← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

📗 Chapter 113

“ကျောင်းကျောင်း၊ ငါနင့်ကို ပြောစရာရှိလို့”

မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် ဖန့်ခိုင်ရွှမ်က ဝမ်ကျောင်း၏ လမ်းတွင် ပိတ်ရပ်လိုက်ပါသည်။

ထိုနေ့က ရဲစခန်းတွင် ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်၏ အမေဖြစ်သူတို့ နှစ်ယောက်တည်း စကားပြောခဲ့ကြသည်။

ထိုစကားဝိုင်းတွင် ဘာတွေပြောခဲ့ကြမှန်း မသိနိုင်သော်လည်း စိတ်ချမ်းသာစရာတော့ ကောင်းလိမ့်မည်မဟုတ်ဟု ခန့်မှန်းမိကြပါသည်။

ဝမ်ကျောင်းသည် ဖန့်ခိုင်ရွှမ်ကို မြင်လိုက်ရသောအခါ အလွန်အေးစက်စွာ တုံ့ပြန်ခဲ့ပါသည်။

“နင့်အမေကို ငါ အားလုံးရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ၊ ဘာလို့ အခုထိ ငါ့နောက်လိုက်နေသေးတာလဲ”

ဖန့်ခိုင်ရွှမ် ဝမ်ကျောင်း၏ လက်ကို ဆွဲဖို့ ကြိုးစားသည်။

“ကျောင်းကျောင်း၊ ဒီမှာလူတွေအများကြီးပဲ၊ လူရှင်းတဲ့နေရာမှာ စကားအေးအေးဆေးဆေး ပြောကြရအောင်လေ”

ဝမ်ကျောင်း သူ့လက်ကို ရှောင်ကာ ငြင်းဆန်လိုက်သည်။

“တော်စမ်းပါ၊ ငါ နင်နဲ့ဘာမှ မပြောချင်ဘူး”

ဖန့်ခိုင်ရွှမ်က သနားစဖွယ် မျက်နှာမျိုးလုပ်ပြနေသည်။ မပြန်သေးဘဲ သူမနောက် ဇွတ်လိုက်ကပ်နေသည်ကို မြင်သော အခါ ဝမ်ကျောင်းလည်း မတတ်သာဘဲ လိုက်လျောပေးလိုက်ရသည်။

“ကောင်းပြီလေ၊ သွားကြမယ်၊ ဒါပေမယ့် ငါ့ဆုံးဖြတ်ချက်ကိုတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊ နောက်ဆို နင်ငါ့ကို ထပ်လာမရှာနဲ့တော့”

သူတို့နှစ်ဦး စာဖတ်ဝိုင်းမှ ထွက်လာကြပြီး အခြားတစ်နေရာသို့ ထွက်သွားကြသည်။

နောက်တွင်ကျန်ခဲ့သည့် ရှားလီနှင့် အခြားသူများ၏ မျက်နှာ များတွင်မူ စပ်စုချင်သည့် အရိပ်အယောင်များ အထင်းသား ပေါ်နေပါသည်။

ယဲ့ရှောင်ရှောင်: “သွားကြစို့၊ ငါတို့ အရင်ဝင်နှင့်ရအောင်”

စာဖတ်ဝိုင်းတွင် ကျင့်ဟွာတက္ကသိုလ်ကျောင်းသူ ကျောင်း သားများနှင့် ပြည့်နှက်နေပါသည်။

လူငယ်မောင်မယ်များ ရေကန်ဘေးတွင် ရပ်နေကြသည်မှာ အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ အားလုံးက သူတို့ဖတ်နေကျဖြစ်သော စာအုပ်များကို ကိုင်ဆောင်ထားကြသည်။

ယဲ့ရှောင်ရှောင်လည်း လွယ်အိတ်ထဲတွင် စာအုပ်တစ်အုပ် ပါလာပါသည်။

ခေါင်းဆောင်ကြီးများ၏ အဆိုအမိန့်များ ပါဝင်သော အလွန်အပြုသဘောဆောင်သည့် စာအုပ်တစ်အုပ်ပင်။ အသိပညာချင်း ဖလှယ်ရမည်ဆိုလျှင် သူမဘက်က အသင့်ဖြစ်နေပါပြီ။

မဟုတ်ပါက သူမ ခေါင်းထဲတွင် ဆေးပညာနှင့်သက်ဆိုင်သော ဗဟုသုတများမှအပ ယခင်ဘဝက ဖတ်ရှုဖူးသော ဝတ္ထုများသာ ရှိသည်။

ထိုဝတ္ထုအချို့က ‘အရောင်အသွေး’စုံလင်လွန်းလှသဖြင့် အခြားသူများနှင့် ဖလှယ်ဖို့ဟူသည်မှာ မဖြစ်နိုင်လှပေ။

ဟယ်ကျင်းကတော့ သူမ၏ အခြားသော သူငယ်ချင်းများနှင့်အတူ မတ်တပ်ရပ်ကာ စကားပြောနေပါသည်။ ထို့အပြင် ဟယ်ကျင်းမှာ ယောက်ျားလေး တစ်ယောက်နှင့် ရယ်ရယ် မောမော စကားပြောနေသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသည်။

“ဟယ်ကျင်းလည်း အချစ်ရေးမှာ ကံပွင့်တော့မှာလား မသိဘူးနော်”

ထန်ရှို့ရှို့က မှတ်ချက်ပြုသည်။

“ဆောင်းရာသီက ရည်းစားစားဖို့ အကောင်းဆုံးအချိန်ပဲလေ”

ယဲ့ရှောင်ရှောင်: “ဘာဖြစ်လို့တုန်း”

“အနွေးဓာတ်ရအောင် ချစ်သူလေးကို ဖက်ထားလို့ရတာပေါ့”

ယဲ့ရှောင်ရှောင်: “…”

‘အေးတိအေးစက်ပြက်လုံးဆိုတာ ဒါမျိုးလား’

ဆယ်မိနစ်ခန့်ကြာသောအခါ စာဖတ်ဝိုင်းသို့ ဝမ်ကျောင်း ပြန်ရောက်လာပါသည်။

သူမ အခြေအနေကို အကဲခတ်ကြည့်ခြင်းအားဖြင့် ယခင်ကထက် အနည်းငယ် ပိုပျော်ရွှင်နေမှန်း သိသာသည်။

“ငါသူ့ကို အခွင့်အရေးထပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”

မည်သူမှ မမေးနိုင်ခင် ဝမ်ကျောင်းက ဦးစွာကြေညာလိုက်သည်။

ရှားလီနှင့် လီမိန့်ရူတို့ ပြိုင်တူ မေးလိုက်ကြပါသည်။

“ဒါပေမယ့် သူ့အမေ သဘောမတူရင် ဘယ်လိုလုပ်မလဲ”

ဝမ်ကျောင်းက အေးအေးလူလူ ပြန်ဖြေသည်။

“ငါက ဖန့်ခိုင်ရွှမ်နဲ့ တွဲမှာလေ၊ သူ့အမေကြီးနဲ့ တွဲမှာမှ မဟုတ်တာ၊ ငါတို့က ငယ်သေးတယ်၊ တခြားဘာမှ စဉ်းစားနေစရာ မလိုဘူး၊ ပျော်ရွှင်ဖို့က အဓိကပဲ”

ဝမ်ကျောင်း၏စကားများမှာ နောက်ထပ် ဆယ်စုနှစ်များစွာ ကြာသည့်တိုင် အလွန်ခေတ်မီသည့် အတွေးအခေါ်ဟု သတ် မှတ်၍ ရနိုင်သည်။

သူမသည် မိမိအတွက်သာမိမိ စဉ်းစားတတ်သူဖြစ်ကာ ပစ္စုပ္ပန်တွင် ပျော်ရွှင်ရဖို့အတွက် ဦးစားပေးသည့် လူစားမျိုး ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့ ရွေးချယ်မှုမျိုး ပြုလုပ်ခြင်းမှာ အံ့အား သင့်စရာမရှိပါ။ အခန်းဖော်များကလည်း သူမ၏ ဆုံးဖြတ် ချက်ကို လေးစားပေးရုံသာ ရှိသည်။

သူမ၏ အခန်းဖော်များ ငြိမ်ကျသွားသည်ကို မြင်သောအခါ ဝမ်ကျောင်းက နှုတ်ဆိတ်ထောက်ခံမှုအဖြစ် သတ်မှတ်လိုက်ပြီး အလွန်ကျေနပ်သွားခဲ့ပါသည်။

စာဖတ်ဝိုင်းကို စတင်ခဲ့လေပြီ။ စာပေအသင်းမှ ကျောင်းသားများက သူတို့နှစ်သက်သည့် စာအုပ်များ၊ ကဗျာများနှင့် ကိုယ်တိုင်ရေးသားထားသည့် လက်ရာများကို ဖတ်ပြခဲ့ကြသည်။

အနိမ့်အမြင့် အတက်အကျ ရှိလှသည့် စာဖတ်သံများအကြား ပရိသတ်မှာ အလွန်စိတ်ဝင်တစား နားထောင်နေကြပါသည်။

စီနီယာအစ်မတစ်ဦးဆိုလျှင် မယ်လိုဒီကာ တူရိယာဖြင့် လူတိုင်းအတွက် တေးသံစဉ်တစ်ပုဒ် တီးခတ်ဖျော်ဖြေနေသေးသည်။

သူမ၏ အဖြူရောင်ဂါဝန်လေးက နေရောင်အောက်တွင် အလွန်တရာမှ လှပတင့်တယ်နေပါသည်။

“အဲ့ဒီ စီနီယာအစ်မကြီးက အရင်နှစ်က တကယ့်ကို နာမည်ကြီးပဲလေ”

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏ ပခုံးကို ပုတ်ကာ ရှင်းပြလိုက်သည်။

“ကျောင်းမှာ အလှဆုံးဆိုတဲ့ အဆင့်လောက်ထိ ရောက်အောင်ကို နာမည်ကြီးခဲ့တာ၊ အခုတော့ အဲ့ဒီဘွဲ့က နင့်ဆီ ရောက်လာပြီပေါ့”

ယဲ့ရှောင်ရှောင်: “ငါက ကျောင်းမှာ အလှဆုံးတဲ့လား၊ ကျောင်းမှာ အရယ်ရဆုံးဆိုရင် ပိုသင့်တော်မယ်ထင်တယ်”

ထန်ရှို့ရှို့: “ကိုယ့်ကိုယ်ကိုယ် အဲ့လောက်ကြီး မနှိမ့်ချစမ်းပါနဲ့၊ ငါတို့မေဂျာက ကျောင်းသားတော်တော်များများ နင့်အကြောင်းကို လာမေးနေကြတာ”

ယဲ့ရှောင်ရှောင်ကတော့ ဘာမှမသိပေ။

ထန်ရှို့ရှို့ ပခုံးတွန့်ကာ ဆက်ပြောသည်။

“နင့်မှာကောင်လေးရှိပြီးသားလို့တော့ ပြောလိုက်ပါတယ်… ဒါပေမယ့် အများစုက လက်မလျှော့ကြသေးဘူး၊ နင်လမ်းခွဲမယ့် အချိန်ထိ စောင့်နေကြတာ ဖြစ်နိုင်တယ်”

“တကယ်ကြီးလား”

ယဲ့ရှောင်ရှောင် အံ့အားသင့်သွားမိသည်။ သူမတွင် ‘လရောင်ဖြူလေး’ဟူသည့် အရှိန်အဝါမျိုး အမှန်တကယ်ရှိနေခြင်းပဲလား။

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏ပါးလေးကို ဖျစ်ကာ ပြောလိုက်သည်။

“ယောက်ျားလေးတွေအတွက် နင့်မျက်နှာက ဘယ်လောက်ထိ ဆွဲဆောင်မှုရှိလဲဆိုတာ နင့်ကိုယ်နင် လျှော့တွက်နေတာပဲ၊ နင့်ကောင်လေးကလည်း နင့်လောက်နီးနီး ကြည့်ကောင်းလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါ နှမြောနေရမှာ”

ယဲ့ရှောင်ရှောင်က မေးသည်။

“နင်က ပရော်ဖက်ရှင်နယ် အောင်သွယ်တော်များလား”

အချိုလေးတွေ တွေ့မှ ပျော်ရွှင်တတ်သည့် လူမျိုးပင်။

ထန်ရှို့ရှို့ မျက်နှာ၌ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုစဉ် တေးသံစဉ် အဆုံးသတ်သွားခဲ့ပြီး ဖျော်ဖြေခဲ့သည့် စီနီယာအစ်မက ရေကန်ဘေးရှိ စတိတ်စင်ငယ်ပေါ်မှ ဆင်းလာကာ ယဲ့ရှောင်ရှောင်တို့ထံသို့ လျှောက်လာခဲ့သည်။

“မတွေ့ရတာကြာပြီ ရှို့ရှို့”

ယဲ့ရှောင်ရှောင်: “…”

‘အဲ့တာကြောင့် သူ့အကြောင်း အဲ့လောက်သိနေတာကိုး၊ ထန်ရှို့ရှို့နဲ့ ရင်းနှီးနေတဲ့ မိတ်ဆွေတွေပဲဥစ္စာ’

ထန်ရှို့ရှို့က ပြုံးသည်။

“အရင်အပတ်ကမှ တွေ့ခဲ့ကြတာ မဟုတ်ဘူးလား”

လင်းယွဲ့က အနေခက်စွာ ပြုံးလိုက်ပါသည်။

“နင်ကတော့ တော်တော် နောက်တတ်တာပဲ”

ထို့နောက် ယဲ့ရှောင်ရှောင်ဘက်သို့ လှည့်ကာ လင်းယွဲ့ မေးလိုက်သည်။

“ဒါနဲ့ ဒီဂျူနီယာ အလှလေးက ဘယ်သူများလဲ”

“ကျွန်မနာမည် ယဲ့ရှောင်ရှောင်ပါ၊ တွေ့ရတာဝမ်းသာပါတယ်”

“တွေ့ရတာဝမ်းသာပါတယ်၊ အစ်မနာမည်က လင်းယွဲ့ပါ၊ ဂျူနီယာလေးက တော်တော်လှတာပဲနော်”

ထန်ရှို့ရှို့ မျက်စပစ်လိုက်သည်။

‘တော်တော် သရုပ်ဆောင်ကောင်းပါလား…’

ယဲ့ရှောင်ရှောင်အကြောင်းကို လင်းယွဲ့ စုံစမ်းပြီးလောက်ပြီဖြစ်မှန်း သူမ သိပါသည်။

ထိုလင်းယွဲ့ဆိုသည်မှာ ငယ်စဉ်ကတည်းက သူမကို ကဏ္ဍတိုင်းတွင် လိုက်လံယှဉ်ပြိုင်ခဲ့သူပင်။ မည်သည့် နေရာတွင်မဆို သူများထက် ခြေတစ်လှမ်းသာမှ ပျော်ရွှင်တတ်သူလည်းဖြစ်သည်။

ယခုလည်း ယဲ့ရှောင်ရှောင်၏ ပြိုင်ဘက်ကင်းအလှကို မြင်ပြီး အပေါ်ယံတွင် ချီးကျူးနေသော်ငြား စိတ်ထဲတွင် တိတ်တ ဆိတ် အံကြိတ်နေမှာ သေချာသည်။

လင်းယွဲ့က အတော်လေး စကားများပါသည်။

“ဂျူနီယာလေးလည်း ဆေးဌာနကပဲလား”

ယဲ့ရှောင်ရှောင်: “ဟုတ်ပါတယ်”

တစ်ဖက်လူ၏ သူစိမ်းဆန်မှုကို လင်းယွဲ့ ခံစားမိပါသည်။ သို့သော် သူမက စကားကို အတင်းအကျပ် ဆက်ပြောနေဆဲ ဖြစ်သည်။

“ညီမလေးက တိုင်းရင်းဆေးပညာကို လေ့လာနေတယ်လို့ ကြားမိတယ်၊ အဲ့ဒီမေဂျာမှာ ကျောင်းသား သိပ်မရှိဘူးမလား၊ နောက်ပိုင်း အလုပ်ရဖို့ ခက်ခဲနိုင်တယ်နော်၊ ဘွဲ့ရပြီးလို့ ဘယ်မှာအလုပ်လုပ်ရမှန်း မသိဘူးဆိုရင် အစ်မကို ဆက်သွယ်လိုက်လို့ရတယ်၊ အစ်မရဲ့ အမေက ပေကျင်းမြို့ ပင်မဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးလေ”

သိကျွမ်းသည်မှာ သုံးမိနစ်ပင် မကြာသေးသည် ဤစီနီယာအစ်မကြီးကို ယဲ့ရှောင်ရှောင် သေချာအကဲခတ်ကြည့်လိုက်ပါသည်။

ဤမျှလောက် ဇွတ်အတင်းဖော်ရွေချင်နေသော လူမျိုးကို သူမတစ်ခါမှ မဆုံဖူးချေ။

ယဲ့ရှောင်ရှောင် ပြုံးကာ ပြောလိုက်သည်။

“အစ်မကို အလုပ်မရှုပ်စေချင်ပါဘူး၊ ကျွန်မကတော့ ကိုယ့်ရွာကိုယ်ပြန်ပြီး တိရိစ္ဆာန်ကုဆရာဝန်ပဲ လုပ်တော့မယ်လို့ စဉ်းစားထားတာ”

လင်းယွဲ့ မှင်သက်သွားခဲ့သည်။

“တိရိစ္ဆာန်ကု ဆရာဝန်ဟုတ်လား”

ယဲ့ရှောင်ရှောင်က အေးအေးလူလူ ပြောသည်။

“ဟုတ်တယ်၊ ဝက်မတွေ သားပေါက်ပြီးနောက်ပိုင်း ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာကို လေ့လာထားတာလေ”

ဘေးမှ ထန်ရှို့ရှို့က အားရပါးရ အော်ရယ်လိုက်ပါသည်။

လင်းယွဲ့လည်း တစ်ဖက်လူက နောက်ပြောင်နေခြင်းဖြစ်မှန်း နားလည်သွားသည်။

“ဂျူနီယာလေးက တော်တော်နောက်တတ်တာပဲ…”

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏လက်ကိုတွဲကာ ပြောလိုက်သည်။

“ကျွန်မတို့ လုပ်စရာလေးတွေ ရှိသေးလို့ သွားနှင့်ဦးမယ်နော် စီနီယာအစ်မ”

“ဘယ်သွားကြမလို့လဲ၊ ခဏနေရင် အားလုံးအတူတူ တစ်ခုခုသွားစားကြရအောင်လေ”

ထန်ရှို့ရှို့က နောက်ပြန်လှည့်မကြည့်ဘဲ လက်သာ ယမ်းပြလိုက်သည်။

“နောက်တစ်ခါမှ လိုက်စားတော့မယ်!”

ယဲ့ရှောင်ရှောင်ကို ခေါ်ပြီး ချောင်ကျသည့်နေရာတစ်ခု ရောက်ကာမှ ထန်ရှို့ရှို့ သက်ပြင်းချနိုင်တော့သည်။

“လင်းယွဲ့ လာပတ်သတ်တာကို ခွင့်ပြုပေးလိုက်ရင် သူ့လက်က ငါတို့ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင် နောက်ပြန်လှည့်ကြည့်လိုက်သည်။

“နင်သူ့ကို နည်းနည်းကြောက်နေသလိုပဲနော်”

ထန်ရှို့ရှို့က ပခုံးတွန့်ပြလိုက်သည်။

“နင်ဘာမှမသိပါဘူး၊ လင်းယွဲ့က ငယ်ငယ်လေးကတည်းက ငါ့ကို လိုက်ပြိုင်နေတာ၊ ငါ့ကို မယှဉ်နိုင်တဲ့ကိစ္စတစ်ခုခုရှိတာနဲ့ လုံးဝရူးသွပ်သွားတတ်တယ်၊ သူ့ကို စကားလေးနည်းနည်းလောက် မာမာပြောလိုက်ရင် ငါ့မိဘတွေကို ပြဿနာပုံကြီးချဲ့ပြီး သွားတိုင်တတ်တယ်၊ ငါ့မိဘတွေကလည်း သူပြောတာကိုယုံပြီး ငါ့ကိုပဲ ဆူဆုံးမတာလေ”

ယဲ့ရှောင်ရှောင်: “အဲ့တာကတော့ လွန်လွန်းတာပေါ့”

“ကံမကောင်းတာက မူလတန်းကစလို့ တက္ကသိုလ်တက်တဲ့အချိန်ထိ ငါသူနဲ့ ကျောင်းချင်းဆက်တိုက် တူလာတာပဲ၊ တော်တော်ကို ကံဆိုးတာပါဟယ်”

ထန်ရှို့ရှို့ကဲ့သို့ လူမျိုးကပင် ရှောင်ဖယ်နေရသဖြင့် လင်းယွဲ့မှာ အတော်လေး ပြဿနာကြီးသည့် လူစားမျိုး ဖြစ်ပေလိမ့် မည်။

ယဲ့ရှောင်ရှောင်သည် လင်းယွဲ့၏ဂရုစိုက်ဟန်ပြသော်လည်း လှောင်ပြောင်ချင်သည့် အပြုအမူကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

ဤစီနီယာအစ်မနှင့် ထပ်မံဆုံတွေ့ရဦးမည်မှာ သေချာပါသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“သူလည်း ဆေးဌာနကပဲလား”

“အင်း၊ သူပြောသွားတဲ့ ဆေးရုံအဆက်အသွယ်တွေကို ကြားတယ်မလား၊ ဘွဲ့ရပြီးတာနဲ့ ပင်မဆေးရုံကြီးကို တန်းသွားရမယ့် လူစားမျိုးပဲ”

ယဲ့ရှောင်ရှောင် နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ လင်းယွဲ့တွင် အရှိန်အဝါကြီးသည့် မိသားစုနောက်ခံ ရှိနေသည်ကိုတော့ ငြင်းမရပေ။

All Chapters