အခန်း ၁၀၉
Vol. 11 Ch. 109
📗 Chapter 109
ယဲ့ရှောင်ရှောင် သဘောတူလိုက်သည်။
“ဆရာကြီး…”
စုန့်ကွမ်းကျင့်ကလည်း လက်ကာပြကာ ပြောလိုက်ပါသည်။
“နင်ကောင်းမယ်ထင်တာသာလုပ်ပါ”
ကျန့်လင်မှာ အနည်းငယ် ရှက်ရွံ့နေပြီး ယဲ့ရှောင်ရှောင်အတွက် သဘောတူစာချုပ်တစ်ခု ရေးဆွဲကာ သူ့လက်မှတ်ကို ထိုးပေးလိုက်ပါသည်။
“ငါလူလိမ်မဟုတ်ပါဘူး၊ ငါ့ကိုယုံပေးပါ”
ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။
“ယုံပါတယ်”
နောင်တစ်ချိန်တွင် နာမည်ကျော်ကြားလာမည့် ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့မှောက်တွင် ရပ်နေရသဖြင့် ယဲ့ရှောင်ရှောင်ရင်ထဲ အလွန်စိတ်လှုပ်ရှားနေမိပါသည်။
ကျန့်လင်ပြောပြခဲ့သည့် နည်းပညာမှာ မည်မျှအရေးကြီးကြောင်းကို အခြားသူများ မသိနိုင်သော်လည်း အနာဂတ်မှ ရောက်ရှိလာသူဖြစ်သည့်အလျောက် ဤနည်းပညာသည် တရုတ်နိုင်ငံ၏ ကွန်ပျူတာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအထိ အထောက်အကူပြုခဲ့ကြောင်း ကျောင်းသုံးဖတ်စာအုပ်များထဲတွင် ယဲ့ရှောင်ရှောင် ဖတ်ရှုလေ့လာဖူးပါသည်။
ဤနည်းပညာကို တီထွင်ခဲ့သူသည် ထိုမူပိုင်ခွင့်ကို အသုံးပြုကာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုပင် တည်ထောင်နိုင်ခဲ့သည်။
သို့သော် ဤကျန့်လင်သည် ကျောင်းစာအုပ်များထဲတွင် သူမ ဖတ်ရှုဖူးသည့် ပုဂ္ဂိုလ်အစစ်အမှန် ဟုတ်ခြင်း မဟုတ်ခြင်းကိုတော့ ယဲ့ရှောင်ရှောင် အသေအချာမပြောနိုင်ပေ။
သူမရောက်ရှိနေသည်က ဝတ္ထုကမ္ဘာတစ်ခုပင် မဟုတ်ပါလား၊ လက်တွေ့ကမ္ဘာနှင့် နီးစပ်မှုရှိသော်လည်း အသေးစိတ် အချက်အလက်အချို့ကတော့ အနည်းငယ် ကွဲပြားနိုင်ပါသေးသည်။
လက်တွေ့ကမ္ဘာထွင် ထိုအောင်မြင်သော ပုဂ္ဂိုလ်ကြီးမှာ ငယ်စဉ်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း မရှိခဲ့ပေ။
ကျန့်လင်လည်း စိတ်လှုပ်ရှားသွားမိပါသည်။
သူတစ်ပါး၏ ယုံကြည်မှုကို ဤမျှ အလွယ်တကူ ရရှိလိုက်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုနိုင်သည်။
ယဲ့ရှောင်ရှောင်သည် ကျန့်လင်အတွက် တိုင်းရင်းဆေးဝါးအချို့ကို ညွှန်းပေးလိုက်သည်။
“ဆေးကို နင့်ဖာသာနင် ကျိုသောက်လို့ရတယ်၊ ကျိုဖို့ အချိန်မရှိဘူးဆိုရင် ရမ်သဲ့ထန်မှာ ထားခဲ့လိုက်၊ ပြီးမှ နေ့တိုင်း လာယူပေါ့”
“ဟုတ်ပြီ”
မျှော်လင့်ချက်များ ပြန်လည်ပြည့်ဝလာပြီဖြစ်သဖြင့် ကျန့်လင်၏ မျက်နှာမှာ ယခင်ကထက် ပိုမို တောက်ပလာခဲ့ပါသည်။
“ငါနဲ့အတူ ကျောင်းကို ပြန်သွားမှာလား”
“မပြန်သေးဘူး၊ ငါဒီမှာ လေ့လာစရာတွေ ရှိသေးတယ်”
ထို့ကြောင့် ကျန့်လင်တစ်ယောက်တည်း ကျောင်းသို ပြန်သွားခဲ့ပြီး ယဲ့ရှောင်ရှောင်ကမူ ရမ်သဲ့ထန်တွင်သာ တစ်နေ့တာ တောက်တိုမယ်ရ လုပ်ငန်းများကို ဝိုင်းကူလုပ်ပေးရင်း ကျန်ရစ်ခဲ့ပါသည်။
ညနေ ၄ နာရီ ခွဲခါမှ စားစရာတစ်ခုခု ယူဆောင်ပြီး ကျောင်းသို့ ပြန်သွားခဲ့သည်။
စုန့်ကွမ်းကျင့်က တပည့်ဖြစ်သူကို သနားညှာတာသည့်အနေဖြင့် ကားဖြင့်လိုက်ပို့ပေးဖို့ စုန့်ရှောင်းကွမ်ကို တာဝန်ပေးလိုက်သည်။
သူမသာ ဘတ်စ်ကားစီးသွားမည်လျှင် ကျောင်းသို့ တစ်နာရီခွဲလောက် စီးရပါလိမ့်မည်။
--- --- ---
ကျောင်းအဝင်ဝသို့ ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် စုန့်ရှောင်းကွမ်ကို ကျေးဇူးတင်လိုက်ပြီး ကားထဲမှ ထွက်လာခဲ့သည်။
ယခုဆို ညနေခင်းလေညင်းမှာ အေးစိမ့်လာပြီဖြစ်ရာ အပြင်သွားလျှင် အနွေးထည် မပါမဖြစ် ယူဆောင်သွားရပါသည်။
ဆောင်းဦးလေက တဝေါဝေါ တိုက်ခတ်လာသဖြင့် ယဲ့ရှောင်ရှောင်လည်း အပြင်တွင် ကြာကြာဆက်မနေချင်တော့ဘဲ အဆောင်သို့ ခပ်သုတ်သုတ် ပြန်လျှောက်လာခဲ့တော့သည်။
အဆောင်မှူးရုံးခန်းရှေ့မှ ဖြတ်သွားသောအခါ အဆောင်မှူးက သူမကို လှမ်းခေါ်လိုက်ပါသည်။
“နင်က ယဲ့ရှောင်ရှောင်မလား၊ ငါနင့်ကို မှတ်မိတယ်၊ ဒီမှာ နင့်အတွက် စာတစ်စောင် ရောက်နေတယ်”
ယဲ့ရှောင်ရှောင် စာကိုသွားယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
အဆောင်မှူးက ခေါင်းညိတ်ပြလိုက်ပါသည်။
“ကိစ္စမရှိပါဘူး”
ယဲ့ရှောင်ရှောင်သည် စာပို့သူ၏ အမည်ကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ တတိယအစ်ကို ယဲ့ချန်းနင်ပင်။
ပို့ဆောင်ပေးလိုက်သည့် လိပ်စာက တောင်ပိုင်း ကမ်းရိုးတန်းမြို့တစ်မြို့မှ ဖြစ်သည်။
ယဲ့ရှောင်ရှောင်လည်း စာဖတ်ချင်ဇောဖြင့် အဆောင်ခန်းထဲသို့ အမြန်ဝင်လာခဲ့ပါသည်။ အထဲတွင် အလွန်တိတ်ဆိတ်နေပြီး ထန်ရှို့ရှို့ တစ်ယောက်တည်းသာ ရှိသည်။
ယဲ့ရှောင်ရှောင် မေးလိုက်သည်။
“တခြားသူတွေ ပြန်မလာသေးဘူးလား”
ထန်ရှို့ရှို့က ခေါင်းညိတ်လိုက်ပါသည်။
“အပြင်မှာ ပျော်ပါးနေကြတုန်းပဲနေမှာပေါ့”
ယဲ့ရှောင်ရှောင်သည် စာကြည့်စားပွဲတွင်ထိုင်ကာ စာအိတ်ကို ဖွင့်လိုက်ပါသည်။
ယဲ့ချန်းနင်သည် သူမ ကျင့်ဟွာတက္ကသိုလ်တွင် တက်ရောက်နေသည်ဟူသည့်အကြောင်းကို ယဲ့ချန်းရှန့်ထံမှ သိရှိခဲ့ရခြင်းဖြစ်ကာ လိပ်စာအတိအကျကို ရရှိခဲ့သည်ဟု ဆိုပါသည်။
စာထဲတွင် မကြာမီ ပေကျင်းမြို့သို့ သူ လာနိုင်လိမ့်မည်ဟု ရေးသားထားသည်။ ထို့အပြင် ယခင်တစ်ခါက်က ယဲ့ရှောင်ရှောင် ပို့ပေးလိုက်သော ဆေးပလာစတာများမှာ အလွန်ပင် အာနိသင်ကောင်းလှသည်ဟု ဆိုသည်။
ထိုဆေးပလာစတာများ၏ ကျေးဇူးဖြင့် တောင်ပိုင်းရှိ သူဌေးကြီးတစ်ဦးနှင့် ရင်းနှီးခွင့်ရကာ ကုန်ကြမ်းပစ္စည်း လမ်းကြောင်းတစ်ခုကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့သည်ဟု ရေးသားထားလေသည်။
ယဲ့ချန်းနင်၏ အောင်မြင်မှုအတွက် ယဲ့ရှောင်ရှောင် အလွန်ပင် ဝမ်းသာမိပါသည်။
ယခင်တစ်ခေါက်က သူမပို့ပေးလိုက်သော ဆေးပလာစတာများမှာ အဆစ်အမြစ်ရောဂါအတွက် ဖြစ်မှန်း သတိရကာ အစ်ကိုဖြစ်သူထံသို့ ‘ကျန်းမိသားစု ဆေးပလာစတာ’အချို့ ထပ်ပို့ပေးရမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
ထို့နောက် သူမ၏ အတန်းအချိန်ဇယားနှင့် အဆောင်နံပါတ်တို့ ပါဝင်သော စာတစ်စောင်ကို ရေးသားပြီး ဆေးပလာစတာ အထုပ်ကြီးတစ်ထုပ်နှင့် ပြန်လည်ပို့ဆောင်ပေးလိုက်ဖို့ ပြင်လိုက်သည်။
သူမ စာရေးသားပြီးချိန်တွင် အပြင်ဘက်၌ အတော်ပင် မှောင်မိုက်နေပါပြီ။
ထို့ကြောင့် စာကို မနက်ဖြန်မှသာ သွားပို့နိုင်တော့မည်။
--- --- ---
ယဲ့ရှောင်ရှောင် ထိုင်ခုံမှထကာ အညောင်းအညာဖြေလိုက်သည်။
ကုတင်လှေကားပေါ်တွင် မှီလျက် သူမ၏ ခါးကို ကွေးလိုက်စဉ် ‘ဝုန်း’ခနဲမြည်သံနှင့်အတူ အဆောင်အခန်းတံခါး ပွင့်သွားခဲ့သည်။
ဟယ်ကျင်းတစ်ယောက် အလွန်ဆိုးဆိုးရွားရွားပုံစံဖြင့် အခန်းထဲ အသည်းအသန် ဝင်လာခဲ့သည်။
ယဲ့ရှောင်ရှောင်လည်း အလွန်ထိတ်လန့်သွားပြီး သူမကို အလျင်အမြန် သွားတွဲပေးလိုက်ပါသည်။
“ဘာဖြစ်တာလဲ၊ ဓားပြတိုက်ခံရတာလား!”
ဟယ်ကျင်း၏ တစ်ကိုယ်လုံး စုတ်ပြတ်နေပါသည်။ သူမ၏ မျက်နှာပေါ်တွင် ပွန်းရာပဲ့ရာများရှိနေပြီး တစ်ကိုယ်လုံးလည်း ရွှဲနစ်နေသည်။
ထိုအခါမှ အပြင်ဘက်တွင် မိုးရွာနေမှန်း ယဲ့ရှောင်ရှောင်လည်း သတိပြုမိသွားတော့သည်။
“ငါ… ငါ ပိုက်ဆံလာယူတာ၊ ဝမ်ကျောင်းနဲ့ ရှားလီတို့ ဆေးရုံမှာကျန်ခဲ့တယ်”
ဟယ်ကျင်း အလွန်မောဟိုက်စွာ ရှင်းပြလိုက်သည်။
ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ဟယ်ကျင်းကို ထိုင်ခိုင်းလိုက်ကြသည်။
“ဘာတွေဖြစ်နေကြတာလဲ၊ ဘာလို့ ဆေးရုံရောက်ကုန်တာလဲ”
ထန်ရှို့ရှို့က စိုးရိမ်တကြီး မေးလိုက်သည်။
ယဲ့ရှောင်ရှောင်သည် ပဝါတစ်ထည်ကိုယူကာ ဟယ်ကျင်း၏ ဆံပင်များကို သုတ်ပေးနေပါသည်။
အပြင်တွင်လည်း မိုးက ပိုသည်းထန်လာပြီး မိုးခြိမ်းသံများကိုပါ ကြားလာရသည်။ ဤအခြေအနေနှင့် အပြင်ထွက်ရန်မှာ မဖြစ်နိုင်ပေ။
သူတို့တွင် ကားလည်းမရှိ၊ စက်ဘီးလည်း မရှိကြချေ။
“ဒီနေ့ ငါတို့ ရုပ်ရှင်သွားကြည့်ပြီးတော့ တစ်ခုခုသွားစားကြတာ၊ စားသောက်ဆိုင်က ထွက်လာတဲ့အချိန်မှာ လမ်းဘေးကနေ လူတစ်စု ရုတ်တရက်ကြီးပေါ်လာပြီး ငါတို့ကို ရိုက်နှက်သွားကြတာ…”
ဟယ်ကျင်းအလွန်ကြောက်လန့်နေပုံရပြီး ခန္ဓာကိုယ်ကော၊ အသံပါ တုန်ယင်နေပါသည်။
ထန်ရှို့ရှို့က သူမ၏ အဝတ်အစားများကို လဲပေးကာ စောင်တစ်ထည်ပတ်ပေးထားလိုက်သည်။
“လုယက်တာလည်းမဟုတ်၊ ပြန်ပေးဆွဲတာလည်း မဟုတ်ဘူးဆိုရင် ရန်ငြှိုးရန်စရှိလို့ပဲနေမှာ၊ ခုတလော ဘယ်သူ့ကို…”
ယဲ့ရှောင်ရှောင် ရေနွေးငှဲ့ပေးကာ သုံးသပ်ပြောဆိုနေရင်း စကားရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူမတို့သည် တစ်စုံတစ်ဦးကို အမှန်တကယ်ပင် ရန်စထားမိပါသည်။
ထန်ရှို့ရှို့က နားလည်သွားဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟိုဘက်ခန်းက လူတွေလား”
ယဲ့ရှောင်ရှောင်: “သူတို့ တော်တော်အတင့်ရဲကြတာပဲ”
ထန်ရှို့ရှို့က ဟယ်ကျင်းကို လှည့်မေးလိုက်သည်။
“ဟယ်ကျင်း၊ နင်အလောတကြီးပြန်ပြေးလာတာ ဘယ်သူ ထိခိုက်ဒဏ်ရာ ရထားလို့လဲ”
ဟယ်ကျင်းမှာ တုန်ယင်နေဆဲပင်။
“ဖန့်ခိုင်ရွှမ်လေ၊ ဝမ်ကျောင်းကို ကာကွယ်ပေးလိုက်တာ ဓားထိသွားတယ်”
ထန်ရှို့ရှို့ မတ်တပ်ထရပ်လိုက်သည်။
“ငါအဆောင်မှူးကို သွားတွေ့လိုက်မယ်၊ ဒါ ပေါ့သေးသေးကိစ္စမဟုတ်ဘူး၊ ကျားရှန်းနန်က ကလဲ့စားချေဖို့ ကြံစည်နေတာဆိုရင် အခုချိန်မှာ လီမိန့်ရူလည်း အန္တရာယ်မကင်းဘူး”
ကျားရှန်းနန် အမုန်းတီးဆုံးလူမှာ လီမိန့်ရူဖြစ်သဖြင့် ထိုသုံးသပ်ချက်မှာ ဖြစ်နိုင်ချေမြင့်ပါသည်။
သို့သော် သူမသည် ခွဲခြားမှုမရှိဘဲ အားလုံးကို သိမ်းကျုံးလက်စားချေနေခြင်းသာ ဖြစ်သည်။
လီမိန့်ရူတစ်ယောက်တည်း ထိုအလုပ်ရုံ၏ သက်သေအထောက်အထားများကို မစုဆောင်းနိုင်မှန်း၊ အခန်း(၂၀၆)မှ တစ်စုံတစ်ဦးက ကူညီပေးထားမှန်း ကျားရှန်းနန် ခန့်မှန်းမိပေလိမ့်မည်။
--- --- ---
ထန်ရှို့ရှို့သည် အဆောင်မှူးကို အလျင်အမြန်ပင် သွားတွေ့ခဲ့သည်။
သတင်းကိုကြားသိပြီးနောက် အဆောင်မှူးသည် လီမိန့်ရူ အချိန်ပိုင်းအလုပ်လုပ်နေသည့် ဆိုင်သို့ ဖုန်းခေါ်ဖို့ ကြိုးစားပါသည်။
သို့သော်ရာသီဥတုကြောင့်လား မသိနိုင်သော်လည်း ဖုန်းမဝင်ပေ။
အဆောင်မှူးက အခန်း(၂၀၆)အထိ လိုက်လာပြီး ဖန့်ခိုင်ရွှမ်အား တင်ထားသည့် ဆေးရုံအမည်နှင့် လိပ်စာကို ဟယ်ကျင်းအား မေးမြန်းခဲ့သည်။
“မိုးစဲသွားတာနဲ့ ယောက်ျားလေးအဆောင်မှူးကိုခေါ်ပြီး ငါစက်ဘီးနဲ့ လိုက်သွားလိုက်မယ်၊ နင်တို့အပြင်မထွက်ကြနဲ့၊ အထဲမှာပဲနေကြ၊ နားလည်လား”
ထန်ရှို့ရှို့က ခေါင်းညိတ်သည်။
“သမီးတို့နားလည်ပါတယ်၊ ဒီကိစ္စကို ရဲတိုင်သင့်လား”
“အမှုတော့ ကျိန်းသေပေါက် ဖွင့်ရမှာပဲ၊ မဟုတ်ရင် ဒီကိစ္စကို ဖန့်ခိုင်ရွှမ်ရဲ့ မိဘတွေကို ဘယ်လိုမှ ရှင်းပြလို့ ရမှာ မဟုတ်ဘူး”
အဆောင်မှူးသည် ဟယ်ကျင်းကို ခေတ္တ နှစ်သိမ့်ပေးလိုက်ပြီးနောက် အလွန်စိတ်ဖိစီးနေဟန်ဖြင့် ပြန်ထွက်သွားခဲ့ပါသည်။
--- --- ---
မိုးမှာ တဖြည်းဖြည်း စဲသွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာသောအခါ လုံးဝ တိတ်သွားခဲ့သည်။
ပင်ပန်းနွမ်းနယ်နေသည့် ဟယ်ကျင်းမှာ ကုတင်ပေါ်တွင် အိပ်ပင်ပျော်နေပါပြီ။
ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့က တီးတိုး တိုင်ပင်နေကြသည်။
“ငါတို့လည်း ဆေးရုံကို လိုက်သွားကြမလား”
ထန်ရှို့ရှို့က ခေါင်းခါသည်။
“အခုမှောင်နေပြီလေ၊ ငါတို့နှစ်ယောက်တည်း သွားရမှာ အန္တရာယ်များတယ်၊ မနက်ဖြန်အထိ စောင့်ရအောင်”
မိုးတိတ်သွားပြီး သိပ်မကြာလိုက်ဘဲ လီမိန့်ရူ ပြန်ရောက်လာခဲ့ပါသည်။
အခန်းဖော်များ ကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ကြားလိုက်ရပြီးနောက် လီမိန့်ရူမှာ ကြောက်ရွံ့မှုဖြင့် မျက်နှာ ဖြူဖပ်သွားခဲ့ရသည်။
မိုးသည်းထန်နေသဖြင့် သူမအချိန်ပိုင်းအလုပ်လုပ်နေသည့် ဆိုင်တွင် ခေတ္တ မိုးခိုနေခဲ့သည်မှာ ကံကောင်းသွားသည်ဟု ဆိုရမည်။
ပုံမှန်အချိန်တိုင်းသာ ပြန်လာခဲ့လျှင် သူမလည်း အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရမည်မှာ မလွဲဧကန်ပင်။
လီမိန့်ရူ မေးမြန်းလိုက်သည်။
“ဝမ်ကျောင်းတို့ကို ဘယ်ဆေးရုံမှာ တင်ထားတာလဲ၊ ငါသွားကြည့်ချင်တယ်”
ထန်ရှို့ရှို့က သူမကို တားလိုက်ပါသည်။
“အဆောင်မှူးတွေ ထွက်သွားကြပြီ၊ ငါတို့က မနက်ဖြန်မှ လိုက်သွားကြမယ်”
ထိုနေ့ညက မည်သူမှ အိပ်မပျော်ခဲ့ကြပေ။
နောက်တစ်နေ့ အပူချိန်များ လျော့ကျသွားပြီး အေးစက်စက် လေပြည်လေညင်းများ တိုက်ခတ်လာသည်။
မွန်းတည့်ချိန်ပိုင်းတွင်းသာ အနည်းငယ် နွေးထွေးမှု ရှိတော့သည်။
ယဲ့ရှောင်ရှောင်တို့ သုံးယောက်လည်း အခန်းဖော်များ၏ အခြေအနေကို သိရဖို့ ဆေးရုံသို့ လိုက်သွားရန် သဘောတူလိုက်ကြလေသည်။