← Chapters

လောကနတ်ဘုရားအလင်းတန်း

Vol. 13 Ch. 1206

လောကနတ်ဘုရားအလင်းတန်း

Vol. 13 Ch. 1206

ပိုင်ရှောင်ချန်း၏ စကားသံမှာ ပြိုလဲပျက်စီးနေပြီဖြစ်သော ကျောက်ကြီးမြို့တော်ကို ဖြတ်၍ ဆွံ့အနေကြသော ပရိသတ်အပေါင်း၏ နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်သွားတော့သည်။

မိစ္ဆာဧကရာဇ်မှာ ပိုင်ရှောင်ချန်းအား ထိခိုက်အောင် မပြုလုပ်နိုင်လိုက်သည်သာမက ပိုင်ရှောင်ချန်း၏ တိုက်ကွက်ကြောင့် မိစ္ဆာဧကရာဇ် သွေးထွက်သွားရသည်ကိုပင် သူတို့အားလုံး အထင်အရှားမြင်လိုက်ရသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ သူတို့အားလုံး သာမန်လူများ ပြန်ဖြစ်သွားကြသည့်အလား ခံစားလိုက်ရတော့သည်။

" မဖြစ်နိုင်တာ ... ဒါမဖြစ်နိုင်ဘူး ... "

" အရှင် ... အရှင်မင်းမြတ်က လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်လေ။ မဟုတ်မှလွဲရော ပိုင်ရှောင်ချန်းကရော လောကနတ်ဘုရားအဆင့် ရောက်သွားတာများလား .... ဘုရားရေ "

" အရှင်မင်းမြတ် တကယ်ပဲ ဒဏ်ရာရသွားတာလား "

မရေမတွက်သော ခံစားချက်ပေါင်းစုံရောယှက်နေသည့် အော်ဟစ်သံများဖြင့် ဆူညံလာတော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ရယ်မောသံမှာ လေထဲတွင် ပြည့်နှက်နေတော့သည်။

သူ အဘယ့်ကြောင့် စိတ်လှုပ်မရှားပဲ နေနိုင်ပါမည့်နည်း။ ယနေ့သို့ ရောက်ရှိလာရန် သူ နှစ်ပေါင်းများစွာ တွေးတောနေခဲ့ရသည်ဖြစ်ပြီး သူ ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ပြန်ပြီး လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရမည့် ခံစားချက်ကို အလွန်အမင်း သိချင်နေခဲ့သည် မဟုတ်ပါလော။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆင့်မမြင့်သေးပါသော်လည်း နေ့ရက်တစ်ရက်ကုန်လွန်သွားတိုင်း သူ အလေးထားရသည့် လူများ ပို၍နာကျင်ခံစားနေရကြောင်းကို သူက သိသည်။ ထို့အပြင် နှစ်ခြောက်ဆယ်စက်ဝန်း တစ်ဝက်တိတိ ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကြီးများကို သူက မမေ့နိုင်သေးပေ။ သူ၏ ဇနီးများနှင့် ကလေးများမှာ အန္တရာယ်တောထဲသို့ ကျရောက်ခဲ့ရသည်ဖြစ်ပြီး စုန့်ချွဲမှာလည်း အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ထို့အပြင် မိစ္ဆာဧကရာဇ်မှာ လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားခဲ့သည်ဖြစ်၍ သူသည် မည်သည့်အရာကိုမှ မလုပ်နိုင်လောက်အောင် စွမ်းအားမဲ့ခဲ့ရသည်။

သူ လုံးဝရူးသွပ်သွားခဲ့ရသည်ဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်တိတိ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ပေသည်။ ယခုတွင်မူ သူသည် ရှိသမျှခွန်အားအကုန်အစင် ထုတ်၍ မျှော်လင့်ချက်အသစ်တစ်ခု ဖန်တီးနိုင်စေရန်အတွက် အစွမ်းကုန်ကြိုးစားနေပြီဖြစ်သည်။

ယခုတိုက်ပွဲမှာ သာမန် ခိုက်ရန်ဖြစ်ပွားခြင်းမျိုးမဟုတ်ပေ။ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေရသည့် ရင်ထိတ်စရာကောင်းသော တိုက်ပွဲကြီးတစ်ခုဖြစ်သည်။

သူ ယခုထုတ်လွှတ်ခဲ့သည့် တိုက်ကွက်တွင် သူစွမ်းအင်အနည်းငယ်လေးပင် ချုပ်တည်းမထားခဲ့သလို မိစ္ဆာဧကရာဇ်၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများကို သေဆုံးသွားစေနိုင်သည့် လက်ဝါးချက်ကြီးမှာလည်း ထိုနည်းတူပင်။ ဝိရူပက္ခနတ်မင်းကဲ့သို့သော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူဆယ်ယောက် စုပေါင်း၍တိုက်ခိုက်လျှင်တောင် ထိုလက်ဝါးချက်ကြီးအောက်တွင် ကျရှုံးသွားရမည်သာ ဖြစ်သည်။

သို့သော် ထိုစွမ်းအားအပြည့်ပါသော လက်ဝါးချက်ကြီးပင် ပိုင်ရှောင်ချန်းကြောင့် ပျက်စီးသွားရပြီဖြစ်သည်။

ပို၍ဆိုးသည်မှာ ထွက်ပေါ်လာသည့် တန်ပြန်ဒဏ်ကြောင့် လောကနတ်ဘုရားအဆင့်တွင်ရှိသော မြင့်မြတ်ထူးကဲလှပါသည်ဆိုသည့် မိစ္ဆာဧကရာဇ်ပင် သွေးထွက်သွားရသည်။ သူ၏ဒဏ်ရာများမှာ မဆိုစလောက်သာ ဖြစ်သော်လည်း သူ့ထက် အဆင့်နိမ့်သော လူတစ်ယောက်ကြောင့် ထိုဒဏ်ရာများရသွားခဲ့ရသည်ဖြစ်ရာ သူ၏မျက်ဝန်းထဲတွင် မှန်းဆ၍ပင် မရနိုင်သော သတ်ဖြန်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

မိစ္တာဧကရာဇ်သည် မျက်လုံးများမှေးလိုက်ပြီး ဆိုလိုက်တော့သည်။

" မိုးမြေဧကရာဇ် အငွေ့အသက်တစ်ခုပဲ။ အတော်ပြောင်မြောက်ပါပေတယ်.... ငါမင်းကို တကယ် လျှော့တွက်မိခဲ့တာပဲ ပိုင်ရှောင်ချန်း။ ဒါပေမဲ့.... ဒီဟာသဇာတ်လမ်း ဒီမှာတင်ပြီးပြီကွ။ မင်းဆီမှာ အဲဒီလက်သီးချက်တစ်ချက်ပဲရှိတာဆိုရင်တော့ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတွေ လက်တွေ့မှာ ဘယ်လောက်အထိစွမ်းသလဲဆိုတာနဲ့ပတ်သတ်ပြီး မင်းကိုသင်ခန်းစာပေးဖို့ အချိန်ကျပြီ "

ထိုသို့ဆိုကာ သူသည် လက်များကိုမြှောက်လိုက်ပြီး မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သောအခါ ကောင်းကင်ကြီး တုန်ရီသွားပြီး ရောင်ဝါထိန်းလင်းသော နေမင်းကြီးပမာ အရာကြီးတစ်ခု ပေါ်ထွက်လာသည်။

ထိုအရာကြီးမှာ ကြီးမားလွန်းလှပြီး စူးရှတောက်ပလွန်းနေသည့်အတွက် ထာဝရအင်မော်တယ်နယ်မြေကို အလင်းဓာတ်ပေးနေသည့် နေမင်းကြီးပင် မှေးမိန် ပျောက်ကွယ်သွားတော့သည်။

ထိုအခါ မိစ္ဆာဧကရာဇ်၏ အနီရောင် နေမင်းကြီးမှာ ပို၍ကြီးမားလာပြီး ကောင်းကင်ယံပေါ်ရှိ တစ်စင်းထဲသော နေမင်း ဖြစ်သွားတော့သည်။

" ကြည့်ရတာ ထာဝရအင်မော်တယ်နယ်မြေတွေက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုပဲ လက်ခံတယ်ဆိုတာကို မင်းကမသိဘူးထင်တယ်။ သူတော်စင်ဧကရာဇ်က လမင်းပြာကြီးနဲ့ပေါင်းစည်းပြီး ငါက နေလုံးနီကြီးနဲ့ ပေါင်းစည်းတာလေ "

" အဲဒီေတာ့ ... မင်းမှမဟုတ်ဘူး အခြားဘယ်သူကမှ ထာဝရအင်မော်တယ်နယ်မြေတွေထဲမှာ လောကနတ်ဘုရားအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ကို ကံကြမ္မာပေလွှာပေါ်မှာ ရေးထိုးထားပြီးသားကွ "

" အခု ငါမင်းကို ဒီလျှို့ဝှက်ချက်ပြောပြလိုက်ပြီဆိုတော့ မင်းလည်း အဲဒီလျို့ဝှက်ချက်ကို မင်းနဲ့အတူ တမလွန်ကို တစ်ပါထဲခေါ်သွားလိုက်တော့ "

သူသည် ရက်စက်ကြမ်းကြုတ်စွာပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ အနီရောင်နေမင်းကြီးမှာ ကောင်းကင်ကို ဖျက်ဆီးနိုင်ပြီး မြေပြင်ကို အမှုန့်ချေပစ်နိုင်သည့် အပူရှိန်ကြီးတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။ ထိုအပူရှိန်မှာ သက်ရှိများအားလုံးကို ပြာကျပျက်စီးသွားစေနိုင်သည့် အပူရှိန်မျိုးဖြစ်ပြီး ယခုတွင် ကျောက်ကြီးမြို့တော်တစ်ခုလုံးကို ဝါးမျိုတော့မည်ဖြစ်သည်။

မိစ္ဆာဧကရာဇ်မှာ မြို့တော်ထဲရှိ လူများ သေသေရှင်ရှင် ဂရုမစိုက်သည့်ပုံပင်။ သူသည် ပိုင်ရှောင်ချန်းကို သတ်၍ သူ့ထံမှ ရတနာယပ်တောင်ကြီး၏ အမွေအနှစ်ကို သိမ်းပိုက်နိုင်ရန်သာ စိတ်ထဲတွင်ရှိနေသည်။ အကယ်၍ သူသာ ထိုသို့သိမ်းပိုက်နိုင်မည်ဆိုပါက မည်သည့်တန်ကြေးကိုမဆို ပေးဆပ်ရန်အသင့်ပေ။

ထိုအနီရောင်နေမင်းကြီး ကျဆင်းလာသောအခါ ကျောက်ကြီးမြို့တော်မှာ စတင်၍ အရည်ပျော်ကျလာပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများစွာက နာကျည်းစွာ အော်ဟစ်မြည်တမ်း၍ ထွက်ပြေးကုန်ကြသည်။ သို့သော် သူတို့မှာ နှေးလွန်းနေသည်။ တစ်ခဏလေးအတွင်း သူတို့အားလုံး လောင်ကျွမ်းပြာကျသွားတော့မည်မှာ အသိအသာပင်။

အော်ဟစ်မြည်တမ်းသံများ၊ အသနားခံနေကြသည့် အသံများနှင့် မယုံနိုင်လောက်အောင် ငိုကြွေးမြည်တမ်းကာ အော်ဟစ်ဆဲဆိုနေကြသည့်အသံများဖြင့် ဆူညံနေတော့သည်။ ပိုင်ရှောင်ချန်းမှာမူ မျက်လုံးများမှေးသွားပြီး အံ့သြတုန်လှုပ်မှုများကြောင့် ရင်တဒိန်းဒိန်းခုန်နေလျက် မိစ္ဆာဧကရာဇ် ထုတ်သုံးလိုက်သော မှော်အတတ်ဖြစ်သည့် အနီရောင်နေမင်းကြီးကို ကြည့်နေတော့သည်။

သို့သော် မိစ္ဆာဧကရာဇ်၏ တွက်ချက်မှုမှာ လွဲမှားသွားခဲ့ပြီဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်း၏ တစ်ခုတည်းသော လျှို့ဝှက်လက်နက်မှာ ထာဝရမိုးမြေဧကရာဇ်လက်သီးဟု တွက်ထားပါသော်လည်း ထိုသို့မဟုတ်ပေ။

တွေးတောကြံဆနေရန် အချိန်မရှိတော့ပေ။ အနီရောင်နေမင်းကြီးမှာ တဟုန်းဟုန်းတောက်လောင်နေသည့် အပူရှိန်များနှင့်အတူ အနီးသို့ရောက်လာစဥ် ပိုင်ရှောင်ချန်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို တမူထူးခြားစွာ အသုံးပြုလိုက်ကာ ဟင်းလင်းပြင်ကြီးထဲ၏ အဝေးတစ်နေရာတွင်ရှိနေသော ရတနာယပ်တောင်ကြီးနှင့် ချိတ်ဆက်လိုက်တော့သည်။

ရတနာယပ်တောင်ကြီးမှာ ေရှးမဆွက ဟင်းလင်းပြင်ကြီးထဲတွင် ချောချောမွေ့မွေ့ ပျံသန်းနေခဲ့သည်။ သို့သော် ယခုတွင်မူ ထိုယပ်တောင်ကြီးမှာ တုန်ခါသွားသဖြင့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ ပိုင်ရှောင်ချီကလည်း အပြင်သို့ ပျံထွက်လာပြီး ယပ်တောင်မျက်နှာပြင်၏ ကမ္ဘာကြီးထဲတွင်စီးဆင်းနေသော မြစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီး ကိုင်ထားသည့် ကျားကွက်အရုပ်မှာ တောက်ပစွာလင်းလက်လာကာ ဟင်းလင်းပြင်ကြီးထဲသို့ အလင်းတန်းတစ်တန်း ထုတ်လွှတ်ပေးလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

၎င်းကျားကွက်အရုပ် ပြန်ပေါ်လာသောအခါတွင် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ မိစ္ဆာဧကရာဇ်မင်းဆက်၏ ကျောက်ကြီးမြို့တော်၏အထက် လေပေါ်တွင် ရောက်နေပြီဖြစ်သည်။

ထိုအလင်းတန်းမှာ မျက်စိကျိန်းမတတ် စူးရှတောက်ပနေပြီး အနီရောင်နေမင်းကြီးကိုပင် ယှဥ်နိုင်စွမ်းရှိသည်။ ဘုန်းတန်ခိုးကြီးမားလှသော မိစ္ဆာဧကရာဇ်ကြီးမှာ ထိုအလင်းတန်းမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကို ခံစားမိလိုက်သောအခါ ပထမဆုံးအကြိမ်အဖြစ် သူ မျက်နှာပျက်သွားရတော့သည်။

" ဒါ... "

" ဒါကို လောကနတ်ဘုရား အလင်းတန်းလို့ ကျုပ် နာမည်ပေးထားတယ် "

ပိုင်ရှောင်ချန်း၏ စကားသံကို မြို့တော်ထဲတွင် ရှိနေကြသည့် မျှော်လင့်ချက်များ ပျက်သုဥ်းနေကြသော ကျင့်ကြံသူအားလုံး ကြားသွားတော့သည်။ အနီရောင်နေမင်းကြီး ကျဆင်းလာနေပြီး ၎င်း၏ပတ်ပတ်လည်ရှိ အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်ရီနေစဥ်တွင် ထိုလောကနတ်ဘုရားအလင်းတန်းမှာ လောကနတ်ဘုရားအငွေ့အသက်တစ်ခုနှင့်အတူ ရှေ့သို့ ထိုးခွင်းသွားပြီး ထိုနေမင်းကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။

ပိုင်ရှောင်ချန်း အသေးစိတ် လေ့လာဆန်းစစ်ခဲ့သည့် အလင်းတန်းမှာ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်ကို ရင်ဆိုင်နိုင်သည့် အဆင့်အထိ ရှိနေသောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ တုန်ရီလာတော့သည်။

၎င်းအလင်းတန်း၏ စွမ်းအားအချို့က လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးထံမှဖြစ်သော်လည်း အများစုမှာ ကျားကွက်မှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ လေ့လာမှုများအရ ထိုကျားကွက်ကြီးမှာလည်း တန်ဖိုးကြီးရတနာတစ်ခုဖြစ်ကြောင်းနှင့် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်သာ ၎င်း၏စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ကြောင်း သိခဲ့ရသည်။ သက်ရှိသက်မဲ့ အရာအားလုံး တုန်ရီနေစဥ်တွင် လောကနတ်ဘုရားအလင်းတန်းက အနီရောင်နေမင်းကြီးကို ဝင်တိုက်သွားတော့သည်။

ထိုအနီရောင် နေမင်းကြီးမှာ အပြီးတိုင် ပျက်သုဥ်းသွားခြင်း မရှိသော်လည်း လောကနတ်ဘုရားအလင်းတန်းကြောင့် ၎င်း၏ကိုယ်ထည်ပေါ်တွင် အပေါက်ကြီးတစ်ပေါက် ပေါ်ထွက်လာပြီဖြစ်သည်။

ထာဝရအင်မော်တယ်နယ်မြေများထဲတွင် နားများအူသွားစေနိုင်သည့် တအုန်းအုန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး မိစ္ဆာဧကရာဇ်မင်းဆက်သာမက သူတော်စင်ဧကရာဇ်မင်းဆက်ပါ တုန်ရီသွားရသည်။

သူတော်စင်ဧကရာဇ်မြို့တော်ထဲမှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး ဆွံ့အသွားကြပြီး မိစ္ဆာဧကရာဇ်မင်းဆက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ မိစ္ဆာဧကရာဇ် အစောပိုင်းက အသုံးပြုခဲ့သည့် မှော်အတတ်ကြောင့် ကောင်းကင်ပေါ်ရှိ နေမင်းကြီး မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ဤကမ္ဘာကြီးထဲတွင် သူတို့ကိုပင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်လောက်အောင် အားပြင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်ကို ခံစားလိုက်ရပြီဖြစ်သည်။

" ဒါ ... လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေတာပဲ "

" ဘုရားရေ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်ရတာလဲ "

" ဘယ်သူလဲ ... မိစ္ဆာဧကရာဇ်နဲ့ ဘယ်သူတိုက်ခိုက်နေတာလဲ "

ချိန်စု၊ ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ ထိုသို့တအံ့တသြ ရေရွတ်နေကြစဥ် သူတော်စင်ဧကရာဇ်မှာ အလွန်တည်ကြည်သော အမူအရာဖြင့် သူ၏တော်ဝင်နန်းတော်ထဲမှနေ၍ လေပေါ်သို့ ပျံထွက်လာသည်။

ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ လက်ရှိဖြစ်ရပ်၏ အကြောင်းအရင်းအမှန်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သို့သော် သူတော်စင်ဧကရာဇ်မှာ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ၏မျက်လုံးများကိုမှိတ်ကာ သူ၏နတ်ဘုရားအာရုံများကို စေလွှတ်လိုက်ရုံဖြင့် မိစ္ဆာဧကရာဇ်နှင့် တိုက်ခိုက်နေသည့်လူမှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ နိမိတ်ဖတ်ခြင်းအတတ်များကိုအသုံးပြု၍ သူသည် တိုက်ပွဲကြီးကို တိုက်ရိုက်ကြည့်ရှုနေတော့သည်။

ထာဝရမိုးမြေဧကရာဇ်လက်သီးဖြစ်စေ၊ လောကနတ်ဘုရားအလင်းတန်းဖြစ်စေ၊ တိုက်ကွက်တိုင်းကို သူ မြင်နေရတော့သည်။

" ပိုင်ရှောင်ချန်း... "

သူ၏နှလုံးသားမှာ မိုးမြေဧကရာဇ်အငွေ့အသက်ကြီးနှင့် လောကနတ်ဘုရားအလင်းတန်းတို့ကြောင့် တဒိန်းဒိန်းခုန်နေပြီဖြစ်သည်။

" ဒါက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားတွေတော့ မဟုတ်ဘူး။ သူ့ကို ကူညီပေးဖို့အတွက် သူဆင့်ခေါ်နေရတာ။ သူ အဲဒီအလင်းတန်းကို အကြိမ်အနည်းငယ်ထက် ပိုပြီးမသုံးနိုင်လောက်ဘူးလို့ ငါတော့ထင်တယ်။ အဲဒီအလင်းတန်းက လောကနတ်ဘုရားအဆင့် တိုက်ကွက်တစ်ကွက်လေ... "

သူတော်စင်ဧကရာဇ်မှာ ထိုကဲ့သို့ စွမ်းအားကြီးလှသော တိုက်ကွက်မျိုးကိုထုတ်သုံးရန် ကြီးမားသောတန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။

မိစ္ဆာဧကရာဇ်မှာလည်း ထိုအတိုင်း တွေးနေသည်သာ ဖြစ်သည်။ လောကနတ်ဘုရားအလင်းတန်းမှာ သူ၏အနီရောင်နေမင်းကို အခက်တွေ့စေနိုင်ပြီး ၎င်း၏ကိုယ်ထည်ပေါ်တွင် အပေါက်တစ်ပေါက်ပါ ဖောက်နိုင်လိုက်ကြောင်း သိလိုက်ရသဖြင့် သူ အံ့သြတုန်လှုပ်သွားရပါသော်လည်း ထိုအလင်းတန်းကို အကြိမ်ပေါင်းများစွာ ထုတ်လွှတ်လျှင်တောင် သူ၏နေမင်းမှာ သိသိသာသာ ထိခိုက်သွားရုံမှတစ်ပါး အခြားထပ်ဖြစ်မည် မဟုတ်ကြောင်း သူက ယုံကြည်လိုက်သည်။

" အဲဒီလိုမျိုးစွမ်းအားကို မင်းဒုတိယတစ်ကြိမ် ထပ်ပြီးထုတ်နိုင်မယ်ဆိုတာ ငါမယုံဘူး ပိုင်ရှောင်ချန်း "

မိစ္ဆာဧကရာဇ်၏မျက်နှာအမူအရာ အလွန်တင်းမာသွားပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သောအခါ အနီရောင်နေမင်းကြီးမှာ ပို၍ အရှိန်မြန်လာတော့သည်။ သူသည် ပိုင်ရှောင်ချန်းနှင့် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးကို မီးလောင်တိုက်သွင်းရန် ကြံရွယ်နေပေသည်။

သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ရယ်မောလိုက်တော့သည်။ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာပြီးနောက် သူကမေးလိုက်တော့သည်။

" ကျုပ် အဲဒီအလင်းတန်းကို ဒုတိယအကြိမ် ထပ်မသုံးနိုင်ဘူးလို့ ခင်ဗျားကြီးက ထင်နေတာလား "

All Chapters