အခန်း ၁၁၀
Vol. 11 Ch. 110
📗 Chapter 110
ဆေးရုံတွင် ဖန့်ခိုင်ရွှမ်၏ မိဘများ ရောက်ရှိနေကြပါပြီ။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည့် ရဲအရာရှိနှစ်ဦးကလည်း တစ်ပြိုင်တည်း ရောက်ရှိလာကြသည်။
ဖန့်ခိုင်ရွှမ်၏ ဓားဒဏ်ရာမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် မပြင်းထန်လှပေ။
တိုက်ခိုက်သူများမှာ လမ်းဘေးလူရမ်းကားအဆင့်သာ ရှိပြီး ဓားကို ရမ်းသန်းလွှဲလိုက်ရာမှ ဖန့်ခိုင်ရွှမ်၏ပေါင်ကို ရှပ်ထိသွားခြင်းဖြစ်သည်။
ရဲအရာရှိများသည် နစ်နာသူများအား မနေ့ညက ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို အသေးစိတ်မေးမြန်းခဲ့ကြသည်။
ထို့နောက် အခန်း(၂၀၆) နှင့် ပြဿနာဖြစ်ဖူးသည့် အခန်း (၂၀၈)မှ ကျောင်းသူများကို အဓိက သံသယရှိသူများအဖြစ် သတ်မှတ်ကာခေါ်ယူ စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်လိုက်ကြသည်။
ယနေ့တွင် ဟယ်ကျင်းမျက်နှာပေါ်မှ ပွန်းပဲ့ဒဏ်ရာများမှာ သိသိသာသာ သက်သာလာပြီဖြစ်သော်ငြား ညိုမဲစွဲရာများကတော့ ထင်ရှားနေဆဲပင်။
ဝမ်ကျောင်းနှင့် ရှားလီတို့မှာလည်း အလားတူပင်။ ပြင်းပြင်း ထန်ထန် ရိုက်နှက်ခံခဲ့ရသော်လည်း ဒဏ်ရာများမှာ စိုးရိမ်စရာမရှိပေ။
ဖန့်ခိုင်ရွှမ်၏ မိဘများက လူနာခန်းထဲတွင်သာ စောင့်နေကြသည်။ ဝမ်ကျောင်းနှင့် ရှားလီတို့ကမူ လူနာခန်းထဲ မဝင်ရဲကြသဖြင့် လျှောက်လမ်းထဲတွင်သာ စောင့်နေခဲ့ကြပါသည်။
“အီးဟီးဟီး… အဲ့ဒီ လူရမ်းကားတွေကို အမြန်ရှာပေးပါ အရာရှိကြီးတို့! အဲ့ဒီကောင်တွေ အရမ်းယုတ်မာတာပဲ!”
ဝမ်ကျောင်း၏အော်ငိုသံကို အဝေးကပင် ကြားနေရသည်။ ယဲ့ရှောင်ရှောင်တို့ လှေကားထိပ်သို့ ရောက်လာသည်နှင့် ထိုအသံကို ကြားလိုက်ရပါသည်။
“စိတ်ချပါ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အသေးစိတ် စုံစမ်းစစ်ဆေးသွားမှာပါ”
မေးမြန်းစရာရှိသည်ကို မေးမြန်းပြီးနောက် ရဲအရာရှိများ သည် နစ်နာသူများကို နှစ်သိမ့်စကားဆိုခဲ့ပြီး သံသယရှိသူများကို ဆက်လက် စုံစမ်းစစ်ဆေးဖို့ ထွက်ခွာသွားကြပါသည်။
ရဲအရာရှိများ ထွက်သွားသည်နှင့် ယဲ့ရှောင်ရှောင်တို့ ရောက်ရှိလာပြီး ဝမ်ကျောင်းနှင့် ရှားလီကိုတွေ့ဆုံခဲ့သည်။
ဟယ်ကျင်း မေးသည်။
“နင်တို့နှစ်ယောက် မနေ့ညက ဆေးရုံမှာပဲ တစ်ညလုံးနေခဲ့ကြတာလား”
ဝမ်ကျောင်း အပြစ်တင်သည့် လေသံဖြင့် ဆိုသည်။
“နင်ကတော့ မနေ့ညက အဆောင်ကို အေးအေးဆေးဆေးပြန်သွားတာပေါ့၊ ငါတို့ဆီကို ပြန်တောင် မလာဘူး”
ထန်ရှို့ရှို့က ဝင်ရှင်းပြလိုက်သည်။
“မနေ့ညက မိုးတွေအရမ်းသည်းနေတာလေ၊ အဆောင်မှူးက ငါတို့ကို အပြင်ထွက်ခွင့်မပြုဘူး၊ ပြီးတော့ မနေ့ညက နင်တို့ဆီ အဆောင်မှူးတွေ လိုက်လာကြတယ် မဟုတ်ဘူးလား”
ဝမ်ကျောင်းက မျက်နှာလွှဲလိုက်သည်။
ထိုအခါ ရှားလီက ရှင်းပြလိုက်ပါသည်။
“အဆောင်မှူးရောက်လာပြီးတော့ ဖန့်ခိုင်ရွှမ်ရဲ့ မိဘတွေကို ဆက်သွယ်ခဲ့တာ…”
ဖန့်ခိုင်ရွှမ်၏ မိဘနှစ်ပါးမှာ ၎င်းတို့သားနှင့် အတူတူရှိနေသည့် မိန်းကလေးနှစ်ယောက်အပေါ် ကြည်ဖြူမှာ မဟုတ်မှန်း ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်သည်။
ဖန့်ခိုင်ရွှမ်တို့ မိသားစု၏ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသဖြင့် ဝမ်ကျောင်းမှာ အရှက်ရကာ တွေ့ရာလူအပေါ် ဒေါသပုံချနေခြင်းသာ ဖြစ်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က မေးသည်။
“ဖန့်ခိုင်ရွှမ် အဆင်ပြေရဲ့လား၊ နင်တို့ ဒီမှာပဲ ဆက်စောင့်ကြမှာလား၊ ဒါမှမဟုတ် အဆောင်ပြန်ကြဦးမှာလား”
ဝမ်ကျောင်း: “ငါတော့ အဆောင်ပြန်ဦးမယ်”
ရှားလီလည်း ထောက်ခံသည်။
“ငါလည်း ပြန်ဦးမယ်”
သူတို့နှစ်ဦးမှာ ဆေးရုံတွင် လိုအပ်သည့် ဆေးကုသမှုများ ခံယူပြီးကြပြီဖြစ်သည်။ တစ်ညလုံး မအိပ်ရသေးသဖြင့် ခြေကုန်လက်ပမ်းကျကာ မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။
ယဲ့ရှောင်ရှောင် လူနာခန်းထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ဖန့်ခိုင်ရွှမ်ရဲ့ မိဘတွေက ငါတို့ဝင်တာကို သဘောမကျလောက်ဘူး ထင်တယ်နော်”
ထိုအချိန်မှာပင် လူနာခန်းထဲမှ အမျိုးသမီးတစ်ယောက်က တံခါးဆီလျှောက်လာပြီး တံခါးကို လုံအောင် ပိတ်ပစ်လိုက်ပါသည်။
“စိတ်မရှိပါနဲ့၊ ငါတို့ ခိုင်ရွှမ်လေးက ဧည့်သည်တွေနဲ့တွေ့ဖို့ အဆင်မပြေသေးဘူး”
ယဲ့ရှောင်ရှောင်: “…”
ဖန့်ခိုင်ရွှမ်၏အမေမှာ တံခါးကို လုံးဝပိတ်ချပစ်လိုက်ခြင်းပင်။
ထန်ရှို့ရှို့က ပြောလိုက်သည်။
“သွားကြရအောင်၊ အဆောင်ကိုပဲ အရင်ပြန်ကြမယ်”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်တို့အားလုံး ရောက်လာစဉ်တုန်းကအတိုင်းပင် အလျင်အမြန်ထွက်ခွာသွားကြတော့သည်။
--- --- ---
သူမတို့ အဆောင်သို့ ပြန်ရောက်ချိန်တွင် အခန်း(၂၀၈) အတွင်းမှ ကျောင်းသူအားလုံး မရှိကြတော့ပေ။
သူတို့အားလုံးကို ရဲအရာရှိများက စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ပါသည်။
အခန်း(၂၀၈) ရှေ့မှာ ဖြတ်သွားစဉ် ဝမ်ကျောင်းသည် တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ခဲ့လိုက်သည်။
ဖြတ်သွားဖြတ်လာကျောင်းသားများက သူမကို အထိတ်တ လန့်ဖြင့် ဝိုင်းကြည့်ကုန်ကြပါသည်။
“ဘာကြည့်နေတာလဲ! ဒီလောက်လှတဲ့ ကောင်မလေးကို မမြင်ဖူးဘူးလား!”
ဝမ်ကျောင်း ငေါက်လိုက်ရာ ကျောင်းသားများ သုတ်သုတ်ပျာပျာပင် ထွက်ပြေးသွားကြတော့သည်။
ယဲ့ရှောင်ရှောင်က အခန်းတံခါးကို ဖွင့်ရင်း သတိပေးလိုက်သည်။
“ခုတလော အပြင်ထွက်ရင် သတိထားကြနော်၊ အဲ့ဒီ လူရမ်းကားတွေ ထပ်ပေါ်လာနိုင်တယ်”
ရှားလီက မေးသည်။
“ဟိုဘက်ခန်းကဟာတွေကို ရဲတွေဖမ်းသွားပြိ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်: “သက်သေခိုင်ခိုင်လုံလုံမရှိရင် မကြာခင် ပြန်လွတ်လာမှာပဲ၊ ပြီးတော့ ကျားရှန်းနန်ကလည်း အဲ့လောက် တုံးမှာမဟုတ်ဘူး၊ လူငှားပြီး ရိုက်ခိုင်းတာဆိုရင် ဘယ်လိုလုပ်မလဲ”
“ရှောင်ရှောင်ပြောတာ မှန်တယ်”
ထန်ရှို့ရှို့ကလည်း ထောက်ခံသည်။
သူတို့အဖွဲ့ ခံပြင်းစိတ်များဖြင့် အခန်းထဲသို့ ပြန်ဝင်လာကြပါသည်။
ဝမ်ကျောင်းမှာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း တွေးတောနေမိသည်။
‘ကျားရှန်းနန်က ငါတို့ကို လူငှားရိုက်ခိုင်းတာဆိုရင် ငါတို့ဘက်ကကော လူငှားပြီး ပြန်ရိုက်ခိုင်းလို့ မရဘူးလား’
ရဲစခန်းမှ စုံစမ်းစစ်ဆေးမှု ရလဒ်များ အလျင်အမြန်ပင် ထွက်ပေါ်လာခဲ့သည်။
လူရမ်းကားအဖွဲ့ကို ရှာမတွေ့နိုင်သည့်အပြင် ထိုလူရမ်းကားများကို ကျားရှန်းနန် ငှားရမ်းထားသည်ဟူသော သက်သေလည်း ခိုင်ခိုင်လုံလုံ မရှိသဖြင့် အခန်း(၂၀၈)မှ ကျောင်းသူများကို ပြန်လွှတ်ပေးခဲ့ကြသည်။
သို့သော် အဓိက သံသယရှိသူများဖြစ်သည့်အလျောက် စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း အခန်း(၂၀၈)မှ ကျော်းသူများအားလုံး တက္ကသိုလ်ကျောင်းဝင်းပြင်ပသို့ ထွက်ခွင့်မရှိပေ။
ထိုသတင်းကို ကြားသောအခါ ဝမ်ကျောင်းမှာ ဒေါသပေါက်ကွဲသွားပြီး ဘေးအခန်းတံခါးကို သွားခေါက်ခဲ့သည်။
ကျားရှန်းနန်က တံခါးလာဖွင့်ပေးလိုက်ပါသည်။
“ဘာလဲ၊ ပြဿနာရှာချင်လို့လား”
ဝမ်ကျောင်း အငွေ့တထောင်းထောင်းထကာ စွပ်စွဲလိုက်သည်။
“နင်မလား! ငါတို့ကို ရိုက်နှက်သွားတာ နင့်လက်ချက်မလား!”
ကျားရှန်းနန်က လက်ပိုက်လျက် ဆိုသည်။
“နင်တို့မှာ သက်သေရှိလို့လား၊ ရဲတွေတောင် ငါ့ကို တရားခံလို့သတ်မှတ်ဖို့ သက်သေခိုင်ခိုင်လုံလုံမရှိဘူး၊ မဟုတ်တဲ့ ကောလဟာလတွေ လွှင့်နေဦးမယ်ဆိုရင် နင့်ကိုလည်း ရဲစခန်းရောက်အောင် ငါ ပို့ပေးလိုက်မှာနော်”
“နင်စောင့်နေစမ်းပါ! ငါ ဘာသက်သေမှ မလိုအပ်ဘူး!”
ဝမ်ကျောင်း ငေါက်ငမ်းလိုက်ပြီး အရှုံးဖြင့် ပြန်လာခဲ့ရသည်။
ရှားလီက နှစ်သိမ့်ပေးလိုက်ပါသည်။
“ဒေါသတွေ အရမ်းထွက်မနေပါနဲ့၊ ငါတို့ဘက်က ဘာသက် သေထုတ်ပေးနိုင်မလဲဆိုတာပဲ စဉ်းစားကြရအောင်လေ”
ရှားလီက ပြန်ချေပသည်။
“နင်ပြောတော့ လွယ်တာပေါ့၊ ငါတို့က ဘယ်သက်သေကို ဘယ်မှာသွားရှာရမှာလဲ”
ရှားလီ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါက အကောင်းနဲ့ပြောတာကို…”
--- --- ---
ယဲ့ရှောင်ရှောင်သည် စာတစ်စောင်နှင့် ပါဆယ်တစ်ထုပ်ကို ယူဆောင်ကာ ယဲ့ချန်းနင်ထံသို့ ပို့ဆောင်ပေးဖို့ အသင့်ပြင်လိုက်ပါသည်။
ထန်ရှို့ရှို့က လှမ်းမေးလိုက်သည်။
“နင်အပြင်သွားမလို့လား ရှောင်ရှောင်”
“စာတိုက်ကို ခဏသွားမလို့လေ”
“ငါလည်း လိုက်ခဲ့မယ်”
အဆောင်တွင် အားအင်ကျန်ရှိနေသေးသူဟူ၍ သူမတို့နှစ်ယောက်သာ ရှိပါတော့သည်။
ကျန်လေးယောက်ထဲတွင် သုံးယောက်က ရိုက်နှက်ခံခဲ့ရပြီး နောက်တစ်ယောက်ကလည်း တစ်နေကုန် အတန်းတက်ရခြင်း သို့မဟုတ် အချိန်ပိုင်းအလုပ်လုပ်နေရခြင်းကြောင့် မအားဘဲ မနေ့ကိစ္စကြောင့်လည်း တုန်လှုပ်သွားပုံရဿည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
ကျင့်ဟွာတက္ကသိုလ်ကျောင်းဝင်းကြီးက အလွန်ကျယ်ဝန်းလှပါသည်။ ဆေးဌာနမှ ကျောင်းအဝင်ဝသို့ မိနစ် ၃၀ နီးပါး လမ်းလျှောက်ရသည်။
စာတိုက်မှာ ကျောင်းအဝင်ဝနှင့် အလွန်နီးပါသည်။
ယဲ့ရှောင်ရှောင်သည် ပို့ဆောင်ရမည့် ပစ္စည်းများကို စာတိုက်တွင် အပ်ထားခဲ့လိုက်သည်။
သူမတို့ စာတိုက်ထဲမှ ထွက်လာစဉ် ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်ကို ရုတ်တရက် ပြန်ဆွဲခေါ်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “ဘာဖြစ်လို့လဲ”
ထန်ရှို့ရှို့: “ငါ ဖုန်းတစ်ကောလောက် ဆက်ချင်လို့၊ အထဲပြန်ဝင်ပြီး ခဏလောက်စောင့်ပေးပါလား”
စာတိုက်ထဲသို့ ပြန်ရောက်သည်နှင့် ယဲ့ရှောင်ရှောင်က ချက်ချင်းမေးလိုက်သည်။
“ပုံမှန်မဟုတ်တာ တွေ့မိလို့လား”
မလာခင်က ဖုန်းခေါ်စရာရှိသည်ဟု ထန်ရှို့ရှို့ မပြောခဲ့ဖူးပေ။
“လမ်းထောင့်နားက လူနှစ်ယောက်ကို ကြည့်လိုက်စမ်း”
ပြူတင်းပေါက် အပြင်ဘက်သို့ လက်ညှိုးထိုးကာ ထန်ရှို့ရှို့ တီးတိုး ပြောလိုက်ပါသည်။
ထိုနေရာတွင် ဦးထုပ်များဆောင်းထားပြီး၊ ခေါင်းငုံ့ထားကာ အပြာရောင်ကုတ်အင်္ကျီများ ဝတ်ဆင်ထားကြသည့် လူနှစ်ယောက် ရှိနေသည်။
“အဲ့တာ… လူမိုက်တွေလား”
ယဲ့ရှောင်ရှောင် ထိတ်လန့်သွားရသည်။ ရဲများ စုံစမ်းစစ်ဆေးနေသည့်ကြားမှ သူတို့ ဤမျှအတင့်ရဲကြလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။
ထန်ရှို့ရှို့က ရှင်းပြသည်။
“ပေကျင်းမြို့က လူမိုက်တွေက အဆက်အသွယ်ကျယ်ပြန့်တယ်၊ ရဲစခန်းကိုလည်း မကြာခဏ ရောက်ဖူးကြတာပဲ၊ အခုလို ရိုက်နှက်မှုလောက်ဆိုရင် ရက်နည်းနည်းလောက်ပဲ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာကြမှာလေ”
“ဒါဆို အခုချက်ချင်း ရဲခေါ်ပြီး သူတို့ကို ဖမ်းခိုင်းလိုက်ရအောင်လေ”
ထန်ရှို့ရှို့က အကြံပြုသည်။
“ငါအရင် အပြင်ထွက်လိုက်မယ်၊ နင်က ရဲကိုဖုန်းဆက်လိုက်”
ယဲ့ရှောင်ရှောင်: “နင်ရူးနေလား၊ သူတို့က လူရိုက်ဖို့လာတာနော်!’
“ဒါပေမယ့် ရဲတွေ လက်ပူးလက်ကြပ်မိတာ ပိုမကောင်းဘူးလား”
ယဲ့ရှောင်ရှောင်ကဆိုသည်။
“အဲ့တာဆို ငါထွက်သွားလိုက်မယ်၊ ငါက လူ့ခန္ဓာကိုယ်ပေါ်က ထိခိုက်လွယ်တဲ့ အကြောမှတ်တွေကို ကျွမ်းကျင်တယ်၊ သူတို့ကို ယှဉ်မချနိုင်လောက်ပေမယ့် ခဏတော့ အချိန်ဆွဲထားပေးနိုင်တယ်”
ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်ကို ခေါင်းအစခြေအဆုံး အကဲ ခတ်လိုက်သည်။
“လာနောက်မနေနဲ့၊ နင့်ရဲ့ပျော့တိပျော့ညံ့ ပုံစံမျိုးနဲ့ အပြင်ထွက်သွားရင် သေသွားမှာပေါ့”
သူမတို့နှစ်ယောက် အငြင်းပွားနေစဉ် စာတိုက်ထဲသို့ လူတစ်ဦး ထပ်ဝင်လာခဲ့သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပါပဲလား”
ချောင်းယွင်ဟူသည် စာတိုက်သို့ ဖုန်းဆက်ဖို့ ရောက်ရှိလာခြင်းဖြစ်ကာ ယဲ့ရှောင်ရှောင်ကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
ထန်ရှို့ရှို့လည်း ချောင်းယွင်ဟူကို လှည့်ကြည့်လိုက်ပါသည်။ ဤကောင်လေးက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း ရှိသည်။
“နင့် သူငယ်ချင်းလား”
ထန်ရှို့ရှို့မေးလိုက်ရာ ယဲ့ရှောင်ရှောင် ခေါင်းညိတ်ပြလိုက်သည်။
ချောင်းယွင်ဟူ: “ဘာဖြစ်လို့လဲ… နင်တို့ ပြဿနာတစ်ခုခု တက်နေတာလား”
ချောင်းယွင်ဟူသည် ပြူတင်းပေါက်ရှေ့တွင်ရပ်၍ လမ်းမထောင့်နားရှိ သံသယဖြစ်စရာလူနှစ်ယောက်ကို လှမ်းကြည့်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်က ဝန်ခံသည်။
“ပြဿနာနည်းနည်း တက်နေတာတော့ ဟုတ်တယ်”
ချောင်းယွင်ဟူလည်း အဆောင်တွင်ဖြစ်ပျက်ခဲ့သည့် ပြဿနာများအကြောင် ကြားသိပြီးပါပြီ။
“ဘာတွေ တွန့်ဆုတ်နေစရာလိုလို့လဲ”
ချောင်းယွင်ဟူက သရော်သံဖြင့် ဆိုလိုက်သည်။
“ဒီလိုကောင်တွေကို တစ်ချက်နှစ်ချက်လောက် ရိုက်ပြီး ရဲစခန်းပို့ပေးလိုက်ရုံပေါ့၊ သူတို့ဘက်က စလှုပ်ရှားတာကို စောင့်ပြီးမှ ရဲခေါ်ဖို့ စဉ်းစားနေတာလား”