အခန်း ၁၀၆
Vol. 11 Ch. 106
📗 Chapter 106
ဟယ်ချောင်းရှန့်သည် ယဲ့ရှောင်ရှောင်နှင့် တွေ့ဆုံမှုတွင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် အရာအားလုံးမှာ မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ဘဲ သူမ အလွန် ဒေါသထွက်ခဲ့ရပါသည်။
အိမ်ပြန်ရောက်သောအခါ အချိန်ကို တွက်ဆပြီး လုအိမ်တော်သို့ ဖုန်းဆက်လိုက်သည်။
သို့သော် ဖုန်းကို ယွင်ချန်းရှို့က မကိုင်ခဲ့ဘဲ အဘွားလုလက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
“သမီးဟယ်၊ ဘာကိစ္စများ ရှိလို့လဲ”
အဘွားလုသည် တစ်ဖက်လူ၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် အလွန်ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်၏ မွေးစားမိခင်ဖြစ်၍ ဤဖုန်းခေါ်ဆိုမှုသည် ကလေးနှစ်ယောက်ကိစ္စနှင့် သက်ဆိုင်နေလိမ့်မည်ဟု အဘွားလု ခန့်မှန်းမိပါသည်။
ဟယ်ချောင်းရှန့်သ်ည ဖုန်းကို ကိုင်ထားရင်း မျက်လုံးများ ကစားနေမိသည်။
သခင်မကြီးလုကိုယ်တိုင် ဖုန်းကိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့သော်လည်း သူမအတွက် ပို၍ပင် ကောင်းမွန်သွားပါသေးသည်။
လုမိသားစုတွင် မည်သူမှ မပစ်မှား၊ မစော်ကားရဲသည့် ပုဂ္ဂိုလ် ထိုအဘွားအိုပင် မဟုတ်ပါလား၊
“ဒေါ်လေးချန်း၊ အခုလို ရုတ်တရက်ကြီး ဖုန်းဆက်ပြီး အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မ စိတ်ထဲ ဘဝင်မကျဖြစ်နေတဲ့ ကိစ္စလေးတစ်ခုရှိလို့လေ၊ အဲ့တာ ဒေါ်လေးချန်းကို အသိပေးသင့်တယ်လို့ ခံစားမိလို့ပါ”
ဟယ်ချောင်းရှန့် အနည်းငယ် ရင်တုန်နေပါသည်။
လုအိမ်တော်သို့ သူမ ဆက်သွယ်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သိပ်လည်း မရင်းနှီးကြသဖြင့် စကားလုံးတိုင်းကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရပါသည်။
ချန်းယန်က ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
“သမီးဟယ် ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
ဟယ်ချောင်းရှန့်: “ဗိုလ်မှူးလုနဲ့ ရှောင်ရှောင်တို့ တွဲနေကြတာကို ဒေါ်လေးတို့မိသားစု သိထားပြီးသားလားဆိုတာ မေးချင်လို့ပါ”
ထို့နောက် ဟယ်ချောင်းရှန့် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“ရှောင်ရှောင်က ကျွန်မရဲ့ မွေးစားသမီးလေးပါ၊ ကျွန်မ ၁၀ နှစ်ကျော်အောင် ပျိုးထောင်ပေးခဲ့ရတဲ့ သမီးက သူများရဲ့ သွေးသားဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ အမှန်တရားကို စစသိလိုက်ရတုန်းကတော့ ချန်းပင်နဲ့ ကျွန်မတို့ သမီးနှစ်ယောက်စလုံးကို အတူတူ မွေးလိုက်မလို့ပါပဲ၊ ဒါပေမယ့် ရှောင်ရှောင်က ကျွန်မတို့ကို နားလည်မှုလွဲပြီး အိမ်ကနေ ထွက်ပြေးသွားတယ်လေ”
“သူဗိုလ်မှူးလုနဲ့ တွဲနေတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မ မကြာသေးခင်ကမှ သိခဲ့ရတာ…
ချန်းယန်သည် တစ်ဖက်လူ စကားပြောနေသည်ကို ကြားဖြတ်မပြောဘဲ တည်တည်ငြိမ်ငြိမ်ပင် နားထောင်ခဲ့ပါသည်။
ကလေးနှစ်ယောက်ကိစ္စကို သူမ သိထားသည်မှာ အလွန်ကြာလေပြီ။
သို့သော် ဟယ်ချောင်းရှန့်၏ လေသံကို အကဲခတ်ကြည့်ခြင်းအားဖြင့် ကလေးနှစ်ယောက်က လူကြီးများနောက်ကွယ်တွင် ခိုးတွဲနေကြသဖြင့် တိုင်တန်းနေသည့် ပုံစံပေါက်နေပါသည်။
ဟောက်မိသားစုက ကန့်ကွက်မည်ကို ချန်းယန် လုံးဝ လက်မခံနိုင်ပေ။ သူမ မသေခင် မြစ်ချီသွားချင်သေးသည်။
အဘွားလုထံမှ တုံ့ပြန်သံ မကြားရသောအခါ သူမ၏ခန့်မှန်းချက်များ မှန်ကန်သည်ဟု ဟယ်ချောင်းရှန့် ပိုမို ယုံကြည်သွားခဲ့သည်။
လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ တွဲနေကြသည်ကို လုမိသားစု မသိလောက်သေးပေ။
“အဲ့ဒီကောင်မလေးရှောင်ရှောင်က ငယ်ငယ်လေးကတည်းက ခေါင်းမာပြီး စိတ်ထင်ရာလုပ်တတ်တဲ့ ကလေးပါ၊ ကျွန်မလည်း သူ့ကို အကြိမ်ကြိမ်ဆုံးမပေမယ့် အသုံးမဝင်ဘူးလေ”
ဟယ်ချောင်းရှန့် သက်ပြင်းထပ်ချကာ ဆက်ပြောသည်။
“ဒီတစ်ခါတော့ ကျွန်မတို့ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ရလောက်တဲ့အထိ သူသွေးအေးရက်စက်ခဲ့တာ၊ ပြီးတော့ အရင်က ရှောင်ရှောင်နဲ့ ရှုမိသားစုက ရှုကျမ့်ဝမ်နဲ့ စေ့စပ်ကြောင်းလမ်းမှု ရှိခဲ့ဖူးတယ်ဆိုတော့… သူနဲ့ ဗိုလ်မှူးလုရဲ့ ဆက်ဆံရေးအကြောင်းကို လူကြီးတွေ သိထားသင့်တယ်လို့ ကျွန်မ ထင်လို့ပါ”
ချန်းယန်: “…”
‘ဒီလောက် ယဉ်ကျေးလိမ္မာတဲ့ ရှောင်ရှောင်က ဒီအမျိုးသမီးရဲ့ ပါးစပ်ထဲရောက်မှ ဘာလို့ ထင်ရာစိုင်းတဲ့လူ ဖြစ်သွားရတာလဲ’
ချန်းယန် မေးခွန်းအနည်းငယ် ပြန်မေးဖို့ ဆုံးဖြတ်လိုက်သည်။
“သမီးဟယ်၊ အရင်က စေ့စပ်ထားဖူးထားတာ အခုချိန်ထိ အကျုံးဝင်သေးတယ်လို့ ပြောချင်တာလား၊ ဒါပေမယ့် ဒေါ်လေးကြားထားတာတော့ သမီးရဲ့ သမီးအရင်း ဟောက်ယန်ယန်နဲ့ အဲ့ဒီကောင်လေးရှုတို့ကို မိတ်ဆက်ပေးထားပြီးပြီဆို”
ဟယ်ချောင်းရှန့်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားခဲ့သည်။
ကံကောင်းစွာဖြင့် ဖုန်းခေါ်ဆိုနေခြင်းဖြစ်၍ သူမမျက်နှာကို မည်သူမှ မမြင်နိုင်ပါ။
“ဟုတ်ပါတယ်၊ ရှုမိသားစုကလည်း အဲ့လို ရည်ရွယ်ထားတာပဲ၊ တကယ်တော့ သမီးနှစ်ယောက်စလုံးက ကျွန်မရင်ထဲမှာ တန်းတူပါပဲ၊ ဒါပေမယ့် ယန်ယန်နဲ့ ကျမ့်ဝမ်က ဖူးစာပိုပါတယ်လို့ ခံစားရလို့၊ အဲ့ဒီအတွက် ရှောင်ရှောင်က သမီးတို့ကို ဘက်လိုက်တယ်လို့ အထင်လွဲပြီး ဗိုလ်မှူးလုနဲ့ ရည်ရွယ်ချက်ရှိရှိ တွဲပြနေတာလားလို့ စိတ်ပူမိလို့ပါ…”
ချန်းယန် ရယ်မောလိုက်ပါသည်။
“သမီးဟယ် အတွေးလွန်နေတာပါ၊ ရှောင်ရှောင်ကို ဒေါ်လေးတွေ့ပြီးသွားပြီ၊ သူနဲ့ ချွမ်အာလေးက အရမ်း လိုက်ဖက်တယ်လို့ ဒေါ်လေးတော့ ထင်တယ်”
“သမီးစိတ်ပူနေတာတွေကလည်း လုံးဝ မလိုအပ်ဘူး၊ ဒေါ်လေးရဲ့ မြေးက ချောမောခန့်ညားတဲ့ လူကောင်းတစ်ယောက်ပဲလေ၊ ဘယ်လိုမိန်းကလေးမျိုးက သူ့ကို သဘောမကျဘဲ နေမှာလဲ၊ သူတို့နှစ်ယောက် တကယ် ချစ်ကြိုက်နေကြတာပါ၊ သမီးထင်နေသလောက် မရှုပ်ထွေးဘူး”
ဟယ်ချောင်းရှန့်သည် ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။
လုမိသားစုတွင် ဤကဲ့သို့ သဘောထားမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပါ။
“ဒါပေမယ့်…”
ချန်းယန်၏ လေသံမှာ နူးညံ့နေဆဲ ဖြစ်သော်လည်း စူးစူးရှရှ စကားလုံးများ ပါဝင်လာသည်။
“သမီးခုနကပဲ ပြောလိုက်တယ်လေ၊ ရှောင်ရှောင်က ဟောက်မိသားစုနဲ့ အဆက်အသွယ်ဖြတ်သွားပြီဆို၊ အဲ့တာဆို ဒီကိစ္စကို သမီးတို့ ဝင်ပါစရာမှ မလိုတော့ပဲ၊ ကလေးတွေရဲ့ ကံကြမ္မာက သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ့်အရာပါ၊ သမီးဟယ် အချိန်တွေ ပိုနေရင် သမီးအရင်းဖြစ်တဲ့ ဟောက်ယန်ယန်ကိုပဲ ပိုဂရုစိုက်သင့်တယ်နော်”
အဘွားလု၏ ဆိုလိုရင်းမှာ ရှင်းလင်းသည်။
သူများကိစ္စကို ဝင်မပါဖို့ ပြောနေခြင်းသာ။
“တီ၊ တီ၊ တီ…”
ထိုအသံကြောင့် တစ်ဖက်မှ ဖုန်းချသွားပြီဖြစ်မှန်း ဟယ်ချောင်းရှန့် သိလိုက်ပါသည်။
ဟယ်ချောင်းရှန့်တစ်ယောက် ဟန်ဆောင်အပြုံးပင် မပြုံးနိုင်တော့ချေ။
“ဒါအဘွားကြီးရဲ့အကြံလား၊ လုမိသားစုတစ်စုလုံးရဲ့အကြံလား…”
--- --- ---
လုကော်ဖုန်းက လှမ်းမေးလိုက်သည်။
“ဘယ်သူနဲ့ ဖုန်းပြောနေတာတုန်းကွ”
ချန်းယန်က ပြုံးကာ ပြန်ဖြေသည်။
“ဟယ်ချောင်းရှန့်လေ၊ ချွမ်အာလေးနဲ့ ရှောင်ရှောင်တို့ တွဲနေတာကို ကျွန်မတို့ သိလားလို့ လှမ်းမေးတာ”
လုကော်ဖုန်း: “ဘာလဲ၊ သူတို့မိသားစုက ကန့်ကွက်လို့လား”
ချန်းယန်: “သူက ကျွန်မတို့မြေးနဲ့ တွဲနေတာကို ကန့်ကွက်တာမဟုတ်ဘူး၊ ရှောင်ရှောင်ကို ကန့်ကွက်ချင်တာ၊ တချို့တွေရဲ့ နှလုံးသားက ဘက်ကိုလိုက်တာပါ၊ သမီးအရင်းတစ်ယောက် ရလာတာနဲ့ သမီးအရင်းမဟုတ်တဲ့လူကို လုံးဝ ပစ်ပယ်လိုက်ကြတာ”
ပြောပြောဆိုဆိုနှင့် အဘွားလု ဒေါသထွက်လာသည်။
“နောက်တစ်ခါ ချွမ်အာလေး ပြန်လာရင် အဲ့ဒီကိစ္စသေသေချာချာ ပြောမှဖြစ်မယ်၊ ရှောင်ရှောင်ရဲ့ မိဘတွေက ကျေးရွာသားတွေဖြစ်နေရင်တောင် လျစ်လျူရှုထားလို့မရဘူး၊ အိမ်ထောင်တစ်ခုမှာ ကာယကံရှင်တွေ အဆင်ပြေဖို့ပဲ အရေးကြီးတယ်၊ ယဲ့မိသားစုဝင်တွေက ဖောက်ပြန်တတ်တဲ့သူတွေ၊ ရေသာခို အချောင်လိုက်တတ်တဲ့သူတွေ၊ အစားကြူးတတ်တဲ့သူတွေ မဟုတ်ဘူးဆိုရင်တော့ ဒီမင်္ဂလာပွဲကို ကျွန်မ အပြည့်အဝ ထောက်ခံတယ်”
စာကြည့်မျက်မှန်တပ်လျက် သတင်းစာဖတ်နေသည့် လုကော်ဖုန်းမှာ ဇနီးဖြစ်သူ၏ ဗျစ်တောက်ဗျစ်တောက် စကားသံများကို ကြားပြီးနောက် သတင်းစာကို လက်ထဲမှ ချလိုက်ပါသည်။
“ပိုင်ချွမ်ရွာကို သွားစုံစမ်းဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်လို့ မရဘူးလား”
ချန်းယန်က သူ့ကို မျက်စောင်းလှမ်းထိုးသည်။
“ချွမ်အာလေးရဲ့ စိတ်ကို ရှင်မသိဘူးလား၊ သူ့နောက်ကွယ်မှာ အဲ့လိုတွေ လျှောက်လုပ်နေတာသိရင် သေချာပေါက် စိတ်ဆိုးမှာ”
လုကော်ဖုန်း: “အဲ့တာ သူကောင်းဖို့အတွက် လုပ်တာလေ၊ ဘာကို စိတ်ဆိုးရမှာတုန်း”
ထိုသို့ပြောလိုက်သော်လည်း အဘိုးအိုမှာ ယုံကြည်ချက် သိပ်မရှိဟန်ဖြင့် သတိထပ်ပေးလိုက်ရသည်။
“သူ့ကိုတော့ မသိစေနဲ့ပေါ့ကွာ”
ချန်းယန်: “အဲ့တာဆို လျှို့ဝှက်စုံစမ်းဖို့ ရှင့်လူ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်တော့၊ အရမ်းကြီး မသိသာစေနဲ့၊ ပြီးတော့ သူလျှိုအပြစ်သားတစ်ယောက်ကို စုံစမ်းနေတဲ့ပုံစံမျိုး ပေါက်အောင်လည်း မလုပ်နဲ့ဦး”
လုကော်ဖုန်းက မကျေမနပ် ချေပလိုက်သည်။
“ငါ့မှာ အဲ့လောက် စဉ်းစားဆင်ခြင်ဉာဏ်မရှိဘူးလို့ ထင်နေတာလားကွ”
--- --- ---
“ဟပ်ချိုး! ဟပ်ချိုး! ဟပ်ချိုး!”
အဆောင်တွင်ရှိနေသည့် ယဲ့ရှောင်ရှောင်တစ်ယောက် သုံးကြိမ်ဆက်တိုက် နှာချေလိုက်မိသည်။
“ရှောင်ရှောင်၊ နင်အအေးမိနေတာလား”
ရှားလီက သူမ၏ ကိတ်မုန့်လေးကို အလျင်အမြန်ကာကွယ်ရင်း ယဲ့ရှောင်ရှောင်နှင့် ခပ်ခွာခွာသို့ ပြေးသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်: “မဟုတ်ပါဘူးဟယ်၊ နှာခေါင်း ရုတ်တရက် ယားသလိုဖြစ်နေလို့ပါ”
ရှားလီ: “အဲ့တာ တစ်ယောက်ယောက်က နင့်နောက်ကွယ်မှာ နင့်အကြောင်း အတင်းပြောနေလို့တဲ့”
ယဲ့ရှောင်ရှောင်: “ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ကို သတိရနေတာကော မဖြစ်နိုင်ဘူးလား”
ရှားလီက အတင်းပြောတော့မည့်ဟန်ဖြင့် စကားစလိုက်သည်။
“နင့်ကောင်လေးက…”
သူတို့ စကားပြောနေစဉ် တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်သဖြင့် အတင်းပြောဖို့ ပြင်နေသည့် ရှားလီ ထိတ်လန့်သွားရသည်။
ဝမ်ကျောင်းတစ်ယောက် ပစ္စည်းအမြောက်အများကို သယ်ဆောင်ရင်း အခန်းထဲ ပြန်ဝင်လာပါသည်။
ရှားလီလည်း ယဲ့ရှောင်ရှောင်ကို အာရုံမစိုက်အားတော့ဘဲ ဝမ်ကျောင်းကိုသာ လှည့်မေးလိုက်လေည်။
“အဲ့တာတွေအကုန်လုံးကို ဖန့်ခိုင်ရွှမ် ပေးထားတာလား”
ဝမ်ကျောင်းက ကုတင်ပေါ်တွင် ထိုင်လျက် ပြန်ဖြေလိုက်ပါသည်။
“အေးလေ၊ ငါက မလိုချင်ပါဘူးလို့ ပြောတာကို အတင်းပဲ ဝယ်ပေးနေတာ”
ရှားလီ: “အဲ့တာဆို နင်တို့နှစ်ယောက်က တရားဝင်ရည်းစားတွေ ဖြစ်သွားပြီလား”
ဝမ်ကျောင်းက သူမကို ‘ရူးနေတာလား’ဟူသော အကြည့်မျိုးဖြင့်ကြည့်ကာ ငေါက်လိုက်သည်။
“ဟုတ်မလား၊ ငါက အဲ့လောက်လွယ်တဲ့ မိန်းမမို့လို့လား”
ရှားလီ: “ဟယ်၊ အဲ့တာဆို ရည်းစားလည်း မဟုတ်သေးဘဲနဲ့ သူများပေးတဲ့ပစ္စည်းတွေကို ယူနေတာလား”
ဝမ်ကျောင်း: “နင်တော်တော် ရိုးအပါလား၊ ငါပြောပြမယ်၊ ယောက်ျားတစ်ယောက်ရဲ့အချစ် စစ်လားမစစ်လားဆိုတာကို သိရဖို့ ပိုက်ဆံနဲ့ပဲ စမ်းသပ်နိုင်တယ်တဲ့၊ နင့်ကို တကယ်ချစ်မှသာ ယောက်ျားတစ်ယောက်က ပိုက်ဆံကို ဝန်မလေးဘဲ သုံးမှာ၊ အဲ့တာကြောင့် ငါ့ကို ဖန့်ခိုင်ရွှမ် တကယ်ချစ်တာ ဟုတ်မဟုတ် စမ်းသပ်နေတာလေ”
ပေကျင်းမြို့မှ မိန်းကလေးများ၏ အတွေးအခေါ်မှာ အလွန်ရဲတင်းလှသည်ဟု စဉ်းစားရင်း ရှားလီ ရီဝေစွာ ခေါင်းညိတ်လိုက်ပါသည်။
“အဲ့တာဆို သူ့ကို အဖြေဘယ်တော့ ပြန်ပေးဖို့ စဉ်းစားထားလဲ”
ဝမ်ကျောင်း ခေတ္တစဉ်းစားလိုက်သည်။
“အနည်းဆုံးတော့ နောက်တစ်လလောက် ထပ်စောင့်ခိုင်းဦးမယ်၊ ငါက လွယ်လွယ်နဲ့ရတဲ့ မိန်းကလေးမမျိုးမှ မဟုတ်ဘူးဆိုတာကို သိသွားရင် ရပြီ”
ရှားလီမှာ ‘ဗဟုသုတွေလည်းရပါတယ်’ဟူသော မျက်နှာမျိုး လုပ်ပြလိုက်သည်။
ယဲ့ရှောင်ရှောင်ကမူ ဝမ်ကျောင်း၏ စကားများကို ထောက်ခံခြင်းလည်း မပြုသလို၊ ကန့်ကွက်ခြင်းလည်း မလုပ်ခဲ့ပေ။ အခန်းဖော်များ၏ အချစ်ရေးကိစ္စများတွင် ဝင်ပါဖို့လည်း စိတ်ကူးမရှိပေ။