အခန်း ၁၁၆
Vol. 12 Ch. 116
📗 Chapter 116
နေ့လယ်စာစားပြီးနောက် သူတို့လေးဦး ယဲ့ရှောင်ရှောင်၏ တိုက်ခန်းသို့ ချက်ချင်း ပြန်လာကြပြီး ကားပေါ်သို့ အထည်များအပြည့်ဖြည့်ခဲ့ကြသည်။
မနက်ပိုင်းက ရောင်းခဲ့သည့် နေရာနှင့် အလှမ်းနီးသည့် ပတ်ဝန်းကျင်များတွင် ယဲ့ချန်းနင်က မူလဈေးအတိုင်းသာ ရောင်းချခဲ့သည်။
သို့သော် အနည်းငယ်ဝေးကွာသည့် နေရာများတွင်မူ ဈေးကို ၁ ယွမ်၊ ၂ ယွမ်ခန့် တိုးမြှင့်လိုက်သော်လည်း အရောင်းသွက်နေဆဲဖြစ်သည်။
နေ့တစ်နေ့ ကုန်ဆုံးသွားချိန်တွင် သူတို့အားလုံး ခြေကုန်လက် ပန်းကျအောင် ပင်ပန်းခဲ့ရသော်လည်း ရရှိလိုက်သည့် အသီးအပွင့်များမှာမူ များစွာထိုက်တန်လှပါသည်။
ယဲ့ချန်းနင်သည် စုန့်ရှောင်းကွမ်၏လုပ်အားအတွက် ငွေအချို့ပေးဖို့ ကြိုးစားခဲ့သော်လည်း တစ်ဖက်လူက လုံးဝ လက်မခံပေ။
ယဲ့ချန်းနင်: “အဲ့တာဆို ကျွန်တော်တို့ ပေကျင်းက မပြန်ခင် ဆရာကြီးစုန့်ဆီ လာခဲ့ဦးမယ်နော်”
ဤတစ်ကြိမ်တွင်မူ စုန့်ရှောင်းကွမ်က ဘာမှထပ်မပြောတော့ဘဲ မနက်ဖြန်မနက်တွင် ပြန်လာခဲ့မည်ဟုသာဆိုပြီး ကားမောင်းလျက် ပြန်သွားလေတော့သည်။
ယဲ့ချန်းနင် ကားဆီဖိုးပေးရန် ကြိုးစားသော်လည်း စုန့်ရှောင်းကွမ်က ယူမသွားပေ။
ယဲ့ချန်းနင် ယဲ့ရှောင်ရှောင်အား လှည့်ပြောလိုက်သည်။
“ရှောင်ရှောင်၊ နင်လည်း ကျောင်းကိုပြန်ပြီး နားလိုက်တော့လေ၊ မနက်ဖြန်ကျရင် ငါတို့နဲ့အတူ လိုက်ဖို့ မလိုတော့ဘူး၊ ကျန်တဲ့အထည်တွေကို နောက်ထပ် ၂ ရက် ၃ ရက်လောက် ရောင်းလိုက်ရင် ကုန်သွားမှာပါ”
ယဲ့ချန်းနင် ကိုယ်တိုင်ပင် ဤမျှ အရောင်းသွက်လိမ့်မည်ဟု ထင်မထားခဲ့ပါ။
ယဲ့ရှောင်ရှောင်: “မနက်ဖြန်လည်း ကျောင်းပိတ်ရက်ပဲလေ၊ အဲ့တာကြောင့် ကျောင်းကို အလောတကြီးပြန်စရာ မလိုပါဘူး”
ထို့နောက် ယဲ့ချန်းနင်အား သူမ အိမ်သော့ ပေးလိုက်သည်။
“တတိယအစ်ကို ဒီနေ့ည သမီးအိမ်မှာ တည်းပါလား”
ယဲ့ချန်းနင်က သော့ကိုယူကာ ပြန်ပြောလိုက်ပါသည်။
“အထည်တွေကို နင့်အိမ်မှာ သွားထားလိုက်ပြီဆိုတော့ အခိုးခံရမှာ စိတ်ပူစရာမလိုတော့ဘူး၊ ကန်းကျစ်နဲ့ ငါလည်း စိတ်အေးလို့ရပြီပေါ့၊ ဒါပေမယ့် ငါတို့နှစ်ယောက် ဧည့်ရိပ်သာမှာပဲ ပြန်တည်းလိုက်ပါ့မယ်၊ ဟိုမှာ ငွေလည်းချေထားပြီးသားမို့လို့ပါ”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
သူမလည်း မူလက တိုက်ခန်းတွင် တစ်ညတည်းဖို့ စဉ်းစားထားသော်လည်း ချွေးများစိုရွှဲနေသဖြင့် အဆောင်သို့ပြန်ပြီး အဝတ်အစားလဲချင်မိသည်။
မနက်ဖြန် ယဲ့ချန်းနင် အထည်များသွားယူရာတွင် အဆင်ပြေစေဖို့အတွက် အိမ်သော့ကိုပေးထားခဲ့လိုက်သည်။
“မနက်ဖြန်ကျရင် ကျောင်းကန်တင်းကနေ သမီးမနက်စာ ယူလာခဲ့မယ်နော်”
ကျောင်းသားများက အားလပ်ရက်ရကြသော်လည်း ကန်တင်းမှာမူ ပုံမှန်အတိုင်း လည်ပတ်နေပါသည်။
“ဟုတ်ပြီ”
ယဲ့ချန်းနင် ခေါင်းညိတ်သဘောတူလိုက်လေသည်။
--- --- ---
ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်ရောက်သောအခါ အခန်းထဲတွင် ဟယ်ကျင်း၊ ရှားလီနှင့် လီမိန့်ရူတို့သုံးဦးကိုသာ တွေ့ခဲ့ရသည်။
ကျန်အခန်းဖော်များ ဖြစ်ကြသော ဝမ်ကျောင်းနှင့် ထန်ရှို့ရှို့တို့မှာ ပေကျင်းမြို့ဒေသခံများဖြစ်ကြသဖြင့် အိမ်သို့ ပြန်သွားကြပါသည်။
အခန်းထဲရှိ မိန်းကလေးသုံးဦးမှာ မနက်စောစောထပြီး ရင်ပြင်သို့ သွားရောက်လည်ပတ်ခဲ့ကြပြီးပြီ ဖြစ်သည်။
တစ်နေကုန် လမ်းလျှောက်ခဲ့ရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေကြကာ အဆောင်သို့ ပြန်ရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲပြီး အိပ်ပျော်သွားခဲ့ကြရာ ယဲ့ရှောင်ရှောင် ပြန်လာမှသာ နိုးလာကြပါသည်။
“ရှောင်ရှောင် ပြန်လာပြီလား”
အဆောင်ခန်းထဲတွင် မီးမဖွင့်ထားသဖြင့် ယဲ့ရှောင်ရှောင် အဝတ်အစားလဲနေစဉ် ဟယ်ကျင်းက အိပ်ချင်မူးတူး အသံဖြင့် လှမ်းမေးလိုက်သည်။
“နင်တို့အိပ်နေတာ ဘယ်လောက်တောင်ကြာပြီလဲ”
ရှားလီက အိပ်ရာထကာ မီးခလုတ်ကို သွားဖွင့်လိုက်သည်။
“ငါတို့ မနက် ၄ နာရီကတည်းက အဆောင်ကနေ ထွက်သွားတာ၊ ညနေ ၅ နာရီမှ ပြန်ရောက်တယ်၊ အခုမှ နှစ်နာရီပဲ အိပ်ရပါသေးတယ်”
ယဲ့ရှောင်ရှောင်ကမေးသည်။
“ပျော်စရာကောင်းခဲ့လား”
ရှားလီ: “ဒီလိုပါပဲ၊ အစပိုင်းတော့ ပျော်ဖို့ကောင်းပေမယ့် နောက်ပိုင်းကျတော့ အရမ်းပင်ပန်းရတယ်၊ လမ်းကို အဝေးကြီး လျှောက်ပြီးမှ ကျောင်းပြန်မယ့် ဘတ်စ်ကားကို ရှာတွေ့ခဲ့တာ”
ဟယ်ကျင်း: “နင်ကော ဒီနေ့ ဘာတွေလုပ်ခဲ့လဲ ရှောင်ရှောင်”
“ငါ့တတိယအစ်ကို ပေကျင်းကို ရောက်လာလို့ တစ်နေ့လုံး သူ့နောက် လိုက်နေတာလေ”
ရှားလီ အားကျသည့် မျက်လုံးများဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။
“ပျော်စရာကြီးပေါ့၊ ငါ့မိသားစုကတော့ ပေကျင်းကို လာလည်မှာမဟုတ်ဘူး”
ဟယ်ကျင်းကလည်း ပြောသည်။
“ငါ့လည်း ငါ့အမေကို မြို့တော်ကို လာလည်ဖို့ ခဏခဏ ပြောပေမယ့် သူက အချိန်မရှိဘူးလို့ပဲ အကြောင်းပြနေတာ”
ယဲ့ရှောင်ရှောင်: “ငါတို့ ဘွဲ့ရပြီးလို့ မြို့တော်မှာပဲ အခြေချနေနိုင်မယ်ဆိုရင် တစ်ချိန်ချိန်မှာ မိသားစုဝင်တွေကိုလည်း အလည်ခေါ်လို့ ရနိုင်မှာပါ”
ယဲ့ရှောင်ရှောင်၏ စကားလုံးများကြောင့် အခန်းဖော်များ ပျော်ရွှင်တက်ကြွသွားကြသည်။
ပေကျင်းမြို့တွင် အခြေချနိုင်ဖို့အတွက် သူမတို့ ကျိန်းသေ ကြိုးစားကြရပါမည်။
ထိုစဉ် ရှားလီက လီမိန့်ရူကို လှမ်းမေးလိုက်သည်။
“မိန့်ရူ၊ နင့်မိသားစုကကော ဘယ်လိုမျိုးလဲ”
လီမိန့်ရူသည် သူမ မိသားစုအကြောင်း မပြောပြသလောက် ရှားပါသည်။
လီမိန့်ရူ အိပ်ရာနိုးနေပြီဖြစ်သော်လည်း အခန်းဖော်များနှင့်အတူ စကားဝင်မပြောခဲ့ပေ။ ရှားလီ မေးခွန်းကို ကြားမှ ပြန်ဖြေလိုက်ပါသည်။
“ငါ့မှာ အစ်ကိုနှစ်ယောက်၊ မောင်လေးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်၊ ငါက အလတ်ဆိုတော့ အိမ်မှာ လျစ်လျူရှုအခံရဆုံးပေါ့၊ တကယ်လို့ ငါသာ စာညံ့လို့ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အိမ်မှာ ကျောင်းထွက်ရမယ့် လူက ငါပထမဆုံး ဖြစ်သွားနိုင်တယ်”
ရှားလီ: “ဪ… ငါ့မှာတော့ အစ်ကိုနှစ်ယောက်ပဲ ရှိတယ်၊ ငါက အိမ်မှာ အငယ်ဆုံးလေ၊ ငါ့မိဘတွေက ငါ့ကို တော် တော်ဂရုစိုက်ကြပါတယ်”
ထို့ကြောင့် လီမိန့်ရူ၏ ခံစားချက်များကို ရှားလီ ကိုယ်ချင်းစာမပေးနိုင်ပါ။
သို့သော် ဟယ်ကျင်းကတော့ လေးလေးနက်နက် ပြောလိုက်သည်။
“ငါ့မိသားစုမှာလည်း သားသမီးတွေများတော့ နင့်ခံစားချက်ကို ငါ နားလည်ပါတယ်”
လီမိန့်ရူ ခေါင်းခါလိုက်သည်။
ဟယ်ကျင်းတွင် မောင်နှမများစွာရှိသော်လည်း သူမ မိသားစုက သူမအပေါ် ဂရုစိုက်သည်မှာ သိသာပါသည်။ ဟယ်ကျင်းသည် ပုံမှန်အားဖြင့် အလွန်ခြိုးခြံချွေတာတတ်သော်လည်း အိမ်မှပို့ပေးသည့် စာများနှင့် လက်ဆောင်များကို မကြာခဏ ရရှိတတ်သည် မဟုတ်ပါလား။
လီမိန့်ရူ၏ မိသားစုမှာမူ ထိုသို့မဟုတ်ပေ။
သူမ မိဘများက သူမကို ကျောင်းဆက်တက်ခွင့် ပြုခဲ့ခြင်းမှာ တက္ကသိုလ်ကျောင်းသားများက လစဉ်ထောက်ပံ့ကြေးရရှိသည်ဟု ကြားသိခဲ့ရသောကြောင့်သာ။
သူမ တက္ကသိုလ်စတက်စဉ်ကတည်းက ပထမဆုံးအခေါက် လမ်းစရိတ်မှအပ မိသားစုက တစ်ပြားတစ်ချပ်မှ ထောက်ပံ့ မပေးခဲ့ပါ။
ကျောင်းမှရရှိသည့် ထောက်ပံ့ကြေးတစ်ဝက်ကိုပင် အိမ်သို့ ပြန်ပို့ပေးဖို့ အတင်းအကျပ် တောင်းဆိုနေကြသေးသည်။
မိသားစုအကြောင်းပြောရသည်မှာ အနည်းငယ် လေးလံဆွေးမြည့်စရာဖြစ်လာသဖြင့် စကားလမ်းကြောင်းလွှဲဖို့ ဆုံးဖြတ်လိုက်ကြသည်။
ယဲ့ရှောင်ရှောင်သည် သူမ သားရေဂျာကင်ကို ဗီရိုထဲတွင် ချိတ်ဆွဲထားရန် ပြင်ဆင်နေစဉ် ရှားလီက သတိပြုမိသွားပါသည်။
“ရှောင်ရှောင်၊ နင့် ဂျာကင်လေးက အရမ်းလှတာပဲ”
“ငါ့တတိယအစ်ကို လက်ဆောင်ပေးထားတာလေ”
ရှားလီ ဂျာကင်အသားကို လက်ဖြင့်ကိုင်ကာ စမ်းကြည့်လိုက်သည်။
“ဒါသားရေအစစ်မဟုတ်လား၊ အရမ်းနူးညံ့တာပဲ၊ တောင့် တင်းနေတာမျိုး လုံးဝမရှိဘူး”
လှပသည့် အဝတ်အစားကို မကြိုက်သည့် မိန်းကလေးဟူ၍ မရှိပေ။
ယဲ့ရှောင်ရှောင် သူမထံ ကမ်းပေးလိုက်သည်။
“နင် ကြိုက်ရင် စမ်းဝတ်ကြည့်လိုက်လေ”
“တကယ်လား၊ ဝတ်ကြည့်မယ် ဝတ်ကြည့်မယ်!”
ရှားလီလည်း သားရေဂျာကင်ကို အမြန်စမ်းဝတ်ကြည့်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်က ရှားလီထက် အရပ်ပိုရှည်သဖြင့် ခါးသိမ်ဒီဇိုင်း သားရေဂျာကင်မှာ ရှားလီ ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ် ပွယောင်းယောင်းဖြစ်နေပါသည်။
သို့သော် ရှားလီကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ သူမကိုယ်သူမ အလွန်လှပနေသည်ဟု ထင်မှတ်နေသည်။
“ငါကုန်တိုက်တွေမှာ မြင်ဖူးတယ်၊ သားရေဂျာကင်ကောင်း ကောင်းတစ်ထည်ကို အနည်းဆုံး ယွမ် ၇၀ - ၈၀ တန်တာ၊ ငါဘယ်တော့မှ ဝယ်နိုင်မှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင် ရိုးရိုးသားသားပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ရှားလီ၊ ဒီဂျာကင်က နင့်အတွက် ကြီးလွန်းနေတယ်၊ နင်က ခပ်တိုတိုအင်္ကျီစတိုင်နဲ့ ပိုလိုက်ပါတယ်”
ရှားလီကမူ ထိုစကားကို မကြားချင်ယောင်ဆောင်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါပိုက်ဆံရှိလာတဲ့တစ်နေ့ကျရင် တစ်ထည်လောက် ကျိန်း သေဝယ်ပစ်မယ်”
ယဲ့ရှောင်ရှောင် ခေါင်းသာ ခါမိတော့သည်။ ဤကလေးမမှာ ဆေးမမီတော့သည့် အဆင့်ပင်။
ရှားလီ သားရေဂျာကင်ကို ယဲ့ရှောင်ရှောင်ထံ ပြန်ပေးကာ စားပွဲတွင် စာသွားဖတ်ခဲ့ပါသည်။
ဤသည်မှာ ကျင့်ဟွာတက္ကသိုလ်၏ အကောင်းဆုံးအချက်ပင်။ ကျောင်းသားများတွင် မည်သို့သော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိနေကြပါစေ အားလုံးက စာအုပ်နှင့် မကင်းနိုင်ကြသည့် စာကြမ်းပိုးများသာ ဖြစ်ကြသည်။
ယဲ့ရှောင်ရှောင်ကမူ ယနေ့ည စာမဖတ်တော့ဘဲ အဝတ်အချို့ လျှော်ဖွတ်ပြီးနောက် ကုတင်ပေါ်သို့ လှဲလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။
--- --- ---
နောက်တစ်နေ့မနက်တွင် တစ်စုံတစ်ယောက်က စောစောထပြီး ဆူညံသံများပြုနေခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်ရှောင် မျက်လုံးဖွင့်နိုင်ခဲ့မည် မထင်ပါ။
မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ကျောင်းကန်တင်းသို့သွားကာ ယဲ့ချန်းနင်နှင့် ယွီကန်းတို့အတွက် မနက်စာ ဝယ်သွားခဲ့ပါသည်။
“တတိယအစ်ကို၊ သမီးနောက်မကျဘူးမလား”
ယဲ့ချန်းနင် ပြန်ဖြေသည်။
“အချိန်မှန်ပါပဲ၊ နင်တို့ကျောင်းကန်တင်းက အစားအသောက်တွေက အရသာရှိတယ်နော်”
ယဲ့ရှောင်ရှောင် အားပါးတရ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ သမီးအကြိုက်ဆုံးက ဒီကြက်သွန်မြိတ် ပန်ကိတ်လေးလေ၊ အိုးထဲကထွက်လာတာနဲ့ အရမ်းမွှေးတာ”
သို့သော် အေးသွားလျှင်မူ ယဲ့ရှောင်ရှောင် သိပ်မကြိုက်တော့ပေ။
သူတို့ မနက်စာစားပြီးနောက် စုန့်ရှောင်းကွမ် ရောက်ရှိလာသည်။ မနေ့ကလိုပဲ ဆိုင်ထပ်ခင်းရန် အားလုံးအတူတူ ထွက်လာခဲ့ကြပါသည်။
ယနေ့လည်း အလွန်အောင်မြင်သည့် နေ့တစ်နေ့ ဖြစ်ခဲ့ပြန် သည်။
ယဲ့ရှောင်ရှောင်နှင့် အလွန်လိုက်ဖက်သည့် ယွမ် ၁၅၀ တန် ကုတ်အင်္ကျီရှည်အနည်းငယ်ပင်လျှင် အကုန်လုံးရောင်းထွက်သွားခဲ့ပါသည်။
နောက်ဆုံး ငွေများကို ရေတွက်ကြည့်သောအခါ ယဲ့ချန်းနင်မှာ ပါးစပ်ပင် မစိနိုင်တော့လောက်အောင် ပြုံးဖြီးဖြီး ဖြစ်နေမိသည်။
မနက်ဖြန် ယဲ့ရှောင်ရှောင် အတန်းပြန်တက်ရမည်ဖြစ်၍ အထည်များကို လိုက်ရောင်းပေးနိုင်မည် မဟုတ်တော့ပေ။
ယဲ့ချန်းနင်သည် သူမအတွက် ဝယ်ပေးထားသည့် မုန့်မျိုးစုံကို သယ်ဆောင်လျက် ယဲ့ရှောင်ရှောင်ကို မိန်းကလေးအဆောင်ရှေ့ထိ လိုက်ပို့ပေးခဲ့သည်။ အိတ်ထဲတွင် သစ်ကြားသီးကိတ်၊ နို့မှုန့်၊ နို့ခဲမုန့်များနှင့် အခြားမုန့်များလည်း ပါဝင်သေးသည်။
ယဲ့ရှောင်ရှောင်: “စကားမစပ် တတိယအစ်ကို၊ အမြတ်ငွေတွေကို အစ်ကိုယွီကန်းနဲ့ တစ်ဝက်စီ ခွဲယူတာလား”
ယဲ့ချန်းနင် ခေါင်းခါသည်။
“ကုန်ပစ္စည်းဝယ်ဖို့ ပိုက်ဆံအားလုံးကို ငါပဲ အရင်းစိုက်ထားတာလေ၊ ယွီကန်းက ပစ္စည်းသယ်တာနဲ့ ရောင်းတဲ့အခါမှာပဲ ကူညီပေးတာဆိုတော့ သူ့ကို အမြတ် ၂၀ ရာခိုင်နှုန်း ခွဲပေးတယ်၊ ငါတို့ကြိုတင် သဘောတူထားပြီးသားပါ၊ သူ့ကို ကိုယ်ပိုင် လုပ်ငန်းခွဲလုပ်နိုင်အောင် ပိုက်ဆံထုတ်ပေးမယ်လို့ ငါ ကမ်းလှမ်းပါသေးတယ်၊ ဒါပေမယ့် သူက ငြင်းတယ်၊ ငါ့နောက်လိုက်တာက ပိုစိတ်ချရတယ်တဲ့”
ကမ်းရိုးတန်းမြို့နယ်တွင် အလုပ်လုပ်ဖို့ ပထမဆုံးအကြံပေးခဲ့သူမှာ ယွီကန်းဖြစ်သော်ငြား ယဲ့ချန်းနင် ရွာမှထွက်နိုင်ခဲ့ခြင်းကြောင့်သာ ယွီကန်းလည်း အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။
သူ့တွင် ကြီးမားသည့် ကိုယ်ပိုင်ရည်မှန်းချက်၊ သို့မဟုတ် စီးပွားရေးဦးနှောက်မျိုး ရှိမနေပေ။ ယဲ့ချန်းနင် ခွဲပေးသည့် ဝေစုဖြင့်ပင် သူကောင်းကောင်းမွန်မွန်နေထိုင်ဖို့အတွက် လုံလောက်လှပါပြီ။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး ထိုအချက်ကို စိတ်ထဲတွင် သေချာမှတ်သားထားလိုက်သည်။
ယဲ့ချန်းနင် သူမကို အဆောင်ရှေ့ထိ လိုက်ပို့ပေးခဲ့ပါသည်။
“သွားတော့လေ၊ ကျန်တဲ့အထည်တွေ အကုန်ရောင်းလို့ပြီးတာနဲ့ ငါ ထပ်လာခဲ့ဦးမယ်နော်”