← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

📗 Chapter 115

ယဲ့ရှောင်ရှောင်က တံခါးဖွင့်ပေးကာ စုန့်ရှောင်းကွမ်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။

“အစ်ကိုရှောင်းကွမ်၊ မနက်စာစားပြီးပြီလား”

စုန့်ရှောင်းကွမ်: “စားပြီးပါပြီ”

ထို့နောက် ယဲ့ရှောင်ရှောင်သည် သူမအတွက် ယူဆောင်လာပေးသည့် ပေါက်စီနှင့် တို့ဟူးနှောင်းတို့ကို မနက်စာအဖြစ် စားလိုက်ပြီး စုန့်ရှောင်းကွမ်နှင့်အတူ ဧည့်ရိပ်သာသို့ ထွက်လာခဲ့သည်။

စုန့်ရှောင်းကွမ်သည် မနက်စာကို တစ်ယောက်စာအပို ယူလာခဲ့သော်လည်း ကျန်းမာသန်စွမ်းသည့် ယောက်ျားလေး နှစ်ဦးအတွက်မူ လုံလောက်ရုံမျှသာ။

ယဲ့ရှောင်ရှောင်ကမူ စုန့်ရှောင်းကွမ်နှင့် ယဲ့ချန်းနင်တို့ကို မိတ်ဆက်ပေးလိုက်သည်။

“ဒါသမီးဆရာကြီးနဲ့ အမျိုးတော်တယ်လေ၊ ဒီနေ့ သမီးတို့ကို အစ်ကိုရှောင်းကွမ်က ကူညီပေးမှာ”

ယဲ့ချန်းနင် ကျေးဇူးးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

စုန့်ရှောင်းကွမ် တည်ငြိမ်သည့် မျက်နှာပေးဖြင့် တုံ့ပြန်သည်။

“ရပါတယ်”

ယွီကန်းကို ယဲ့ရှောင်ရှောင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အနီးကပ် အကဲခတ်ကြည့်သောအခါ ခပ်ဝဝ ကောင်လေးတစ်ယောက်သာဖြစ်မှန်း သတိပြုမိသွားပါသည်။

သူသည် အရပ်ရှည်ပြီး မျက်နှာကလည်း ရိုးအမည့်ပုံစံပေါက်သည်။ ယဲ့ရှောင်ရှောင်၏အကြည့်ကို သတိထားမိသောအခါ ယွီကန်းက ဖော်ရွေသောအပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်ပါသည်။

--- --- ---

မနက်စာစားပြီးနောက် အပြင်မထွက်မီ လေးယောက်သား အစီအစဉ် ဆွဲခဲ့ကြသည်။

ပစ္စည်းများကို စောင့်ကြည့်ရန် လူတစ်ယောက်တော့ ကျန်ခဲ့သင့်သည်ဟု ယဲ့ချန်းနင်က အကြံပြုသည်။ ဤနေရာတွင် လုံခြုံရေးမှာ သိပ်ပြီးစိတ်မချရသဖြင့် အပြင်သွားနေစဉ် ပစ္စည်းများ အခိုးခံရလျှင် ကျိန်းသေပေါက် ဆုံးရှုံးမှု ကြီးမားပါလိမ့်မည်။

ယဲ့ရှောင်ရှောင် အကြံပြုသည်။

“ပစ္စည်းတွေကို သမီးရဲ့အိမ်မှာ ခဏသွားထားလို့ရတယ်လေ၊ အဲ့ဒီအိမ်ရာက လူသန့်ပါတယ်”

ထို့အပြင် စုန့်ရှောင်းကွမ် ကားဖြင့်လိုက်ပို့ပေးမည်ဖြစ်၍ သယ်ယူပို့ဆောင်ရေးမှာ အလွန်အဆင်ပြေပါလိမ့်မည်။

ယဲ့ချန်းနင်သည် မူလက ယဲ့ရှောင်ရှောင်ကို ဒုက္ခမပေးချင်သော်လည်း ရွေးချယ်စရာမရှိသဖြင့် ပစ္စည်းများကို စိတ်ချရသည့်နေရာသို့ ယာယီပြောင်းရွှေ့ထားဖို့သာ ဆုံးဖြတ်ရတော့ သည်။

ယဲ့ချန်းနင်သည် ယနေ့ရောင်းချရန် ရည်ရွယ်ထားသည့် ပစ္စည်းအချို့ကို ဖယ်ထားလိုက်ပြီး ကျန်ပစ္စည်းများအားလုံးကို ယဲ့ရှောင်းရှောင်၏တိုက်ခန်းသို့ ပြောင်းရွှေ့စေခဲ့သည်။

ပစ္စည်းများကို သယ်ယူရင်း အလုပ်များနေကြသည့် လူငယ်များကိုကြည့်ရင်း ခြံစောင့်အဘိုးကြီးက မေးမြန်းလိုက်သည်။

“မင်းတို့ ဘာတွေလုပ်နေကြတာလဲ”

ယဲ့ချန်းနင် ဂျင်းဂျာကင်တစ်ထည်ကို ထုတ်ကာ အဘိုးကြီးကို ပြလိုက်သည်။

“အဘိုး၊ အဝတ်အစားတွေ ဝယ်ဦးမလား၊ ဒါတွေက တောင်းပိုင်းကနေ အခုမှ ရောက်တဲ့ ပစ္စည်းအသစ်တွေဗျ၊ အရည်အ သွေးကလည်း ရှယ်ပဲ၊ ဖက်ရှင်လည်းကျတယ်၊ အဘိုးအတွက် မလိုအပ်ရင်တောင်မှ အိမ်က သား ဒါမှမဟုတ် မြေးအတွက် ဝယ်ပေးရင် ကျိန်းသေပေါက် ပျော်သွားကြမှာ”

အစောင့်အဘိုးကြီးက ဂျာကင်ကို သေချာစစ်ကြည့်လိုက်ပြီး စိတ်ဝင်စားသွားဟန်ဖြင့် မေးမြန်းလိုက်သည်။

“ဒါတစ်ထည်ကို ဘယ်လောက်လဲကွ”

ယဲ့ချန်းနင်: “အဘိုး၊ ဒါမျိုးဂျာကင်ကို ကုန်တိုက်တွေမှာဆိုရင် တစ်ထည်ကို ၁၀ ကျပ်ကျော်ကျော်နဲ့ ရောင်းတာ၊ ကျွန်တော်က အဘိုးကို လျှော့ဈေးပေးတဲ့အနေနဲ့ ၅ ကျပ်နဲ့ပဲ ရောင်းပေးမယ်”

အဘိုးအိုမှာ စိတ်လှုပ်ရှားသွားပုံရသည်။

“မင်း ဝတ်ကြည့်ပြီး တော်မတော် စမ်းကြည့်ပါဦး၊ ငါ့သားအငယ်ဆုံးက မင်းအရွယ်လောက်ပဲ”

ယဲ့ချန်းနင် ချက်ချင်းပင် ဂျင်းဂျာကင်ကို ဝတ်ပြလိုက်သည်။

အဘိုးအို အနားကပ်လာပြီး အင်္ကျီအသားကို စမ်းသပ်ကြည့်လိုက်ရာ အမှန်တကယ် ထူထပ်ခိုင်ခံ့မှန်း အတည်ပြုနိုင်ခဲ့ပါသည်။

မြောက်ပိုင်းတွင် မြင်ရခဲသည့် ဒီဇိုင်းမျိုးဖြစ်၍ သူ့သားသဘောကျမှာ သေချာသည်။

“ဒီသားရေဂျာကင်ကလည်း မဆိုးဘူးပဲ…”

ယဲ့ချန််းနင် ရှင်းပြသည်။

“အဘိုး၊ အဲ့လို သားရေဂျာကင်တွေက ပွန်းပဲ့လွယ်တယ်၊ ဒီအထည်လောက် မခံဘူးဗျ”

အမှန်စစ်စစ် သားရေဂျာကင်က ဈေးကြီးလွန်းပါသည်။ သို့သော် တစ်ဖက်လူကို ဝယ်နိုင်မှာမဟုတ်ဟု ပြောလျှင် ရိုင်းရာကျမည်ဖြစ်၍ ဤသို့ပြောလိုက်ရခြင်းဖြစ်သည်။

ယဲ့ချန်းနင်၏ စကားအသုံးအနှုန်းများမှာ အလွန်ပါးနပ်လှပါသည်။

ထိုစကားကို ကြားသောအခါ အစောင့်အဘိုးကြီးသည် ၅ ယွမ်ကို ချက်ချင်းထုတ်ကာ ဂျင်းဂျာကင်ကိုသာ ဝယ်ယူလိုက်တော့သည်။

--- --- ---

အချိန်အနည်းငယ် နှောင့်နှေးသွားခြင်းကြောင့် အထည်အိတ်အချို့မှာ အိမ်ရာအဝင်ဝတွင် စုပုံသွားခဲ့သည်။ ထို့ကြောင့် အိမ်ရာအတွင်းသို့ ပြန်လာသည့် လူအချို့ကလည်း ထိုအ ထုပ်များကိုမြင်ကာ စပ်စုစွာဖြင့် ရပ်ကြည့်ခဲ့ကြသည်။

“ကောင်လေး၊ ဒီမှာ ဘာတွေရောင်းနေတာလဲ”

ယဲ့ချန်းနင် ချက်ချင်းပင် စတင်ကြေညာတော့သည်။

“ဂျင်းဂျာကင်တစ်ထည်ကို ၁၃ ယွမ်၊ ဘောင်းဘီတစ်ထည် ၈ ယွမ်ပါ၊ ယောက်ျားလေးဝတ်၊ မိန်းကလေးဝတ် သားရေဂျာကင်တွေက တစ်ထည်ကို ယွမ် ၂၀ စီပါ၊ ဘာဝယ်ဝယ် ကုန်တိုက်တွေမှာဝယ်တာထက် ပိုသက်သာမယ်နော်!”

ယဲ့ချန်းနင် ကြေညာနေသည့် ဈေးနှုန်းမှာ စောစောက သူပေးလိုက်ရသည်ထက် မြင့်နေသည်ကို ကြားသောအခါ အစောင့်အဘိုးကြီးသည် သူ့ဂျာကင်ကို ပွေ့ပိုက်လျက် အမြန်လစ်ထွက်သွားတော့သည်။

တက္ကသိုလ်နယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသူများမှာ ငွေရေးကြေးရေး အဆင်ပြေကြသူများဖြစ်ကြပြီး များသောအားဖြင့် အိမ်ထောင်တစ်ခုတွင် လင်မယားနှစ်ယောက်စလုံး ဝင်ငွေ ရှိသူများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ကုန်တိုက်များတွင်သာ ငွေသုံးလေ့ရှိသူများဖြစ်ရာ ပြင်ပဈေးနှုန်းများကိုလည်း ကောင်းကောင်း သိထားကြပါသည်။

“ဈေးက အရမ်းချိုနေပါလား၊ အပေါစားတွေတော့ မဟုတ်လောက်ပါဘူးနော်”

လူတစ်ဦးက သံသယဖြင့် မေးလိုက်သည်။

ယဲ့ချန်းနင် ဂျာကင်ကို လှန်ပြီး တံဆိပ်ကို ပြသလိုက်ပါသည်။

“မဟုတ်တာဗျာ၊ ဒါတွေက တောင်ပိုင်းစက်ရုံကနေ ကျွန်တော်တို့ တိုက်ရိုက်ယူလာတဲ့ အထည်တွေပါ၊ ဒီမှာကြည့်၊ စက်ရုံကြီးရဲ့တံဆိပ်လည်း ပါသေးတယ်၊ ကုန်တိုက်က နာမည်ကြီးတံဆိပ်တွေနဲ့ အတူတူပဲ”

ဂျာကင်ကို သေချာ စစ်ဆေးပြီးနောက် အစ်မကြီးတစ်ဦးမှာ စိတ်ဝင်စားသွားကာ တွန့်ဆုတ်မနေဘဲ ချက်ချင်းငွေချေလိုက်သည်။

“အစ်မကို ဘောင်းဘီနှစ်ထည်နဲ့ ဂျာကင်တစ်ထည်ပေးပါ”

ရှေ့ဆောင်တစ်ယောက်ရှိသွားသောအခါ ကျန်သောသူများသည်လည်း မတွန့်ဆုတ်ကြတော့ပေ။

သူတို့နှစ်သက်သော အဝတ်အစားများကို မြင်လျှင် တစ်ယောက်ပြီးတစ်ယောက် မဆိုင်းမတွ ဝယ်ကြတော့သည်။

အချို့က ဈေးဆစ်ရန် ကြိုးစားကြသော်လည်း ယဲ့ချန်းနင်က ခေါင်းခါ၍ ဤသည်မှာ စက်ရုံထုတ် အနိမ့်ဆုံးဈေးဖြစ် ကြောင်း၊ သည့်ထက်လျှော့ရလျှင် လမ်းစရိတ်ပင် ကျန်မှာမဟုတ်ကြောင်း ရှင်းပြလိုက်ပါသည်။

ဤသို့ဖြင့် အိမ်ရာထဲမှ မထွက်ရသေးခင်မှာပင် ယဲ့ချန်းနင်သည် ဆာလာအိတ် နှစ်အိတ်စာ ကုန်ပစ္စည်းများကို ရောင်းကုန်သွားခဲ့တော့သည်။

--- --- ---

“ရှောင်ရှောင်… ငါ့ရဲ့ နဂိုအစီအစဉ်က နည်းနည်း ဟာကွက်ရှိနေသလို ခံစားရတယ်”

ယဲ့ချန်းနင် ငွေများကို ရေတွက်ရင်း ပွစိပွစိပြောလိုက်ပါသည်။

“လူစည်ကားတဲ့နေရာတွေကို ရှာရမှာ မှန်ပေမယ့် ကျောင်းဝင်ပေါက်မှာ အထည်ရောင်းတာက အိမ်ရာဝင်ပေါက်မှာ ရောင်းတာလောက် ကောင်းမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျောင်းသားအများစုက ငွေမပေါကြဘူးလေ”

ယဲ့ရှောင်ရှောင် စဉ်းစားကြည့်လိုက်သည်။

“ဒီနားမှာ ဝန်ထမ်းအိမ်ရာအချို့ရှိသေးတယ်”

ယဲ့ချန်းနင် ဆုံးဖြတ်လိုက်သည်။

“ဒီရပ်ကွက်ကိုတော့ နောက်ဆုံးနေ့အတွက် ချန်ထားလိုက်ရအောင်၊ အခုလောလောဆယ် ဒီနေရာနဲ့ နည်းနည်း အလှမ်းဝေးတဲ့နေရာကို ရွေးကြမယ်”

စုန့်ရှောင်းကွမ် အကြံပြုသည်။

“ဒါဆို သံမဏိစက်ရုံဘက်ကို သွားကြရအောင်၊ အဲ့ဒီနားမှာ စက်ရုံတွေ အများကြီးရှိသလို အလုပ်သမားတွေရဲ့ လစာကလည်း တော်တော်လေးမြင့်တယ်လေ”

စုန့်ရှောင်းကွမ်မှာ ပေကျင်းမြို့အကြောင်းကို ကောင်းကောင်းသိသူဖြစ်ရာ သူလမ်းညွှန်သည့်အတိုင်း အားလုံး လိုက်နာခဲ့ကြသည်။

ယနေ့က အမျိုးသားနေ့ အားလပ်ရက်ဖြစ်၍ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေသည်။

ဝန်ထမ်းအိမ်ရာများ ရှေ့တွေလည်း လူများအဆက်မပြတ် သွားလာနေကြသည်။ မိဘများမှာလည်း မိမိတို့၏သားသမီးများနှင့်အတူ ဈေးဝယ်ထွက်နေကြသည်။

ယဲ့ချန်းနင်က ဝန်ထမ်းအိမ်ရာဝင်ပေါက်ရှေ့တွင် နေရာယူလိုက်ပြီး အသံချဲ့စက်တစ်လုံးဖြင့် စတင် အော်ဟစ်လေတော့သည်။

ယဲ့ရှောင်ရှောင် အကဲခတ်ကြည့်ရသလောက် အရောင်းအ ဝယ်လုပ်ရာတွင် ယဲ့ချန်းနင်မှာ အလွန်ပါရမီရှိသည်။

ယွီကန်းမှာမူ စကားနည်းသော်လည်း ခွန်အားအလွန်ကောင်းသဖြင့် အလေးအပင် သယ်ပိုးသည့် အလုပ်ကိုသာ တာဝန်ယူရသည်။

ယဲ့ချန်းနင်က အိမ်ရာအစောင့်ကို စီးကရက်နှစ်ဘူးလက် ဆောင်ပေးလိုက်သဖြင့် သူတို့ကို မောင်းထုတ်ခြင်းမပြုခဲ့ပါ။ မကြာမီ သူတို့၏ဆိုင်လေးသို့ လူများ စတင်လာရောက်အားပေးကြတော့သည်။

--- --- ---

ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို ဂျင်းဂျာကင်တစ်ထည် ဝတ်ပေးကာ ဆိုင်ဘေးတွင် မတ်တပ်ရပ်ခိုင်းထားလိုက်သည်။

ဤသို့ ပြုလုပ်ခြင်းမှာ ဆိုင်ခန်းများရှေ့ရှိ မော်ဒယ်ရုပ်လေးများပမာ အကျိုးအာနိသင်ရှိသည်။ ဖြတ်သွားဖြတ်လာ အမျိုးသမီးများသည် ယဲ့ရှောင်ရှောင်ကို တစ်ချက် ကြည့်မိသည်နှင့် အလွန်စိတ်ဝင်စားကာ အထည်ဈေးနှုန်းများကို လာရောက်မေးမြန်းကြတော့သည်။

အထည်တစ်မျိုး ရောင်းကုန်ခါနီးတိုင်းတွင် ယဲ့ချန်းနင်က အခြားတစ်ထည်ကိုယူကာ ယဲ့ရှောင်ရှောင်အား လဲဝတ်ခိုင်းသည်။

“ငါ့ညီမလေး ပင်ပန်းသွားပြီ၊ နင့်ကို မုန့်ဖိုးများများ ပေးမှာပါ”

ယနေ့ နေအလွန်ပြင်းသဖြင့် အပြင်ဘက်တွင် မတ်တပ်ရပ်နေရသည်မှာ အတော်လေးပင်ပန်းရသည်။

ယဲ့ရှောင်ရှောင်လည်း မျက်နှာကိုလွယ်အိတ်ဖြင့် ကာထားရသည်။

“တတိယအစ်ကို၊ သမီး ရေခဲချောင်းစားချင်တယ်”

“ကန်းကျစ်၊ ရေခဲချောင်းနည်းနည်း သွားဝယ်လိုက်စမ်းပါ”

ယဲ့ချန်းနင် ယွီကန်း၏လက်ထဲ ၂ ယွမ်ထည့်ပေးလိုက်သည်။ ယွီကန်းလည်း ပိုက်ဆံကိုယူကာ လမ်းထောင့်ရှိ စတိုးဆိုင်ငယ်လေးသို့ ပြေးသွားခဲ့ပါသည်။

“ကောင်လေး၊ ဒီမှာ အသက် ၇ နှစ် ၈ နှစ်အရွယ် ကလေးဝတ်တွေရှိလား”

ဆိုင်ရှေ့တွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးက မေးလိုက်သည်။

ယဲ့ချန်းနင်: “ဒီတစ်ခေါက်တော့ ပါမလာဘူးဗျ၊ တကယ်လို့ လိုချင်တဲ့သူ များရင်တော့ နောက်တစ်ခါလာရင် ကလေးဝတ်တွေ ယူလာခဲ့ပါ့မယ်”

ကလေးဝတ်များမှာ အမြတ်သိပ်မရသလို အရွယ်အစားကွာခြားမှုကလည်း အလွန်များပြားလှသည်။ ထို့ကြောင့် ယဲ့ချန်းနင်အတွက် အလွန်အလုပ်ရှုပ်ရပါသည်။

“ရပါတယ်၊ ဆောင်းရာသီအတွက် ဂွမ်းအနွေးထည်လေးတွေလည်း ယူလာပေးဦး၊ နောက်နှစ်လလောက်နေရင် ရာသီဥတုက အရမ်းအေးလာတော့မှာ”

ယဲ့ချန်းနင်သည် အမြဲဆောင်ထားလေ့ရှိသည့် မှတ်စုစာအုပ်ကိုထုတ်ကာ မှတ်သားထားလိုက်သည်။

“ရပါတယ် အစ်မကြီး၊ နောက်တစ်ခါ ကျွန်တော်ပြန်လာရင် ကျိန်းသေ လာအားပေးရမယ်နော်”

အမျိုးသမီးက ရယ်မောကာ ကတိပေးလိုက်သည်။

“အားပေးမှာပေါ့”

ဤလမ်းဘေးဆိုင်လေးမှ ပစ္စည်းများသည် ကုန်တိုက်များရှိ ပစ္စည်းများနှင့် တစ်ပုံစံတည်းဖြစ်သော်လည်း ကူပွန်မလိုခြင်း၊ ဈေးသက်သာခြင်း၊ ဝန်ဆောင်မှုကောင်းမွန်ခြင်းနှင့် စိတ်ကြိုက်ဖြန့်ကြည့်၍ ကိုယ်အတိုင်း တိုင်းကြည့်နိုင်ခြင်းတို့ကြောင့် လူတိုင်းက လမ်းဘေးဆိုင်များတွင်သာ ဝယ်ယူရခြင်းကို ပိုနှစ်သက်ကြသည်။

လူအများစုသည် အစိုးရမှ သတ်မှတ်ပေးသည့် အခြေတကျ အလုပ်အကိုင်များကို မစွန့်လွှတ်နိုင်ကြသေးသဖြင့် ဤကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းများကို လုပ်ကိုင်ဖို့မစွန့်စားရဲကြသေးပေ။

--- --- ---

တစ်မနက်ဟူသည့် အချိန်အတွင်းမှာပင် ယဲ့ချန်းနင်ယူ ဆောင်လာသည့် အထည်အိတ် ၄ အိတ်စလုံး ရောင်းကုန်သွားခဲ့သည်။

အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သူတို့အားလုံး နေ့လယ်စာစားခဲ့ကြပါသည်။

ယဲ့ချန်းနင်က ဆိုသည်။

“နေ့လယ်ခင်းကျရင် အထည်တွေ ထပ်သွားယူပြီး နောက်တစ်နေရာမှာ ဆက်ရောင်းကြရအောင်၊ ပြီးတော့ ငါတို့ရောင်းတဲ့ဈေးက အရမ်းများ သက်သာနေသလားလို့”

ယဲ့ရှောင်ရှောင် ပြန်ပြောသည်။

“အမြတ်နည်းနည်းနဲ့ အများကြီးရောင်းရတာက ပိုကောင်းပါတယ်၊ ပြီးတော့ အစ်ကို့အမြတ်က နည်းတယ်လို့တောင် ပြောလို့မရဘူးလေ၊ ဈေးတင်ချင်တယ်ဆိုရင် ဒီနေရာနဲ့ တော် တော်ဝေးတဲ့နေရာမှာ သွားရောင်းမှဖြစ်မယ်၊ မဟုတ်ရင် ဈေးကြီးပေးဝယ်ရတဲ့လူတွေက အစ်ကို့ကို ပြဿနာလာရှာလိမ့်မယ်နော်”

All Chapters