အခန်း ၁၀၈
Vol. 11 Ch. 108
📗 Chapter 108
“လာမယ့် တနင်္ဂနွေနေ့မှာ ငါရုပ်ရှင်သွားကြည့်မလို့၊ ဘယ်သူလိုက်ဦးမလဲ၊ ငါတကာခံမှာပါ”
အဆောင်ခန်းထဲတွင် ဝမ်ကျောင်းက ရုတ်တရက် မေးလိုက်သည်။
ရှားလီ: “နင်က ဖန့်ခိုင်ရွှမ်နဲ့ အတူတူသွားကြည့်မှာ မဟုတ်ဘူးလား၊ ငါတို့ကိုပါ ဘာလို့ ခေါ်သွားမှာလဲ”
ဝမ်ကျောင်း: “ငါတို့က တစ်နေရာတည်း အတူတူထိုင်မှာမှ မဟုတ်တာ၊ နင်တို့တွေ နေ့တိုင်း အဆောင်ထဲမှာ ဘယ်လောက် ပျင်းရိ ငြီးငွေ့နေကြလဲဆိုတာကို မြင်လို့ အပန်းဖြေဖို့ ခေါ်သွားမလို့လေ”
ထိုစကားကို ကြားသောအခါ ရှားလီ စိတ်အေးသွားသည်။
“အဲ့တာဆို လိုက်ခဲ့မယ်! နင်တို့တွေလည်း လိုက်ခဲ့လေကြလေ၊ တစ်ခန်းလုံး အတူတူ သွားကြရအောင်!”
ဟယ်ကျင်းသည် အစောပိုင်းက အဆောင်ထဲတွင် ဝမ်ကျောင်းပြောခဲ့သည့် စကားများကို မကြားခဲ့ရသဖြင့် သာမန်ရုပ်ရှင်သွားကြည့်ခြင်းဟုသာ ယူဆလိုက်ပါသည်။
ရှားလီကလည်း တက်ကြွနေသဖြင့် သူမလည်းလိုက်သွားရန် သဘောတူလိုက်တော့သည်။
လီမိန့်ရူနှင့် ထန်ရှို့ရှို့တို့ကမူ လုပ်စရာကိစ္စများရှိသည်ဟုဆိုကာ ခေါင်းခါပြကြပါသည်။
ထို့နောက် ဝမ်ကျောင်းက ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။
“ငါလည်း တနင်္ဂနွေနေ့ လုပ်စရာရှိတယ်”
ဝမ်ကျောင်း: “နင့်ကောင်လေးနဲ့ သွားချိန်းတွေ့မလို့တော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး၊ တခြားကိစ္စပါ”
ယဲ့ရှောင်ရှောင်သည် လူနာတစ်ယောက်ကို ကုသပေးဖို့ သွားရမည်ဟုတော့ ကျိန်းသေပေါက် ပြောမည် မဟုတ်ပေ။ အဆောင်ကလူတိုင်း စုန့်ကွမ်းကျင့်အကြောင်းကို မသိကြသေးပါ။
ဝမ်ကျောင်း: “ပြီးတာပဲ၊ မလိုက်တဲ့လူတွေကတော့ ဒီသခင်မလေးရဲ့ အပြုအစုကို မခံရတော့ဘူးပေါ့”
ထန်ရှို့ရှို့ ခေါင်းတခါခါဖြစ်သွားပြီး ယခင်တစ်ခေါက်ကကဲ့သို့ မူးရူးမလာကြဖို့ သတိပေးချင်ခဲ့ပါသည်။
သို့သော် ယခုတစ်ခေါက်တွင် ဟယ်ကျင်းပါ ပါသွားမည်ဖြစ်သဖြင့် ပြဿနာတော့ မရှိနိုင်ပေ။
--- --- ---
ယဲ့ရှောင်ရှောင်သည် တနင်္ဂနွေနေ့တွင် စုန့်ကွမ်းကျင့်၏ အိမ်သို့ ပြန်လာခဲ့ပါသည်။
စုန့်ကွမ်းကျင့်ကလည်း သူမကို မျှော်နေခဲ့သည်။
ကြိုတင် အသိပေးမထားလျှင်ပင် ယဲ့ရှောင်ရှောင်က ကွက်ပျက်မည့်လူ မဟုတ်မှန်း သူသိသည်။
ယဲ့ရှောင်ရှောင်သည် အခန်းထဲဝင်ဝင်ချင်းမှာပင် စုန့်ကွမ်းကျင့်အား အသိပေးလိုက်သည်။
“ဆရာကြီး၊ ဒီနေ့ ရမ်သဲ့ထန်မှာ သမီးအတန်းဖော်တစ်ယောက် ရောဂါလာပြဖို့ ရှိတယ်”
စုန့်ကွမ်းကျင့် မော့ကြည့်လိုက်သည်။
“နင် ခေါ်ထားတာလား၊ အဲ့တာဆို နင့်လူနာလို့ သတ်မှတ်လို့ရတယ်မလား”
ယဲ့ရှောင်ရှောင်: “အဲ့ဒီအတန်းဖော်က မွေးရာပါ နှလုံးရောဂါရှိတာ၊ သမီးတစ်ယောက်တည်း ကိုင်တွယ်နိုင်မယ် မထင်ဘူး”
စုန့်ကွမ်းကျင့် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။
“နင်ကတော့ နင့်ဆရာကို ဘယ်လိုဒုက္ခပေးရမလဲ တော်တော်သိတာပဲ”
ယဲ့ရှောင်ရှောင်: “ဆရာကြီးက သမီးရဲ့ဆရာဖြစ်နေတာကိုး၊ ဆရာကြီးက အတော်ဆုံးပဲလေ”
စုန့်ကွမ်းကျင့်လည်း သက်ပြင်းချကာ သဘောတူလိုက်ရတော့သည်။
“ဒါဆိုလည်း သွားကြည့်ကြတာပေါ့”
‘ဘယ်တတ်နိုင်မလဲ၊ တပည့်လုပ်တဲ့သူကို အလိုလိုက်ထားရမှာပေါ့’
ဤသို့ဖြင့် အိမ်တွင် နေ့လယ်စာစားပြီးနောက် ယဲ့ရှောင်ရှောင်နှင့် စုန့်ကွမ်းကျင့်တို့ ရမ်သဲ့ထန်ကို သွားခဲ့ကြပါသည်။
ကျန့်လင် မည်သည့်အချိန်တွင် ရောက်လာမည်ကို ယဲ့ရှောင်ရှောင် သေချာမသိပါ။
ကံကောင်းစွာဖြင့် ကျန့်လင်က သူမ၏ အားထုတ်ကြိုးပမ်းမှုများကို အလဟဿ မဖြစ်စေခဲ့ပေ။
နေ့လယ် ၂ နာရီထိုးပြီး ရမ်သဲ့ထန်ရှိ ဆရာဝန်များ နေ့လယ်ဆိုင်း စဆင်းချိန်တွင် ကျန့်လင် ရောက်လာခဲ့ပါသည်။
သူသည် တိုကင်နံပါတ်ယူဖို့ စဉ်းစားနေစဉ် ယဲ့ရှောင်ရှောင်၏ အော်ခေါ်သံကိုကြားလိုက်ရသည်။
“ကျန့်လင်၊ ဒီဘက်မှာ!”
ယဲ့ရှောင်ရှောင် လက်ပြကာ လှမ်းခေါ်သည်။
ကျန့်လင်လည်း ယဲ့ရှောင်ရှောင်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ပါသည်။
“နင်ဒီမှာ အလုပ်သင်ဝင်လုပ်နေတာလား”
ယဲ့ရှောင်ရှောင်: “ငါက အခုမှ ပထမနှစ်ပဲရှိသေးတာလေ၊ အလုပ်သင် လုပ်ရမယ့်အချိန်မှ မဟုတ်သေးတာ”
ကျန့်လင် ခေါင်းကုတ်လိုက်မိသည်။
“ဪ အဲ့တာဆို ဒီမှာ ဘာလုပ်နေတာလဲ”
ယဲ့ရှောင်ရှောင်: “နင့်ကို လာစောင့်နေတာလေ၊ ငါ့ဆရာကြီးကိုပါ ခေါ်လာခဲ့တယ်၊ သူက အရမ်းနာမည်ကြီးတဲ့ တရုတ်တိုင်းရင်းဆေးဆရာကြီးပဲ”
ကျန့်လင်သည် ယဲ့ရှောင်ရှောင်နောက်သို့ ရီဝေစွာ လိုက်လာခဲ့ပါသည်။
စုန့်ကွမ်းကျင့်၏ သီးသန့်လူနာစမ်းသပ်ခန်းထဲသို့ ရောက်ခါမှ ကျန့်လင် အသိစိတ်ပြန်ဝင်လာခဲ့လေသည်။
စုန့်ကွမ်းကျင့်: “ထိုင်ပါ”
စုန့်ကွမ်းကျင့်သည် ရောဂါရှာဖွေနည်းလေးမျိုးကို ထုတ်သုံးကာ ကျန့်လင်အား စမ်းသပ်ခဲ့ပါသည်။
အကဲခတ်ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် သွေးခုန်နှုန်း စမ်းသပ်ခြင်းတို့ကို လုပ်ဆောင်ပြီးနောက် စုန့်ကွမ်းကျင့်မှာ တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် တိတ်ဆိတ်သွားခဲ့ပါသည်။
ကျန့်လင်လည်း အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်က ဝင်မေးသည်။
“ဆရာကြီး၊ အခြေအနေ ဘယ်လိုရှိလဲဟင်”
စုန့်ကွမ်းကျင့်: “ဒါမွေးရာပါ ပြဿနာပဲ၊ ငါတို့အနေနဲ့ အပ်စိုက်ကုသမှုရယ်၊ ဆေးဝါးတွေရယ်ကို ပေါင်စပ်ပြီး နှလုံးအခြေအနေကို တည်ငြိမ်အောင်ပဲ ထိန်းသိမ်းပေးနိုင်မယ်၊ ဒါပေမယ့် စိတ်ချပါ၊ ငါ့စောင့်ရှောက်မှုအောက်မှာ ရှိနေပြီး တခြားမတော်တဆမှုတွေလည်း မကြုံရဘူးဆိုရင် နောက် ထပ် အနှစ် ၂၀ လောက်တော့ ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်သေးတယ်”
စုန့်ကွမ်းကျင့်၏စကားကိုကြားသောအခါ ကျန့်လင်ရုတ်တရက် ခေါင်းထောင်သွားခဲ့သည်။
‘တကယ်ပဲလား၊ ငါနောက်ထပ် အနှစ် ၂၀ တောင် အသက်ရှင်နိုင်ဦးမှာလား’
ယဲ့ရှောင်ရှောင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်း ချနိုင်ခဲ့သည်။
အနှစ် ၂၀ မဆိုဦးနှင့်၊ ၁၀ နှစ်အတွင်းမှာပင် တရုတ်နိုင်ငံ၏ ဆေးပညာအဆင့်အတန်းမှာ တဟုန်ထိုး တိုးတက်လာပါလိမ့်မည်။
ပြည်တွင်း၌ မလုံလောက်သေးလျှင်ပင် နိုင်ငံခြားတွင် အဆင့်မြင့်သည့် ကုသမှုများကို ခံယူနိုင်တော့မည်ဖြစ်သည်။
စုန့်ကွမ်းကျင့်နှင့် ယဲ့ရှောင်ရှောင်တို့ အတူတကွ တိုင်ပင်ပြီး အသေးစိတ်ကျသည့် ဆေးကုသမှုအစီအစဉ်တစ်ခုကို ရေးဆွဲလိုက်သည်။
ကျန့်လင်သည် သူတို့၏ ဆေးပညာဆိုင်ရာ အသုံးအနှုန်းများကို နားမလည်နိုင်သော်လည်း ဆရာကြီးစုန့်ပြောလိုက်သည့် စကားများကိုမူ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
အနှစ် ၂၀…
ဤသည်မှာ သူယခင်က အိပ်မက်ပင် မမက်ရဲခဲ့သည့် ဆန္ဒတစ်ခု မဟုတ်ပါလား။
“အင်္ကျီချွတ်ပြီး ဟိုမှာသွားလှဲလိုက်”
“ဟင်”
“ဘာကို ‘ဟင်’လဲကွ၊ မင်းဒီမှာ ဆေးကုသမှု တကယ်ခံယူမှာလားဆိုတာ မဆုံးဖြတ်ခင် အရင်စမ်းသပ်ကြည့်ခိုင်းမလို့၊ ငါကတော့ ဈေးလျှော့ပေးမှာ မဟုတ်ဘူးနော်”
စုန့်ကွမ်းကျင့်၏အချက်ပြမှုဖြင့် ကျန့်လင်သည် ကန့်လန့်ကာ နောက်ရှိ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ရသည်။
ထို့နောက် အပေါ်အင်္ကျီကို ချွတ်လိုက်ရာ စွပ်ကျယ်တစ်ထည်သာ ကျန်တော့သည်။
စုန့်ကွမ်းကျင့်: “ဘာတွေရှက်နေတာလဲ၊ ငါတို့ဆရာဝန်တွေဆိုတာ အကုန်မြင်ဖူးပြီးသားပဲ၊ အပေါ်ကော အောက်ကော အကုန်ချွတ်လိုက်၊ ဒီပုံစံနဲ့ ဘယ်လိုအပ်စိုက်ပေးရမှာလဲ”
ကျန့်လင်လည်း ရွေးချယ်စရာမရှိတော့ဘဲ စကားနားထောင်လိုက်ရသည်။
သို့သော် သူတစ်ကိုယ်လုံး ချွတ်ပြီးချိန်တွင် တစ်စုံတစ်ခုကိုင်ပြီး ဝင်လာသည့် ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်။
“နင်… နင်”
ယဲ့ရှောင်ရှောင်က Mask တစ်ခု အုပ်ထားလေသည်။
“ဆရာကြီးကိုယ်တိုင် အပ်စိုက်ပေးဖို့ အဆင်မပြေလို့လေ၊ အပ်စိုက်ကုသမှုအပိုင်းကို ငါပဲ တာဝန်ယူမှာ”
ကျန့်လင်: “…”
ယဲ့ရှောင်ရှောင်သည် အပ်စိုက်ရမည့် အကြောအမှတ်များကို ဦးစွာ ရှာဖွေလိုက်ပါသည်။
ကုန်းစွန်း၊ နယ်ကွမ်း၊ ထျန်းထူ၊ ကျူးကျွယ် စသည့် အမှတ်များကို အစဉ်လိုက် ရှာဖွေလိုက်သည်။
ထို့နောက် အပ်အရှည် ၁၀ ချောင်းကျော်ကို အနက်၊ အပါး၊ ထိုးစိုက်ခြင်း၊ တုန်ခါစေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ထိုးသွင်းခဲ့ပါသည်။
သူမ၏ လှုပ်ရှားမှု၊ နည်းစနစ်များမှာ မြန်ဆန်၊ တိကျ၊ ပြတ် သားလွန်းလှသဖြင့် ပထမနှစ် ကျောင်းသူတစ်ယောက်နှင့် မတူလှပေ။
အပ်များအားလုံး စိုက်ဝင်သွားချိန်တွင် ကျန့်လင်၏ ရှက် ကြောက်မှုများလည်း ပျောက်ကွယ်သွားပါပြီ။
သူ့ရင်ဘတ်နှင့် ကျောပြင်တွင် နွေးထွေးသည့် စီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်း တစ်ခုခုလောင်မြိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ… ငါ…”
“နာလို့လား”
“မနာပါဘူး”
“အဲ့တာဆို ပုံမှန်ပဲ”
ယဲ့ရှောင်ရှောင်သည် ‘နွေဦးတောင်တန်း’အပ်စိုက်နည်းကို အသုံးပြုခဲ့ခြင်းဖြစ်ရာ အကြာများကို နွေးထွေးစေကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေသည့် အာနိသင်ရှိသည်။
အပ်စိုက်ပြီးနောက် လူနာသည် ခန္ဓာကိုယ်အတွင်းရှိ အပူရှိန် စီဆင်းမှုကို ခံစားရခြင်းမှာ ပုံမှန်သာဖြစ်သည်။
ကျန့်လင်သည် တဖြည်းဖြည်းနှင့် စကားပင် မပြောနိုင်တော့ချေ။
သူသည် ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် သက်တောင့်သက်သာရှိမှုမျိုးကို ခံစားလိုက်ရသည်။
တရုတ်တိုင်းရင်း ဆေးပညာက အာနိသင်အပြနှေးသည်ဟု ဆိုကြသော်လည်း သူ့အတွက်မူ ပထမဆုံးအကြိမ် အပ်စိုက်ခြင်းကပင် ဤမျှ ထူးခြားနေပါသည်။
မိနစ် ၂၀ ကြာပြီးနောက် ကျန့်လင်သည် ကုတင်ပေါ်တွင် လန်းလန်းဆန်းဆန်းဖြင့် ထထိုင်လိုက်သည်။
“ဘယ်လိုနေသေးလဲ”
ကျန့်လင်: “အရမ်းနေလို့ကောင်းတယ်”
စုန့်ကွမ်းကျင့်သည် အချောသတ်ထားသည့် ကုသမှုအစီအစဉ်ကို ကိုင်ပြီး လျှောက်လာသည်။
“ဒါဆို ငါတို့ဆေးခန်းရဲ့ ဆေးကုသမှု ကုန်ကျစရိတ်ကို ကြည့်လိုက်ပါဦး”
ကျန့်လင် ယူကြည့်လိုက်ရာ အနည်းငယ် အခက်တွေ့သွားပုံရသည်။
ဈေးနှုန်းက များပြားသည်ဟုတော့ မဆိုနိုင်ပေ။ ပုံမှန်ဆေးရုံဆေးခန်းတွင် ကုသရခြင်းထက် များစွာသက်သာပါသည်။
သို့သော် ယခင်က နှစ် ၂၀ နီးပါး ဆေးကုသခဲ့ရခြင်းကြောင့် သူ့မိသားစုမှာ အကြွေးများပင် တင်နေခဲ့ပါပြီ။
အခက်တွေ့နေသည့် သူ့ပုံစံကိုကြည့်ပြီး စုန့်ကွမ်းကျင့်လည်း ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။
အမှန်တွင် အခမဲ့ကုသပေးရန်မှာ သူ့အတွက် မဖြစ်နိုင်သည် မဟုတ်သော်လည်း ရမ်သဲ့ထန်သည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ ပရဟိတအသင်း မဟုတ်ပေ။
အခက်အခဲရှိသူကိုတွေ့တိုင်း အမြဲတမ်း အခမဲ့ကုသပေးနေ၍ မရပါ။
အတန်ကြာသောအခါ ကျန့်လင် ခေါင်းမော့ကာ ပြောလိုက်သည်။
“လောလောဆယ်တော့ အခြားပစ္စည်းတစ်ခုခုကို အပေါင်အနေနဲ့ ထားခဲ့လို့ရမလား၊ ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးရင် ကျိန်းသေပေါက် ငွေရှာနိုင်မှာပါ”
ယဲ့ရှောင်ရှောင် စိတ်ဝင်စားသွားသည်။
“ဘာကို အပေါင်ပစ္စည်းအဖြစ် ထားချင်လို့လဲ”
ကျန့်လင်သည် အလွန်ပင် ရှက်ရွံ့မိသောလည်း ပွင့်ပွင့်လင်းလင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။
သူ့လုပ်ရပ်မှာ အာမခံချက်မရှိသည့် ကတိတစ်ခုပေးသကဲ့သို့ ဖြစ်နေသည်ကို နားလည်သော်လည်း သူအမှန်တကယ် အသက်ဆက်ရှင်ချင်ပါသည်။
ကျန့်လင် သတ္တိမွေးကာ ရှင်းပြလိုက်သည်။
“ကျွန်တော် ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ မူပိုင်ခွင့်တစ်ခုကို လျှောက်ထားဖို့ ပြင်နေပါတယ်၊ နောက်ပိုင်းမှာ အဲ့တာကို အောင်အောင်မြင်မြင် ရောင်းချနိုင်မယ်ဆိုရင် ရလာတဲ့အကျိုးအမြတ်ကို ခင်ဗျားတို့နဲ့ အညီအမျှ ခွဲယူပါ့မယ်”
ထိုစကားကို ကြားသောအခါ ယဲ့ရှောင်ရှောင် ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
‘ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ မူပိုင်ခွင့်တဲ့လား’
နောင် နှစ် ၂၀ အကြာတွင်သာဆိုလျှင် သူမ ချက်ချင်း သဘောတူမိမည်ဖြစ်သော်လည်း ယခုခေတ်အခါတွင်မူ ကွန်ပျူတာများက ဆန်းသစ်ဆဲဖြစ်ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုခံရခြင်း မရှိသေးပေ။
ထို့ကြောင့် ယဲ့ရှောင်ရှောင်က သူ့နည်းပညာအကြောင်း အသေးစိတ် မေးမြန်းကြည့်လိုက်ပါသည်။
ကျန့်လင်က သူတို့နားမလည်မည်စိုး၍ အရိုးရှင်းဆုံးဖြစ်အောင် ရှင်းပြလိုက်သည်။
“ရှင်းရှင်းပြောရရင် တရုတ်စာလုံးတွေကို ကွန်ပျူတာပေါ်မှာ သုံးလို့ရအောင်လုပ်ပေးတဲ့ စနစ်ပါ…”