← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

📗 Chapter 114

စာဖတ်ဝိုင်းတွင် လင်းယွဲ့ ရှိနေဆဲဖြစ်သဖြင့် ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့နှစ်ယောက် အဆောင်သို့ အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။

လမ်းတွင် ထန်ရှို့ရှို့သည် လင်းယွဲ့နှင့်ပတ်သတ်သည့် အကြောင်းများကို ထပ်မံပြောပြခဲ့သည်။

အကျဉ်းချုန်းအားဖြင့် လင်းယွဲ့မှာ အလွန်ဉာဏ်နီဉာဏ်နက်များသူဖြစ်ကာ လူကြီးသူမများရှေ့တွင် ဂုဏ်တက်စေဖို့အတွက် သူတစ်ပါးကို ချနင်းတက်သူပင်။

ယဲ့ရှောင်ရှောင်လည်း စိတ်ဝင်တစား နားထောင်နေခဲ့သည်။

ဤဇာတ်ကောင်မှာ ဝတ္ထုထဲက ဇာတ်ကောင်များထက်ပင် ဒရမ်မာ ပိုဆန်နေပါသေးသည်။ ဇာတ်လမ်းများထဲတွင် ပါလေ့ပါထရှိသည့် အရံဇာတ်ပို့ဇာတ်ကောင်မျိုးဖြစ်သည်။

ကမ္ဘာကြီးမှာ အလွန်ကြီးမားသည့် အွန်လိုင်းဝတ္ထုကြီးတစ်ပုဒ်ပင် မဟုတ်ပါလား။

ထိုစဉ် အဆောင်ရှေ့၌ သားရေဂျာကင်ကို ဝတ်ဆင်ထားသည့် ယောက်ျားလေးတစ်ဦး မတ်တပ်ရပ်နေလေသည်။ ယဲ့ရှောင်ရှောင်ကို မြင်သည်နှင့် ထိုသူက အားရဝမ်းသာ လက်ယမ်းပြလိုက်ပါသည်။

“ရှောင်ရှောင်!”

“တတိယအစ်ကို!”

အစ်ကိုဖြစ်သူထံ ယဲ့ရှောင်ရှောင် ပြေးသွားမိသည်။

ယဲ့ချန်းနင် မကြာမီ ရောက်လာလိမ့်မည်ဟု ကြိုသိထားသော် လည်း သူမကို ဤမျှမြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟုတော့ မထင်ထားမိပေ။

“ရှို့ရှို့၊ ဒါ ငါ့တတိယအစ်ကိုလေ၊ တတိယအစ်ကို ဒါသမီးရဲ့ အခန်းဖော်ရှို့ရှို့ပါ”

ယဲ့ရှောင်ရှောင် သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

ထန်ရှို့ရှို့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီးနောက် နားလည်မှုဖြင့် ပြောလိုက်သည်။

“နင်တို့မောင်နှမနှစ်ယောက် စကားပြောနှင့်ကြဦးနော်၊ ငါအဆောင်ကို ပြန်နှင့်မယ်”

ထန်ရှို့ရှို့ ထွက်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်နှင့် စကားပြောဆိုဖြစ်ခဲ့သည်။

“တတိယအစ်ကို၊ ပေကျင်းကို အလုပ်ကိစ္စနဲ့ လာတာလား၊ ဘယ်မှာတည်းမှာလဲ”

ယဲ့ချန်းနင်မှာ ယခင်တွေ့ဆုံစဉ်ကထက်ပင် ပိုကြည့်ကောင်းလာသေးသည်။

သူ့အဝတ်အစားများမှာလည်း ယခင်ကလို တောက်ပြောင်နေသည်မဟုတ်တော့ဘဲ ပိုမိုတည်ငြိမ်ရင့်ကျက်သည့် ပုံစံမျိုး ဖြစ်လာပါသည်။

“အခုက ဘယ်လိုအချိန်လဲမသိဘူးလား၊ အမျိုးသားနေ့လေ! မြို့တော်ထက် လူစည်တဲ့နေရာ ဘယ်မှာ ရှိဦးမှာလဲ၊ ဒါ ပစ္စည်းရောင်းဖို့ အကောင်းဆုံးအချိန်ပဲပေါ့၊ လောလောဆယ်တော့ တက္ကသိုလ်နယ်မြေနားက ဧည့်ရိပ်သာတစ်ခုမှာ တည်းနေတာ၊ ဒီမှာ ကျောင်းသားတွေ အများကြီးရှိတော့ အရောင်း အဝယ်ကောင်းမယ် ထင်တာပဲ၊ အခုလည်း အဝတ်အစားအသစ်တွေ အများကြီးယူလာတယ်၊ ဖုန် ဒဏ်ခံနိုင်တယ်၊ ခိုင်ခံ့တယ်၊ ဒီဇိုင်းလည်း အများကြီးပဲ၊ ကျိန်းသေပေါက် လူကြိုက်များမှာ သိလာား”

ယဲ့ချန်းနင် ဆက်ပြောသည်။

“ဒီနေ့ နင်အတန်းချိန်မရှိဘူးမလား ရှောင်ရှောင်၊ တစ်ခုခု လိုက်ကျွေးမယ်လေ”

ယဲ့ရှောင်ရှောင် ဗိုက်မဆာသေးသော်လည်း ယဲ့ချန်းနင်၏ လတ်တလောအကြောင်းအရာများကို အလွန်စိတ်ဝင်စားနေပါသည်။

“တတိယအစ်ကို၊ သမီးကို ခဏစောင့်ဦး၊ အဆောင်မှာ သွားယူစရာလေးတွေ ရှိသေးလို့”

မကြာမီ အားလပ်ရက် ၂ ရက်ဆက်တိုက် ရတော့မည်။ အားလပ်ရက်များတွင် အဆောင်၌ လူစာရင်း စစ်ဆေးခြင်း မရှိသဖြင့် ကျောင်းသားများမှာ အတော်လေးလွတ်လပ်ကြသည်။

“သွားလေ၊ အစ်ကို ဒီမှာပဲ စောင့်နေမယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်ကာ အဆောင်သို့ ပြန်ပြီး ငွေနှင့် အခြားပစ္စည်းအချို့ကို ယူဆောင်ကာ လွယ်အိတ်ကလေးနှင့် အောက်ပြန်ဆင်းလာခဲ့သည်။

ယဲ့ချန်းနင်၏မျက်စိကျစရာ အသွင်အပြင်ကြောင့် ကျောင်း သူအချို့က လှည့်ကြည့်သွားကြပါသည်။ ပိုဆိုးသည်မှာ ယဲ့ချန်းနင်လည်း ကျီစယ်သည့်သဘောဖြင့် မျက်စိပြန်မှိတ်ပြနေသေးသည်။

ယဲ့ရှောင်ရှောင် အနားသို့လျှောက်လာကာ မေးမြန်းလိုက်၏။

“တတိယအစ်ကို ဘာတွေလုပ်နေတာလဲ”

ယဲ့ချန်းနင် ချက်ချင်း ပြန်တည်ငြိမ်သွားသည်။

“သွားကြစို့ သွားကြစို့၊ နင်တို့ကျောင်းက ကျောင်းသူတွေ အရမ်း ရဲတင်းကြတာပဲ၊ သူစိမ်းမြင်ရင် မကြောက်တတ်ကြဘူး”

ယဲ့ရှောင်ရှောင်: “…”

“သမီးဗိုက်မဆာသေးဘူး၊ တတိယအစ်ကိုတည်းနေတဲ့ ဧည့်ရိပ်သာကို အရင်သွားကြည့်ရအောင်”

“ဟုတ်ပါပြီ၊ ဒါပေမယ့် ဟိုမှာ ရှုပ်ပွနေတာနော်၊ မတ်တပ်ရပ်ဖို့နေရာတောင် ရှိမှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင်သည် အသစ်ဝယ်ယူထားသည့် စက်ဘီးကို ထုတ်လိုက်သည်။ ယဲ့ချန်းနင်က စက်ဘီးနင်းကာ သူမကို ဧည့်ရိပ်သာသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ယဲ့ချန်းနင်မှာ တတိယထပ်၏ အတွင်းဘက်အကျဆုံးအခန်းတွင် တည်းခိုနေခြင်းဖြစ်သည်။

တံခါးဖွင့်လိုက်သည့်အခါ ကုတင်နှင့် ကြမ်းပြင်ပေါ် ဆာလာ အိတ်များ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။ ယဲ့ချန်းနင် စကားအပိုပြောခဲ့ခြင်းမဟုတ်ပါ။

လမ်းလျှောက်ဖို့နေနေသာသာ အိပ်ဖို့နေရာပင် သိပ်မရှိပေ။

“တတိယအစ်ကို ဘာလို့ ပစ္စည်းတွေ အဲ့လောက်အများကြီး ယူလာတာလဲ”

“ဒီတိုင်း အတင်းထိုးထည့်ပြီး သယ်လာတာပေါ့၊ ကုန်တင်ကားငှားဖို့ ပိုက်ဆံမရှိတော့ ရထားတွဲထဲမှာပဲ လူနဲ့ ပစ္စည်းနဲ့ အတင်းညှပ်ပြီး ယူလာခဲ့တာ”

ဤခေတ်၏ ရထားများကို ယဲ့ရှောင်ရှောင် လျှော့တွက်မိခဲ့သည်။

“အထဲမှာ အဝတ်အစားတွေချည့်ပဲလား”

“ဟုတ်တယ်၊ အကုန်လက္ကားယူလာတဲ့ ပစ္စည်းတွေချည့်ပဲ”

ယဲ့ချန်းနင်က အိတ်တစ်လုံးကို ဖွင့်ပြလိုက်သည်။ အထဲတွင် သားရေဂျာကင်များဖြင့် ပြည့်နှက်နေပါသည်။

“ဒီလို သားရေဂျာကင်မျိုးက ကုန်တိုက်မှာဆိုရင် ၃၀ - ၄၀ လောက်နဲ့ရောင်းတာ၊ ဒါပေမယ့် လက္ကားဈေးဆိုရင်တော့ ၅ ယွမ်ပဲ ရှိတယ်”

ယဲ့ချန်းနင်သည် အိတ်ထဲမှ နှင်းဆီရောင်ရင့်ရင့် သားရေဂျာကင်လေးတစ်ထည်ကို ထုတ်လိုက်သည်။

၎င်းမှာ ခါးသိမ်ဒီဇိုင်းဖြစ်ပြီး လှပသည့် ခါးပတ်လေးလည်း ပါဝင်သည့် မိန်းကလေးဝတ်ဂျာကင်လေးတစ်ထည် ဖြစ်ပါသည်။

“ရှောင်ရှောင်၊ ဒါနင့်အတွက် ယူလာတာ၊ တော်လား စမ်းဝတ်ကြည့်ပါဦး”

ယဲ့ရှောင်ရှောင်လည်း ဂျာကင်ကို ယူကြည့်လိုက်သည်။

“အရမ်းလှတာပဲ တတိယအစ်ကို၊ ဒီဟာတွေယူလာရင် တော်တော် ရောင်းကောင်းမှာပဲ”

ယဲ့ချန်းနင် ခေါင်းခါသည်။

“အဲ့တာမျိုး ၅ ထည်လောက်ပဲ ယူလာတာ၊ အရင်းက ဈေးကြီးတယ်၊ အများကြီး ယူလာပြီး မရောင်းရရင် အရင်း ပြုတ်သွားလိမ့်မယ်”

ယဲ့ရှောင်ရှောင်မှာ ဂျာကင်ကို ဝတ်ကြည့်ပြီးပြီဖြစ်သည်။ သူမသည် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် လှပသူဖြစ်ရာ ဝတ်လိုက်သည်နှင့် ယဲ့ချန်းနင် မျက်လုံးများ အရောင်တောက်သွားရပါသည်။

“ငါ အခုမှ နောင်တရမိတယ် ရှောင်ရှောင်ရာ၊ နင်သာ ငါ့အဝတ်အစားတွေအတွက် မော်ဒယ်လုပ်ပေးမယ်ဆိုရင် အထည် ၁၀၀ လောက် ရောင်းထွက်သွားမှာ”

ယဲ့ရှောင်ရှောင် ဂျာကင်ကို ပြန်ချွတ်လိုက်ပါသည်။ ဤကဲ့သို့ ဂျာကင်မျိုးသည် ပေကျင်းမြို့ရှိ ဆောင်းဦးရာသီနှင့် အံဝင်ခွင်ကျပင်။

“တတိယအစ်ကို တစ်ယောက်တည်း လာတာလား”

“ဟိုဘက်ခန်းမှာ ကန်းကျစ်ရှိတယ်၊ ငါတို့နှစ်ယောက် အတူတူလာတာလေ”

ယဲ့ချန်းနင် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

“ရှန်းကျစ်ကိုလည်း လိုက်ခဲ့ဖို့ ပြောပေမယ့် သူက ပေကျင်းမြို့ထိလာပြီး အပင်ပန်းမခံနိုင်လို့တဲ့”

ယဲ့ချန်းနင် ပြောပြသည့် ‘ကန်းကျစ်’နှင့် ‘ရှန်းကျစ်’တို့မှာ သူနှင့်အတူ အလုပ်လုပ်နေသည့် သူငယ်ချင်းနှစ်ဦးပငခ။

အဘိုးမြောင်က ပညာတတ်တစ်ဦးဖြစ်သဖြင့် ယဲ့မိသားစုမှ ကလေးများ၏အမည်များမှာ စာပေဆန်သော်လည်း ရွာထဲမှ အခြားကလေးများ အမည်များမှာမူ ဤမျှ မလှပကြပေ။

ကန်းကျစ်၏အမည်အရင်းမှာ ယွီကန်းဖြစ်ပြီး ရှန်းကျစ် အမည်ရင်းမှာမူ ဝမ်ရှန်းဖြစ်သည်။

သူတို့နှစ်ဦးစလုံးမှာ ယဲ့ချန်းနင် ငယ်သူငယ်ချင်းများဖြစ်ကြသော်လည်း နောင်တစ်ချိန်တွင် ယဲ့ချန်းနင်ကို သစ္စာဖောက်မည့်သူမှာ ထိုနှစ်ဦးထဲမှ တစ်ဦးဖြစ်မည်ဟု ယဲ့ရှောင်ရှောင် အမြဲခံစားနေရသည်။

မူရင်းဝတ္ထုထဲတွင် ထိုကိစ္စကို အပေါ်ယံမျှသာ ရေးသားထားသဖြင့် မည်သူဖြစ်သည်ကို ယဲ့ရှောင်ရှောင် တိတိကျကျ မပြောနိုင်ချေ။

“ဒါဆို ဝမ်ရှန်းက တောင်ပိုင်းမှာ ဘာလုပ်နေတာလဲ”

“ရှန်းကျစ်မှာက ကုန်တင်ကားမောင်းလိုင်စင်ရှိတယ်လေ၊ သူ အရင်တုန်းက သစ်တောဌာနမှာ ကားမောင်းဖူးတယ်၊ အခုတောင်ပိုင်းမှာ ကားမောင်းတဲ့အလုပ်ရနေတော့ သာမန် အလုပ်သမားထက် ဝင်ငွေ ပိုကောင်းတယ်”

ယဲ့ရှောင်ရှောင်လည်း ဆက်မမေးတော့ပေ။

ထိုကိစ္စများကို အခုကတည်းက တွေးနေလည်း အကျိုးမရှိနိုင်ပါ။ လောလောဆယ် အရေးကြီးဆုံးမှာ ဤကုန်ပစ္စည်းများ ရောင်းထွက်ဖို့သာ။

အခန်းထဲတွင် လှုပ်ရှားဖို့ပင် နေရာမရှိသလို အခြားအခန်းတွင်လည်း ပစ္စည်းများပြည့်နေသည်ဟု ယဲ့ချန်းနင်က ပြောသဖြင့် ယဲ့ရှောင်ရှောင် အကြံပြုလိုက်သည်။

“တတိယအစ်ကို၊ ကျောင်းနားမှာ သမီး အိမ်တစ်လုံးရှိတယ်၊ အစ်ကိုတို့ အဲ့ဒီကို ပြောင်းနေပါလား”

“အိမ်တစ်လုံး ဟုတ်လား”

“တကယ်တော့ လုဟန်ချွမ်ရဲ့အိမ်ပါ”

ယဲ့ချန်းရှန့် စာကြောင့် ထိုကိစ္စကို ယဲ့ချန်းနင် ကြားသိပြီးပါပြီ။

လုဟန်ချွမ်ဟူသည်မှာ သူတို့အိမ်တွင် လာတည်းသွားသည့် ဒုဗိုလ်မှူးမဟုတ်ပါလား။

‘ငါတို့အိမ်မှာ လာတည်းရုံတင်မကဘူး ငါ့ညီမလေးကိုပါ သိမ်းပိုက်သွားတဲ့ကောင်ပေါ့!’

“နင့်ကောင်လေးကို ပြောတာလား၊ သူ့အိမ်မှာတော့ သွားမနေချင်ပါဘူး၊ ပြီးတော့ ပစ္စည်းတွေက နေရာတိုင်းမှာ ရှိနေတာ၊ ဧည့်ရိပ်သာမှာ ထားခဲ့လို့ မလုံခြုံဘူး၊ တစ်ယောက်ယောက်တော့ နေခဲ့ပြီး စောင့်ကြည့်ထားမှ ဖြစ်မယ်၊ အခုဆို ငါနဲ့ ကန်းကျစ် အပြင်အတူတူထွက်လို့တောင်မရဘူး၊ ပစ္စည်းတွေကို တစ်လှည့်စီ စောင့်ကြည့်ပေးနေရတယ်”

“ဒါဆို မနက်ဖြန် ဘယ်အချိန်ထွက်ရောင်းမှာလဲ၊ ကျောင်း ပိတ်ရက်ဆိုတော့ သမီးလိုက်ခဲ့လို့ရတယ်”

“မနက်ဖြန်မနက်စောစောပေါ့၊ ၇ နာရီလောက် ထွက်ကြမယ်”

“ဒါဆို တတိယအစ်ကို အောက်ဆင်းစားစရာမလိုအောင် သမီးမနက်စာယူပြီး လာခဲ့မယ်”

ယဲ့ချန်းနင် ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန် ချန်းအန်းလမ်းမကြီးထဲကိုတော့ ဝင်လို့ရမှာ မဟုတ်ဘူး၊ အဲ့တာကြောင့် လူစည်တဲ့ တစ်နေရာရာမှာပဲ ဆိုင်ခင်းရမှာပဲ”

မပြန်ခင်တွင် ယဲ့ရှောင်ရှောင်သည် ဧည့်ရိပ်သာရှိ ဖုန်းဖြင့် စုန့်ကွမ်းကျင့်ထံသို့ ဖုန်းဆက်လိုက်ပါသည်။

“ဆရာကြီး၊ မနက်ဖြန် သမီးဆရာကြီးဆီ မလာဖြစ်တော့ဘူးနော်၊ သမီးတတိယအစ်ကိုနဲ့အတူ ပစ္စည်းတချို့ သွားရောင်းစရာရှိလို့ပါ”

စုန့်ကွမ်းကျင့်က အတိအကျမေးပြီးနောက် အကြံပြုလိုက်သည်။

“ဒါဆိုရင် ရှောင်းကွမ်ကို လွှတ်ပြီး ကူညီခိုင်းလိုက်မယ်”

“အားနာစရာကြီး…”

စုန့်ရှောင်းကွမ်ကို အခမဲ့အလုပ်ကြမ်းသမားပမာ သုံးနေရသလို ခံစားရသည်။

“ဘာကို အားနာရမှာလဲ၊ ရှောင်းကွမ်လည်း အားနေတာပဲ၊ ပြီးတော့ မနက်ဖြန် ငါ ကားသုံးစရာလည်း မရှိဘူး၊ ကားပါရင် ပစ္စည်းတွေ သယ်ရတာ ပိုလွယ်တာပေါ့”

စုန့်ကွမ်းကျင့်၏ စီစဉ်ပေးမှုကြောင့် ယဲ့ရှောင်ရှောင်တွင် ကူညီပေးမည့်သူတစ်ဦး ရှိသွားခဲ့သည်။

သူမသည် စုန့်ရှောင်းကွမ်ကို လုဟန်ချွမ်၏ အိမ်လိပ်စာပေးလိုက်ပြီး နောက်တစ်နေ့မနက် ၆ နာရီခွဲတွင် လာတွေ့ဖို့ ချိန်းဆိုလိုက်ပါသည်။

နောက်တစ်နေ့မနက် ၆ နာရီခွဲ၍ မိုးလင်းစပြုချိန်တွင် စုန့်ရှောင်းကွမ်သည် လူလေးဦးစာ မနက်စာများနှင့်အတူ ယဲ့ရှောင်ရှောင်ထံသို့ ရောက်ရှိလာတော့သည်။

All Chapters