတွက် ကုန်ခဲ့ရတဲ့ အသုံးစရိတ်တွေအားလုံးကိုတောင် ပြန်ဆပ်ချင်နေတာ”

ယဲ့ရှောင်ရှောင်သည် အခြေအနေကို ရိပ်စားမိပါသည်။

ဟယ်ချောင်းရှန့်၏ လုပ်ရပ်သည် အဆက်အသွယ် ဖြတ်ရုံတင်မဟုတ်ဘဲ အခြားအကြံအစည်များလည်း ပါဝင်နိုင်သေးသည်။

အမှန်အတိုင်းဆိုရလျှင် သူမလည်း ဟောက်မိသားစုနှင့် အေးအေးဆေးဆေး အဆက်အသွယ် ဖြတ်နိုင်မည်ဆိုပါက အတိုင်းထက်အလွန် ဝမ်းသာမိပါလိမ့်မည်။

ငွေကို ငြင်းဆန်လိုက်သော ယဲ့ရှောင်ရှောင်အား ဟယ်ချောင်းရှန့် အံ့အားသင့်စွာ ကြည့်နေမိသည်။

လွန်ခဲ့သော ခြောက်လအတွင်းမှာပင် ဤကောင်မလေးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။ ယခင်တုန်းကသာဆိုလျှင် ယခုလို စကားမျိုး ပြောပါက ယဲ့ရှောင်ရှောင် ထသောင်းကျန်းမည်မှာ သေချာသည်။

ထို့အပြင် ယဲ့ရှောင်ရှောင်၏ ‘ဒေါ်လေးဟယ်’ဟူသော အခေါ်အဝေါ်ကြောင့် သူမ မျက်နှာပေါ်မှအပြုံး ပျက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

ဟယ်ချောင်းရှန့် အပြုံးဖြင့် ပြောလိုက်သည်။

“ရှောင်ရှောင်၊ ငါကိုယ်တိုင် နင့်ကိုပျိုးထောင်ပေးခဲ့တာပါ၊ နင်က ငယ်ငယ်လေးကတည်းက ဘာဆိုဘာမှ ဒုက္ခမခံခဲ့ရဘူး၊ နင်ဒီငွေကို ယူမှသာ ငါစိတ်အေးနိုင်မှာ၊ အရင်က နင့်အတွက် ကုန်ခဲ့တဲ့ ကုန်ကျစရိတ်တွေကိုလည်း ငါတို့ ပြန်မတောင်းပါဘူး၊ ဒါပေမယ့် နင့်ဘက်က တစ်ခုတော့ လိုက်လျောပေးဖို့ မျှော်လင့်တယ်၊ ယန်ယန်နဲ့ ကျမ့်ဝမ်တို့ရဲ့ လက်ဆက်ထိန်းမြှားမှုကို သူတို့ငယ်ငယ်လေးကတည်းက စီစဉ်ထားခဲ့တာ၊ အခုချိန်ကျမှ ပြဿနာတစ်စုံတစ်ရာဖြစ်မှာကို ငါမလိုလားဘူး၊ ငါတို့အားလုံး ယန်ယန်အပေါ်မှာ အကြွေးတင်နေတာကို နင်သိပါတယ်…”

ယဲ့ရှောင်ရှောင် ဆွံ့အသွားရပြန်သည်။

ယခင်တစ်ခေါက်က လုဟန်ချွမ်ကို ဟောက်အိမ်တော်သို့ ခေါ်သွားကာ မျက်နှာပြခဲ့သည့်တိုင်အောင် ဟယ်ချောင်းရှန့်က စိတ်မအေးနိုင်သေးပါ။

ဇာတ်လိုက်မင်းသမီး၏ အမေက အလွန်ပင် သတိကြီးလွန်းပါသည်။

“ဒေါ်လေးဟယ်၊ သမီးမှာ ကောင်လေးရှိပြီးသားလေ၊ အရင်တစ်ခေါက်ကလည်း ရှုကျမ့်ဝမ်နဲ့ သမီးနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ပြောပြီးသားပဲ မဟုတ်ဘူးလား၊ ဟောက်ယန်ယန်ကိုတော့ သမီး ဘာအကြွေးမှ တင်နေတယ်လို့ မခံစားရဘူး၊ ယဲ့မိသားစုက ဟောက်မိသားစုလောက် မချမ်းသာပေမယ့် သူ့ကို မေတ္တာအပြည့်အဝ ပေးခဲ့သလို အငတ်အပြတ်လည်း မထားခဲ့ပါဘူး၊ အဲ့တာတွေက ဟောက်ယန်ယန် လိုချင်တဲ့အရာတွေ မဟုတ်လို့ သူ့ဖာသာသူ ပေကျင်းမြို့ကို ထွက်လာခဲ့တာ သမီးအပြစ်မဟုတ်ဘူးလေ”

ဟယ်ချောင်းရှန့် နှာခေါင်းရှုံ့သွားသည်။

“ယန်ယန်ရဲ့ ကိစ္စကို ထားပါဦး၊ ရှုကျမ့်ဝမ်ကတော့ နင့်ကို မမေ့နိုင်သေးဘူးထင်တယ်”

ယဲ့ရှောင်ရှောင် သူမကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ မေးလိုက်သည်။

“သမီးကို သူမမေ့နိုင်သေးဘူးဆိုတာ ဒေါ်လေးဟယ်က ဘယ်လိုသိတာလဲ၊ ဟောက်ယန်ယန်နဲ့ သူ့ကြားက အခြေအနေ တိုးတက်မလာလို့ သမီးကို မေးခွန်းလာထုတ်တာလား၊ သူ့ဖာသာသူ ဟောက်ယန်ယန်ကို သဘောမကျတာကော မဖြစ်နိုင်ဘူးလား”

ဤအမျိုးသမီးမှာ ကျိုးကြောင်းပြ၍ မရသဖြင့် ယဲ့ရှောင်ရှောင်လည်း ယဉ်ကျေးပြနေရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။

ဟယ်‌ချောင်းရှန့်၏ မျက်နှာမှာ အေးစက်သွားခဲ့သည်။

“ရှောင်ရှောင်… နင် ဟောက်မိသားစုကနေ ထွက်သွားပြီးကတည်းက ပိုပိုပြီး ရိုင်းစိုင်းလာတာပဲ၊ နင်က ငါ့သမီးအရင်း မဟုတ်ရင်တောင် နင့်ကိုပျိုးထောင်ပေးခဲ့တဲ့ ငါတို့တွေ ဝေဖန်မခံရအောင် ဆင်ဆင်ခြင်ခြင် နေသင့်တယ်”

ယဲ့ရှောင်ရှောင်က ပြန်လည် ချေပလိုက်သည်။

“ဒါဆို ဒေါ်လေးဟယ်ကကော ကျွန်မကို ဒီလိုစကာမျိုးတွေ လာပြောနေတာက ဘယ်လိုကောင်းမွန်တဲ့ ဆုံးမမှုမျိုးလဲ၊ ရှုကျမ့်ဝမ်က ကျွန်မကို မမေ့နိုင်သေးဘူးတဲ့လား၊ အဲ့တာဆို ဟောက်ယန်ယန်အတွက် ကျွန်မက လမ်းပါ ခင်းပေးရမယ်လို့ ဒေါ်လေးဟယ် ဆိုလိုချင်တာလား၊ အဲ့လိုလုပ်ပေးဖို့တော့ လုံးဝ မဖြစ်နိုင်ဘူးနော်”

ယဲ့ရှောင်ရှောင် မတ်တပ်ရပ်ကာ ဆက်ပြောလိုက်သည်။

“ဒေါ်လေးဟယ် ပြောချင်တာာကို ကျွန်မ နားလည်ပါတယ်၊ ကျွန်မတို့ တွေ့တာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့လည်း မျှော်လင့်တယ်၊ ဦးလေးနဲ့ ဒေါ်လေးတို့ ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ စရိတ်တွေကိုလည်း ကျွန်မ အမြန်ဆုံး ပြန်ဆပ်ပါ့မယ်”

ပြောချင်သည်ကို ပြောပြီးနောက် ယဲ့ရှောင်ရှောင် တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ဟယ်ချောင်းရှန့်ကို တစ်ယောက်တည်း ထားခဲ့ကာ ထွက်လာခဲ့တော့သည်။

ရင်ထဲမှ ခံစားချက်များကို ဖွင့်ချလိုက်ရသဖြင့် ယဲ့ရှောင်ရှောင်ရင်ထဲ အလွန်ပေါ့ပါးသွားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုကျော်က မိဘများ၏ အမှားအယွင်းမှာ သူမနှင့် မသက်ဆိုင်ပေ။ သူမသည် မည်သူ့အပေါ်မှ အကြွေးတင်မနေသလို၊ ဟောက်ယန်ယန်က ဇာတ်လိုက်မင်းသမီး ဖြစ်ရုံနှင့် သူမဘက်က အနစ်နာခံပေးမည် မဟုတ်ပေ။

တစ်စုံတစ်ခုကို ရယူလိုပါက ကိုယ်ပိုင်အစွမ်းအစဖြင့် ကြိုးစားအားထုတ်သင့်ပါသည်။

ယဲ့ရှောင်ရှောင် ထွက်သွားသောအခါ ဟယ်ချောင်းရှန့်သည့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်တစ်ခွက်ကို ရိုက်ခွဲပစ်လိုက်သည်။

ဟယ်ချောင်းရှန့် အမှန်တကယ် အဘယ်ကြောင့် ဒေါသထွက်နေရသည်ကို မည်သူမှ မသိနိုင်ပေ။ ယဲ့ရှောင်ရှောင် တုံ့ပြန် ပြောဆိုသွားပုံများမှာ ထိုမိန်းမနှင့် တစ်ပုံစံတည်း တူညီနေခြင်းကြောင့်ပင်။

အချိုကျွေး၍ မရသူကို အခါးသာ ကျွေးရပါတော့မည်။

‘နင်က အဲ့လောက်တောင် မာန်တက်ပြနေမှတော့ ငါ့ဘက်က ရက်စက်တာကို အဆိုးမဆိုနဲ့!’

All Chapters