← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

📗 Chapter 107

ဝမ်ကျောင်းကမူ ယဲ့ရှောင်ရှောင်၏ ထောက်ခံစကားကိုပါ ကြားချင်နေပုံရသည်။

ရှားလီက မြှောက်ပင့်ပေးရုံနှင့် သူမအတွက် မလုံလောက်သေးပေ။ ယဲ့ရှောင်ရှောင်၏ အမြင်ကိုပါ သူမ ကြားချင်သေးသည်။

“ရှောင်ရှောင်၊ ငါပြောတာ မှန်တယ်မလား”

ယဲ့ရှောင်ရှောင် စာအုပ်လှန်ရင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

“တချို့တဝက်တော့ မှန်ပါတယ်”

ထိုအခါမှ ဝမ်ကျောင်း စိတ်ကျေနပ်စွာ အကြည့်ပြန်လွှဲလိုက်တော့သည်။

“နင်တို့နှစ်ယောက်အတွက် စံပြကောင်းဖြစ်အောင် ငါနေပေးပါ့မယ်၊ နင်တို့ ရည်းစားစထားတဲ့အချိန်ကျရင် ငါ့ခြေလှမ်းအတိုင်းသာ လိုက်လျှောက်ကြ၊ လုံးဝ ပြဿနာမရှိစေရဘူး”

ရှားလီ ခေါင်းခါလိုက်သည်။

“အဲ့လိုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်၊ ရှောင်ရှောင်မှာ ကောင်လေး ရှိပြီးသားလေ”

ဝမ်ကျောင်း လက်ထဲမှ ပစ္စည်းများကိုပစ်ချကာ အံ့အားသင့်စွာ မေးလိုက်သည်။

“တကယ်ကြီးလား၊ အဲ့ဒီအကြောင်း ရှောင်ရှောင်ပြောတာလည်း တစ်ခါမှ မကြားဖူးပါဘူး၊ အဝေးရောက်ချစ်သူတော့ မဟုတ်လောက်ပါဘူးနော်၊ အဝေးရောက်ချစ်သူတွေက ပြတ်ဖို့အလွယ်ဆုံးပဲတဲ့”

ဝမ်ကျောင်းသည် စစ်သင်တန်းတွင် မပါဝင်ခဲ့သဖြင့် လီမိန့်ရူနှင့်တက်ခဲ့သည့် ပြဿနာများကိုမသိပေ။

ယဲ့ရှောင်ရှောင်တွင် ရည်းစားရှိနေကြောင်း ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ရှားလီက ဘေးမှနေ၍ ယဲ့ရှောင်ရှောင်ကို အနည်းငယ် အားနာသွားခဲ့သည်။

“အဲ့လောက်ကြီးတော့ ပြတ်ဖို့မလွယ်လောက်ပါဘူး၊ ဟုတ်တယ်မလား”

စိတ်ထဲမှလည်း ဝမ်ကျောင်းကို ပြစ်တင်ကြိမ်းမောင်းလိုက်သေးသည်။

‘သူများတကာကို နိမိတ်မရှိတာတွေ မပြောပါနဲ့လား!’

ဝမ်ကျောင်းက ပြုံးကာ တဲ့တိုး ပြန်ပြောလိုက်ပါသည်။

“ဘာလို့မလွယ်ရမှာလဲ၊ အဝေးရောက်နေတဲ့ ကောင်လေးက ကောင်မလေးကို ဖောက်ပြန်တဲ့ ဖြစ်ရပ်မျိုးတွေ အများကြီး ငါကြားဖူးတယ်၊ ယောက်ျားတစ်ယောက်ဆိုတာ အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေနိုင်မှ တော်ရာကျမှာလို့ ငါ့အမေကတောင် ပြောဖူးတယ်”

ရှားလီ: “အဲ့တာ နင်အထင်လေ၊ ရှောင်ရှောင်ရဲ့ ကောင်လေးက အဲ့လိုလူမျိုး မဟုတ်ပါဘူး”

ဝမ်ကျောင်း တစ်ခုခု တီးတိုးရေရွတ်လိုက်သော်လည်း ဆက်မငြင်းခုံတော့ပေ။ သူမ ရရှိလာသည့် လက်ဆောင်များကိုသာ ပြန်လှည့်ကြည့်နေလိုက်တော့သည်။

“ရုပ်ရှင်လက်မှတ်တွေပါလား!”

ဝမ်ကျောင်း၏ မှတ်စုစာအုပ်တစ်အုပ်ကြားထဲတွင် ညှပ်ထားသည့် ရုပ်ရှင်လက်မှတ်တစ်စောင်ကို မြင်ပြီးနောက် ရှားလီ ထအော်လိုက်သည်။

“အော်ကြီးဟစ်ကျယ် မလုပ်စမ်းပါနဲ့၊ ရုပ်ရှင်သွားကြည့်တာ ဘာထူးဆန်းလို့လဲ”

ဝမ်ကျောင်း ရုပ်ရှင်လက်မှတ်ကို သိမ်းဆည်းရင်း မကျေမနပ် ပြောလိုက်ပါသည်။

ရှားလီ: “နင်သွားမှာလား”

သူမစိတ်ထဲတွင်တော့ ဝမ်ကျောင်းသွားလိမ့်မည်ဟု ခန့်မှန်းထားပြီးပါပြီ။ ဖန့်ခိုင်ရွှမ်က အလွန်ချောမောသည့် ကောင်လေးတစ်ယောက်ပင် မဟုတ်ပါလား။

ဝမ်ကျောင်းကို ပေးထားသော လက်ဆောင်များကို ကြည့်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝပြီး ရက်ရောမှုလည်း ရှိပုံရသည်။

ဝမ်ကျောင်း သူ့ကို အဖြေမပေးဘဲ အချိန်ဆွဲထားဦးမည်ဟု ဆိုသော်လည်း သူမရင်ထဲတွင် ခေါင်းညိတ်ချင်နေမည်မှာ သေချာပါသည်။

ဝမ်ကျောင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

“အချိန်ရှိ၊ မရှိ အရင်ကြည့်လိုက်ပါဦးမယ်လေ၊ မရှိရင်တော့ သွားလိုက်မယ်”

ယဲ့ရှောင်ရှောင်မှာ ဟာသလူရွှင်တော်နှစ်ယောက်၏ပြက်လုံးများကို နားထောင်နေရသကဲ့သို့ ခံစားနေရသည်။

အဆောင်တွင် စာလုပ်ဖို့ အမှန်တကယ်အဆင်မပြေပါ။ စာအုပ်များကို ယူဆောင်လျက် စာကြည့်တိုက်တွင် ခဏလောက် သွားထိုင်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

အဆောင်ခန်းကိုတော့ သူမ၏ အခန်းဖော်နှစ်ယောက် အချစ်အကြောင်း လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့သာထားခဲ့လိုက်ပါမည်။

လွယ်အိတ်နှင့် စာအုပ်နှစ်အုပ်တို့ကို ယူဆောင်လျက် ယဲ့ရှောင်ရှောင် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

ကျင့်ဟွာတက္ကသိုလ် စာကြည့်တိုက်တွင် အထပ် ၅ ထပ်ရှိသည်။ အထပ်တစ်ထပ်ချင်းစီတိုင်းတွင် မတူညီသော စာအုပ်အမျိုးအစားများ ရှိပါသည်။

သို့သော် ထိုင်ခုံနေရာ ရှာဖွေဖို့ကတော့ အလွန်ခက်ခဲလှသည်။ ဤနေရာတွင် ကျောင်းသားကျောင်းသူများက စာဖတ်ရသည်ကို အလွန်သဘောကျပုံပေါ်ပါသည်။

စာကြည့်တိုက်တွင် စကားပြောသံဟူ၍ မကြားရဘဲ စာရွက်လှန်သံများသာ ကြားနေရသည်။

ယဲ့ရှောင်ရှောင် နှစ်ခေါက်လောက် ပတ်ရှာကြည့်ပြီးမှ တတိ ယထပ် ပြူတင်းပေါက်ဘေးရှိ ထိုင်ခုံလေးတစ်ခုံကို ရှာတွေ့သွားသည်။

ထိုထိုင်ခုံတွင် ထိုင်ပြီးနောက် စာကို အလေးအနက် စတင်လေ့လာတော့သည်။ သူမ ဖတ်ရှုနေသည့် စာအုပ်မှာ စုန့်ကွမ်းကျင့်ထံမှ ရရှိထားသော ဆေးကျမ်းစာအုပ်ပင်။

ကျောင်းဖတ်စာအုပ်ထဲမှ အကြောင်းအရာများကို ယဲ့ရှောင်ရှောင် သိကျွမ်းပြီးသားဖြစ်ကာ ဒုတိယနှစ်နှင့် တတိယနှစ်များ၏ သင်ရိုးများကိုပင် လေ့လာထားပြီးပါပြီ။

သူမ အမှန်တကယ် လိုအပ်နေသည်မှာ လက်တွေ့ကုသမှု အတွေ့အကြုံသာ။

“သူငယ်ချင်း၊ နင့်လက်ထဲက စာအုပ်မျိုး စာကြည့်တိုက်ထဲမှာ ရှာလို့ရလား”

ယဲ့ရှောင်ရှောင် စာထဲ စိတ်နစ်နေစဉ် ဘေးဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

သူမ ခေါင်းမော့ကြည့်လိုက်ရာ နက်ပြာရောင်ဂျာကင်တစ်ထည်ကို ဝတ်ဆင်ထားသည့် သန့်သန့်ပြန့်ပြန့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရပါသည်။

“မရလောက်ဘူးထင်တယ်၊ ဒါငါ့ဖာသာငါ ယူလာတဲ့ စာအုပ်ပါ”

ကောင်လေးမှာ အနည်းငယ် စိတ်ပျက်သွားပုံရပြီး တီးတိုး တောင်းပန်လိုက်ပါသည်။

“နှောင့်ယှက်မိလို့‌ တောင်းပန်ပါတယ်နော်”

ယဲ့ရှောင်ရှောင်: “ရပါတယ်”

ယဲ့ရှောင်ရှောင် စာကြည့်တိုက်မှ ထွက်ပြီး ကန်တင်းသို့ သွားဖို့ ပြင်လိုက်စဉ် ထိုကျောင်းသားနှင့် ထပ်ဆုံခဲ့ရသည်။

သူသည် စာကြည့်တိုက်ဝင်ပေါက်တွင် ဆောင့်ကြောင့်ထိုင်နေပြီး အတော်လေး နာကျင်နေပုံရပါသည်။ ယဲ့ရှောင်ရှောင် ဘေးမှ ဖြတ်သွားသောအခါ သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားပြီး နှုတ်ခမ်းများလည်း ပြာနေသည်ကို မြင်လိုက်ရသည်။

“သူငယ်ချင်း၊ နင့်မှာ နှလုံးရောဂါ ရှိတာလား”

ယဲ့ရှောင်ရှောင် ဒူးထောက်ထိုင်လိုက်ပြီး သူ့လက်နှင့် လက် မောင်းပေါ်ရှိ အကြောမှတ်အချို့ကို အမြန်နှိပ်ပေးလိုက်ပါသည်။

ကျန့်လင်၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြန်လည်သက်သာလာပုံရသည်။ ထို့နောက် ယဲ့ရှောင်ရှောင်ကို မော့ကြည့်ကာ တိုးညှင်းစွာ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ငါအဆင်ပြေသွားပါပြီ”

အားနည်းပျော့ညံ့နေသည့် သူ့လေသံကို ကြားသောအခါ ယဲ့ရှောင်ရှောင်က ကမ်းလှမ်းလိုက်သည်။

“နင်ဆေးရုံသွားဖို့ လိုသေးလား၊ ငါလိုက်ပို့ပေးမယ်လေ”

ကျန့်လင်က ခေါင်းခါသည်။

“အဆောင်ပြန်ပြီး နည်းနည်းလောက်ပဲ နားလိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်: “နင်က ဘယ်ဌာနကလဲ”

ကျန့်လင်: “သတင်းအချက်အလက် သိပ္ပံနှင့် နည်းပညာဌာနကပါ”

ယဲ့ရှောင်ရှောင်: “ဝေးသားပဲ၊ ငါလိုက်ပို့ပေးပါ့မယ်”

ယဲ့ရှောင်ရှောင်သည် ဆရာဝန်တစ်ဦးအနေဖြင့် လူနာတစ်ယောက်ကို ဤအတိုင်း ပစ်မထားခဲ့နိုင်ပေ။

ဤတစ်ခါတော့ ကျန့်လင်လည်း မငြင်းဆန်တော့ပါ။

အပြန်လမ်းတွင် ကျန့်လင်က ယဲ့ရှောင်ရှောင်ကို မေးမြန်းလိုက်ပါသည်။

“နင်က ဆေးကျောင်းသူလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ တရုတ်တိုင်းရင်းဆေးပညာ လေ့လာနေတာပါ”

ကျန့်လင် အားနည်းစွာ ပြုံးလိုက်သည်။

“နင်က အရမ်းထူးချွန်တာပဲနော်”

ယဲ့ရှောင်ရှောင်: “နင့်နှလုံးရောဂါက မွေးရာပါလား၊ တော်တောင်ပြင်းထန်တဲ့ပုံပဲနော်”

ဘာကြောင့်မှန်းမသိဘဲ ကျန့်လင်သည် ဤသူစိမ်း မိန်းက လေးကို ရင်ဖွင့်လိုစိတ်များ ရုတ်တရက် ပေါ်လာခဲ့သည်။

“ဟုတ်တယ်၊ ငါဘွဲ့တောင် ယူနိုင်ပါ့မလား မသိပါဘူး၊ ငါ့နှလုံးရောဂါက တော်တော်ပြင်းထန်တယ်၊ ဆေးရုံမှာပဲ နေမယ် ဆိုရင်တောင် နှစ်နည်းနည်းလောက်ပဲ ထပ်နေနိုင်တော့မယ်”

ယခုခေတ်၏ ဆေးပညာအခြေအနေမှာ အလွန်အမင်း မတိုးတက်သေးသည်ကို ယဲ့ရှောင်ရှောင် တွေးမိပါသည်။ ထို့ကြောင့် သူ့နှလုံးရောဂါမှာ အမှန်တကယ် ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

ယဲ့ရှောင်ရှောင်က ခွင့်တောင်းသည်။

“နင့်သွေးခုန်နှုန်းကို စမ်းကြည့်လို့ရမလား”

ကျန့်လင်လည်း သိပ်မတွေးခဲ့ဘဲ ဆရာဝန်တစ်ယောက်၏ အလေ့အထဟုသာ ယူဆလိုက်သည်။ ထို့ကြောင့် ခေါင်း ညိတ်ကာ သူ့လက်ကို ကမ်းပေးလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် သူ့ကို ကျောင်းလမ်းသွယ်လေးရှိ ရှစ်မြှောင့်ပုံ ဇရပ်တစ်ခုဆီ ခေါ်သွားကာ သွေးခုန်နှုန်းစမ်းသပ်ရန် အဆင်ပြေစေဖို့အတွက် ထိုင်ခိုင်းလိုက်သည်။

သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ယဲ့ရှောင်ရှောင်သည် သူ့ရောဂါအခြေအနေကို ပိုမိုနားလည်သွားခဲ့ပါသည်။

“နင့်နှလုံးဖွံ့ဖြိုးမှုက ပုံမှန်မဟုတ်ဘူး၊ သွေးခုန်နှုန်း မမှန်တာတွေ ခဏခဏဖြစ်တတ်ပြီး သွေးထောက်ပံ့မှုလည်း မလုံ လောက်ဘူး၊ အနောက်တိုင်း ဆေးပညာအရဆိုရင်တော့ နင်ခွဲစိတ်ကုသမှု ခံယူဖို့ လိုလိမ့်မယ်၊ ဒါပေမယ့် အခုလက်ရှိ နင့်နှလုံးကို ခွဲစိတ်ပေးနိုင်မယ့် ဆေးရုံ ရှိ၊ မရှိဆိုတာတော့ ငါလည်း သေချာမသိဘူး”

ယဲ့ရှောင်ရှောင်သည် သူ့ကို လေးလေးနက်နက်ကြည့်ကာ ကမ်းလှမ်းလိုက်ပါသည်။

“နင်… တိုင်းရင်းဆေးပညာနဲ့ စမ်းသပ်ကြည့်ချင်လား”

ကျန့်လင် ခေါင်းမော့လာခဲ့သည်။

“အရင်ကတော့ တစ်ခါမှ မစမ်းသပ်ဖူးဘူး”

ယဲ့ရှောင်ရှောင်သည် သူ့ကို ရမ်သဲ့ထန်လိပ်စာ ပေးလိုက်သည်။

“ဒါဆို စမ်းသပ်ကြည့်လိုက်ပေါ့၊ ငါနင့်ကို ဆေးခန်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ်”

ကျန့်လင်သည် သူ့လက်ထဲမှ စာရွက်ကလေးကို ကြည့်ပြီး သေသေချာချာ သိမ်းဆည်းလိုက်ပါသည်။

“ငါ သွားကြည့်လိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင် မတ်တပ်ပြန်ရပ်လိုက်သည်။

“သွားကြစို့၊ ငါနင့်ကို အဆောင်ပြန်လိုက်ပို့ပေးမယ်၊ အဲ့မှာ နင့်ဆေးတွေရှိတယ်မလား”

ကျန့်လင်: “ရှိပါတယ်”

ယဲ့ရှောင်ရှောင်သည် သူ့ကို အဆောင်ဝအထိ လိုက်ပို့ပေးခဲ့ပြီး နာမကျန်းဖြစ်နေ၍ အဆောင်ခန်းထဲအထိ လိုက်ပို့ပေးရန် အဆောင်မှူးကြီးအား အကူအညီ တောင်းလိုက်ပါသည်။

အဆောင်မှူးကြီးကလည်း အလွယ်တကူ သဘောတူလိုက်ပြီး ကျန့်လင်ကို အပေါ်ထပ်ထိ ထမ်းပို့ပေးရမလားဟုပင် မေးလိုက်သေးသည်။

ကျန့်လင် အနေခက်သွားရသည်။

“ကျွန်တော့် ဖာသာ တက်နိုင်ပါတယ်”

ယဲ့ရှောင်ရှောင်က လေးလေးနက်နက် သတိပေးလိုက်ပါသည်။

“နင် ပထမထပ်မှာနေတာမဟုတ်ရင် အပေါ်ထပ်ရောက်အောင် တက်နိုင်ဖို့က ခက်တယ်နော်”

ကျန့်လင်သည် သူမ၏ စေတနာကို အသိအမှတ်ပြုလိုက်သည်။

သူတို့ နှုတ်မဆက်ခင် ကျန့်လင်က ပြောလိုက်သည်။

“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မမိတ်ဆက်ရသေးဘူးနော်၊ ငါ့နာမည်က ကျန့်လင်ပါ၊ ကွန်ပျူတာသိပ္ပံ ဒုတိယနှစ် အတန်း(၁)ကပါ၊ နင့်နာမည်ကကော”

ထိုစကားကြားသောအခါ ကျန့်လင်ကို ယဲ့ရှောင်ရှောင် အသေ အချာအကဲခတ်လိုက်သည်။

‘ကွန်ပျူတာသိပ္ပံတဲ့…’

ဤခေတ်အခါက ထိုမေဂျာသည် တရုတ်တိုင်းရင်းဆေးပညာကဲ့သို့ပင် အလွန်လူသိနည်းပါသေးသည်။

“ငါ့နာမည် ယဲ့ရှောင်ရှောင်ပါ၊ တရုတ်တိုင်းရင်းဆေးမေဂျာမှာတော့ အတန်းတစ်တန်းပဲရှိတယ်”

ကျန့်လင်ပြုံးလိုက်သည်။

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

ယဲ့ရှောင်ရှောင်: “ရပါတယ်၊ ဒါနဲ့ ရမ်သဲ့ထန်ကို သွားမယ်ဆိုရင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းသွားတာ အကောင်းဆုံးပဲ”

သူမလည်း တနင်္ဂနွေနေ့တွင် အားလပ်သဖြင့် စုန့်ကွမ်းကျင့်ကို ခေါ်ဆောင်ကာ သူ့အခြေအနေအား စစ်ဆေးခိုင်း၍ရနိုင်လောက်သည်။

ကျန့်လင်: “နားလည်ပါပြီ”

ကျန့်လင် အဆောင်ခန်းထဲသို့ ပြန်ရောက်သောအခါ လိပ်စာကတ်လေးကိုထုတ်လျက် သေချာ ထပ်ကြည့်လိုက်သည်။

အမှန်တွင် ကျန့်လင်သည် ဘဝကို အရှုံးပေးဖို့ အသင့်ဖြစ်နေသူဖြစ်ကာ ကျောင်းထွက်စာပင် ပြင်ဆင်ထားပြီးပါပြီ။

ထို့အပြင် တရုတ်တိုင်းရင်းဆေးပညာနှင့်… နှလုံးရောဂါကို ကုသပေးနိုင်သည်ဟုလည်း သူတစ်ခါမှ မကြားဖူးပေ။

သို့သော် ယနေ့ တွေ့ဆုံခဲ့ရသည့် သွက်လက်ချက်ချာသော အတန်းဖော်မိန်းကလေးကို ပြန်မြင်ယောင်ရင်း ကျန့်လင် အသက်ဝဝရှူကာ နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

All Chapters