← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

📗 Chapter 117

ကျန်ရှိနေသေးသည့် အထည်များကို ကုန်အောင်ရောင်းချဖို့ ယဲ့ချန်းနင် သုံးရက်ခန့် အချိန်ယူခဲ့ရသည်။

ဤခရီးစဉ်မှ ရရှိလိုက်သော အမြတ်အစွန်းများမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာသာလွန်နေပါသည်။

အထည်များ ရောင်းကုန်သွားသည်နှင့် ယဲ့ချန်းနင်သည် စီးကရက်နှင့် အရက်ကောင်းကောင်းအချို့ကို ဝယ်ယူကာ ယဲ့ရှောင်ရှောင်နှင့်အတူ ဆရာကြီးစုန့်ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ထို့အပြင် သူတို့ကို တစ်ချိန်လုံးကူညီပေးခဲ့သည့် စုန့်ရှောင်းကွမ်ကိုလည်း အထည်ကောင်းကောင်းအချို့ ရွေးချယ်ကာ လက်ဆောင်ပေးခဲ့သေးသည်။

ရှောင်းကွမ်က ပိုက်ဆံပေးသည်ကို လက်မခံသဖြင့် အနည်း ဆုံးတော့ လက်ဆောင်ပစ္စည်းကို လက်ခံသင့်ပါသည်။

“အလုပ်လုပ်နေတဲ့သူတွေက အဝတ်‌ကောင်းကောင်း ဝတ်သင့်တာပေါ့၊ ဒီအင်္ကျီက အစ်ကိုရှောင်းကွမ်နဲ့ အရမ်းလိုက်တာပဲ၊ ကြည့်ရတာ ပိုတောင် ခန့်ညားသွားသလိုပဲ”

ယဲ့ချန်းနင်သည် ဖော်ရွေသွက်လက်သော စရိုက်မျိုးရှိသဖြင့် သူ့စေတနာကို ငြင်းဆန်ဖို့ဟူသည်မှာ ခဲယဉ်းလှပါသည်။

ထို့ကြောင့် စုန့်ရှောင်းကွမ်လည်း မတတ်သာတော့ဘဲ လက်ဆောင်ကို လက်ခံလိုက်ရတော့သည်။

စုန့်ကွမ်းကျင့် ယဲ့ချန်းနင်ကို ကြည့်ကာ ဖော်ရွေစွာဖြင့် ပြောလိုက်သည်။

“အားလုံးက မိသားစုတွေလိုဖြစ်နေပြီဆိုတော့ ဘာလက် ဆောင်မှ ယူလာဖို့ မလိုပါဘူး”

သို့သော် သူ့စိတ်ထဲတွင်မူ စီးပွားရေးပါရမီဟူသည်မှာ မျိုးရိုးလိုက်တက်ခြင်းဖြစ်မည်ဟု တွေးတောနေမိပါသည်။ သူ့တပည့်လေး၏ တတိယအစ်ကိုကလည်း စီးပွားရေးပါရမီပါသူဖြစ်မှန်း သိသာလှသည်။

ယဲ့ချန်းနင်: “လူငယ်တစ်ယောက်အနေနဲ့ လူကြီးသူမတစ်ယောက်ဆီ လာလည်တဲ့အခါ လက်ဆောင်အနည်းအကျဉ်း ယူလာတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယဲ့မိသားစုတွင် ယဲ့ချန်းနင်မှာ စကားအသွက်ဆုံးဖြစ်သည်။ စုန့်ကွမ်းကျင့်ကလည်း ထိုစကားကို သဘောကျသွားပုံရပြီး မောင်နှမနှစ်ယောက်ကို နေ့လယ်စာ အတူတူစားဖို့ကမ်း လှမ်းခဲ့ပါသည်။

ယဲ့ချန်းနင် ပေကျင်းမှ မပြန်မီ ယဲ့ရှောင်ရှောင်အား ကျန်းမိသားစု ဆေးပလာစတာများအကြောင်း မေးမြန်းခဲ့သည်။

သူနှင့် တောင်ပိုင်းတွင်သိကျွမ်းခဲ့သော သူဌေးက ထိုဆေးပလာစတာများကိုအသုံးပြုပြီး အလွန်သဘောကျသွားခြင်းကြောင့် ယဲ့ချန်းနင်နှင့် ပိုမိုရင်းနှီးလာခဲ့ပြီး ယခုဆိုလျှင် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ အတော်လေးခိုင်မာနေပြီဖြစ်သည်။

ထိုသူဌေးက ယဲ့ချန်းနင်ကို တောင်ပိုင်းတွင် အများကြီးကူညီပေးခဲ့ပြီး ပြဿနာများစွာကိုလည်း ကူညီဖြေရှင်းပေးခဲ့သေးသည်။

“ရှောင်ရှောင်၊ နင့် ဆေးပလာစတာတွေကို တောင်ပိုင်းထိသယ်ပြီး ရောင်းမယ်ဆိုရင် တော်တော်ရောင်းကောင်းမယ်လို့ ငါ ခံစားနေရတယ်”

ဆေးပလာစတာ အရောင်းအဝယ်လုပ်ငန်းမှ ညီမဖြစ်သူ အကျိုးအမြတ်ရရှိနိုင်ကြောင်း သိရှိပြီးကတည်းက ယဲ့ချန်းနင် ထိုအကြောင်းကို အမြဲတွေးတောနေခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အကြံပြုသည်။

“အဲ့တာဆို တတိယအစ်ကို ဆေးပလာစတာတွေကို တောင်ပိုင်းသယ်သွားပြီး စမ်းရောင်းပေးကြည့်ပါလား၊ အစ်ကို ရောင်းရတဲ့ ဆေးပလာစတာတစ်ခုချင်းစီအတွက် ပြား ၂၀ ခွဲပေးမယ်လေ”

ပြား ၂၀ ဟူသည်ကို အထင်သေး၍မရနိုင်ပေ။ ကျန်းမိသားစု ဆေးပလာစတာများအတွက် ကိုယ်စားလှယ်အဖြစ် အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့လျှင် သေချာပေါက်ကြီးမား သော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာပါလိမ့်မည်။

“ဟုတ်ပြီလေ၊ တောင်ပိုင်းကို နည်းနည်းယူသွားပြီး စမ်းရောင်းကြည့်လိုက်ပါ့မယ်”

ယဲ့ချန်းနင် သဘောတူလိုက်ပါသည်။

ယဲ့ရှောင်ရှောင်ထံမှ ပစ္စည်းများကို ယူရခြင်းဖြစ်သဖြင့် စရံငွေမလိုအပ်ပေ။ ရောင်းမထွက်လျှင်လည်း ပြန်အပ်နိုင်ပါသည်။

ထို့ကြောင့် ယဲ့ချန်းနင်အတွက် အရှုံးမရှိပါ။ ယဲ့ရှောင်ရှောင်အတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ အကယ်၍ အောင် မြင်သွားခဲ့လျှင် ကျန်းမိသားစု ဆေးပလာစတာများအတွက် နောက်ထပ် အရောင်းအဝယ်လမ်းကြောင်းတစ်ခု ရရှိနိုင်မည်ဖြစ်ပြီး တောင်ပိုင်းအထိ အမှတ်တံဆိပ်ကို တိုးချဲ့နိုင်မည်ဖြစ်သည်။

မရောင်းနိုင်လျှင်လည်း ပြန်ယူလာပြီး ပေကျင်းမြို့မှာသာ ဆက်ရောင်းရန် ရှိပါသည်။

မောင်နှမနှစ်ဦး အတူတူ တွက်ချက်ကြည့်ပြီးနောက် ဤအရောင်းအဝယ်တွင် မည်သူမှ အရှုံးမရှိနိုင်ကြောင်း နားလည်သွားခဲ့ကြသည်။

ထို့ကြောင့် ယဲ့ချန်းနင်သည် ဆေးပလာစတာများ အပြည့်ဖြည့်ထားသော အိတ်ကြီးတစ်အိတ်ကို သယ်ဆောင်ကာ ပြန်သွားခဲ့တော့သည်။

မပြန်မီ ယဲ့ရှောင်ရှောင်အတွက် ယွမ် ၁၀၀ ပေးခဲ့ကာ၊ စာတိုက်မှတဆင့် ယဲ့ချန်းရှန့်ထံသို့ ယွမ် ၁၀၀ နှင့် မိသားစုထံသို့လည်း ယွမ် ၁,၀၀၀ ပြန်ပို့ပေးခဲ့ပါသည်။

သူကိုယ်တိုင် အိမ်ကိုမပြန်ရဲသေးသော်လည်း မိသားစုထံသို့ ငွေကြေးထောက်ပံ့မှုများမှာမူ တစ်ခါမှ ပြတ်တောက်မသွားခဲ့ပေ။

သူ့မိဘတွေလည်း ယခုလောက်ဆိုလျှင် စိတ်ဆိုးပြေလောက်ပြီ မဟုတ်ပါလား။

--- --- ---

ယဲ့ချန်းနင် ပြန်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် ‘ကျန်းမိသားစု ဆေးပလာစတာ’ လုပ်ငန်းမှ ပထမဆုံး အမြတ်ဝေစုကိုရရှိခဲ့သည်။

ထုတ်လုပ်မှုကုန်ကျစရိတ်များကို ဖယ်လိုက်လျှင် သူမလက်ထဲ ရောက်ရှိလာသည့်ပမာဏမှာ ယွမ် ၂,၀၀၀ အတိအကျပင် ဖြစ်သည်။

ငွေလွှဲပြေစာကို ကြည့်ရင်း ယဲ့ရှောင်ရှောင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပါသည်။

သူမ ငွေရှာနိုင်ခဲ့လေပြီ။

ထိုအချိန်မှာပင် နောက်ထပ် သတင်းကောင်းတစ်ခုကို ထပ်ကြားခဲ့ရသည်။ ၎င်းမှာ ကျားကော်ချန်း အဖမ်းခံလိုက်ရခြင်းပင်။

ကျားကော်ချန်းသည် အခြားပြည်နယ်တစ်ခုသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော်လည်း တည်းခိုခန်းတစ်ခုတွင် နေထိုင်နေစဉ် ပြည့်တန်ဆာမှုဖြင့် တိုင်ကြားခံခဲ့ရသည်။

ရဲအရာရှိများက သူ့ကို လက်ပူးလက်ကြပ်မိကာ ရဲစခန်းသို့ ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ပုံမှန်အားဖြင့် ဤခေတ်တွင် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များမှာ ကွန်ရက်ချိတ်ဆက်ထားခြင်း မရှိသဖြင့် ပေကျင်းတွင် ပြစ်မှုကျူးလွန်ပြီး အခြားပြည်နယ်သို့ ထွက်ပြေးသွားသူကို လိုက်လံစုံစမ်းရန်မှာ မလွယ်ကူပေ။

သို့သော် ကျားကော်ချန်းမှာ အလွန်ကံဆိုးလှသည်။ ထိုပြည်နယ်တွင်လည်း သူ့ကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော ကိုယ်ထိလက်ရောက် စော်ကားမှု အမှုပေါင်းများစွာ ရှိနေပြီးသားဖြစ်သည်။

အဖမ်းခံရသည်နှင့် သူ့ ပြစ်မှုများကို စုပေါင်းစစ်ဆေးတော့မည်ဖြစ်ရာ ဒေသခံ ရဲစခန်းက သူ့ကို လွှတ်ပေးဖို့ အစီအစဉ်မရှိတော့ပါ။

ထို့နောက် ပေကျင်းမြို့ရဲဌာနမှ ဖုန်းဆက်လာခဲ့သဖြင့် သူ့ကို ပေကျင်းမြို့တွင်ပါ ဝရမ်းထုတ်ထားကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ကျားကော်ချန်းကို ပေကျင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြပါသည်။

ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရသောအခါ ကျားကော်ချန်းက ကျားရှန်းနန်ကိုသာ အပြစ်ပုံချခဲ့သည်။

သူ့ဝမ်းကွဲညီမက သူ့ကို အကူအညီလာတောင်းခဲ့ခြင်းဖြစ် ကြောင်းနှင့်၊ ထိုတက္ကသိုလ်ကျောင်းသူများကို ကြောက်အောင် ခြောက်လှန့်ဖို့ သဘောတူခဲ့ရုံသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ သူ့တွင် အခြားပြစ်မှုများစွာ ရှိနေသေးခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ကျော်လောက်ကျခံရပါလိမ့်မည်။

ဤဖြစ်ရပ်မှာ သူကျူးလွန်ခဲ့သော ပြစ်မှုများ၏သေးငယ် သော အစိတ်အပိုင်းတစ်ခုမျှသာ ရှိသည်။

ကျားကော်ချန်း၏ ထွက်ဆိုချက်ကြောင့် ကျားရှန်းနန်သည်လည်း ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရသည်။

ထောင်ဒဏ်က နည်းပါးသော်လည်း အလားအလာရှိသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးအတွက် အနာဂတ်မှာမူ လုံးဝပျက်စီးသွားခဲ့ပါပြီ။

ကျင့်ဟွာတက္ကသိုလ်ကလည်း အလျင်အမြန်ပင် တုံ့ပြန်ခဲ့ကာ ကျားရှန်းနန်ကို ကျောင်းထုတ်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။

ကျားရှန်းနန် ပြစ်ဒဏ်ခံယူရန်အတွက် ရဲစခန်းမှ ထွက်ခွာလာသောနေ့တွင် သူမ မိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။

မိဘနှစ်ပါးမှာ ခါးခါးသီးသီး ငိုကြွေးနေကြလေသည်။

“ရှန်းနန်ရယ်၊ သမီးကို ဖျက်ဆီးခဲ့မိတာ အမေတို့ပါ…”

ကျားရှန်းနန်၏အမေက ရှိုက်ကြီးတငင်ငိုကြွေးရင်း ရေရွတ်နေပါသည်။

မိသားစုအလုပ်ရုံ ပိတ်သိမ်းခံလိုက်ရပြီးနောက် ငွေရေးကြေး ရေး မည်မျှ ကျပ်တည်းသွားကြောင်း သမီးဖြစ်သူ ရှေ့မှာသာ ခဏခဏ ညည်းတွားမပြခဲ့လျှင်၊ ထိုအချိန်ပိုင်းကျောင်းသူကြောင့်သာ မဟုတ်လျှင် ဤသို့ ပြဿနာတက်သွားစရာအကြောင်းမရှိဟုပြောဆိုပြီး သမီးဖြစ်သူကို အပြစ်မတင်ခဲ့လျှင် ပြဿနာတွေ ဤမျှ ကြီးထွားလာစရာအကြောင်းမရှိပေ။

ထိုသို့သော ညည်းတွားသံများကို အလွန်အကျွံ ကြားခဲ့ရခြင်းကြောင့် ကျားရှန်းနန်သည် အခန်း(၂၀၆)မှ ကျောင်းသူများကို ပိုပိုမုန်းတီးလာခဲ့ပြီး သူမ ဒေါသကို ဖြေဖျောက်ရန်အတွက် လူငှားကာ ရိုက်နှက်ခိုင်းခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ခြေလှမ်းတစ်လှမ်း မှားမိရာမှ နောက်ထပ် လမ်းများလွဲချော်လာခဲ့ပြီး နောက်ဆုံးတွင် ကျားရှန်းနန်သည် နောက်ပြန်လှည့် ၍ မရတော့သော လမ်းပေါ်သို့ ရောက်ရှိသွားခဲ့တော့သည်။

လက်ထိတ်ခတ်ခံထားရသော ကျားရှန်းနန်သည် အချုပ်ခန်းထဲတွင် ရှိနေစဉ်အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ အကြိမ် ကြိမ် ကြိုးစားခဲ့သေးသည်။ သူမတွင် အမှားမရှိဟု အခိုင် အမာ ယုံကြည်နေဆဲပင်။

‘ငါက ဘာလို့ထောင်ကျရမှာလဲ၊ သေသင့်တာ သူတို့တွေလေ!’

ငိုကြွေးနေသည့် မိဘများကို လျစ်လျူရှုလိုက်ပြီး ကျားရှန်းနန်သည် အချုပ်ကားထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့တော့သည်။

--- --- ---

“ကျားရှန်းနန် တစ်ယောက်တည်းကိုပဲ ကျောင်းထုတ်လိုက်တာလား”

ကျောင်း၏ ထုတ်ပြန်ကြေညာချက်ကို ကြားသောအခါ ဝမ်ကျောင်း အလွန်ပင် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူမတို့က အရိုက်ခံခဲ့ရသူများ ဖြစ်သော်လည်း တစ်ဖက်လူမှာ ကျောင်းထုတ်ခံရရုံသာ။

ကျားရှန်းနန်သည် သူမ၏ ဆေးဖိုးဝါးခများကိုပင် ပြန်လျော်မပေးခဲ့ပေ။

ဟယ်ကျင်း: “အခန်း(၂၀၈)က တခြားကျောင်းသူတွေကို ကျောင်းမထုတ်ပေမယ့် သူတို့ရဲ့ ကျောင်းမှတ်တမ်းမှာ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စောင့်ကြည့်ပြစ်ဒဏ်ထည့်လိုက်တယ်လေ၊ လူသိရှင်ကြား ကြေညာမထားတာပဲ ရှိတာ”

“သူတို့ လွယ်လွယ်လေး လွတ်သွားကြတာပဲ”

ဝမ်ကျောင်း ညည်းတွားလိုက်ပါသည်။

ရှားလီ တိုးတိုးလေး ပြောလိုက်သည်။

“ကျားရှန်းနန် ထောင် ၁ နှစ်ကျတယ်လို့ ကြားတယ်၊ သူ့အတွက်တော့ ဘဝပျက်သွားသလိုပဲလေ၊ အဲ့တာကြောင့် လွယ်လွယ်လွတ်သွားတယ်လို့တော့ ပြောလို့မရပါဘူး”

ဝမ်ကျောင်း မတ်တပ်ရပ်ကာ ခါးထောက်လိုက်သည်။

“တစ်နှစ်တည်း ဟုတ်လား၊ သူပြန်လွတ်လာပြီး ငါတို့ကို လက်စားချေဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ၊ အန္တရာယ် များလိုက်တာ!”

အခြားသူများလည်း ထိုအချက်ကို မစဉ်းစားမိသေးပါ။ ရှားလီနှင့် ဟယ်ကျင်းတို့ မတွေးနိုင်တော့ဘဲ ခေါင်းခါလိုက်ကြသည်။

ထန်ရှို့ရှို့ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်ပြောလိုက်ပါသည်။

“သူထောင်ထဲမှာ ပြုပြင်ပြောင်းလဲရေး ခံယူရမှာပဲလေ၊ အဲ့ဒီအချိန်တောအတွင်း စိတ်ဓာတ်ပြောင်းလဲပြီး အသစ်ကနေ ပြန်စနိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ”

ယဲ့ရှောင်ရှောင်: “နောက်တစ်နှစ်မှာ ဘာဖြစ်လာမလဲဆိုတာ အခုကတည်းက တွေးပြီး စိတ်ပူမနေကြပါနဲ့ဦး၊ နှစ်လယ်စာမေးပွဲအတွက် စာတွေအကုန် ပြန်နွှေးပြီးကြပြီလား”

နှစ်လယ် စာမေးပွဲအကြောင်းကို ကြားလိုက်သည်နှင့် အားလုံး ငြိမ်ကျသွားကြသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အဆောင်ထဲတွင် အားလုံးနီးပါး အပြင်းအထန် စာကြိုးစားနေခဲ့ကြသည်။

စာကြည့်တိုက်တွင် နေရာရဖို့ခက်ခဲသဖြင့် အားလုံးအဆောင်တွင်သာ စာကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် အခန်း(၂၀၆) မှာ အလွန်သဟဇာတဖြစ်လှသဖြင့် အခြားသူများ စာဖတ်နေစဉ် မည်သူမှ ဆူညံသံမထွက်ကြပေ။

အကြောင်းမှာ မည်သူမှ နှစ်လယ်စာမေးပွဲကို မကျရှုံးချင်ခြင်းကြောင့်ပင်။

တစ်ဖက်တွင် ယဲ့ရှောင်ရှောင်သည် အဆောင်တစ်ခုလုံးတွင် အတည်ငြိမ်ဆုံးကျောင်းသူပင်ဖြစ်သည်။ ရိုးရှင်းသော စာမေးပွဲတစ်ခုတွင် သူမ ကျရှုံးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

တက္ကသိုလ်ကျောင်းသူဘဝက မည်မျှပင် ခက်ခဲနေပါစေ အထက်တန်းကျောင်းသူဘဝထက်စာလျှင်တော့ များစွာ သာလွန်ပါသေးသည်။

အားလုံး ည ၉ နာရီအထိ စာကြည့်ခဲ့ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရေမိုးချိုး ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ခဲ့ကြတော့သည်။

စာမေးပွဲနေ့တွင် ယဲ့ရှောင်ရှောင်တစ်ယောက်တည်း အတန်းထဲသို့ ဝင်လာခဲ့သည်။

တိုင်းရင်းဆေးပညာမေဂျာမှာ ကျောင်းသားအနည်းဆုံးဖြစ်သဖြင့် စာမေးပွဲဖြေရာ၌ စိတ်ကြိုက်နေရာတွင် ဝင်ထိုင်နိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် မနီးကပ်စေရန် ခပ်ခွာခွာတွင် ထိုင်ခဲ့ကြပါသည်။

စာမေးပွဲ မေခွန်းလွှာများ ဝေပေးပြီးနောက် ယဲ့ရှောင်ရှောင် သေချာ စစ်ကြည့်လိုက်ရာ မေးခွန်းအတော်များများမှာ အမှန်တကယ်ပင် ရိုးရှင်းလှကြောင်းတွေ့လိုက်ရသည်။

စာမေးပွဲချိန်ပြီးဆုံးသောအခါ ဆရာက စာရွက်များကို လိုက်လံသိမ်းဆည်းပြီး အတန်းထဲမှာပင် ချက်ချင်း စစ်ဆေးလေတော့သည်။

“အဲ့လောက်တောင် အ‌ရေးကြီးတာလား”

တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်ပါသည်။

သို့သော် ဆရာက အမှတ်များကို ကြေညာမပေးခဲ့ပါ။ အဖြေလွှာများကို စစ်ဆေးပြီးနောက် လက်ကြားညှပ်ကာ အတန်းထဲမှ ထွက်သွားလေတော့သည်။

“ဆရာစွန်းက ဘာလို့ ဘာမှ ပြောမသွားတာလဲ၊ ငါတို့ ဖြေထားတာတွေ အခြေအနေ မကောင်းလို့လား မသိဘူးနော်”

ယဲ့ရှောင်ရှောင်: “ငါတို့ကို ရင်ခုန်အောင် လုပ်သွားတာလေ၊ ဘယ်သူမှ မကျနိုင်ပါဘူး”

“ငါက အမှတ်မပြည့်ရမှာကို စိတ်ပူနေတာ!”

အတန်းထဲမှ စာကြမ်းပိုးတစ်ဦးက ပြောလိုက်သည်။

ယဲ့ရှောင်ရှောင်: “…”

All Chapters